News @ M-Media
Tag: India
  • ဘောလီးဝုဒ်မင်းသမီးကြီး ဆရီဒေ၀ီ သေဆုံးမှုမှာ ရေချိုးခန်းတွင် ရေမွန်းမှုကြောင့်ဟု စစ်ဆေးတွေ့ရှိ
    ဘောလီးဝုဒ်မင်းသမီးကြီး ဆရီဒေ၀ီ သေဆုံးမှုမှာ ရေချိုးခန်းတွင် ရေမွန်းမှုကြောင့်ဟု စစ်ဆေးတွေ့ရှိ
    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၈
    M-Media
    – အိန္ဒိယက နာမည်ကြီးမင်းသမီး ဆရီဒေ၀ီ သေဆုံးမှုဟာ မတော်တဆ ရေမွန်းမှုကြောင့်ဖြစ်တယ်လို့ သေမှုသေခင်းစစ်ဆေးမှု ရလဒ်ကို ကိုးကားပြီး ဒူဘိုင်းအခြေစိုက် GulfNews သတင်းစာက ဒီကနေ့မှာ ဖော်ပြလိုက်ပါတယ်။
    ဆွေမျိုးတစ်ဦး မင်္ဂလာဆောင်အတွက် ဒူဘိုင်းကို ရောက်ရှိနေတဲ့ ဆရီဒေ၀ီဟာ ရုတ်တရက် နှလုံးဖောက်မှုကြောင့် စနေနေ့မှာ သေဆုံးခဲ့တယ်လို့ စောစောပိုင်းမှာ သတင်းထွက်ခဲ့တာပါ။
    ဒါပေမယ့် အလောင်းစစ်ဆေးမှုအရ ဆရီဒေ၀ီဟာ Jumeirah Emirates တာဝါက သူ့အခန်းထဲမှာ အရက်မူးပြီး အရှိန်မထိန်းနိုင်ဘဲ ရေချိုးဇလုံထဲ ပြုတ်ကျကာ ရေမွမ်းသေဆုံးခဲ့တာဖြစ်ကြောင်း တွေ့ရတယ်လို့ GulfNews က ဆိုပါတယ်။
    ဒီအဖြစ်အပျက်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ သတင်းစာမှာ ဖော်ပြထားပြီး ဒူဘိုင်းအစိုးရ မီဒီယာရုံးကလည်း ရဲတပ်ဖွဲ့ဟာ ဒီကိစ္စတွေကို ပုံမှန်စစ်ဆေးလေ့ရှိတဲ့ Dubai Public Prosecution ဌာနကို လွှဲပေးထားတယ်လို့ Twitter စာမျက်နှာမှာ ထုတ်ပြန်ခဲ့ပါတယ်။
    ဆရီဒေ၀ီရဲ့ ဈာပနအခမ်းအနားကို ဖေဖော်ဝါရီ ၂၆ ရက်နေ့နှောင်းပိုင်းမှာ မွမ်ဘိုင်းမြို့မှာ ပြုလုပ်ဖို့ ရှိနေပါတယ်။
    Ref: Aljzeera
  • အိန္ဒိယ ဂန္တ၀င်မင်းသမီးကြီးတစ်ဦး ရုတ်တရက် ကွယ်လွန်
    အိန္ဒိယ ဂန္တ၀င်မင်းသမီးကြီးတစ်ဦး ရုတ်တရက် ကွယ်လွန်
    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၈
    M-Media
    – ဘောလီးဝုဒ်က ထိပ်တန်းမင်းသမီးကြီးတစ်ဦးဖြစ်တဲ့ ဆရီဒေ၀ီဟာ ဒူဘိုင်းမှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
    စနေနေ့မနက်ပိုင်းက ဆွေမျိုးတစ်ဦးရဲ့ မင်္ဂလာအခမ်အနားကို တက်ရောက်စဉ်မှာ ရုတ်တရက် နှလုံးဖောက်ကာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တွေက အတည်ပြုခဲ့ပါတယ်။
    နိုင်ငံတောင်ပိုင်း တမီလ်နာဒူးပြည်နယ်မှာ မွေးဖွားခဲ့တဲ့ ဆရီဒေ၀ီဟာ အသက် ၄ နှစ်အရွယ်မှာပဲ တမီလ်စကားပြော ရုပ်ရှင်မှာ စတင် သရုပ်ဆောင်ခဲ့တာပါ။
    ၁၉၇၉ ခုနှစ်မှာ Solva Sawan ဇာတ်ကားနဲ့ ဘောလီးဝုဒ်မှာ ပွဲထွက်ခဲ့ပြီး၊ Sadma ဇာတ်ကားနဲ့ အိန္ဒိယ ရုပ်ရှင်လောကမှာ နေရာတစ်နေရာ ရယူနိုင်ခဲ့ပါတယ်။
    ဘောလီးဝုဒ်မှာ ဆယ်စုနှစ် ၆ ခုလောက် ကျင်လည်ခဲ့တဲ့ ဆရီဒေ၀ီဟာ ဇာတ်ကားပေါင်း ၃၀၀ ကျော်ကို ရိုက်ကူးခဲ့ပြီး ရုပ်ရှင်ထူးချွန်ဆု အများအပြားကို ဆွတ်ခူး ရယူနိုင်ခဲ့ပါတယ်။
    ၁၉၈၇ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ Mr India ဇာတ်ကားကြောင့် ဆရီဒေ၀ီဟာ တောင်အာရှမှာ စူပါစတားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူမ နောက်ဆုံး ရိုက်ကူးခဲ့တာကတော့ ၂၀၁၇ ခုနှစ်မှာ ပြသခဲ့တဲ့ MOM ဇာတ်ကားဖြစ်ပါတယ်။
    ဆရီဒေ၀ီ မြွေမင်းသမီးအဖြစ် သရုပ်ဆောင်တဲ့ Nagina ဇာတ်ကား အပါအ၀င် Chandni၊ Himmatwala၊ ChaalBaaz နဲ့ Gumrah ဇာတ်ကားတို့ဟာလည်း ထင်ရှားပါတယ်။
    ၂၀၁၃ ခုနှစ်မှာ ဆရီဒေ၀ီဟာ အိန္ဒိယနိုင်ငံက အရပ်သားတွေကိုချီးမြှင့်တဲ့ စတုတ္ထအမြင့်ဆုံး ဂုဏ်ပြုဆု Padma Shri ကို ရရှိခဲ့ပါတယ်။
    ဆရီဒေ၀ီ ကွယ်လွန်သွားခဲ့တဲ့အတွက် ၀မ်းနည်းကြေကွဲရတယ်လို့ အိန္ဒိယ၀န်ကြီးချုပ် မိုဒီက ပြောကြားခဲ့ပြီး အိန္ဒိယပြည်သူတွေကလည်း ၀မ်နည်းကြောင်း၊ နှမြောတသဖြစ်ရကြောင်း ဆိုရှယ်မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ရေးသားနေကြပါတယ်။
    Ref: Aljazeera
  • အိန္ဒိယတွင် ဆရာဝန်အတုကြောင့် လူ ၄၀ HIV ပိုးကူး
    အိန္ဒိယတွင် ဆရာဝန်အတုကြောင့် လူ ၄၀ HIV ပိုးကူး
    ဖေဖော်ဝါရီ ၆၊ ၂၀၁၈
    M-Media
    – အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်ပြည်နယ်မှာ ကျွမ်းကျင်မှုလက်မှတ်မရှိတဲ့ ဆရာဝန်တစ်ယောက်က ဆေးထိုးအပ်တစ်ခုတည်းကို အထပ်ထပ်အခါခါ သုံးခဲ့တဲ့တွက် အနည်းဆုံး လူ ၄၀ လောက် HIV ပိုး ကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။
    ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အူနာအိုခရိုင် ဘန်ဂါရ်မူမြို့မှာ အန်ဂျီအိုအဖွဲ့တစ်ခုက ဦးစီးပြီး ဆေးစစ်မှုတွေ ပြုလုပ်ရာကနေ ကလေးငယ်တွေအပါအ၀င် လူတော်တော်များများ ရောဂါပိုးကူးစက်နေတာကို တွေ့ရတာဖြစ်တယ်လို့ အိန္ဒိယမီဒီယာတွေက ဒီကနေ့မှာ ဖော်ပြခဲ့ပါတယ်။
    “(လူ ၄၀၀လောက်ကို စစ်ပြီးတဲ့အချိန်) HIV ပိုးရှိသူ ၄၀ လောက် တွေ့ခဲ့ရပါတယ်။ သေသေချာချာစမ်းသပ်မှုတွေပြီးရင် အနည်းဆုံး လူ ၅၀၀ လောက် ဖြစ်လာနိုင်ပါတယ်။ ဒီက လူတွေဟာ ရောဂါဖြစ်လာရင် အဲဒီ ဆရာဝန်အတုဆီမှာ ဆေးသွားကုကြတယ်။ အဲဒီလူက အပ်တစ်ချောင်းတည်းနဲ့ အားလုံးကိုထိုးတာပါ” လို့ ဒေသဆိုင်ရာ အကြီးအကဲ ဆူနီလ်း ဘန်ဂါရ်မူက ပြောကြားခဲ့ပါတယ်။
    ပြည်နယ်ကျန်းမာရေးဝန်ကြီး ဆစ်ဒါ့သ် နသ်ဆင်းက ပြည်နယ်တစ်ဝှမ်းမှာရှိနေတဲ့ ဆရာဝန်အတုတွေကို နှိမ်နှင်းသွားမယ်လို့ ကတိပြု ပြောကြားခဲ့ပါတယ်။
    အဲဒီ ဆရာဝန်အတုဟ ရာဂျန်ဒရာ ယာဒက်ဗ် ဆိုသူဖြစ်ပြီး ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှု စလုပ်ကတည်းက ထွက်ပြေးတိမ်းရှောင်းနေပါတယ်။
    Ref: Aljazeera
  • ကက်ရှ်မီးယားတွင် ပါကစ္စတန်နှင့် အိန္ဒိယတို့ တိုက်ပွဲဖြစ်
    ကက်ရှ်မီးယားတွင် ပါကစ္စတန်နှင့် အိန္ဒိယတို့ တိုက်ပွဲဖြစ်
    ဖေဖော်ဝါရီ ၅၊ ၂၀၁၈
    M-Media
    – ပါကစ္စတန်နှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကက်ရှ်မီးယားဒေသတွင် နယ်စပ်ဖြတ်ကျော် တိုက်ပွဲကြောင့် အရာရှိတစ်ဦးအပါအ၀င် အိန္ဒိယစစ်သား ၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
    ယမန်နေ့က ညနေပိုင်းတွင် ဂျာမူးဒေသရှိ အိန္ဒိယ စစ်စခန်းများကို ပါကစ္စတန်စစ်တပ်က တိုက်ခိုက်ခဲ့ပြီး အခြေအနေမှာ တင်းမာနေကြောင်း၊ ညဘက်ဖြစ်သောကြောင့် အရပ်သားများကို ကယ်ထုတ်ရန် ခက်ခဲကြောင်း၊ လက်ရှိတွင် အခြေအနေကို စောင့်ကြည့်နေကြောင်း အိန္ဒိစစ်တပ်မှ တာဝန်ရှိသူ ရှာဟစ် အစ်က်ဘားလ် ချောင်ဒရီက ပြောကြားခဲ့သည်။
    လက်ရှိတွင် နယ်စပ်ရှိ စာသင်ကျောင်းများကို နောက်ထပ် ၃ ရက်ကြာ အိန္ဒိယက ပိတ်ထားသည်။
    ယခုကိစ္စနှင့်ပတ်သက်၍ ပါကစ္စတန်ဖက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
    ကက်ရှ်မီးယားဒေသတွင် ပါကစ္စတန်နှင့် အိန္ဒိယတို့မှာ ပြီးခဲ့သည့်လကတည်းက တင်းမာမှု မြင့်တက်လာခြင်းဖြစ်ပြီး ၃ ရက်ဆက်တိုက် နှစ်ဖက်ပစ်ခတ်မှုကြောင့် အရပ်သား ၆ ဦး အပါအ၀င် လူ တစ်ဒါဇင်ကျော် သေဆုံးခဲ့သည်။
    ၂၀၀၃ ခုနှစ်တွင် အပစ်ရပ်ရေး စာချုပ်ချုပ်ဆိုထားသော်လည်း အိန္ဒိယနှင့် ပါကစ္စတန်တို့မှာ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားခဲ့ကြသည်။
    Ref: Aljazeera
  • ကလေးဖျက်ချမှုနှင့် အခြားကြောင်းများကြောင့် အိန္ဒိယတွင် အမျိုးသမီး ၆၃ သန်းကျော် ဆုံးရှုံး
    ကလေးဖျက်ချမှုနှင့် အခြားကြောင်းများကြောင့် အိန္ဒိယတွင် အမျိုးသမီး ၆၃ သန်းကျော် ဆုံးရှုံး
    ဇန်န၀ါရီ ၃၀၊ ၂၀၁၈
    M-Media
    – ကလေးဖျက်ချမှု၊ ရောဂါဘယ၊ လစ်လျူမှု၊ အဟာရချို့တဲ့မှုတွေကြောင့် အိန္ဒိယနိုင်ငံမှာ အမျိုးသမီး ၆၃ သန်းကျာ် ဆုံးရှုံးနေတယ်လို့ အိန္ဒိယအစိုးရရဲ့ စစ်တမ်းတစ်ခုက ဆိုပါတယ်။
    အဲဒီစစ်တမ်းကို မနေ့က ထုတ်ပြန်ခဲ့တာဖြစ်ပြီး အိန္ဒိယနိုင်ငံသားတွေထဲမှာ ယောက်ျားလေးကို ဦးစားပေးတဲ့ဓလေ့ကြောင့် အမျိုးသမီးသန္ဓေသားတွေ ၂၁ သန်းလောက် ဖျက်ချခံရကြောင်း၊ နှစ်စဉ် အမျိုးသမီး ၂ သန်းလောက် ဆုံးရှုံးနေကြောင်း ဖော်ပြထားပါတယ်။
    “အိန္ဒိယမိဘတွေဟာ သားယောက်ျားလေးတွေ လိုချင်သလောက်ရတဲ့အထိ ကလေးယူတာတွေ ရှိပါတယ်။ မိန်းကလေးမွေးတဲ့ မိသားစုထက် သားယောက်ျားလေးမွေးတဲ့ မိသားစုတွေက ကလေးယူရပ်တာမျိုး ပိုပြီးအဖြစ်များပါတယ်။ ဒါက သူတို့ လိုချင်တဲ့ သားယောက်ျားလေးအရေအတွက် ရတဲ့အထိ မိဘတွေက ကလေးယူလေ့ရှိတယ်ဆိုတာကို ညွှန်းနေတာပါ” လို့ စစ်တမ်းက ဆိုပါတယ်။
    UN Women အဖွဲ့က အိန္ဒိယဆိုင်ရာ ဌာနေကိုယ်စားလှယ် ရေဘက်ကာ ရစ်ခ်ျမန်း တာဗာရက်စ်က ယောက်ျားလေးမှယူမယ်ဆိုပြီး သတ်မှတ်တာဟာ ဖွဲ့စည်းပုံနဲ့မညီကြောင်း၊ ဒါပေမယ့် ပညာတတ်တွေ၊ ၀င်ငွေကောင်းသူတွေအပါအ၀င် အိန္ဒိယနိုင်ငံမှာ ဒီဓလေ့ကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနေကြောင်း ထောက်ပြခဲ့ပါတယ်။
    အိန္ဒိယအစိုးရဟာ လိင်ညီမျှမှုအတွက် စိမံကိန်းတွေလုပ်နေပေမယ့် နိုင်ငံအတွင်း ကျား၊ မအချိုး ကွဟာမှု ဆိုးရွားလာနေတဲ့အချိန် အခုလိုစစ်တမ်း ထွက်ပေါ်လာတာပါ။
    Ref: Aljazeera