ဧပြီ ၂၊ ၂၀၁၈
M-Media
ဆန္ဒပြမှု မြင်ကွင်းတစ်ခု
– ဇာတ်နိမ့်တွေကို ကာကွယ်ပေးထားတဲ့ ဥပဒေကို အားနည်းစေတဲ့ အိန္ဒိယတရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်တစ်ခုကို ဆန့်ကျင်တဲ့အနေနဲ့ အိန္ဒိယနိုင်ငံက ဇာတ်နိမ့်တွေဟာ ဒီကနေ့မှာ နိုင်ငံတစ်ဝှမ်း ဆန္ဒပြခဲ့ကြပါတယ်။
၁၉၈၉ ခုနှစ်က သမ္မတဟောင်း ရာဂျစ်ဂန္ဒီလက်ထက် ဇာတ်နိမ့်တွေကို ကာကွယ်ပေးတဲ့ Scheduled Castes (SC) နဲ့ Scheduled Tribes (ST) (Prevention of Atrocities) Act စတဲ့ ဥပဒေတွေကို ဖောက်ဖျက်ကျူးလွန်သူတွေအပေါ် ဖမ်းဆီးတာ၊ အမှုဖွင့်မှုတာတွေ မလုပ်ဖို့အတွက် တရားရုံးချုပ်က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါလစ်တွေက ဒီဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးဖို့ အစိုးရကို တောင်းဆိုတဲ့အနေနဲ့ ‘ဘာရက် ဘန်းဒ်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒပြခဲ့ကာ ထောင်နဲ့ချီတဲ့သူတွေဟာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်မှုတွေ ထိုင်သပိတ်တွေ ပြုလုပ်ခဲ့ကြပါတယ်။
တက်ကြွလှုပ်ရှားသူတွေနဲ့ ဒါလစ်အဖွဲ့အစည်းတွေက ဇာတ်ခွဲခြားမှုကိုအခြေခံတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ ဒါလစ်တွေရဲ့ ဂုဏ်သိက္ခာကို ထိပါးစေတာကြောင့် အထူးဥပဒေတစ်ရပ် လိုအပ်တယ်လို့ ထောက်ပြခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံမှာ ဇာတ်ခွဲခြားမှုဟ တရားမ၀င်ပေမယ့် ကျယ်ကျယ်ပြန့်ပြန့်ကို ဖြစ်ပွားနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဂူဂျာရတ်ပြည်နယ်မှာ ဒါလစ်လယ်သမားတစ်ဦး ရိုက်နှက်သတ်ဖြတ်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က စနေနေ့မှာ သတင်းထုတ်ပြန်ပြီး ဒီကိစ္စအတွက် ဇာတ်မြင့် ၃ ဦးကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
နိုင်ငံတစ်ဝှမ်း သန်းပေါင်း ၂၀၀ လောက်ရှိတဲ့ ဇာတ်နိမ့်တွေအပေါ် တိုက်ခိုက်ကျူးလွန်မှုတွေဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း မြင့်တက်လာခဲ့တယ်လို့ အိန္ဒိယ အမျိုးသားရာဇ၀တ်မှုမှတ်တမ်းဗျူရို (NCRB) ရဲ့ အချက်အလက်တွေက ဆိုပါတယ်။
ကျူးလွန်မှုတွေအပေါ် အပြစ်ပေးအရေးယူမှုနှုန်း ကျဆင်းနေတာတောင် အိန္ဒိယတရားရုံးချုပ်က ဒီလိုအမိန့်ချမှတ်လိုက်မှုဟာ တုန်လှုပ်စရာဖြစ်တယ်လို့ ဒါလစ်အဖွဲ့အစည်းတွေက ပြောကြားခဲ့ပါတယ်။
အတိုက်အခံတွေက ၀န်ကြီးချုပ် နရန်ဒရာမိုဒီရဲ့ အစိုးရဟာ ဒါလစ်ဆန့်ကျင်ရေးသမားဖြစ်တယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
အဓိကအတိုက်အခံ ကွန်ဂရက်ပါတီရဲ့ အကြီးအကဲ ရာဟူးလ်ဂန္ဒီက အာဏာရပါတီ BJP နဲ့ ဒီပါတီရဲ့ အယူဝါဒရေးရာ မိခင်အဖွဲ့အစည်း RSS တို့ရဲ့ ဗီဇကိုက ဒါလစ်တွေကို အဆင့်အနိမ့်ဆုံးမှာ ထားဖို့ဖြစ်တယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
ဖိအားတွေများလာတာကြောင့် အိန္ဒိယအစိုးရက တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါလစ်တွေ တော်တော်များများရှိတဲ့ မြောက်ပိုင်း ပန်ဂျဘ်ပြည်နယ်မှာ တနင်္လာနေ့ည ၁၁ နာရီအထိ အင်တာနက်ကို ပိတ်ထားမှာဖြစ်ပြီး၊ စစ်တပ်ကိုလည်း တပ်လှန့်ထားပါတယ်။
ဆန္ဒပြမှုတွေကို ဟာရ်ယာနာ၊ အူတာပရာဒက်ရှ်၊ ဂူဂျာရတ်၊ မဟာရက်ရှ်ထရာ၊ ရာဂျက်စတန်၊ ဘီဟာရ်နဲ့ ဂျာ့ခ်လန်း ပြည်နယ်တွေမှာ အဓိကထား ပြုလုပ်တာဖြစ်ပါတယ်။
နိုင်ငံအလယ်ပိုင်း မဒ်ယာပရာဒက်ရှ်ပြည်နယ်ရဲ့ မိုရီနာခရိုင်မှာ ဒီနေ့မနက်ပိုင်း ဆန္ဒပြမှုအတွင်း ရုန်းရင်းဆန်ခတ်တွေ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Ref: Aljazeera