News @ M-Media

Tag: India

  • ပြန်ပေးဆွဲခံရသည်ဟု ဇာတ်လမ်းဆင်ပြီး မိဘဆီက ငွေညှစ်သည့် သမီး

    ပြန်ပေးဆွဲခံရသည်ဟု ဇာတ်လမ်းဆင်ပြီး မိဘဆီက ငွေညှစ်သည့် သမီး

    ဇူလိုင် ၁၈၊ ၂၀၂၂
    M-Media

    -ပြန်ပေးဆွဲခံရတဲ့ပုံစံမျိုး ဇာတ်လမ်းဆင်ကာ မိဘတွေဆီက ငွေညှစ်ဖို့ ကြိုးစားတဲ့ အမေရိကန်အမျိုးသမီးတစ်ဦးကို အိန္ဒိယရဲတပ်ဖွဲ့က မြို့တော်ဒေလီမှာ ဖမ်းဆီးလိုက်ပါတယ်။

    အသက် ၂၇ နှစ်အရွယ် အဲဒီအမျိုးသမီးဟာ မေလ ၃ ရက်နေ့က အိန္ဒိယနိုင်ငံကို ရောက်ရှိခဲ့ပြီး သုံးဖို့ငွေပြတ်သွားတာကြောင့် ဒီလိုကြံစည်တာလို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အမေရိကန်သံရုံးက အိန္ဒိအစိုးရထံ ဒီကိစ္စကို အကြောင်းကြားပြီးတဲ့နောက် အိန္ဒိယရဲတပ်ဖွဲ့ဟာ မိဘတွေထံပေးပို့တဲ့ အီးမေးလ်၊ အင်တာနက် ဖုန်းခေါ်ဆိုမှုတွေကို ခြေရာခံကာ ဒေလီမြို့ ဆင်ခြေဖုံးမှာ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

    ဒီဇာတ်လမ်းဆင်မှုမှာ အသက် ၃၁ နှစ်အရွယ် နိုက်ဂျီးရီးယားအမျိုးသားတစ်ဦးလည်း ပါ၀င်ပါတယ်။ သူတို့နှစ်ယောက်ဟာ အွန်လိုင်းကနေတွေ့ပြီး အိန္ဒိယရောက်တဲ့အခါ အတူနေထိုင်ကြတာဖြစ်ပါတယ်။

    နှစ်ယောက်စလုံး နေထိုင်ခွင့်သက်တမ်းကျော်လွန်နေပြီး လိုအပ်တဲ့အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    Ref: BBC

  • အိန္ဒိယမှ အပူလှိုင်း ငှက်များပင် မခံနိုင်

    အိန္ဒိယမှ အပူလှိုင်း ငှက်များပင် မခံနိုင်

    မေ ၁၂၊ ၂၀၂၂

    M-Media 


    -အပူလှိုင်းဖြတ်မှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရတဲ့ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်မှာ ခိုနဲ့ စွန်တို့လို အမြင့်ပျံငှက်တွေ မြေပြင်ပေါ် ပြုတ်ကျလာတဲ့ အဖြစ်အပျက်တွေ များလာပါတယ်။ 

    တိရိစ္ဆာန်ကု ဆရာ၀န်တွေက ငှက်တွေဟာ အပူဒဏ်ကြောင့် မောပန်းနေပြီး၊ ရေရှားပါးလာတဲ့အတွက် ရေမသောက်ရဘဲ ရေဓာတ်ခမ်းခြောက်ကာ ဒီလို ပြုတ်ကျလာတာဖြစ်တယ်လို့ ပြောပါတယ်။ 

    အိန္ဒိယအပါအ၀င် တောင်အာရှနိုင်ငံတွေဟာ ၁၀ စုနှစ်များစွာအတွင်း အဆိုးရွားဆုံး အပူချိန်မြင့်တက်မှုကို ကြုံတွေ့နေရတာပါ။ 

    ဂူဂျာရတ်ပြည်နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း ငှက်ထောင်ချီကို ကူညီကယ်ဆယ်ပေးခဲ့ရတယ်လို့ တိရိစ္ဆာန်ကု ဆရာ၀န်တွေက ပြောပါတယ်။ 

    ငှက်တွေကို ကယ်ဆယ်ပေးရတဲ့ ပမာဏဟာ ပြီးခဲ့တဲ့နှစ်ကထက်စာရင် ၁၀ ရာခိုင်နှုန်း မြင့်တက်လာပါတယ်။ ဆရာ၀န်တွေဟာ ဗိုက်တာမင်တွေတိုက်တာ၊ ရေတိုက်တာလို ပြုစုကုသမှုတွေ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • အိန္ဒိယမှ ဘာသာရေးလွတ်လပ်ခွင့် သိသိသာသာ ဆိုးရွားလာ

    အိန္ဒိယမှ ဘာသာရေးလွတ်လပ်ခွင့် သိသိသာသာ ဆိုးရွားလာ

    ဧပြီ ၂၆၊ ၂၀၂၂

    M-Media 


    -ဟိန္ဒူအမျိုးသားရေး၀ါဒ ခေါင်းထောင်လာတဲ့ အိန္ဒိယနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်ဟာ ပြီးခဲ့တဲ့နှစ်အတွင်း သိိသိသာသာ ဆိုးရွားလာတယ်လို့ အမေရိကန် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် USCIRF ရဲ့ တနင်္လာနေ့က အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

    “၂၀၂၁ ခုနှစ်အတွင်း အိန္ဒိယအစိုးရက ပြဌာန်း အကောင်အထည် ဖော်ခဲ့တဲ့ မူ၀ါဒတွေထဲမှာ ဟိန္ဒူအမျိုးသားရေး၀ါဒကို ပစားပေးတဲ့ မူ၀ါဒလည်း ပါ၀င်ပြီး၊ ဒါတွေကြောင့် ခရစ်ယာန်တွေ၊ ဆစ်ခ်တွေ၊ မွတ်စလင်တွေ၊ ဒါလစ် ဟိန္ဒူဇာတ်နိမ့်တွေနဲ့ အခြား ဘာသာရေးလူနည်းစုတွေ တော်တော်လေး ထိခိုက်ခံစားခဲ့ရပါတယ်” လို့ အစီရင်ခံစာက ဆိုပါတယ်။ 

    အိန္ဒိယကို ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမည်ပျက်စာရင်းထဲထည့်ပြီး လိုအပ်သလို အရေးယူဆောင်ရွက်ဖို့လည်း USCIRF က တိုက်တွန်းခဲ့ပါတယ်။ အိန္ဒိယကို အမည်ပျက်စာရင်းမှာထည့်ဖို့ USCIRF ရဲ့ တိုက်တွန်းမှုဟာ ၃ နှစ်ဆက် ရှိပါပြီ။ 

    ဟိန္ဒူသီးသန့်နိုင်ငံဖြစ်ရေး မူ၀ါဒကို နိုင်ငံတော်အဆင့်ရော ပြည်နယ်အဆင့်တွေမှာပါ မူ၀ါဒသစ်တွေ၊ မူ၀ါဒဟောင်းတွေနဲ့ ဆောင်ရွက်နေပြီး နောက်ဆက်တွဲအနေနဲ့ ဘာသာရေးလူနည်းစုတွေ အပေါ် ရန်လိုတိုက်ခိုက်မှု မြင့်တက်လာတာကိုလည်း အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ 

    ပြီးခဲ့တဲ့နှစ် USCIRF ရဲ့ ထုတ်ပြန်ချက်ကို အိန္ဒိယက ကန့်ကွက်ခဲ့ပါတယ်။ တရုတ်ရန်ရှိနေတဲ့ အိန္ဒိယဟာ အမေရိကန်နဲ့ ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားနေပြီး နှစ်နိုင်ငံ ခေါင်းဆောင် ၂ ဦးဟာ လာမယ့်လ တိုကျိုမှာ တွေ့ဆုံဖို့ ရှိနေပါတယ်။ 

    ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အမည်ပျက်စာရင်းထဲ ထည့်ဖို့ USCIRF က တိုက်တွန်းတဲ့ နိုင်ငံတွေထဲမှာ တရုတ်၊ အီရစ်ထရီယာ၊ အီရန်၊ မြန်မာ၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တာဂျစ်ကစ္စတန်နဲ့ တာ့ကမန်နစ္စတန်တို့ ပါ၀င်ပါတယ်။ 

    Ref: Aljazeera 

  • အိန္ဒိယတွင် ပေ ၆၀ ရှည်သည့် တံတားတစ်စင်း ဖြုတ်ခိုးခံရ

    အိန္ဒိယတွင် ပေ ၆၀ ရှည်သည့် တံတားတစ်စင်း ဖြုတ်ခိုးခံရ


    ဧပြီ ၁၂၊ ၂၀၂၂

    M-Media 


    -အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာရ်ပြည်နယ်မှာ ပေ ၆၀ ရှည်တဲ့ သံတံတားတစ်ခု ပြီးခဲ့တဲ့တစ်ပတ်က ဖြုတ်ခိုးခံလိုက်ရပါတယ်။ 

    ဆာဆာရမ်မြို့နားက ချောင်းတစ်ခုကို ဖြတ်ဆောက်ထားတဲ့ တံတားဟောင်း  ဖြုတ်ခိုးခံရမှုကို အစိုးရ ဆည်မြောင်းဌာနမှာ အချိန်ပိုင်း အလုပ်လုပ်တဲ့ အာရ်ဗင် ကူးမားဆိုသူက ဦးဆောင်တာပါ။ 

    ကူးမားတို့အဖွဲ့ဟာ သံဖြတ်စက်တွေ၊ မြေတူးစက်တွေနဲ့ ၃ ရက်တိုင်တိုင် မနက် ၇ နာရီကနေ ညနေအထိ ထင်ထင်ပေါ်ပေါ်ပဲ တံတားကို တစ်စစီ ဖြုတ်ယူသွားတာ ဖြစ်ပါတယ်။ 

    ပေ ၆၀ ရှည်ပြီး ၁၂ ပေမြင့်တဲ့ အဲဒီသံတံတားကို ၁၉၇၆ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး၊ အနားမှာ ကွန်ကရစ်တံတားသစ် ဆောက်ပြီးတဲ့ ၂၀၀၀ ပြည့်နှစ်တွေကတည်းက အသုံးပြုမှု ရပ်ဆိုင်းခဲ့ပါတယ်။ 

    တံတားဟောင်းဟာ ပြည်သူတွေအတွက် အန္တရာယ်ရှိတာကြောင့် ဖယ်ရှားပေးဖို့ ဒေသခံတွေက အစိုးရကို စာပို့ မေတ္တာရပ်ခံထားပြီး ကူးမားတို့အဖွဲ့ ခိုးယူတာကို အစိုးရက ဖယ်ရှားပေးတာလို့သာ ဒေသခံတွေက ထင်မြင်နေကြတာ ဖြစ်ပါတယ်။ 

    “ခိုးသွားတယ်လို့ ဘယ်သူမှ မထင်ကြဘူး။ မနက်ဆို ကျွန်တော် နေ့တိုင်း လမ်းလျှောက်တယ်။ ပြီးခဲ့တဲ့တစ်ပတ်တုန်းက သူတို့အဖွဲ့ တံတားဖြုတ်နေတာကို တွေ့တယ်။ ရွာကလူတွေအားလုံးလည်း သူတို့ကို တွေ့ပါတယ်” လို့ တံတားနဲ့ မီတာ ၂၀၀ အကွာမှာနေတဲ့ ဒေသခံသတင်းထောက် ဂျီတန်ဒရာဆင်းက ပြောပါတယ်။ 

    တံတားဖယ်ရှားရေး အစိုးရက တင်ဒါခေါ် ဆောင်ရွက်ရတာဖြစ်ပြီး၊ ဒီလုပ်ငန်းစဥ်အတိုင်း မလုပ်တာကို ဒေသခံတွေက မေးမြန်းရာကနေတစ်ဆင့် တံတားခိုးမှု ပေါ်ပေါက်ခဲ့တာပါ။ 

    တံတားကို ဖြုတ်ယူပြီး သံတိုသံစ၀ယ်တဲ့ဆိုင်မှာ သွားရောင်းခဲ့တဲ့ ကူးမားနဲ့ အပေါင်းအပါ ၈ ဦးကို ဘီဟာရ် ရဲတပ်ဖွဲ့က ဖမ်းဆီးထားပါတယ်။ 

    အိန္ဒိယနိုင်ငံတစ်၀ှမ်းမှာ သံထည်ပစ္စည်းခိုးယူခံရမှုတွေဟာ ပုံမှန်လို ဖြစ်ပွားနေပြီး သံပိုက်တွေ၊ မြောင်းအဖုံး၊ ရထားအိမ်သာက သံခွက်တွေပါ အခိုးခံရလေ့ရှိပါတယ်။ 

    Ref: BBC 

  • သီရိလင်္ကာတွင် အိန္ဒိယက ဓာတ်အားပေးစက်ရုံ ဆောက်ခွင့်ရ

    သီရိလင်္ကာတွင် အိန္ဒိယက ဓာတ်အားပေးစက်ရုံ ဆောက်ခွင့်ရ

    မတ် ၂၉၊ ၂၀၂၂

    M-Media 

    -သီရိလင်္ကာမြောက်ပိုင်းက ကျွန်းတွေမှာ ဖက်စပ် ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ရေး သဘောတူညီချက်တစ်ခုကို အိန္ဒိယက လက်မှတ်ရေးထိုးလိုက်ပြီး ဒါဟာ တရုတ်အပေါ် မဟာဗျူဟာမြောက် အောင်ပွဲတစ်ခု ရလိုက်တာလည်း ဖြစ်ပါတယ်။ 

    အိန္ဒိယနိုင်ငံခြားရေး၀န်ကြီး သီရိလင်္ကာကို ရောက်ရှိနေတဲ့အချိန် ဒီသဘောတူညီချက် ရခဲ့တာ ဖြစ်ပါတယ်။ ရေကြောင်း ကယ်ဆယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့၊ သီရိလင်္ကာမှာ ငါးလုပ်ငန်းဆိပ်ကမ်းတွေ တည်ဆောက်ဖို့လည်း နှစ်နိုင်ငံ သဘောတူညီခဲ့ကြပါတယ်။ 

    သီရိလင်္ကာက ကျွန်းတွေမှာ ဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ဖို့ သဘောတူညီချက် ရခဲ့တယ်လို့ တရုတ်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် ဒီအစီအစဥ်ကို နောက်ပိုင်းမှာ ရပ်ဆိုင်းခဲ့ပါတယ်။ 

    အိန္ဒိယက အခုရရှိခဲ့တဲ့ သဘောတူညီချက်ဟာ တရုတ်နဲ့ပျက်သွားတဲ့ စီမံကိန်းမှာ အစားထိုးမှာလား၊ သီးခြားစီမံကိန်းလားဆိုတာ အတိအကျ မသိရပါဘူး။ 

    ဘဏ္ဍာရေးအကြပ်အတည်းကို အကြီးအကျယ်ရင်ဆိုင်နေရတဲ့ သီရိလင်္ကာဟာ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ သြဇာလွှမ်းမိုးမှု ယှဥ်ပြိုင်ရာ ဒေသဖြစ်ပါတယ်။ 

    တရုတ်ရဲ့ Belt and Road (BRI) စီမံကိန်းနောက်ဆက်တွဲ အကြွေးနွံ နစ်လာတာကြောင့် သီရိလင်္ကာဟာ ဆိပ်ကမ်းတစ်ခုကို တရုတ်ဆီ ထိုးအပ်ခဲ့ရပါတယ်။ 

    Ref: South China Morning Post