News @ M-Media

Tag: India

  • ရွေးကောက်ပွဲနီးလာချိန် မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှု မြင့်တက်လာတဲ့ အိန္ဒိယ

    ရွေးကောက်ပွဲနီးလာချိန် မွတ်စလင်ဆန့်ကျင်ရေးလှုပ်ရှားမှု မြင့်တက်လာတဲ့ အိန္ဒိယ

    အောက်တိုဘာ ၂၂၊ ၂၀၂၂

    M-Media 


    – ပြည်နယ်ရွေးကောက်ပွဲတွေ နီးလာတဲ့အချိန် အိန္ဒိယနိုင်ငံမှာ မွတ်စလင်ဆန့်ကျင်ရေး လှုံ့ဆော်မှုတွေ မြင့်တက်လာနေပြီး၊ ၀န်ကြီးချုပ် မိုဒီနဲ့ အဆက်အစပ်ရှိတဲ့ အဖွဲ့အစည်းတွေက ဦးဆောင်ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ 

    အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ရဲ့ အယူ၀ါဒရေးရာ မိခင်အဖွဲ့အစည်း RSS အတွင်းရေးမှူး Dattatreya Hosabale က ဟိန္ဒူဘာသာ၀င် များပြားရေး အစိုးရက မူ၀ါဒချမှတ် ဆောင်ရွက်ဖို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းခဲ့ပါတယ်။ 

    တရားမ၀င် ၀င်ရောက်နေထိုင်မှုတွေ၊ ဘာသာပြောင်းမှုတွေကြောင့် ဟိန္ဒူတွေ နည်းလာတယ်လို့ သူက ဆိုပါတယ်။ 

    “တိုင်းပြည်က တစ်ချို့ဒေသတွေမှာ ဘာသာကူးပြောင်းမှုတွေကြောင့် ဟိန္ဒူအရေအတွက်ဟာ နည်းပါးလာတယ်။ ဒီကိစ္စကို ဂရုတစိုက် စဥ်စားဆောင်ရွက်ဖို့ လိုအပ်နေပါပြီ။ လူတိုင်းအပေါ် သက်ရောက်မယ့် နိုင်ငံတော်လူဦရေးဆိုင်ရာ မူ၀ါဒ ချမှတ်ဖို့ပါ” 

    အိန္ဒိယမှာ ဟိန္ဒူတွေ နည်းလာတယ်ဆိုတဲ့ Dattatreya Hosabale ရဲ့ ပြောကြားမှုဟာ အချက်အလက် ခိုင်ခိုင်မာမာ မရှိပါဘူး။ 

    RSS နဲ့ BJP ပါတီ တာ၀န်ရှိသူတွေက ဟိန္ဒူတွေ နည်းလာတယ်ဆိုတဲ့ အချက်ကို အမြဲလိုလို ပြောဆိုလေ့ရှိပါတယ်။ မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေက ဟိန္ဒူတွေကို ဘာသာပြောင်းခိုင်းတယ်၊ မွတ်စလင်တွေဟာ မိန်းမအများကြီးယူပြီး ကလေးများများမွေးကာ ဟိန္ဒူလူဦးရေကို လွှမ်းမိုးဖို့ ကြိုးစားနေတယ် ဆိုတာတွေဟာ သူတို့ရဲ့ လက်သုံးစကားပါ။ 

    သန်း ၁၄၀၀ သော အိန္ဒိယ လူဦးရေမှာ ဟိန္ဒူက ၈၀ ရာခိုင်နှုန်းဖြစ်ပြီး မွတ်စလင်က ၁၄ ရာခိုင်နှုန်းသာ ရှိပါတယ်။ ကလေးမွေးနှုန်း မကွာတဲ့အတွက် မွတ်စလင်လူဦးရေက ဟိန္ဒူလူဦးရေကို ကျော်ပြီး လွှမ်းမိုးမယ်ဆိုတဲ့ ပြောကြားမှုဟာ လက်တွေ့အချက်အလက်တွေအရ မဖြစ်နိုင်ပါဘူး။

    BJP ပါတီ အုပ်စိုးတဲ့ ပြည်နယ်တွေမှာတော့ ဟိန္ဒူလူဦးရေ များပြားအောင်လုပ်ပြီး မွတ်စလင်နဲ့ အခြားလူနည်းစုတွေ လူဦးရေ နည်းစေမယ့် ကလေးမွေးနှုန်း သတ်မှတ်ချက်ဥပဒေ ပြဌာန်းဖို့ ပြင်ဆင်လာပါတယ်။ 

    ၀န်ကြီးချုပ်မိုဒီရဲ့ ဇာတိပြည်နယ်ဖြစ်တဲ့ မြောက်ပိုင်းက အူတာပရာဒက်ရှ် ပြည်နယ်၊ ဟီမာချာ ပရာဒက်ရှ်တို့လို ပြည်နယ်တွေမှာ အခုနှစ်နှောင်းပိုင်း ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေပြီး BJP ပါတီနဲ့၊ RSS အဖွဲ့ တာ၀န်ရှိသူတွေကတော့ မွတ်စလင်ဆန့်ကျင်ရေး သဘောထားတွေကို ရှေ့တန်းတင်ကာ အာဏာထပ်ရဖို့ ပိုမိုလုပ်ဆောင်နေကြပါတယ်။

    Ref: Free Malaysia Today

  • စာလုံးပေါင်းမှား၍ ရိုက်နှက်ခံရသည့် ဇာတ်နိမ့်ကျောင်းသားတစ်ဦး သေဆုံး

    စာလုံးပေါင်းမှား၍ ရိုက်နှက်ခံရသည့် ဇာတ်နိမ့်ကျောင်းသားတစ်ဦး သေဆုံး

    စက်တင်ဘာ ၂၇၊ ၂၀၂၂
    M-Media

    -စာလုံးပေါင်းမှားတဲ့ ဒါလစ် ဇာတ်နိမ့်ကျောင်းသားတစ်ဦးကို ဆရာက ရိုက်နှက်သတ်ဖြတ်တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံမှာ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပါတယ်။

    ဒီအဖြစ်အပျက်ဟာ နိုင်ငံမြောပ်ပိုင်း အူတာ ပရာဒက်ရှ်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။

    အသက် ၁၅ နှစ်အရွယ် နီခီလ်ဒိုရီဟာ အခုလအစောပိုင်းက ပြုလုပ်တဲ့ စာမေးပွဲမှာ စာလုံးပေါင်းတစ်လုံး မှားခဲ့ပြီး အဲဒီအတွက် အတန်းပိုင်ဆရာက တုတ်နဲ့ ရိုက်နှက် ကန်ကျောက်ခဲ့ပါတယ်။ အခင်းဖြစ်ချိန်မှာ ဒိုရီတစ်ယောက် သတိလစ်မေ့မြောသွားခဲ့ပြီး အဲဒီဒဏ်ရာနဲ့ပဲ အခုတစ်ပတ် တနင်္လာနေ့မှာ သေဆုံးသွားပါတယ်။

    ကျူးလွန်သူဟာ လက်ရှိမှာ ထွက်ပြေးနေပြီး မကြာခင် ဖမ်းမိလိမ့်မယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    မိသားစုက ဒီအဖြစ်အပျက်ဟာ ဇာတ်နိမ့်တွေအပေါ် မုန်းတီးမှုကို အခြေခံ ဖြစ်ပွားတဲ့ အမုန်းရာဇ၀တ်မှု ဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။ အခင်းဖြစ်ပွားတဲ့ အော်ရိုင်ယာခရိုင်မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားနေပြီး ကျူးလွန်သူကို အမြန်ဆုံး အရေးယူဖို့နဲ့ ဒါလစ်လူ့အဖွဲ့အစည်းကို ကာကွယ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

    အိန္ဒိယရဲ့ အခြေခံဥပဒေမှာ ဇာတ်ခွဲခြားမှုစနစ်ကို ပယ်ဖျက်ထားပေမယ့် မြေပြင်မှာတော့ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။ ဇာတ်နိမ့်တွေအပေါ် ဇာတ်မြင့်တွေရဲ့ တိုက်ခိုက်မှုဟာ ဟိန္ဒူအမျိုးသားရေးပါတီ BJP အာဏာရတဲ့ ၂၀၁၄ ခုနှစ်ကတည်းက သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။

    Ref: Aljazeera

    https://www.aljazeera.com/news/2022/9/27/india-teacher-allegedly-kills-dalit-student-over-spelling-mistake
  • အိန္ဒိယတွင် ဒါလစ်ဇာတ်နိမ့်ညီအမနှစ်ဦး အဓမ္မကျင့် သတ်ဖြတ်ခံရ

    အိန္ဒိယတွင် ဒါလစ်ဇာတ်နိမ့်ညီအမနှစ်ဦး အဓမ္မကျင့် သတ်ဖြတ်ခံရ

    စက်တင်ဘာ ၁၅၊ ၂၀၂၂
    M-Media

    -အိန္ဒိယနိုင်ငံမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ် လက်ခ်ဟင်ပူရ် ခရိုင်မှာ ဟိန္ဒူဇာတ်နိမ့် ညီအမနှစ်ဦး အဓမ္မကျင့်သတ်ဖြတ်ခံရမှူ ဖြစ်ပွားခဲ့ပြီး ရာဇ၀တ်ကောင်တွေအပေါ် အာဏာပိုင်တွေရဲ့ ကိုင်တွယ်မှုနဲ့ပတ်သက်ပြီး ၀ေဖန်မှုတွေလည်း မြင့်တက်လာပါတယ်။

    ညီအမနှစ်နှစ်ဦးရဲ့ အလောင်းတွေကို သစ်ပင်တစ်ပင်မှာ တွဲလောင်းချည်ထားတာကို ဗုဒ္ဓဟူးနေ့မှာ ရွာသားတွေက တွေခဲ့ကြတာပါ။

    ဒီကိစ္စနဲ့ပတ်သက်ပြီး သံသယရှိသူ ၆ ဦးကို ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အသတ်ခံရသူ ညီအစ်မနှစ်ဦးစလုံးဟာ အသက် ၁၈ နှစ်အောက်သာ ရှိပါသေးတယ်။

    ဟိန္ဒူအမျိုးသားရေးပါတီ BJP အာဏာရခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစပြီး ဒါလစ်ဇာနိမ့်တွေဟာ ဟိန္ဒူအစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုကို ပိုမိုခံစားလာရပါတယ်။

    ၂၀၂၀ ခုနှစ်ကလည်း အူတာပရာဒက်ရှ်ပြည်နယ် ဟက်သရာခရိုင်မှာ အသက် ၁၉ နှစ်အရွယ် ဒါလစ်အမျိုးသမီးငယ်တစ်ဦး အုပ်စုဖွဲ့ မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရပြီး အစိုးရက ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်မှု မရှိတဲ့အတွက် နိုင်ငံတစ်၀ှမ်း ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။

    အခုကိစ္စမှာ အသတ်ခံရသူတွေဟာ ကျူးလွန်သူတွေနဲ့ ရင်းနှီးတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ကျန်ရစ်တဲ့ မိသားစု၀င်တွေက ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ဟာ မှားယွင်းပြီး ညီအစ်အမ နှစ်ဦးစလုံး ပြန်ပေးဆွဲ ခံခဲ့ရတာလို့ ပြောပါတယ်။

    ကျူးလွန်သူတွေဟာ မိန်းကလေးငယ်နှစ်ယောက်ကို သကြားခင်းထဲ ခေါ်ဆောင်ကာ အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ပြီး အလောင်းကို ကိုယ့်ကိုယ် ကြိုးစွဲချတဲ့ပုံစံ သစ်ပင်မှာ ချည်ထားခဲ့တာ ဖြစ်ပါတယ်။

    Ref: BBC

  • ဘာသာရေးစည်းမျဥ်းချိုးဖောက်၍ ခေါင်းဖြတ်သတ်ဖြတ်မှု အိန္ဒိယနာမည်ကျော် ဘုရားကျောင်းတွင် ဖြစ်ပွား

    ဘာသာရေးစည်းမျဥ်းချိုးဖောက်၍ ခေါင်းဖြတ်သတ်ဖြတ်မှု အိန္ဒိယနာမည်ကျော် ဘုရားကျောင်းတွင် ဖြစ်ပွား

    စက်တင်ဘာ ၉၊ ၂၀၂၂
    M-Media

    -အိန္ဒိယနိုင်ငံမြောက်ပိုင်းက ဆစ်ခ်လူမျိုးတို့ရဲ့ အထွဋ်အမြတ်ထားရာ ‘ရွှေဘုရားကျောင်း’ (Golden Temple) အနီးမှာ ခေါင်းဖြတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။

    အသက် ၂၂ နှစ်အရွယ် ဟာရမ်ဂျီတ်ဆင်းဆိုသူဟာ စက်တင်ဘာ ၇ ရက်နေ့ညက ဘုရားကျောင်းနဲ့ သိပ်မ၀ေးတဲ့ စျေးမှာ လူ ၃ ဦးရဲ့ ခေါင်းဖြတ်သတ်ဖြတ်မှုကိုခံခဲ့ရတာပါ။ ရဲတပ်ဖွဲ့က သတ်ဖြတ်သူတွေဟာ ‘နီဟန်’ လို့ခေါ်တဲ့ ဆစ်ခ်အစွန်းရောက်အဖွဲ့က ဖြစ်တယ်လို့ဆိုပါတယ်။

    နီဟန်အဖွဲ့၀င်တွေဟာ ဆစ်ခ်ဘာသာရေးကျင့်၀တ်တွေကို ဘာသာ၀င်တွေက လိုက်နာအောင် ထိန်းကြောင်းကြပ်မတ်ပေးသူတွေလို့ သူတို့ကိုယ်သူတို့ ယူဆပြီး အပြာရောင် ၀တ်ရုံ၀တ်ကာ၊ ဓားရှည်တွေကိုင်ဆောင်လေ့ရှိပါတယ်။

    ဟာရမ်ဂျီတ်ဆင်းဟာ အရက်မူးပြီး၊ ဆေးရွက်ကြီးတွေ ၀ါးနေတာကြောင့် ဘာသာရေးစည်းမျဥ်းကို ချိုးဖောက်တဲ့အတွက် နီဟန်တွေက ခေါင်းဖြတ်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

    အဖြစ်အပျက်တစ်ခုလုံးဟာ လူအများအပြားရှိနေတဲ့ လူမြင်ကွင်းမှာ ဖြစ်ပွားခဲ့ပြီး ဘယ်သူကမှ တားဆီးခြင်းမရှိဘူးလို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ကျူးလွန်သူ ၃ ဦးကို သောကြာနေ့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်.

    မြင့်မြတ်ရာနေရာတွေကို ထိန်းသိမ်းစောင့်ရှောက်ရေးဟာ ဆစ်ခ်ဘာသာမှာ အကဲဆတ်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ မြင့်မြတ်ရာပရုဏ်တွေမှာ ကွမ်းစားတာ၊ အရက်သောက်တာ၊ မူးယစ်ဆေးသုံးစွဲတာတွေကို မလေးမစားလုပ်တာလို့ မှတ်ယူ အပြစ်ပေးကြတာပါ။

    ပြီးခဲ့တဲ့နှစ်ကလည်း Golden Temple မှာ ညနေပိုင်း ဘုရား၀တ်ပြုမှုအတွင်း ဓားရှည်ကိုင်ထားတဲ့ လူတစ်ဦးက ကျမ်းစာအုပ်ထားရာနေရာကို အကာအရံကျော်ကာ ၀င်လာတဲ့အတွက် လာရောက်၀တ်ပြုနေသူတွေက ၀ိုင်းရိုက် သတ်ဖြတ်ခဲ့ကြပါတယ်။

    Ref: AFP

  • အိန္ဒိယ၏ ပထမဆုံး ပြည်တွင်းဖြစ် လေယာဥ်တင်သင်္ဘော တပ်တော်၀င်

    အိန္ဒိယ၏ ပထမဆုံး ပြည်တွင်းဖြစ် လေယာဥ်တင်သင်္ဘော တပ်တော်၀င်

    စက်တင်ဘာ ၃၊ ၂၀၂၂
    M-Media

    -INS Vikrant လို့ အမည်ပေးထားတဲ့ အိန္ဒိယရဲ့ ပထမဆုံး ပြည်တွင်းဖြစ် လေယာဥ်တင်သင်္ဘောရဲ့ တပ်တော်၀င်အခမ်းအနားကို မနေ့က ကျင်းပခဲ့ပါတယ်။

    ဒေါ်လာ ၂.၅ ဘီလီယံ ကုန်ကျတဲ့ ဒီသင်္ဘောကို နိုင်ငံတောင်ပိုင်းက ကိုချင် သင်္ဘောကျင်းမှာ တည်ဆောက်တာဖြစ်ပါတယ်။ ဒီဇိုင်းဆွဲမှုနဲ့ တည်ဆောက်မှုကာလ စုစုပေါင်း ၁၈ နှစ် ကြာခဲ့ပါတယ်။

    အိန္ဒိယဟာ စစ်ရေးအသုံးစားရိတ်မှာ ကမ္ဘာ့ တတိယမြောက် အများဆုံးနိုင်ငံပါ။ ရန်ဖက် ပါကစ္စတန်နဲ့ နယ်မြေအငြင်းပွားတဲ့ ပြဿနာကနေ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အင်ဒို-ပစိဖိတ်ဒေသမှာ အမေရိကန်၊ တရုတ်တို့နဲ့ ရေတပ်အင်အား ပခုံးချင်း ယှဥ်နိုင်ရေးကို ပိုပြီး အလေးပေးလာပါတယ်။

    INS Vikrant ကို ရေချနိုင်မှုကြောင့် ဗျူဟာမြောက် စစ်သင်္ဘောတွေ အောင်မြင်စွာ တည်ဆောက်အသုံးပြုနိုင်တဲ့ လက်တစ်ဆုပ်စာ နိုင်ငံတွေထဲမှာ အိန္ဒိယနိုင်ငံလည်း ပါ၀င်လာတာ ဖြစ်ပါတယ်။

    နည်းပညာနယ်ပယ်နဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုမှာ ကိုယ့်အားကိုယ်ကိုးနိုင်ရေး အိန္ဒိယရဲ့ ကြိုးပမ်းမှာ INS Vikrant လေယာဥ်တင်သင်္ဘောက သမိုင်းမှတ်တိုင်သစ်တစ်ခု စိုက်ထူလိုက်နိုင်တာဖြစ်တယ်လို့ တပ်တော်၀င်ပွဲ အခမ်းအနားမှာ ၀န်ကြီးချုပ် မိုဒီက ပြောကြားခဲ့ပါတယ်။

    Ref: Washintong Post