News @ M-Media

Tag: India

  • သုံးသွလားက်ကို အစ္စလာမ်ဘာသာဝင်အများစုရှိသည့် နိုင်ငံများအပါအ၀င် ၁၉ နိုင်ငံက ပိတ်ပင်ထား

    သုံးသွလားက်ကို အစ္စလာမ်ဘာသာဝင်အများစုရှိသည့် နိုင်ငံများအပါအ၀င် ၁၉ နိုင်ငံက ပိတ်ပင်ထား

    သြဂုတ် ၂၃၊ ၂၀၁၇
    M-Media

    – မွတ်စလင်အမျိုးသမီးတွေကို ထိခိုက်နစ်နာစေတဲ့ ‘သုံးသွလားက်’ ကွာရှင်းပြတ်စဲမှု ဓလေ့ထုံးတမ်းကို အိန္ဒိယ ဗဟိုတရားရုံးချုပ်က တနင်္လာနေ့မှာ တားမြစ်လိုက်ပြီး ဒီကိစ္စနဲ့ပတ်သက်တဲ့ ဥပဒေ ထွက်မလာခင်အထိ ဒီအမိန့်ဟာ အတည်ဖြစ်မှာ ဖြစ်ပါတယ်။

    ‘သုံးသွလားက်’ ဓလေ့ဟာ မွတ်စလင်အမျိုးသားတွေအနေနဲ့ သူတို့ရဲ့ ဇနီးကို တစ်ထိုင်တည်း ‘ကွာရှင်းတယ်’ လို့ ၃ ကြိမ်ပြောလိုက်ရုံနဲ့ ကွာရှင်းမှုအထမြောက်သွားပြီး၊ အိမ်ထောင်ရေး ပြန်လည်တည်ဆောက်လို့ မရတဲ့ အနေအထားမျိုး ရောက်သွားတာ ဖြစ်ပါတယ်။

    ဒီဓလေ့ကို အစ္စလာမ့်ထုံးတမ်းဥပဒေအောက်မှာ ကျင့်သုံးနေကြပြီး ဒါကို အခြေခံကာ အမျိုးသားတွေဖက်က တာဝန်မဲ့ ကွာရှင်းမှုတွေ မြင့်တက်လာတာကြောင့် အိန္ဒိယက မွတ်စလင်အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက ပိတ်ပင်ဖို့ ပြီးခဲ့တဲ့ ၂ နှစ်လောက်ကတည်းက တောင်းဆိုခဲ့ကြကာ အခုတစ်ပတ်အတွင်းမှာ သူတို့ရဲ့လှုပ်ရှားမှု အောင်မြင်သွားခဲ့ပါတယ်။

    အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အစ္စလာမ့်ဓမ္မပညာရှင်တွေက ဒီဓလေ့ဟာ အစ္စလာမ့်သွန်သင်ချက်၊ စည်းမျဉ်းစည်းကမ်းတွေကို အခြေခံတာမဟုတ်ဘူးလို့ ပြောကြားထားကြပါတယ်။ အိန္ဒိယက ထိပ်တန်း အစ္စလာမ့်ဓမ္မတက္ကသိုလ်ဖြစ်တဲ့ ‘ဒါရူအိုလွမ် ဒီယိုဘန်’ ကလည်း ဒီဓလေ့ကို ပိတ်ပင်ဖို့ မတ်လအတွင်းမှာ တိုက်တွန်းခဲ့ဖူးပါတယ်။

    သုံးသွလားက်ပိတ်ပင်မှု အိန္ဒိယတစ်နိုင်ငံတည်းမဟုတ်

    ဒီဓလေ့ထုံးတမ်းကို အခုလို ပိတ်ပင်လိုက်တာဟာ အိန္ဒိယတစ်နိုင်ငံတည်း မဟုတ်ပါဘူး။

    ယူအေအီး၊ ပါကစ္စန်၊ ဘင်္ဂလားဒေ့ရှ်တို့ အပါအ၀င် အစ္စလာမ်ဘာသာဝင်အများစုရှိတဲ့ နိုင်ငံပေါင်း ၁၉ နိုင်ငံလောက်ကလည်း ဒီဓလေ့ကို တားမြစ်ထားပါတယ်။

    အဲဒီအထဲမှာ အီဂျစ်နိုင်ငံဟာ ၁၉၂၉ ခုနှစ်မှာ ပထမဆုံး တားမြစ်ခဲ့တာပါ။ တစ်ခြားနိုင်ငံတွေထဲမှာ အလ်ဂျီးရီးယား၊ အီရတ်၊ ဂျော်ဒန်၊ ကူဝိတ်၊ လက်ဘနွန်၊ လစ်ဗျား၊ မော်ရိုကို၊ ဆူဒန်၊ ဆီးရီးယား၊ တူနီးရှား၊ ယူအေအီး၊ ယီမင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာတို့ ပါဝင်ပါတယ်။

    သုံးသွလားက် ဓလေ့ကို တရားဝင်တားမြစ်ပိတ်ပင်ထားတဲ့ နိုင်ငံတွေရဲ့ ဥပဒေဆိုင်ရာ အမိန့်ညွှန်ကြားချက်တွေကို ဖော်ပြလိုက်ပါတယ်။

    ယူအေအီး (အစ္စလာမ်ကို နိုင်ငံတော်ဘာသာအဖြစ် ကြေငြာထား)

    ၂၀၀၅ ခုနှစ် ပြည်ထောင်စု ဥပဒေ အမှတ် ၂၈ ၏ လူတစ်ဦးချင်း ပုဂ္ဂလဆိုင်ရာ ဥပဒေအပိုဒ် ၁၀၄(က) – ဇနီးမောင်နှံ တရားဝင်လက်ထပ်ထားမှုကို ဇနီး၏ ဆန္ဒမပါဘဲ ခင်ပွန်းသည်မှ တစ်ဖက်သက် ကွာရှင်းမှုကြောင့် အိမ်ထောင်ရေး ပျက်ပြားခဲ့လျှင် သတ်မှတ်စောင့်ဆိုင်းကာလ ပြီးမြောက်ပြီး နောက်ပိုင်းတွင်လည်း ခင်ပွန်းသည်က ဇနီးဖြစ်သူအပေါ် နစ်နာကြေးပေးရမည်။

    နစ်နာကြေးကို ခင်ပွန်းသည်၏ ပေးအပ်နိုင်မည့် နည်းလမ်းများ၊ အမျိုးသမီး၏ နစ်နာမှုတို့နှင့် လျော်ညီအောင် သတ်မှတ်ပေးရမည်ဖြစ်ပြီး ဇနီးဟောင်းအား ထောက်ပံ့ပေးရမည်ဟု ဥပဒေက သတ်မှတ်ထားသည် ပမာဏ၏ တစ်နှစ်စာထက် ကျော်လွန်ခြင်း မရှိစေရ။

    (ခ) နစ်နာကြေးကို တစ်လုံးတစ်ခဲတည်းပေးချေရမည်၊ သို့တည်းမဟုတ် အရစ်ကျပေးရမည်ဟူသည့် ဆုံးဖြတ်ချက်ကို ခင်ပွန်းသည်၏ ပေးချေနိုင်စွမ်းကို မူတည်၍ တရားသူကြီးက ဆုံးဖြတ်နိုင်သည်။

    အလ်ဂျီးရီးယား (အစ္စလာမ်ကို နိုင်ငံတော်ဘာသာအဖြစ် ကြေငြာထား)

    ၁၉၈၄ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ပြင်ဆင်ခဲ့သည့် ဥပဒေ ပုဒ်မ ၈၄-၁၁

    “၃ လထက်မပိုသည့် ပြန်လည်ပေါင်းထုပ်ရေး ကြိုးပမ်းမည့် အစီအစဉ်ကို တရားရုံးမှ တရားသူကြီးတစ်ဦးက တင်ကြို သတ်မှတ်ထားခြင်း မရှိသမျှ ကွာရှင်းမှု အထမြောက်ခြင်း မရှိစေရ”

    အီဂျစ် (ဘာသာရေးမစွက်သည့်နိုင်ငံအဖြစ် ကြေငြာထား)

    ၁၉၈၅ ခုနှစ်က ပြဌာန်းထားပြီး ၁၉၂၉ ခုနှစ်တွင် ပြင်ဆင်ခဲ့သည့် ဥပဒေပုဒ်မ ၂၅

    “အပိုဒ် ၁- မူးယစ်ခြင်း သို့မဟုတ် ဖိအားပေးခံရခြင်းတို့ကြောင့် ပြုလုပ်သော သွလားက်များ အကျုံးဝင်ခြင်း မရှိစေရ”

    “အပိုဒ် ၂ – တစ်စုံတစ်ခုပြုလုပ်ရန် မက်လုံးပေးသည့်ရည်ရွယ်ချက် သို့တည်းမဟုတ် တစ်စုံတစ်ခုမှ ရှောင်ကျဉ်ရန် ခြိမ်းခြောက်သည့်ရည်ရွယ်ချက်ဖြင့် ပြုလုပ်သော သွလားက်သည် ချက်ခြင်းမဟုတ်ဘဲ အချိန်ကာလတစ်ခုအတွက် ရည်ရွယ်သော်လည်း ထိုသွလားက်မှာ အကျုံးဝင်ခြင်း မရှိစေရ”

    “အပိုဒ် ၃ – ပြန်လည်ရုပ်သိမ်းနိုင်သည့် တစ်ကြိမ်တည်းသော သွလားက်မဟုတ်ပါက နံပါတ်ဖြင့် ပြောဆိုသော သို့တည်းမဟုတ် ရှင်းလင်းစွာပြောကြားသော သို့တည်းမဟုတ် ထိုကဲ့သို့ အဓိပ္ပါယ်သက်ရောက်စေသော သွာလားက်များ အကျုံးဝင်ခြင်း မရှိစေရ”

    “အပိုဒ် ၄ – ကွာရှင်းမှုနှင့် နှီးနွယ်သည်ဖြစ်စေ၊ နှီးနွယ်မှုမရှိသည်ဖြစ်စေ သင်္ကေတဖြင့်ပြုသော သွလားက်မျိုးမှာ ခင်ပွန်းသည်က ထိုကဲ့သို့ဖြစ်စေရန် ရည်ရွယ်ခြင်းမရှိသမျှ အကျုံးဝင်ခြင်း မရှိစေရ”

    ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ် (အစ္စလာမ်ကို နိုင်ငံတော်ဘာသာအဖြစ် ကြေငြာထား)

    ၁၉၆၁ ခုနှစ်က ပြဌားန်ခဲ့သည့် နည်းဥပဒေ (၈) ကို ၁၉၈၅ ခုနှစ်တွင် ပြင်ဆင်ခဲ့သည့် နည်းဥပဒေ ၁၁၄

    “ပုဒ်မ ၇ (က) – မည်သည့်အမျိုးသားမဆို ၎င်း၏ ဇနီးဖြစ်သူကို ကွာရှင်းလိုပါက – နှုတ်ဖြင့်သော်လည်း၊ အခြားပုံစံဖြင့်သော်လည်းကောင်း ပြောကြားပြီးချင်း – ထိုကွာရှင်းမှုပြုလုပ်ခဲ့ကြောင်း အသိပေးစာကို ဥက္ကဌသို့ ပေးအပ်ရမည်။ မိတ္တူကို ဇနီးသို့ ပေးအပ်ရမည်”

    “ပုဒ်မ ၇ (ခ) – မည်သူမဆို ပုဒ်မခွဲ (က) ကို ကျူးလွန်ဖောက်ဖျက်ပါက – တစ်နှစ်အထိ တိုးမြှင့်နိုင်သည့် ထောင်ဒဏ် သို့မဟုတ် ရူပီး ၅ ထောင်အထိ တိုးမြှင့်နိုင်သည့် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်စလုံး ကျခံရမည် (ဘင်္ဂလားဒေ့ရှ်တွင် တာကာ ၁၀၀၀၀) ”

    “ပုဒ်မ ၇ (ဂ) – ကနဦးတွင် ရုပ်သိမ်းခြင်းမရှိသည့် တွလားက်မျိုးမှာ ဥက္ကဌထံသို့ အပိုဒ်ခွဲ (က) အရ ပေးပို့သည့် အသိပေးစာ ရောက်ရှိသောနေ့မှ ရက်ပေါင်း ၉၀ ကြာမြင့်သော အသိပေးစာ သက်တမ်း မကုန်မချင်း တွလားက် အထမြောက်ခြင်း မရှိစေရ။ အပိုဒ်ခွဲ (င) တွင် ဖော်ပြထားသည့် အခြေအနေမျိုးမှာ ဤပုဒ်မမှ ကင်းလွတ်သည်”

    “ပုဒ်မ ၇ (ဃ) – အပိုဒ်ခွဲ (က) အရ အကြောင်းကြားစာ ရရှိပြီး ရက် ၃၀ အတွင်း ဥက္ကဌမှာ ဇနီးမောင်နှံအကြား ပြန်လည်သင့်မြတ်ရေးအတွက် ခုံသမာဓိကောင်စီတစ်ခုကို ဖွဲ့စည်းရမည်ဖြစ်ပြီး၊ ပြန်လည်ပေါင်းထုပ်ရေးအတွက် လိုအပ်သည့် ကိစ္စရပ်အားလုံးကို အဆိုပါကောင်စီက ဆောင်ရွက်ပေးရမည်”

    “ပုဒ်မ ၇ (င) – တွလားက်ပေးချိန်တွင် ဇနီးသည် ကိုယ်ဝန်ရှိနေပါက အပိုဒ်ခွဲ (ဂ) တွင် ဖော်ပြထားသည့်အခြေအနေမျိုး မရောက်မချင်း၊ သို့မဟုတ် ကလေးမီးဖွားမပြီးမချင်း အဆိုပါ သွလားက်မှာ အကျုံးဝင်ခြင်း မရှိစေရ”

    “ပုဒ်မ ၇ (စ) – ဤဥပဒေအောက်တွင် ကွာရှင်းပြတ်ဆဲပြီးသော အမျိုးသမီးတစ်ဦးအနေဖြင့် တတိယလူတစ်ဦးနှင့် ထိမ်းမြားခြင်းမရှိဘဲ ခင်ပွန်းဟောင်းနှင့် ပြန်လည် ထိမ်းမြားခွင့်ကို မည်သည့်အရာကမှ တားဆီးပိတ်ပင်ခြင်း မရှိစေရ”

    Ref: Khaleejtimes

  • တောင်အာရှ ၃ နိုင်ငံတွင် လူပေါင်း ၁၆ သန်း ရေဘေးသင့်နေ

    တောင်အာရှ ၃ နိုင်ငံတွင် လူပေါင်း ၁၆ သန်း ရေဘေးသင့်နေ

    သြဂုတ် ၁၈၊ ၂၀၁၇
    M-Media

    – တောင်အာရှနိုင်ငံများဖြစ်ကြသည့် အိန္ဒိယ၊ နီပေါနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသောကြောင့် လူပေါင်း ၁၆ သန်းကျော်မှာ ရေဘေးသင့်ဒဏ်ကို ခံစားနေရကာ ရောဂါဘယဖြစ်ပွားမှု၊ အစာရေစာပြတ်လပ်မှု၊ သေဆုံးမှု အန္တရာယ်များနှင့် ရင်ဆိုင်နေရသည်။

    နီပေါနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ ၃ ပုံ ၁ ပုံမှာ ရေကြီးမှုဒဏ်ကို ခံစားနေရကြောင်း၊ နှစ်ပေါင်းများစွာအတွင်း ဆိုးရွားသည့် လူသားချင်းစာနာထောက်မှုဆိုင်ရာ ပြဿနာဖြစ်လာပြီး ဆိုးဆိုးရွားရွားရေကြီးမှုဒဏ်ကို ခံစားနေရသည့် သန်းပေါင်းများစွာသော ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရေး အလျင်အမြန်ဆောင်ရွက်ရန် လိုအပ်နေကြောင်း နိုင်ငံတကာ ကြက်ခြေနီနှင့် လခြမ်းနီအဖွဲ့မှ အာရှပစိဖိတ်ဆိုင်ရာ လက်ထောက်ဒါရိုက်တာ မာတင်ဖော်လာက ပြောကြားခဲ့သည်။

    ရေကြီးမှုကြောင့် ပြီးခဲ့သည် တစ်ပတ်အတွင်း အိန္ဒိယနိုင်ငံတွင် ၂၃၉ ဦး၊ နီပေါတွင် ၁၂၈ ဦးနှင့် ဘင်္ဂလားဒေ့ရှ်တွင် ၃၉ ဦး စုစုပေါင်း လူပါင်း ၄၀၀ ကျော် သေဆုံးခဲ့သည်။

    ဘင်္ဂလားဒေ့ရှ်တွင် ရေကြီးမှုမှာ စံချိန်တင်ခဲ့ပြီး ယမုံနာမြစ်ကဲ့သို့ အဓိကမြစ်များမှာ သမိုင်းတစ်လျှောက် ဆိုးဆိုးဝါးဝါး ရေကြီးမှုနှင့် ရင်ဆိုင်ခဲ့ရသည့် ၁၉၈၈ ခု အခြေအနေထက်ပင် ပိုမိုဆိုးရွားခဲ့သည်။

    ရေကြီးမှုကြောင့် နီပေါနိုင်ငံတွင် ဒေသအများအပြားမှာ ဆက်သွယ်ရေး ပြတ်တောက်သွားခဲ့ပြီး အစားအသောက်၊ သောက်သုံးရေနှင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းတို့ကိုလည်း ကြုံတွေ့နေရသည်။

    Ref: Aljazeera

  • အိန္ဒိယ-ပါကစ္စတန် ငြိမ်းချမ်းရေးသီချင်း အွန်လိုင်းတွင် ရေပန်းစား

    အိန္ဒိယ-ပါကစ္စတန် ငြိမ်းချမ်းရေးသီချင်း အွန်လိုင်းတွင် ရေပန်းစား

    သြဂုတ် ၁၄၊ ၂၀၁၇
    M-Media

    ‘ငြိမ်းချမ်းရေး နိုင်ငံတော်သီချင်း’

    – ပါကစ္စတန်နိုင်ငံဟာ သြဂုတ်လ ၁၄ ရက်နေ့မှာ သူတို့ရဲ့ နှစ် ၇၀ မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ကျင်းပမှာဖြစ်ပြီး သူတို့ရဲ့ ကျောင်းတော်ကပြိုင်ဘက် အိန္ဒိယဟာ နောက်တစ်ရက်မှာ လွတ်လပ်ရေးနေ့ ကျရောက်မှာ ဖြစ်ပါတယ်။

    ဗြိတိသျှထံကနေ လွတ်လပ်ရေးရပြီးနောက်ပိုင်း သူတို့ နှစ်နိုင်ငံဟာ တင်းမာမှုတွေရှိခဲ့ပြီး အထူးသဖြင့် ပိုင်နက်အငြင်းပွားမှုဖြစ်နေတဲ့ ကက်ရှ်မီးယားဒေသအတွက် ၃ ကြိမ်တိုင်တိုင် စစ်ဖြစ်ခဲ့ပါတယ်။

    ဒီရန်လိုမှုတွေကို ပြေငြိမ်းပြီး နှစ်နိုင်ငံစည်းလုံးနိုင်ရေး သီချင်းတစ်ပုဒ်ဟာ လွတ်လပ်ရေးနေ့အမီ အွန်လိုင်းမှာ ပေါ်ထွက်လာခဲ့ပါတယ်။

    ‘ငြိမ်းချမ်းရေး နိုင်ငံတော်သီချင်း’ လို့ အမည်ပေးထားတဲ့ အဲဒီဗီဒီယိုမှာ အိန္ဒိယနဲ့ ပါကစ္စတန်တို့ရဲ့ နှစ်နိုင်ငံ နိုင်ငံတော်သီချင်းတွေကို ထည့်သွင်းထားတာပါ။

    ငြိမ်းချမ်းရေးလိုလားတဲ့ Facebook အဖွဲ့ Voice of Ram က အဲဒီသီချင်းကို သူတို့ရဲ့ စာမျက်နှာမှာ လွှင့်တင်ခဲ့တာဖြစ်ပြီး နှစ်နိုင်ငံစလုံးက ပြည်သူတွေက သီချင်းစာသား၊ နောက်ကွယ်က ရည်ရွယ်ချက်တွေနဲ့ပတ်သက်ပြီး ချီးကျူးခဲ့ကြပါတယ်။

    အဲဒီဗီဒီယိုကို “ငါတို့ရဲ့ နယ်ခြားတွေကို အနုပညာအတွက် ဖွင့်လိုက်မယ်ဆိုရင် ငြိမ်းချမ်းရေးပါ တွဲပါလာမှာပါ” ဆိုတဲ့ စာသားနဲ့ အစပြုထားပါတယ်။

    အဲဒီနောက် အိန္ဒိယနဲ့ ပါကစ္စတန်က အနုပညာရှင်တွေဟာ အိန္ဒိယ နိုင်ငံတော်သီချင်းဖြစ်တဲ့ Jana Gana Mana နဲ့ ပါကစ္စတန်နိုင်ငံတော်သီချင်း Pāk Sarzamīn တို့ကို တစ်ပိုဒ်စီ ပေါင်းစပ်သီဆိုခဲ့ကြပါတယ်။

    ဗီဒီယိုအပိတ်မှာတော့ ‘ငြိမ်းချမ်းရေးအတွက် အတူတကွ ရပ်တည်ကြပါစို့’ ဆိုတဲ့ စာသားနဲ့ အဆုံးသတ်ထားပါတယ်။

    Voice of Ram ရဲ့ စာမျက်နှာမှာ သြဂုတ်လ ၁၁ ရက်နေ့က ဒီဗီဒီယိုကို လွှင့်တင်ခဲ့တာပါ။ သီချင်းမှာ ပါဝင်သီဆိုပေးခဲ့တဲ့ Voxchord အဖွဲ့က အခု သီချင်းဟာ ‘ယုံကြည်ချက်၊ ဂုဏ်သိက္ခာ၊ ခမ်းနားမှု၊ စွမ်းအား၊ တိုးတက်မှု၊ ပြည့်စုံကောင်းမွန်မှု’ တွေကို တိုက်တွန်းတာဖြစ်တယ်လို့ ဆိုပါတယ်။

    ပါကစ္စတန်က Dawn သတင်းစာကတော့ သီဗီဒီယိုဟာ အံ့သြစရာ လုပ်ဆောင်ချက်မျိုးဖြစ်ပြီး၊ နားဆင်ဖို့ ထိုက်တန်တဲ့ သီချင်းတစ်ပုဒ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

    ဆိုရှယ်မီဒီယာမှာတော့ နှစ်နိုင်ငံက ပြည်သူတွေဟာာ ဒီသီချင်းကို ချီးကျူးနေကြပါတယ်။

    Voice of Ram ရဲ့ အကြီးအကဲဖြစ်သူ ရမ် ဆူဘရာမာနီယမ်က လူတော်တော်များများဟာ ငြိမ်းချမ်းရေးအကြောင်းပြောဖို့ ကြောက်ရွံ့နေပြီး ဒါဟာ ယုတ္တိဗေဒမကျတဲ့ ကြောက်ရွံ့မှုမျိုးဖြစ်တာကြောင့် ဒီဗီဒီယိုကို ဖန်တီးရခြင်းဖြစ်တယ်လို့ အိန္ဒိယ သတင်းဝဘ်ဆိုက် Catch News ကို ပြောကြားခဲ့ပါတယ်။

    Ref: BBC

     

  • အိန္ဒိယဆေးရုံတစ်ခုတွင် ၅ ရက်အတွင်း ကလေး ၆၀ သေဆုံး

    အိန္ဒိယဆေးရုံတစ်ခုတွင် ၅ ရက်အတွင်း ကလေး ၆၀ သေဆုံး

    သြဂုတ် ၁၂၊ ၂၀၁၇
    M-Media

    – အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ဆေးရုံတစ်ရုံတွင် ၅ ရက်အတွင်း ကလေးငယ် အနည်းဆုံး ၆၀ သေဆုံးခဲ့ပြီး အစိုးရ၏ စီမံခန့်ခွဲမှုများအတွက် ဝေဖန်မှုများလည်း မြင့်တက်လာခဲ့သည်။

    ဂိုရက်ပူးရ်ဒေသရှိ အစိုးရက စီမံသော Baba Raghav Das ဆေးရုံတွင်ဖြစ်ပြီး ဒေသတွင်းမီဒီယာများကမူ အောက်ဆီဂျင်ထောက်ပံ့ပေးနေသည့် ကုမ္ပဏီကို ဆေးရုံက ငွေပေးချေမှုမရှိသည့်အတွက် အဆိုပါကုမ္ပဏီက ထောက်ပံ့မှုကို ဖြတ်တောက်ခဲ့သောကြောင့် ထိုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဟု ဖော်ပြကြသည်။

    အိန္ဒိယအစိုးရတာဝန်ရှိသူများက ထိုဖော်ပြချက်ကို ငြင်းဆိုခဲ့ပြီး စုံစမ်းစစ်ဆေးမှုကို ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး ကနဦးတွေ့ရှိချက်ကို ဒီနေ့မှာ ထုတ်ပြန်မှာပါ။ ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ ၅ ရက်အတွင်း ဆေးရုံမှာ လူနာ ၆၀ သေဆုံးခဲ့ပြီး၊ ဒါဟာ အောက်ဆီဂျင်ပြတ်တောက်မှုကြောင့် ဖြစ်တယ်လို့ ကျွန်တော်တို့ မထင်ပါဘူး” ဟု ဂိုရက်ပူးရ် ခရိုင်ကော်မရှင်နာမင်းကြီး အနီးလ်ကူးမားရ်က ပြောကြားခဲ့သည်။

    Hindustan Times သတင်းဌာနက အူတာပရာဒက်ရှ်ပြည်နယ်ရှိ အဆိုပါပြည်နယ်မှာ သောကြာနေ့ ဒေသစံတော်ချိန် နေ့လည် ၁ နာရီတွင် အောက်ဆီဂျင်ပြတ်တောက်မှုကို ကြုံတွေ့ခဲ့ရပြီး ဆရာဝန်များမှာ လူနာများအတွက် လက်ဖြင့်အသုံးပြုရသည့် အသက်ရှူစက်များကို တပ်ပေးခဲ့ရသည်။

    ကလေးများ သေဆုံးလာသည့်အချိန်တွင် ဆရာဝန်များမှာ အောက်ဆီဂျင်ကုမ္ပဏီ Pushpa Sales ကို ဆက်သွယ်ကာ အောက်ဆီဂျင်ပြန်ပေးရန် တောင်းဆိုခဲ့သောကြောင့် အကန့်အသတ်ဖြင့် လွှတ်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လျှော့ခဲ့သည်ဟုလည်း သတင်းစာက ထည့်သွင်းဖော်ပြခဲ့သည်။

    Baba Raghav Das ဆေးရုံမှာ ရူပီး ၆.၉ သန်း (ကန်ဒေါ်လာ ၁၀၇၀၀၀) အကြွေးတင်နေသည်ဟု အောက်ဆီဂျင်ကုမ္ပဏီမှ ၀န်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ရိုဟင်ဂျာများကို ပြန်ပို့ရန် အိန္ဒိယက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် ဆွေးနွေးနေ

    ရိုဟင်ဂျာများကို ပြန်ပို့ရန် အိန္ဒိယက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် ဆွေးနွေးနေ

    သြဂုတ် ၁၂၊ ၂၀၁၇
    M-Media

    အိန္ဒိယဒုက္ခသည်စခန်းမှ ရိုဟင်ဂျာများ

    – နိုင်ငံအတွင်း တရားမ၀င် ရောက်ရှိနေသည့် ရိုဟင်ဂျာ ၄၀၀၀၀ ခန့်ကို ပြန့်ပိုရန်အတွက် အိန္ဒိယမှာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေသည်ဟု အိန္ဒိယအစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    မြန်မာနိုင်ငံတွင် ညှင်းပမ်းနှိပ်စက်ခံရသည့် ရိုဟင်ဂျာထောင်ပေါင်းများစွာမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြပြီး၊ တစ်ချို့ နယ်စပ်မှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ ၀င်ရောက်ခဲ့သည်။

    အိန္ဒိယကမူ UNHCR တွင် မှတ်ပုံတင်ထားသည့် ရိုဟင်ဂျာအရေအတွက်မှာ ၁၄၀၀၀ ၀န်းကျင်ရှိနေပြီး အခြားသူများမှာ အထောက်အထားမဲ့ဖြစ်နေဟုဆိုသည်။ ဒုက္ခသည်များနှင့် ပတ်သက်၍ အိန္ဒိယမှာ ကုလသဘောတူညီချက်များတွင် လက်မှတ်ရေးထိုးထားခြင်းမရှိဘဲ၊ ပြည်တွင်းတွင်လည်း ထိုအတွက် မည်သည့်ဥပဒေမှ ပြဌာန်းထားခြင်း မရှိချေ။

    “ဒီကိစ္စကို ဘင်္ဂလားဒေ့ရှ်၊ မြန်မာတို့နဲ့ သံတမန်လမ်းကြောင်းအရ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ သင့်လျော်တဲ့အချိန်ကျရင် ပိုမိုရှင်းလင်းပြတ်သားတဲ့ အခြေအနေမျိုး ပေါ်ထွက်လာမှာပါ” ဟု အိန္ဒိယ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကေအက်စ် ဒက်ဝါလီယာက ပြောကြားခဲ့သည်။

    တရားမ၀င်နေထိုင်နေသည့် နိုင်ငံခြားသားများအား ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် ခရိုင်အဆင့်များတွင် လုပ်ငန်းအဖွဲ့များ ဖွဲ့ထားရန် အိန္ဒိယ ဖက်ဒရယ်အစိုးရက ပြည်နယ်အစိုးရများကို အမိန့်ပေးထားသည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ အခြားတာဝန်ရှိသူတစ်ဦးဖြစ်သည့် ကီရန် ရီဂျီဂျူက ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်သို့ ပြောကြားခဲ့သည်။

    ရီဂျီဂျူမှာ မကြာသေးမီက မြန်မာနိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးမှုကို သွားရောက်ခဲ့သူဖြစ်ပြီး ရိုဟင်ဂျာကိစ္စအကြောင်း ပြောကြားခဲ့လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။

    လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်သော Amnesty International က ရိုဟင်ဂျာများကို ပြန်ပို့ခြင်းမှာ ယုတ္တိမတန်သည့် လုပ်ရပ်ဖြစ်သည်ဟု ဆိုပြီး၊ အိန္ဒိယရှိ UNHCR ကလည်း အစိုးရ၏ ထိုအစီအစဉ်အတွက် အချက်အလက်များ ရယူသွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Hindustantimes