News @ M-Media
Tag: India
  • အတုယူရမည့် အိန္ဒိယက တစ်နိုင်တစ်ပိုင် ပရဟိတသမား
    အတုယူရမည့် အိန္ဒိယက တစ်နိုင်တစ်ပိုင် ပရဟိတသမား
    သြဂုတ် ၁၊ ၂၀၁၇
    M-Media
    – အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်က ကရီမွလ်ဟက်ဆိုသူဟာ ‘လူနာတင်ဘိုးဘိုး’ လို့ အမည်တွင်နေပါတယ်။
    ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ သူ့ရဲ့ရွာနဲ့ ပတ်ဝန်းကျင်ဒေသတွေက ဆေးရုံတက်ဖို့လိုတဲ့သူတွေကို သူ့ဆိုင်ကယ်နဲ့ မြို့ကဆေးရုံကို အချိန်မီလိုက်ပို့ပေးရင်း ဒီနာမည် တွင်သွားတာဖြစ်ပါတယ်။
    သူ့ရဲ့ ဒီအခမဲ့ လူနာပို့ဆောင်ပေးတဲ့လုပ်ငန်းဟာ ၁၅ နှစ်ကျော် ရှိလာပြီဖြစ်ပြီး လူပေါင်း ၄၀၀၀ ကျော်ရဲ့ အသက်ကို ကယ်တင်ပေးခဲ့ပြီးပါပြီ။ အခုအချိန်မှာတော့ ဇနီးနဲ့ သားတွေကပါ သူ့ရဲ့ ဒီ ပရဟိတလုပ်ငန်းမှာ ပါဝင်နေကြပါတယ်။
    ဒီလို လူသားအကျိုးပြုလုပ်ငန်းအတွက် ဘယ်အရာက ကရီမွလ်ဟက်ကို တွန်းအားပေးခဲ့သလဲ၊ ဘယ်လိုအခက်အခဲတွေကြုံတွေ့ရသလဲ၊ ဘယ်သူ့အထောက်အပံ့နဲ့ ရပ်တည်နေတာလဲ၊ သူ့ရဲ့ အနာဂတ်ရည်မှန်းချက်က ဘာလဲ စတာတွေကို ဒီဗီဒီယိုမှာ ရှုစားရမှာ ဖြစ်ပါတယ်။
    ကျန်းမာရေးစောင့်ရှောက်မှု အားနည်းတဲ့ မြန်မာနိုင်ငံရဲ့ ဝေလံခေါင်ဖျားဒေသ၊ ကျေးလက်ဒေသတွေမှာ ဒီလိုလုပ်ငန်းမျိုးကို အတုယူလုပ်ဆောင်လာနိုင်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ M-Media က စာတမ်းထိုးတင်ဆက်ပေးတာ ဖြစ်ပါတယ်။
  • အိန္ဒိယရေကြီးမှု သေဆုံးသူ ရာချီရှိနေ
    အိန္ဒိယရေကြီးမှု သေဆုံးသူ ရာချီရှိနေ
    သြဂုတ် ၁၊ ၂၀၁၇
    M-Media
    – အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် ရေကြီးမှုများကြောင့် သေဆုံးသူမှာ ၂၁၈ ဦး ရှိသွားပြီဟု အိန္ဒိယအစိုးရ အာဏာပိုင်များက အတည်ပြုပြောကြားခဲ့သည်။
    မိုးရာသီရောက်ရှိနေသည့် အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့်ရက်များအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အိန္ဒိယရှိ ပြည်နယ် ၂၀ တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။
    ဂူဂျာရတ်ရေကြီးမှုတွင် သေဆုံးသူများမှာ တနင်္ဂနွေနေ့က ၁၀၀ ခန့်သာ ရှိသော်လည်း ၂ ရက်အတွင်း အလောင်း ၁၀၀ ကျော်ကို တွေ့ရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ အရေအတွက် မြင့်တက်လာခြင်းဖြစ်သည်။ ဂူဂျာရတ်တွင် ပြည်သူပေါင်း ၄၅၀၀၀၀ ခန့်မှာ ရေကြီးရေလျှံမှုဒဏ်ကို ခံနေရသည်။
    နိုင်ငံအရှေ့မြောက်ပိုင်း အာသံပြည်နယ်တွင်လည်း ရေကြီးမှုကြောင့် လူ ရာနှင့်ချီ သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။
    လက်ရှိတွင် အစိုးရမှာ ကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီး ၀န်ကြီးချုပ်မိုဒီကလည်း ယနေ့တွင် အာသံသို့ သွားရောက်ရန် ရှိနေသည်။
    Ref: BBC
  • အိန္ဒိယက ထူးခြားသည့် မြွေပွဲတော်
    အိန္ဒိယက ထူးခြားသည့် မြွေပွဲတော်
    ဇူလိုင် ၃၀၊ ၂၀၁၇
    M-Media
    – အိန္ဒိယနိုင်ငံက ဟိန္ဒူဘာသာဝင်တွေဟာ နှစ်စဉ် ဇူလိုင်နဲ့ သြဂုတ်လတွေမှာ နဂ်ပန်ချာမီလို့ခေါ်တဲ့ မြွေပွဲတော်ကို ကျင်းပကြပါတယ်။
    ဘာသာရေးနဲ့ ဖျော်ဖြေရေးရောစပ်ထားတဲ့ ဒီပွဲတော်ဟာ နိုင်ငံတစ်ဝှမ်းက မြွေလမ္ပာယ်ဆရာတွေ၊ မြွေကို လေးစားကြည်ညိုသူတွေ၊ မြွေချစ်သူတွေ လက်လွတ်မခံကြတဲ့ ပွဲတော်တစ်ခုပါ။
    မြွေဆရာတွေရဲ့ ပညာစွမ်းအမျိုးမျိုးကို တွေ့မြင်ရမှာဖြစ်သလို၊ ကလေးပါမကျန် ကြည်ညိုသူတွေက မြွေတွေကို ထိတွေ့ကိုင်တွယ်ကာ ကောင်းချီးခံယူမှုကိုလည်း တွေ့မြင်နိုင်ပါတယ်။
    ဒီဗီဒီယိုကတော့ မကြာခင်ကမှ ကျင်းပပြီးစီးခဲ့တဲ့ မြွေပွဲတော် ပုံရိပ်တစ်ချို့ ဖြစ်ပါတယ်။
  • အိန္ဒိယ၏ မွတ်စလင်သမ္မတဟောင်း အဘ်ဒူလ်ကလမ်၏ အောက်မေ့ဖွယ်ဗိမာန်ကို ၀န်ကြီးချုပ်မိုဒီ ဖွင့်လှစ်
    အိန္ဒိယ၏ မွတ်စလင်သမ္မတဟောင်း အဘ်ဒူလ်ကလမ်၏ အောက်မေ့ဖွယ်ဗိမာန်ကို ၀န်ကြီးချုပ်မိုဒီ ဖွင့်လှစ်
    ဇူလိုင် ၂၇၊ ၂၀၁၇
    M-Media
    အဘ်ဒူလ်ကလမ် အောက်မေ့ဖွယ်ဗိမာန်၏ ၀င်ပေါက်
    – အိန္ဒိယနိုင်ငံ၏ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မွတ်စလင်သိပ္ပံပညာရှင်ကြီး ဒေါက်တာ အဘ်ဒူလ် ကလမ်၏ အောက်မေ့ဖွယ်ဗိမာန်ကို ၎င်း၏ဇာတိရွာဖြစ်သော တမီလ်နာဒူးပြည်နယ် ရာမီဆွာရမ်၌ ယနေ့တွင် ဖွင့်လှစ်ခဲ့ပြီး ၀န်ကြီးချုပ် နရန်ဒရာမိုဒီ တက်ရောက်ခဲ့သည်ဟု သိရသည်။
    အိန္ဒိယ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (DRDO) မှ တည်ဆောက်ပေးသည့် အဆိုပါဗိမာန်တွင် မိုဒီမှာ အိန္ဒိယနိုင်ငံတော်အလံကို လွှင့်တင်ပေးခဲ့ပြီး၊ အဘ်ဒူလ်ကလမ်၏ ကိုယ်တစ်ပိုင်း ရုပ်တုကိုလည်း ဖွင့်လှစ်ပေးခဲ့သည်။
    အခမ်းအနားကို ပြည်ထောင်စုအစိုးရ တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရ တာဝန်ရှိသူများ၊ အာဏာရ BJP ပါတီမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
    “ကျွန်တော်တို့အတွက် ပျော်ရွှင်စရာကောင်းတဲ့ အခိုက်အတန့်ပါ။ ဒီစီမံကိန်းစတင်ဖို့ ကြန့်ကြာခဲ့ပေမယ့် DRDO ဟာ ၉ လအတွင်း ပြီးအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ မကြာခင် ဒီနေရာဟာ ကလေးတွေ နှစ်သက်မယ့်အနေရာတစ်ခု ဖြစ်လာပါလိမ့်မယ်” ဟု အဘ်ဒူလ်ကလမ်၏ တူဝမ်းကွဲဖြစ်သူ ရှိခ်စလင်းက ပြောကြားခဲ့သည်။
    ရူပီး ကုဋေ ၂၀ ကုန်ကျခဲ့သည့် အဆိုပါ ဗိမာန်ကို မဂိုနှင့် အိန္ဒိယ ဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားပြီး ၀င်ပေါက်မှာ ဒေလီရှိ နာမည်ကျော် India Gate နှင့် ဆင်တူသည်။ အမိုးခုံးမှာ အိန္ဒိယသမ္မတ စံအိမ်တော်မှ အမိုးခုံးနှင့် တူအောင် ဖန်တီးထားပြီး ၀င်ပေါက်တံခါးကြီးကို တန်ဂျာဗူရ်ရှိ Brihadiswara ဘုရားကျောင်း၏ တံခါးပေါက်အတိုင်း ဆောက်လုပ်ထားသည်။
    ဒေါက်တာ အဘ်ဒူလ်ကလမ်၏ ကိုယ်တစ်ပိုင်းရုပ်ထု
    ဗိမာန်အတွင်းပိုင်းတွင် Pokhran နျူကလီးယား စမ်းသပ်မှုအပါအ၀င် ဒေါက်တာ အဘ်ဒူလ် ကလမ်၏ နိုင်ငံအတွက် ကြိုးပမ်းမှုများ၊ ၎င်း၏ ဘ၀ဇာတ်ကြောင်းများကို ပြသထားကာ အိန္ဒိယနိုင်ငံ၏ အာကာသသိပ္ပံ အဆင့်အတန်းကို တိုးတက်အောင် ဆောင်ရွက်ပေးခဲ့မှုကို ဖော်ကျူးသည့်အနေဖြင့် ဒုံးပျံပုံတူတစ်ခုကိုလည်း အဆိုပါ ဗိမာန်တွင် ပြသထားသည်။
    “ဒီဗိမာန်က ကျွန်တော်တို့အတွက် တော်တော်ထူးခြားပါတယ်။ ကျောက်ဝါတုန်းတွေဟာ ပါကစ္စတန် နယ်စပ်ကလာပြီး သဲ၊ ရေနဲ့ အခြားပစ္စည်းတွေကလည်း နိုင်ငံတစ်ဝှမ်းက ရယူထားတာပါ။ ဒါဟာ အမျိုးသားပေါင်းစည်းမှု အမှတ်သညာလည်း ဖြစ်ပါတယ်” ဟု အောက်မေ့ဖွယ်ဗိမာန်ကို တာဝန်ယူခဲ့သည့် ဆောက်လုပ်ရေးလုပ်ငန်းမှ ပီကေ ဂွပ္ပတာက ပြောကြားခဲ့သည်။
    ‘ဒုံးပျံလူသား’ ဟု အိန္ဒိယတွင် လူသိများသည့် ဒေါက်တာ အဘ်ဒူလ်ကလမ်မှာ ၂၀၀၂ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ နိုင်ငံ၏ ၁၁ ယောက်မြောက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ အသက် ၈၃ နှစ်အရွယ်တွင် တက္ကသိုလ်တစ်ခု၌ စာသင်ကြားနေစဉ် နှလုံးရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။
    ဗိမာန်အတွင်းမှ ဒုံးပျံပုံတူ
    Ref: NDTV
  • အငြင်းပွားပိုင်နက်မှ တပ်များရုပ်သိမ်းရန် အိန္ဒိကို တရုတ် ထပ်မံသတိပေး
    အငြင်းပွားပိုင်နက်မှ တပ်များရုပ်သိမ်းရန် အိန္ဒိကို တရုတ် ထပ်မံသတိပေး
    ဇူလိုင် ၁၈၊ ၂၀၁၇
    M-Media
    – နှစ်နိုင်ငံတင်းမာမှုများကို ရှောင်ရှားလိုပါက ဟိမ၀န္တာတောင်တန်းရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသော ဒေသတွင် ချထားသည့် တပ်ဖွဲ့များကို ပြန်ရုပ်သိမ်းရန် တရုတ် အိန္ဒိယကို ထပ်မံ တိုက်တွန်းလိုက်သည်။
    တရုတ်၊ အိန္ဒိယနှင့် ဘူတန်တို့ ၃ နိုင်ငံဆုံရာ ဒွတ်ကလန် ကုန်းပြင်မြင့်နှင့် ပတ်သက်၍ ဘူတန်နှင့် တရုတ်တို့မှာ ပိုင်ဆိုင်မှု အငြင်းပွားနေပြီး အိန္ဒိယကမူ ဘူတန်ပိုင်နက်ဖြစ်သည်ဟု ပြောကြားထားသည်။
    အဆိုပါကုန်းပြင်မြင့်တွင် တရုတ်အဖွဲ့များက ဇွန်လ ၁၆ ရက်နေ့တွင် လမ်းတစ်ခု စတင်ဖောက်လုပ်သည့်အချိန် ဘူတန်က အိန္ဒိယကို အကူအညီတောင်းရာမှ ထိုနယ်စပ်သို့ အိန္ဒိယတပ်များ ရောက်လာပြီးနောက် တရုတ်နှင့် အိန္ဒိယတို့အကြား တင်းမာမှုများ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
    ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ လူကန်က နယ်စပ်တွင် ရောက်နေသည့် ၎င်းတို့၏တပ်များကို ရုပ်သိမ်းရန် အိန္ဒိယကို တိုက်တွန်းခဲ့သည်။
    “အိန္ဒိယအနေနဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပြီး၊ တရားမ၀င် နယ်ကျော်လာတဲ့ အိန္ဒိယတပ်တွေ အိန္ဒိယဖက် ချက်ခြင်းပြန်ဆုတ်ပေးဖို့ ကျွန်တော်တို့ အကြိမ်ကြိမ် ပြောခဲ့ပြီးပါပြီ” ဟု လူကန်က ပြောကြားခဲ့ကာ ပိုင်နက်အငြင်းပွားမှုအတွက် ဆွေးနွေးမှုမလုပ်ခင် အိန္ဒိယတပ်ဖွဲ့များအနေဖြင့် လုံးဝ ဆုတ်ပေးရမည်ဟုလည်း ဆိုသည်။
    အိန္ဒိယကမူ တရုတ်က ဖောက်လုပ်နေသည့် အဆိုပါလမ်းမှာ နိုင်ငံမြောက်ပိုင်း ပြည်နယ် ၇ ခုနှင့် ချိတ်ဆက်နေသည့် ဒေသသို့ ၀င်ရောက်ခွင့်ရမည် ဖြစ်သောကြောင့် လုံခြုံရေးကို ဆိုးဆိုးဝါးဝါး စိုးရိမ်စရာဖြစ်သည်ဟု သတိပေးခဲ့သည်။
    တရုတ်မှာ ဒွတ်ကလန် ကုန်းပြင်မြင့်နှင့် ကပ်နေသည့် တိဘက်တွင် တနင်္လာနေ့က ၁၁ နာရီကြာ ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး၊ အိန္ဒိယ၏လုပ်ရပ်ကို တုန့်ပြန်သောအနေဖြင့် ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ တိဘက်ရှိ ကိုင်လက်ရှိတောင်ကို ရောက်ရှိနိုင်သော တောင်ကြားလမ်းကို ပိတ်ပစ်ခဲ့သည်။
    Ref: RT