News @ M-Media

Tag: India

  • စစ်လက်နက် တင်ပို့ရောင်းချမှု ၃ ဆ မြင့်တက်အောင် အိန္ဒိယ ဆောင်ရွက်မည်

    စစ်လက်နက် တင်ပို့ရောင်းချမှု ၃ ဆ မြင့်တက်အောင် အိန္ဒိယ ဆောင်ရွက်မည်

    ဖေဖော်၀ါရီ ၁၄၊ ၂၀၂၃

    M-Media 


    -၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်မှာ နိုင်ငံရဲ့ စစ်လက်နက်တင်ပို့ရောင်းချမှုတန်ဖိုး ကန်ဒေါ်လာ ၅ ဘီလီယံကျော်ထိရှိအောင် ဆောင်ရွက်သွားမယ်လို့ အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီက ပြောကြားလိုက်ပါတယ်။ 

    အိန္ဒိယရဲ့ လက်နက်တင်ပို့မှုတန်ဖိုးဟာ လက်ရှိမှာ ၁.၅ ဘီလီယံရှိပြီး ၃ ဆ ကျော်တက်အောင် မိုဒီက ရည်ရွယ်နေတာဖြစ်ပါတယ်။ 

    မနေ့က Aero India Show လေကြောင်းပြပွဲ ဖွင့်ပွဲအခမ်းအနားမှာ မိုဒီက အိန္ဒိယ စစ်လက်နက်ထုတ်လုပ်မှုလုပ်ငန်းရဲ့ အောင်မြင်မှုကို ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

    ၅ ရက်ကြာမြင့်မယ့် ဒီလေကြောင်းပြပွဲမှာ အိန္ဒိယဟာ နိုင်ငံခြားတိုင်းပြည်တွေနဲ့ ကန်ဒေါ်လာ ၉ ဘီလီယံဖိုး စစ်လက်နက်ရောင်းချရေးဆိုင်ရာ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးဖို့ ရှိနေပါတယ်။ 

    အရင်က ကမ္ဘာ့အကြီးဆုံး လက်နက်တင်သွင်းတဲ့ နိုင်ငံတွေထဲကတစ်ခုဖြစ်တဲ့ အိန္ဒိယဟာ လက်ရှိအချိန်မှာ တင်ပို့ရောင်းချတဲ့ နိုင်ငံတစ်ခု ဖြစ်လာခဲ့ပြီး နိုင်ငံပေါင်း ၇၅ နိုင်ငံလောက်ကို လက်နက်တွေ တင်ပို့နေပါတယ်။ 

    တင်ပို့တဲ့ စစ်လက်နက် ပစ္စည်းတွေထဲမှာ Dhruv ရဟတ်ယာဥ်တွေ၊ BrahMos ဒုံးကျည်တွေ၊ Tejas လို အပေါ့စား တိုက်ပွဲ၀င် တိုက်လေယာဥ်တွေ ပါ၀င်ပါတယ်။ 

    Ref: Arab News 

  • အိန္ဒိယစစ်တပ်မှ တိုက်လေယာဥ်နှစ်စီး လေပေါ်တွင် တိုက်မိကာ ပျက်ကျ

    အိန္ဒိယစစ်တပ်မှ တိုက်လေယာဥ်နှစ်စီး လေပေါ်တွင် တိုက်မိကာ ပျက်ကျ

    ဇန်န၀ါရီ ၂၈၊ ၂၀၂၃

    M-Media 


    -အိန္ဒိယနိုင်ငံ အလယ်ပိုင်း မဒ်ယာ ပရာဒက်ရှ် ပြည်နယ်မှာ အိန္ဒိယစစ်တပ်က တိုက်လေယာဥ်နှစ်စီး ဒီကနေ့မနက်ပိုင်းမှာ ပျက်ကျခဲ့ပြီး လေယာဥ်မှူးတစ်ဦး သေဆုံးခဲ့ပါတယ်။  

    လေ့ကျင့်မှုပြုလုပ်နေစဥ်အတွင်း လေပေါ်မှာ တိုက်မိတာ ဖြစ်နိုင်တယ်လို့ ပြည်တွင်းသတင်းတွေက ဖော်ပြပါတယ်။ 

    ပျက်ကျသွားတဲ့ တိုက်လေယာဥ်တွေဟာ ရုရှားလုပ် Sukhoi 30 နဲ့ ပြင်သစ်လုပ် Mirage 2000 တို့ ဖြစ်ပါတယ်။ Sukhoi 30 တိုက်လေယာဥ်က လေယာဥ်မှုး ၂ ဦးဟာ အချိန်မီ ခုန်ထွက်နိုင်ခဲ့ပြီး Mirage 2000 လေယာဥ်က လေယာဥ်မှုးက ဒဏ်ရာအပြင်းအထန်ရကာ နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။ 

    အိန္ဒိယလေတပ်က ဒီအဖြစ်အပျက်အတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတယ်လို့ ထုတ်ပြန်ပါတယ်။ 

    အောက်တိုဘာလတုန်းကလည်း တရုတ်နဲ့ နယ်မြေပြဿနာဖြစ်ပွားနေတဲ့ အရူနာချာ ပရာဒက်ရှ်ပြည်နယ်မှာ အိန္ဒိယစစ်တပ်က ရဟတ်ယာဥ်နှစ်းစီး ပျက်ကျမှု သီးခြားစီ ဖြစ်ပွားခဲ့ပြီး စုစုပေါင်း စစ်သား ၆ ဦး သေဆုံးခဲ့ပါတယ်။ 

    ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတုန်းက ရုရှားလုပ် Mi-17 ရဟတ်ယာဥ်တစ်စီး ပျက်ကျရာမှာ အိန္ဒိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီပင် ရာ၀ပ်အပါအ၀င် လူ ၁၃ ဦး သေဆုံးခဲ့ပါတယ်။ 

    Ref: NDTV

  • ဂူဂျာရတ်မှ သားသတ်သမားဟု အိန္ဒိယ၀န်ကြီးချုပ်ကို ပါကစ္စတန် ခေါ်၀ေါ်

    ဂူဂျာရတ်မှ သားသတ်သမားဟု အိန္ဒိယ၀န်ကြီးချုပ်ကို ပါကစ္စတန် ခေါ်၀ေါ်

    ဒီဇင်ဘာ ၁၇၊ ၂၀၂၂

    M-Media 


    -ကုလဆိုင်ရာ ပါကစ္စတန်သံအမတ် ဘီလာ၀ါ ဘူတို ဇာဒါရီက အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာ မိုဒီကို ‘ဂူဂျာရတ်က သားသတ်သမား’ လို့ ၀ေဖန်ပြောဆိုလိုက်ပါတယ်။ 

    မိုဒီ ဂူဂျာရတ်ပြည်နယ်ရဲ့ ၀န်ကြီးချုပ်ဖြစ်စဥ်က လူရာချီသေဆုံးတဲ့ ဟိန္ဒူ-မွတ်စလင် အဓိကရုဏ်းဖြစ်အောင် ဖန်တီးခဲ့မှုကို ရည်ညွှန်းပြီး ဇာဒါရီက အခုလို ခေါ်၀ေါ်ခဲ့တာပါ။ 

    ကုလဆိုင်ရာ အိန္ဒိယသံအမတ် ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ပါကစ္စတန်ဟာ အကြမ်းဖက်၀ါဒ မြစ်ဖျားခံရာနိုင်ငံဖြစ်တယ်ဆိုတဲ့ ပြောကြားမှုကို ပါကစ္စတန်ဖက်က တုန့်ပြန်တာလည်း ဖြစ်ပါတယ်။ 

    ကုလလုံခြုံရေးကောင်စီရဲ့ အကြမ်းဖက်၀ါဒဆိုင်ရာ အစည်းအ၀ေးအပြီးမှာ အခုလို အပြန်အလှန် ၀ေဖန်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

    ဇာဒါရီက အိန္ဒိယ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ရဲ့ မိခင်အဖွဲ့အစည်း RSS ဟာ ဟစ်တလာရဲ့ SS အဖွဲ့ကို နမူနာယူပြီး ဖွဲ့စည်းထားတဲ့ အစွန်းရောက်အဖွဲ့အစည်းဖြစ်တယ်လို့လည်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်မှုကိစ္စအတွက် စစ်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ 

    Ref: Aljazeera

  • အိန္ဒိယက သန်းထီပေါက်သူရဲ့ စိတ်ညစ်စရာဘ၀

    အိန္ဒိယက သန်းထီပေါက်သူရဲ့ စိတ်ညစ်စရာဘ၀

    နို၀င်ဘာ ၅၊ ၂၀၂၂

    M-Media 


    အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်က အသက် ၃၂ နှစ်အရွယ် အနုဘီဟာ ပြီးခဲ့တဲ့ စက်တင်ဘာက ရူပီး သန်း ၂၅၀ (ဒေါ်လာ ၃ သန်း) ရမယ့် သန်းထီကြီးတစ်ခု ပေါက်ခဲ့ပါတယ်။ 

    ကိုယ်၀န် ၈ လရှိနေတဲ့ ဇနီး၊ လမ်းလျှောက်တတ်စ သားငယ်လေးနဲ့ အနုဘီတို့ မိသားစုဟာ ထီပေါက်ပေမယ့် လက်တွေ့မှာ အေးအေးချမ်းချမ်း မနေရပါဘူး။ 

    ပြန်အမ်းငွေ မယူနဲ့တော့ 

    —————-

    “ကျွန်တော့်သားအတွက် အိတ်လေးတစ်လုံး သွား၀ယ်ပါတယ်ဗျာ။ ပြန်အမ်းငွေ မယူနဲ့တော့ ဆိုတာကြီးပဲ။ ကျွန်တော် ပိုက်ဆံ ထပ်မလိုဘူးလို့ ထင်နေလားမသိဘူး” 

    မစွန့်ကြဲလို့ မကြည် 

    —————-

    “အရင်တုန်းက လည်ပင်းဖက်ပေါင်းတဲ့သူတွေ တော်တော်များများက ခုဆို စကားတောင်မပြောတော့ဘူး”

    “လူတွေရဲ့ အပြုအမူက တစ်မဟုတ်ချင်း ပြောင်းလဲသွားတာ”

    “ဘယ်လိုအခြေအနေလဲဆိုတာ ကြုံဖူးမှ သိမှာဗျ။ ရုပ်ရှင်ထဲကလိုပဲ။ အသိတွေ၊ အမျိုးတွေအားလုံး အိမ်ရောက်လာတာ”

    “အိမ်ရာနိုးတာနဲ့ ကြည့်လိုက်ရင် အိမ်ရှေ့မှာ လူတစ်အုပ်။ မနက် ၅ နာရီလောက်ကနေ မိုးစုန်းစုန်းချုပ်မှ ပြန်ကြတာ” 

    “မိတ်ဆွေတွေက ရန်သူတွေဖြစ်ကုန်ရော။ မစွန့်လို့၊ မကြဲလို့ဆိုပြီး မကျေနပ်တဲ့လူတွေကလည်း မနည်းဘူး”

    လုကြပြေးကြ၊ အလှူခံကြ

    ————–

    “ဘဏ်တွေ၊ အာမခံလုပ်ငန်းတွေက ဖုန်းခေါ်ကြတာလည်း မနည်းဘူး။ အဖွဲ့တစ်ဖွဲ့ဆို ချန်နိုင်းကနေလာပြီး ရုပ်ရှင်ရိုက်ဖို့ အလှူလာခံတယ်”

    “တစ်ယောက်ဆို အိမ်မှာ တစ်နေ့လုံး ပေကပ်နေတာ။ Royal Enfield ဆိုင်ကယ် ၀ယ်ပေးလိုက်တော့မှ ပြန်သွားတယ်”

    “ဘာအလုပ်မှမလုပ်ဘဲ ဒီပိုက်ဆံတွေ အချောင်ရတယ်လို့ လူတိုင်းက ထင်ကြတာ။ ဘာဖြစ်လို့ ကပ်စေးကုပ်နေတာလဲဆိုပြီး သူတို့က ပြောသေးတာဗျ”

    “တကယ်အကူအညီလိုနေတာလား၊ ပိုက်ဆံအချောင်လိုချင်တာလား ကျွန်တော်တို့လည်း မခွဲတတ်တော့ဘူး”

    ကောလဟာလ/ခြိမ်းခြောက်မှူ

    —————–

    “ကျွန်တော် ထီပေါက်တယ်ဆိုတာ လိမ်တာဆိုပြီး ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ကြသေးတယ်။ ကျွန်တော့်မှာ ငွေမည်းတွေအများကြီး ရှိတယ်ပေါ့။ အဲဒါကို ငွေဖြူပြောင်းတယ်ဆိုပြီး ပြောကြတာ”

    “ကျွန်တော့်အကြောင်း သတင်းတွေကတင်ကြတော့ လူတိုင်းက ကျွန်တော့်ကို သိနေရာ”

    “ထီပေါက်တာနဲ့ပဲ ငွေမလိုတော့ဘူး ပြည့်စုံပြီလို့ လူတွေက ထင်ကြတာ။ တကယ်က ဘာမှ ပြောလို့မရသေးဘူး။ အခွန်ဖြတ်ပြီး ဘယ်လောက်ကျန်မလဲဆိုတာ မသိသေးဘူး” 

    အနာဂတ်အတွက် စဥ်စား

    ————–

    “ဘုရားပေးလို့ ရတာပါ။ သူများကို မကူညီခင် ကိုယ့်ဟာကိုယ့် သေသေချာချာ အစီစဥ် ချရအုံးမယ်။ မိသားစုရဲ့ အနာဂတ် စိတ်ချရဖို့ ပေ့ါ”

    ပိုက်ဆံမပေးလို့ သတ်မယ်ဖြတ်မယ်၊ သတိထားနေဆိုတဲ့ ခြိမ်းခြောက်စာတွေရတာကြောင့် အနုဘီတို့မိသားစုဟာ ရဲကို တိုင်ထားရပြီး အိမ်မှာလည်း စောင့်ကြည့်ကင်မရာတွေတပ်ကာ နေထိုင်နေရပါတယ်။ 

    Ref: BBC

  • အိန္ဒိယတွင် လူမျိုးစုပြတိုက်ဖွင့်သူများ အကြမ်းဖက်မှုဖြင့် ဖမ်းဆီးခံရ

    အိန္ဒိယတွင် လူမျိုးစုပြတိုက်ဖွင့်သူများ အကြမ်းဖက်မှုဖြင့် ဖမ်းဆီးခံရ

    အောက်တိုဘာ ၂၈၊ ၂၀၂၂

    M-Media


    – အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ လူမျိုးစုပြတိုက် ဖွင့်လှစ်ခဲ့ လူ ၃ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးကာ အကြမ်းဖက်မှုစွဲချက်တွေနဲ့ တရားစွဲဆိုလိုက်ပါတယ်။ 

    အမ် မိုဟာ အလီဆိုသူ လူတစ်ဦးက ကိုယ်ပိုင်ငွေကြေးစိုက်ထုတ်ကာ ဘင်္ဂါလီလူမျိုးစု၀င်ဖြစ်တဲ့  ‘မီယာ’ လူမျိုး (Miya) ရဲ့ ရိုးရာယဥ်ကျေးမှု ပြတိုက်ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကမှ သူ့အိမ်မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

    မီယာလူမျိုးစုတွေဟာ အာသံပြည်နယ်က ခွဲခြားဆက်ဆံမှုခံရတဲ့ လူမျိုးစု၀င်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

    ပြည်နယ်ကို အုပ်စိုးထားတဲ့ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP တာ၀န်ရှိသူတွေက ပြတိုက်ဖွင့်တာဟာ လူ့အဖွဲ့အစည်းအတွင်း သွေးကွဲအောင်တာလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။ BJP အဖွဲ့၀င်တွေဟာ မီယာလူမျိုးစုကို အမြဲလိုလို အမုန်းစကားတွေနဲ့ တိုက်ခိုက်ပြောဆိုလေ့ရှိပါတယ်။ 

    ပြည်နယ်၀န်ကြီးချုပ် ဟီမန်သာ ဘစ္စ၀ါ ဆာရ်မာက ‘မီယာလူမျိုးစုရှိလို့လား’ ဆိုပြီး သတင်းထောက်တွေကို ပြန်လည်မေးခွန်းထုတ်ခဲ့ပါတယ်။

    ပြတိုက်ဖွင့်တဲ့ အလီရဲ့အိမ်ကို အာဏာပိုင်တွေက အင်္ဂါနေ့မှာ ချိတ်ပိတ်ခဲ့ပါတယ်။ အလီဟာ အာသံပြည်နယ် မီယာလူမျိုးစုအဖွဲ့ ဥက္ကဌဖြစ်ပြီး သူနဲ့ အဖွဲ့ အတွင်းရေးမှူး အဘ်ဒူလ် ဘာတန် ရှိခ်၊ ပြတိုက်ဖွင့်ပွဲမှာ ပါ၀င်ခဲ့တဲ့ တာနူဒါဒူမီယာတို့ကို ဖမ်းဆီးကာ အကြမ်းဖက်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ 

    ပြတိုက်မှာ မီယာလူမျိုးတွေရဲ့ ရိုးရာယဥ်ကျေးမှုဆိုင်ရာ ပစ္စည်း တော်တော်များများကို ပြသထားတာဖြစ်ပါတယ်။ 

    အလီက ပြတိုက်ဖွင့်တာဟာ မီယာလူမျိုးတွေရဲ့ အမှတ်သညာကို ထိန်းသိမ်းဖို့ဖြစ်ပြီး ဒါဟာ အာသံလူ့အဖွဲ့အစည်း ခိုင်မာအားကောင်းလာဖို့ တစ်စိတ်တစ်ပိုင်း ကူညီရာရောက်တယ်လို့ အဖမ်းမခံရခင်က ပြောကြားခဲ့ပါတယ်။ 

    အစိုးရက ကမကထပြုကာ မီယာပြတိုက်ဖွင့်ဖို့ အာသံပြည်နယ်အတွင်း တိုက်တွန်းမှုတွေရှိခဲ့ပြီး ၂၀၂၀ ခုနှစ် ပြည်နယ်လွှတ်တော်မှာ ဆွေးနွေးခဲ့ပေမယ့် ဟိန္ဒူအစွန်းရောက် BJP အမတ်တွေက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။  

    မီယာလူမျိုးတွေဟာ ဘာရာမာပူထရာချိုင့်၀ှမ်းဒေသမှာ နေထိုင်ကြသူတွေဖြစ်ပါတယ်။ လူဦးရေ ၁၀ သန်းကျော်ရှိပြီး အာသံပြည်နယ်လူဦးရေရဲ့ ၃၄ ရာခိုင်နှုန်း ရှိပါတယ်။  

    မီယာလူ့အဖွဲ့အစည်းအတွင်း ဆင်းရဲမွဲတေမှု၊ ပညာတတ်နည်းပါးမှု စတာတွေကြောင့် အိန္ဒိယ လွတ်လပ်ရေးရတဲ့ ၁၉၄၇ ခုနှစ်နောက်ပိုင်း အခြားလူမျိုးစုကြီးတွေရဲ့ ခွဲခြားဆက်ဆံမှုကို ခါးစည်းခံခဲ့ရပါတယ်။ 

    မီယာပညာတတ်တွေဟာ နောက်ပိုင်းမှာ လူ့အဖွဲ့အစည်းကို မြှင့်တင်ဖို့ ကြိုးစားလာကြပြီး အထူးသဖြင့် ကဗျာစာပေနဲ့ဖြစ်ပါတယ်။ မီယာကဗျာတွေဟာ အာသံပြည်နယ်မှာ ကျော်ကြားတဲ့ စာပေအမျိုးအစားတစ်ခု ဖြစ်ပါတယ်။

    Ref: Scroll