News @ M-Media

Tag: India

  • အဟ်မဒ်ဒါဘတ်မြို့ (သို့) ကမ္ဘာကတန်ဖိုးထားလာတဲ့ အိန္ဒိယက မွတ်စလင်တို့၏ အမွေအနှစ်တစ်ခု

    အဟ်မဒ်ဒါဘတ်မြို့ (သို့) ကမ္ဘာကတန်ဖိုးထားလာတဲ့ အိန္ဒိယက မွတ်စလင်တို့၏ အမွေအနှစ်တစ်ခု

    ဇူလိုင် ၁၈၊ ၂၀၁၇
    M-Media

    ဂျွမ္မာဗလီဝတ်ကျောင်းတော်ကြီး

    – ပြီးခဲ့တဲ့နှစ်တွေအထိ ဆိုးဆိုးဝါးဝါး လူမျိုးရေးတိုက်ခိုက်မှုတွေကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ အိန္ဒိယက သမိုင်းဝင်မြို့တစ်မြို့ဟာ နောက်ဆုံးမှာတော့ ဂုဏ်ယူစရာ အမှတ်သညာတစ်ခုဆိုတဲ့ အဆင့်အတန်းကို ရရှိခဲ့ပါပြီ။

    ခရစ်နှစ် ၁၄၁၁ ခုက မဂိုအင်ပါယာပြည့်ရှင် အဟ်မဒ်ရှားဟာ ဆာဘာရ်မတီမြစ်ကမ်းနဖူးပေါ်မှာ တည်ဆောက်ခဲ့ပြီး ၅.၅ စကွဲယားကီလိုမီတာအကျယ်ရှိ အဟ်မဒ်ဒါဘတ် တံတိုင်းခတ်မြို့ဟာ ရှုပ်ထွေးတဲ့ လူသွားတွေ၊ လမ်းသွယ်ပေါင်း ၅၀၀ နဲ့အတူ သမိုင်းဝင်နေရာ ၂၆၀၀ တည်ရှိတဲ့နေရာဖြစ်ပြီး မကြာသေးခင်ကမှ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းမှုကို ခံခဲ့ရပါတယ်။ ဂူဂျာရတ်ပြည်နယ်ရဲ့ မြို့တော်လည်းဖြစ်တဲ့ အဟ်မဒ်ဒါဘတ်ဟာ ‘အရှေ့တိုင်းက မန်ချက်စတာမြို့’ လို့ အမည်တွင်ခဲ့ဖူးပါတယ်။

    လွတ်မြောက်မှု အမှတ်သညာ

    ဒေသတွင်း ဘာသာရေးပွဲတော်တစ်ခုတွင် ခရီးသွားများ ပါဝင်နေကြစဉ်

    ဒီလို ဂုဏ်သိက္ခာရှိတဲ့ အဆင့်အတန်းတစ်ခုကို ရရှိခဲ့ပြီး သိပ်မကြာခင်မှာပဲ ယူနက်စကိုက အိန္ဒိယဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ရူချီရာ ကမ်ဘော့ဂ်ျက ဒေလီနဲ့ မွမ်ဘိုင်းမြို့တွေကိုကျော်ပြီး အဟ်မဒ်ဒါဘတ်ကို ဦးစားပေးရတာဟာ အိန္ဒိယလွတ်မြာက်ရေးခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ ၁၉၁၅ ခုနှစ်ကနေ ၁၉၃၀ ခုနှစ်အထိ နေထိုင်သွားတဲ့ ငြိမ်းချမ်းရေး ပြယုတ်၊ ငြိမ်းချမ်းရေး သမိုင်းမှတ်တိုင် ဖြစ်နေတာကြောင့် ဖြစ်တယ်လို့ Twitter စာမျက်နှာ ရေးသားခဲ့ပါတယ်။ ဒေလီနဲ့ မွမ်ဘိုင်းမြို့တို့ဟာ မနှစ်ကအထိ ကမ္ဘာ့အမွေအနှစ်စာရင်းအတွက် အဟ်မဒ်ဒါဘတ်နဲ့အပြိုင် ရေးပန်းစားခဲ့တာပါ။

    သက်တမ်း ၆၀၆ နှစ်ရှိပြီဖြစ်တဲ့ ဒီမြို့ဟာ နှစ်ပေါင်း ၅၀၅ နှစ်လောက် မဂိုဘုရင်ခံတွေရဲ့ ရုံးစိုက်ရာ မြို့တော်ဖြစ်ခဲ့ပြီး ရွှေအိုရောင် သဲကျောက်တွေနဲ့ ဖန်တီးထားတဲ့ သမိုင်းဝင်အဆောက်အဦးတွေ၊ သလင်းကျောက်ဖြူတွေနဲ့ လက်ရာမြောက် ဟိန္ဒူဘုရားကျောင်း၊ ဂျိန်းဘုရားကျောင်းတွေ တည်ရှိရာနေရာလည်း ဖြစ်ပါတယ်။

    အိန္ဒိယက ပထမဆုံး ကမ္ဘာ့အမွေအနှစ်မြို့တော်ဖြစ်တဲ့ ဒီမြို့မှာ ထူးခြားဆန်းပြားတဲ့ မုခ်ဦး ၃ ခု တန်း မြို့ဝင်ဂိတ်ပေါက် ၁၂ ခုပါဝင်ပြီး အင်မတန်လက်ရာမြောက်တဲ့ နံရံကပ်ပန်းပုတွေ၊ ခမ်းနားတဲ့ သက်တမ်းရင့် ရိုးရာအိမ်ဂေဟာကြီးတွေလည်း မြောက်များစွာ ရှိနေပါတယ်။

    ကြွယ်ဝတဲ့ကုန်သည်တွေ ဆောက်လုပ်ထားတဲ့ အထပ်မြင့်သစ်သားအိမ်ကြီးတွေ၊ အင်ဒို-အစ္စလာမ့်မစ် ဗိသုကာလက်ရာတွေ လှိုင်လှိုင်ပါဝင်တဲ့ ဗလီတွေ၊ အထိမ်းအမှတ်ဗိမာန်ကြီးတွေ၊ အ၀င်အထွက်ဂိတ်နဲ့ ငှက်အိမ်လေးတွေ စီတန်းထားတဲ့ လမ်းကလေးတွေ၊ ဘုံရေတွင်း၊ အတိတ်ခေတ်က သူတော်စဉ်တွေရဲ့ ဂူဗိမာန်တွေကလည်း မြို့ရဲ့ ကျက်သရေကို တိုးစေပြီး၊ အဲဒီအဆောက်အဦးတွေရဲ့ ဗိသုကာအမွေအနှစ်ကတော့ မလွတ်တန်း သွားရောက်ကြည့်ရှုရမယ့် အရာတွေ ဖြစ်ပါတယ်။

    ရွှေအိုရောင် သဲကျောက်အဆောက်အဦးဖြစ်တဲ့ ‘ဂျွမ္မာ’ ဗလီဝတ်ကျောင်းတော်ကြီးဟာ အနိမ့်အမြင့်မတူညီတဲ့ ‘မင်နာရတ်’ မျှော်စင် ၁၅ ခု ပါဝင်ပြီး၊ တိုင်ပေါင်း ၂၆၀ လောက်နဲ့ တည်ဆောက်ထားကာ ကမ္ဘာပေါ်မှာ အလှဆုံးနဲ့ ရင်သပ်ရှုမောစရာအကောင်းဆုံး အဆောက်အဦးထဲက တစ်ခု ဖြစ်ပါတယ်။ ဂူဂျာရတ်က ထင်ရှားတဲ့ဘုရင် မဟ်မူဒ် ဘဂ္ဂဒါရဲ့ ကြင်ရာတော် ဘုရင်မ ဆောက်လုပ်ခဲ့တဲ့ ‘ရာနီး စီပရီ’ ဗလီဝတ်ကျောင်းတော်က အနုစိတ် ကနုတ်ပန်းလက်ရာတွေ ထွင်းထုထားတဲ့ သစ်သားပြတင်းပေါက်ကြီးတွေကလည်း ကမ္ဘာလှည့်ခရီးသွားတွေ မျက်စိကျစရာ ဖြစ်နေပါတယ်။

    အံ့ချီးဖွယ် ဗိသုကာလက်ရာများ

    ‘အမွေအနှစ်ဂေဟာ’ (Heritage House)

    “အဟ်မဒ်ရှားဘုရင်ရဲ့ ကြင်ယာတော်တွေကို မြှုပ်နှံထားတဲ့ ‘ရာနီး နို ဟဂ်ျရို’ ဂူဗိမာန်တော်ကြီးဟာ ငွေနဲ့ထွင်းထားတဲ့ ပန်းကနုတ်လက်ရာတွေကြောင့် ကျော်ကြားပြီး၊ ‘ရာနီး ရုပ်မာတီ ဗလီ’ က အနုစိတ်လက်ရာနဲ့ ၀တ်ပြုဆောင်တွေ၊ ကျောက်ထွင်းလက်ရာတွေ၊ ထုထည်ကြီးပြီး မြင့်စွင့်တဲ့ မင်နာရတ်မျှော်စင်တွေ အားလုံးဟာလည်း အံ့ချီးဖွယ် ဗိသုကာလက်ရာတွေ ဖြစ်ပါတယ်” လို့ သမိုင်းအမွေအနှစ်ဆိုင်ရာ သုတေသနပညာရှင်နဲ့ ဂူဂျာရတ်ဗဟိုတရားရုံးက တာဝန်ရှိသူ အစ်က်ဘားလ်ခန်းက ပြောကြားခဲ့ပါတယ်။ သူဟာ အဟ်မဒ်ဒါဘတ်က အစားထိုးလို့မရတဲ့ အဆောက်အဦးတွေကို ထိန်းသိမ်းခွင့်ရရေး ဥပဒေကြောင်းအရ အကြိမ်ကြိမ် တိုက်ပွဲဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

    အစိုးရအဖွဲ့တွေ၊ ဒေသန္တရအဖွဲ့တွေကလည်း အဟ်မဒ်ဒါဘတ်မှာ သမိုင်းအမွေအနှစ် လေ့လာရေးခရီးစဉ်တွေ စီစဉ်ပေးပြီး အတိတ်သမိုင်းက ဘာသာပေါင်းစုံ သဟဇာတဖြစ်မှု၊ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားမှုတွေကို သိရှိနားလည်ဖို့ နိုင်ငံသားတွေနဲ့ ခရီးသွားတွေကို ဒီ တံတိုင်းခတ်မြို့ဆီ လိုက်လံပြသကြပါတယ်။

    မြို့ထဲမှာ ဈေးမြင့်တဲ့ဟော်တယ်တွေအစား ‘အမွေအနှစ်ဂေဟာ’ (Heritage House) နဲ့ ရှေးဟောင်း အိမ်ဂေဟာကြီးတွေလည်း ရှိနေပြီး ဒီမြို့ကို လာလည်တဲ့ နိုင်ငံခြားသားတွေ၊ ကျောင်းသားတွေထဲက ယဉ်ကျေးမှုအနုပညာကို မြတ်နိုးသူတွေဟာ ဒီလိုနေရာမျိုးတွေမှာ ရက်အနည်းလောက် နားခိုကုန်ဆုံးလေ့ရှိပါတယ်။

    “မိသားစုအရင်းတွေလို သူတို့ကို ကျွန်တော်တို့ ဆက်ဆံတယ်။ ခေတ်သစ်ဝန်ဆောင်မှုတွေလည်း ပေးတယ်။ ကျွန်တော်တို့ရဲ့ ဟင်းချက်နည်းတွေ သင်ပေးတယ်။ ဈေးဝယ်ခေါ်သွားတယ်။ တံတိုင်းခတ်ခံမြို့တစ်ဝိုက် လိုက်ပြတယ်။ ဂူဂျာရတ်က ပွဲတော်တွေကို သူတို့နဲ့အတူ ကျင်းပပါတယ်” လို့ ဂျက်ဒပ် မဟ်တာက ပြောကြားခဲ့ပါတယ်။

    မဟ်တာပိုင်ဆိုင်တဲ့ အထပ်မြင့် အိမ်ဂေဟာကြီးတွေဟာ မျက်စိပသာဒရှိပြီး ခရီးသွားတွေရဲ့ နှစ်ခြိုက်မှုကိုလည်း ရရှိနေပါတယ်။

    အခက်အခဲများ

    ယူနက်စကိုက ကမ္ဘာ့သမိုင်းဝင်အမွေအနှစ်စာရင်း သွင်းခဲ့ပြီးတဲ့နောက်ပိုင်း ကမ္ဘာလှည့်ခရီးသွားတွေဟာ အဟ်မဒ်ဒါဘတ်ကို ပြုံဆင်းလာကြပေမယ့် သမိုင်းဝင်နေရာတွေကို လစ်လျူရှုထားတာ၊ အများပိုင်မြေတွေ ဆုံးရှုံးလာတာ၊ ကားပိတ်ဆို့တာ၊ အမှိုက်ပုံတွေများနေတာ၊ ရေနဲ့ မိလ္လာစနစ် ပြည့်စုံမှုမရှိတာတွေက ဒီမြို့ရဲ့ အမှ
    တ်သညာကို မှေးမှိန်စေပြီး ဖွံ့ဖြိုးရေးလုပ်ဆောင်ဖို့အတွက် အလျင်အမြန်လိုအပ်နေပါတယ်။

    ၂၀၀၂ ခုနှစ် လူမျိုးရေးအကြမ်းဖက်မှုတွေ မဖြစ်ခင်က ဟိန္ဒူဘာသာဝင်တွေ၊ ဂျိန်းဘာသာဝင်တွေနဲ့ ကျွန်းကိုင်းမီ၊ ကိုင်းကျွန်းမီ နေလာခဲ့တဲ့ကြ မွတ်စလင်တွေဟာ တိုက်ခိုက်မှုတွေကြောင့် ပိုပြီးလုံခြုံမယ့်နေရာတွေကို ပြောင်းရွှေ့ခဲ့ရပြီးတဲ့နောက် မတူညီတဲ့ဘာသာတရား၊ လူမျိုး၊ ယဉ်ကျေးမှုနောက်ခံ ရောပြွမ်းနေတဲ့ လူပေါင်း ၄ သိန်းလောက် နေထိုင်ရာ ဒီတံတိုင်းခတ်မြို့က လူမှုနေထိုင်မှုအနေအထား ပြောင်းလဲသွားတာကလည်း သတိထားစရာ ဖြစ်လာနေပါတယ်။

    ယူနက်စကို လုပ်ငန်းစဉ်

    ကမ္ဘာ့လှည့်ခရီးသည်များ အကြိုက်တွေ့သည့် ရှေ့ဟောင်း အိမ်ဂေဟာ အတွင်းပိုင်း

     

    ၂၀၁၉ ခုနှစ်မှာ ဒီတံတိုင်းခတ်မြို့ အခြေအနေတွေကို ယူနက်စကိုတာဝန်ရှိသူတွေက သုံးသပ်မှာဖြစ်ပြီး အဟ်မဒ်ဒါဘတ် မြို့တစ်ခုလုံးမှာ နေထိုင်ကြတဲ့ လူပေါင်း ၇ သန်းလောက်ဟာ သူတို့ ချမှတ်ထားတဲ့ လူနေမှုစံနှုန်းတွေနဲ့ မညီဘူးဆိုရင်တော့ ကမ္ဘာ့အမွေအနှစ်စာရင်းကနေ ပယ်ဖျက်မှာဖြစ်ပါတယ်။

    အနုပညာနှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ အမျိုးသားအဖွဲ့ရဲ့ တာဝန်ရှိသူဖြစ်ပြီး၊ House of MG ရဲ့ ဒါရိုက်တာလည်းဖြစ်သူ အဘ်ဟေ မန်ဂါလ်ဒက်စ်က အစိုးရအနေနဲ့ အခြေအနေတွေကို တိုးတက်အောင်လုပ်ပြီး၊ ကမ္ဘာလှည့်ခရီးသွားတွေ မျှော်လင့်ထားတာနဲ့ ကိုက်ညီမယ့် ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဖို့လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

    သမိုင်းအမွေအနှစ်ကိုမြတ်နိုးတဲ့ အိန္ဒိယ နာမည်ကြီး ခရစ်ကတ်ကစားသမား မန်ပရစ် ဂျူနီဂျာက လက်ရှိမှာ အဟ်မဒ်ဒါဘတ်မြို့ဟာ ပဲရစ်၊ ဗီယင်နာ၊ ကိုင်ရို ဘရပ်ဆဲလ်၊ ရောမ၊ အေဒင်ဘတ်မြို့တွေလို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့တာကြောင့် နိုင်ငံသားတွေအနေနဲ့ ဒီအမွေအနှစ်တွေကို ထိန်းသိမ်းရး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

    ကမ္ဘာ့လှည့်ခရီးသည်များ အကြိုက်တွေ့သည့် ရှေ့ဟောင်း အိမ်ဂေဟာ အတွင်းပိုင်း

    Re: Alarabiya

    (Alarabiya သတင်းဌာနမှ Riding on Mughal glory, India’s Ahmedabad makes it to world heritage list ဆောင်းပါးကို ကိုတင်ရီက ကောက်နှုတ်ပြန်ဆိုသည်)

  • ကျွဲနွားသတ်ဖြတ်မှု ပိတ်ပင်သည့်ဥပဒေကို အိန္ဒိယတရားရုံးချုပ် ဆိုင်းငံ့

    ကျွဲနွားသတ်ဖြတ်မှု ပိတ်ပင်သည့်ဥပဒေကို အိန္ဒိယတရားရုံးချုပ် ဆိုင်းငံ့

    ဇူလိုင် ၁၁၊ ၂၀၁၇
    M-Media

    – ကျွဲနွားများအား သတ်ဖြတ်ရန်ရောင်းချမှုကို ပိတ်ပင်မည့် ဥပဒေကို အိန္ဒိယတရားရုံးချုပ်က ဆိုင်းငံလိုက်သည်ဟု သိရသည်။

    အိန္ဒိယအစိုးရက ကျွဲနွားများကို သတ်ဖြတ်ရန် ရောင်းခြင်းအား ပိတ်ပင်မည့် ထိုဥပဒေမှာ အိမ်မွေးတိရစ္ဆာန် ဈေးကွက်တွင် ထိန်းချုပ်၍မရသော၊ ဥပဒေပဖြစ်သော တိရစ္ဆာန်ကုန်ကူးမှုကို တားဆီးရန် ရည်ရွယ်သည်ဟု ပြောကြားထားသည်။

    ထိုဥပဒေမှာ ဟိန္ဒူများက မြင့်မြတ်ရာ တိရစ္ဆာန်အဖြစ် သတ်မှတ်ထားသည့် နွားအပြင် ကျွဲနှင့် ကုလားအုတ်အား သတ်ဖြတ်ရန် ရောင်းချမှုကို ပထမဆုံးပိတ်ပင်မည့် ဥပဒေလည်းဖြစ်သည်။

    တရားသူကြီးချုပ်က ဂျက်ဂ်ဒစ်ရှ် ဆင်း ချီဟာရ်က ထိုဥပဒေမှာ နိုင်ငံ၏ အသားလုပ်ငန်းနှင့် သားရေလုပ်ငန်းကို သိသိသာသာ ရိုက်ခတ်မှုရှိနိုင်ကြောင်း၊ ထိုဥပဒေကြောင့် ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို ထိခိုက်၍မရကြောင်း ပြောကြားခဲ့သည်။

    ထို့ပြင် မဒရက်စ် ဗဟိုတရားရုံးက ဇူလိုင်လ ၈ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည့် ဆိုင်းငံ့အမိန့်မှာ နိုင်ငံတစ်ဝှမ်းတွင် ဆက်လက်၍ အာဏာတည်မည်ဟု တရားရုံးချုပ်က ပြောကြားခဲ့သည်။

    အစိုးရကမူ အဆိုပါဥပဒေ ပြင်ဆင်ချက်အား သြဂုတ်လကုန်ပိုင်းတွင် ပြန်လည်တင်သွင်းရန် စီစဉ်နေသည်။

    ကျွဲနွားများအား သတ်ဖြတ်ရန် ရောင်းချမှုကို ပိတ်ပင်သည့် ဥပဒေအား တမီလ်နာဒူးပြည်နယ်တွင် စတင်ကြေငြာခဲ့ပြီး နောက်တစ်နေ့ မေလ ၃၀ ရက်နေ့တွင် ပြည်နယ်အောက်လွှတ်တော်က ဆိုင်းငံ့ခဲ့သည်။

    ဟိန္ဒူအမျိုးသားရေး BJP ပါတီက ၂၀၁၄ ခုနှစ်တွင် အာဏာရပြီးနောက်ပိုင်း အိန္ဒိယရှိ ပြည်နယ်အများအပြားတွင် နွားသတ်ခြင်းကို တားမြစ်ပိတ်ပင်ခဲ့ပြီး၊ နိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် နွားသတ်သူအား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်နိုင်သည့် ဥပဒေကို မတ်လတွင် ပြဌာန်းခဲ့သည်။

    ယခုဥပဒေမှာမူ ကျွဲများအား သတ်ဖြတ်ခြင်းကို ပထမဆုံး ပိတ်ပင်မည့် ဥပဒေလည်းဖြစ်သည်။ အိန္ဒိယမှာ ကမ္ဘာ့အသားတင်ပို့မှုတွင် အကြီးဆုံးနိုင်ငံဖြစ်ပြီး ကန်ဒေါ်လာ ၄ ဘီလီယံဖိုး နှစ်စဉ် တင်ပို့နေသည်။

    အိန္ဒိယတွင် အသားလုပ်ငန်းကို မွတ်စလင်များနှင့် ဟိန္ဒူဇာတ်နိမ့်များ အများဆုံး လုပ်ကိုင်နေကြပြီး BJP ပါတီ တက်လာပြီးနောက်ပိုင်း နွားကာကွယ်ရေးအဖွဲ့ဆိုသည့် အုပ်စုများက မွတ်စလင်များနှင့် ဟိန္ဒူဇာတ်နိမ့်များကို နွားများသတ်ဖြတ်သည်၊ အမဲသားများ သယ်ဆောင်သည်ဟူသော စွပ်စွဲချက်များနှင့် အုပ်စုဖွဲ့ အကြမ်းဖက်ရိုက်နှက် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။

    Ref: BBC

  • ကုရ်အာန်ကပေးသည့် သာတူညီမျှမှုအတွက် မဟာဖိုဝါဒကို တွန်းလှန်နေတဲ့ အိန္ဒိယမွတ်စလင်အမျိုးသမီးများ

    ကုရ်အာန်ကပေးသည့် သာတူညီမျှမှုအတွက် မဟာဖိုဝါဒကို တွန်းလှန်နေတဲ့ အိန္ဒိယမွတ်စလင်အမျိုးသမီးများ

    ဇူလိုင် ၈၊ ၂၀၁၇
    M-Media

    အိန္ဒိယ၏ ပထမဆုံး အမျိုးသမီးကာဇီများဖြစ်ကြသည့် ဘေဂွမ်နှင့် ဂျဟာနာရာ

     

    – “ခင်ဗျားသမီး အသက်ရှင်တာကိုမြင်ချင်လား၊ ဒါမှမဟုတ် အလောင်းပဲ ပြန်ယူချင်လား”

    ဒီစကားဟာ ဂျဟာနာရာတစ်ယောက် လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ခင်ပွန်းရဲ့ အရိုက်အနှက်ခံရချိန် သူ့ခင်ပွန်းက သူ့အမေကို ပြောကြားခဲ့တဲ့စကားပါ။ အဲဒီညမှာပဲ နိုင့်ထက်စီးနင်းအိမ်ထောင်ရေးကို ဂျဟာနာရာက အဆုံးသတ်ခဲ့ပြီး ကလေး ၄ ယောက်ကိုထားကာ အိမ်ကနေ ထွက်လာခဲ့ပါတယ်။

    ဂျိုင်ပူးရ်ဆိုတဲ့ တစ်မြို့တည်းမှာ အတူနေကြပေမယ့် အဲဒီအချိန်ကတည်းက သူမရဲ့ ခင်ပွန်းဖြစ်သူဟာ ကလေးတွေနဲ့ အတွေ့မခံတော့ပါဘူး။ စားရိတ်မပေးသလို၊ လက်ထပ်တုန်းက ‘မဟရ်’ အဖြစ် တင်တောင်းထားတဲ့ ရွှေ ၁၅ ဂရမ်ကိုလည်း ပေးဖို့ ခင်ပွန်းက ငြင်းဆန်ခဲ့ပါတယ်။ ခင်ပွန်သည်က တင်ရတဲ့ ‘မဟရ်’ ဟာ အစ္စလာမ့်တရားတော်အရ ဇနီးသည်ရဲ့ ပိုင်ဆိုင်မှုထဲမှာ အကျုံးဝင်ပြီး အိမ်ထောင်ရေးအဆုံးသတ်သွားတဲ့အခါ ဇနီးက လက်ဝယ်ရရှိရမှာ ဖြစ်ပါတယ်။ နေအိမ်နဲ့ပတ်သက်တဲ့ သူမရဲ့ပိုင်ဆိုင်ခွင့်ကိုလည်း ငြင်းပယ်ခံခဲ့ရပါတယ်။

    အသက် ၄၅ နှစ်အရွယ် ဂျဟာနာရာဟာ တရားဥပဒေအရဖြစ်စေဖို့ ‘ကာဇီ’ လို့ခေါ်တဲ့ ဒေသဆိုင်ရာ အစ္စလာမ့်ရေးရာ တရားသူကြီးဆီကို သွားရောက်ခဲ့ပါတယ်။ ကာဇီတွေဟာ အိမ်ထောင်ရေး၊ မယားပြိုင်ထားမှု၊ ကွာရှင်းမှု၊ ‘သုံးသွလားက်’ ဆိုတဲ့ တစ်ထိုင်တည်းကွာရှင်းမှု၊ ကလေးအုပ်ထိန်းခွင့် စတဲ့ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းရတာဖြစ်ပြီး များသောအားဖြင့် အမျိုးသားတွေသာဖြစ်တဲ့ သူတို့တွေဟာ ကုရ်အာန်ရဲ့ စည်းမျဉ်းတွေအရ တရားမျှတအောင် ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဒီရာထူးကို အဖေကနေသား စသဖြင့် အဆင့်ဆင့် လွှဲပြောင်းတာဝန်ယူတာဟာ ထုံးစံလို ဖြစ်နေပါပြီ။

    ဒါပေမယ့် အရင်က သူမလိုအဖြစ်မျိုးကြုံတွေ့ရတဲ့ အမျိုးသမီးတွေလိုပဲ ဂျဟာနာရာတစ်ယောက် စိတ်ပျက်ခဲ့ရပါတယ်။

    “သူ (ကာဇီ) က ကျွန်မရဲ့ အခွင့်အရေးတွေ ပြန်ရအောင်လုပ်ပေးဖို့ ငြင်းခဲ့တယ်။ ကျွန်မရဲ့အခြေအနေဟာ တရားမျှတတယ်လို့ မထင်ပါဘူး။ ဂျိုင်ပူးရ်က အိုလမာ (အစ္စလာမ့်သာသနာ့ပညာရှင်) တွေဆီသွားပြီး ကျွန်မ ခံနေရတဲ့ တရားမမျှတမှုဟာ ကုရ်အာန်က ခွင့်ပြုထားတာမျိုးလား။ ကုရ်အာန်ကပြောတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အဆင့်အတန်းမျိုးလား။ ဒီအခြေအနေက ကုရ်အာန်ကပေးတဲ့ တရားမျှတမှုမျိုးလား – ဆိုပြီး မေးခဲ့ပါတယ်။ သူတို့အားလုံးက ‘ဟုတ်တယ်၊ ဒီလိုပဲ၊ ကြံ့ကြံ့ခံပါ’ လို့ ပြန်ဖြေခဲ့ကြပါတယ်” လို့ သူမက ဖွင့်ဟခဲ့ပါတယ်။

    ဒါပေမယ့် ဂျဟာနာရာဟာတစ်ယောက် ဒီအခြေအနေကို ပြန်လည်တွန်းလှန်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဒီနေ့မှာတော့ သူမဟာ အိန္ဒိယက အမျိုးသမီးကာဇီတစ်ဦး ဖြစ်လာပါပြီ။

    မွမ်ဘိုင်းက မော်လ၀ီကျောင်းတစ်ခုဖြစ်တဲ့ ‘ဒါရွလ်အိုလူမ် နစ္စ၀မ်’ ဟာ ၂၀၁၅ ခုနှစ်ကတည်းကစပြီး အမျိုးသမီးတွေအတွက် ၂ နှစ်တာကြာမြင့်တဲ့ ကာဇီသင်တန်းကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ အမျိုးသမီးတွေကို အကျိုးနည်းစေတဲ့ ဓလေ့ထုံးတမ်းတွေကို ကုရ်အာန်အသိပညာ ပြည့်ဝနေတဲ့ အမျိုးသမီးကာဇီတွေက တွန်းလှန်တိုက်ဖျက်ဖို့ ဖြစ်ပါတယ်။

    အခုနှစ်နွေရာသီမှာ အမျိုးသမီး ၁၅ ယောက်တစ်သုတ်ဟာ သင်တန်းပြီးဆုံးခဲ့ပြီး တာဝန်ထမ်းဆောင်ဖို့ အသင့်ဖြစ်နေပါပြီ။

    သင်တန်းဆင်း နောက်တစ်ယောက်ကတော့ အသက် ၄၃ နှစ်အရွယ် အဖ်ရွဇ် ဘေဂွန်ဖြစ်ပြီး ဂျဟာနာရာနဲ့ မတူတာက ဘေဂွမ်ဟာ သူ့ရဲ့အလုပ်အကိုင်ကို ပံ့ပိုးပေးတဲ့ အမျိုးသားနဲ့ ပျော်ရွှင်တဲ့အိမ်ထောင်ရေးကို ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။

    “ကုရ်အာန်က ကျွန်မတို့ကို တူညီတဲ့အခွင့်အရေး ပေးထားပါတယ်။ အသက်ရှင်သန်ခွင့်၊ ပညာသင်ခွင့်၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်၊ လွတ်လပ်စွာရွေးချယ်ခွင့် ပေးထားတယ်။ မွတ်စလင်အမျိုးသမီးတွေ ဒါကို နားလည်လာတာနဲ့ သူတို့ရဲ့ဘ၀တွေ ပြောင်းလဲသွားမှာပါ” လို့ ဘေဂွမ်က ပြောကြားခဲ့ပါတယ်။

    အစ္စလာမ်သာသနာမှာ ထိမ်းမြားလက်ထပ်ခြင်းဟာ နှလုံးသားရေးရာကတိက၀တ်ဖြစ်ပြီး ထိမ်းမြားမှုနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ဆောင်ရန်ရှောင်ရန်တွေကို ကာဇီနဲ့ မေးမြန်းဆွေးနွေးရပါတယ်။ အဲဒီလိုအခါမျိုးမှာ ကာဇီတွေက အမျိုးသားတွေကို ပစားပေးလေ့ ရှိပါတယ်။

    ပူလောင်အိုက်စပ်တဲ့ နေ့တစ်နေ့မှာ ဂျဟာနာရာနဲ့ ဘေဂွမ်တို့ဟာ ဂျိုင်ပူးရ် မွတ်စလင်ရပ်ကွက်က စည်းကားနေတဲ့ ပျံကျဈေးနား သူတို့ရဲ့ ရုံးခန်းမှာ ရုံးထိုင်နေပါတယ်။ သူတို့ဟာ အင်မရန်းခန်းနဲ့ သူ့ရဲ့ ဇနီး ဟူမာတို့အကြား ကတောက်ကဆဖြစ်မှုကို နှစ်သိမ့်အားပေးဖို့ ကြိုးစားနေကြတာပါ။ ၁ နှစ်သာရှိသေးတဲ့ သူတို့ရဲ့ အိမ်ထောင်ရေးဟာ ဂြိုဟ်ဆိုးဝင်ခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် စွပ်စွဲပြောကြားမှုတွေကြောင့် နှစ်ဖက်မိဘတွေက ပြေရာပြေကြောင်း ဖြန်ဖြေပေးရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    အိမ်ထောင်ရေးပြဿနာတစ်ခုကို ဖြေရှင်းပေးနေသည့် ဂျဟာနာရာ

    လင်မယားနှစ်ယောက်စလုံးရဲ့ ခံစားချက်တွေကို ဂျဟာနာရာနဲ့ ဘေဂွမ်တို့က နားထောင်ကြပါတယ်။ သူတို့ဟာ ကွာရှင်းဖို့ မိဘတွေကို ပြောထားကြပြီး၊ ပိုပြီးသည်းခံကြဖို့ ဒီလင်မယားနှစ်ယောက်ကို ဆွေးနွေးနှစ်သိမ့်နေရပါတယ်။

    “အမျိုးသားကာဇီက အိမ်ပြန်ပြီး ယောက်ျားအမိန့်အတိုင်းနေထိုင်ဖို့ ဟူမာကို ပြောပါတယ်။ မွတ်စလင်အမျိုးသမီးအများစုက သူတို့ရဲ့ အခွင့်အရေးကို နကန်းတစ်လုံးတောင် မသိကြပါဘူး။ ဒါပေမယ့် ကုရ်အာန်ကပြောထားတာတွေကို ကျွန်မတို့ နားလည်ထားတာကြောင့် အခုတော့ အရာရာဟာ ပြောင်းလဲသွားမှာပါ” လို့ ဘေဂွမ်က ဆိုပါတယ်။

    သူတို့နဲ့အတူထိုင်နေတဲ့ ဂျိုင်ပူးရ်က အမျိုးသမီးအဖွဲ့ Bharatiya Muslim Mahila Andolan အကြီးအကဲ နစ္စဟတ် ဟူစိုင်က ဒီအမျိုးသမီးကာဇီနှစ်ဦးအနေနဲ့ လုပ်စရာတွေ အများကြီးရှိသေးတယ်လို့ ဆိုပါတယ်။

    “ဒီကာဇီသစ်နှစ်ဦးဟာ ထိမ်းမြားလက်ထပ်မှု မလုပ်ခင်မှာ အမျိုးသားတွေဆီက သက်ဆိုင်ရာ အထောက်အထားတွေကို တောင်းရမှာပါ။ သူတို့ဇနီးသေသွားပြီဆိုရင် သေစာရင်း၊ ကွာထားတယ်ဆိုရင်လည်း ကွာရှင်းစာချုပ်၊ ဆေးစစ်ချက်၊ အလုပ်အကိုင်ရှိကြောင်း သက်သေခံ ဒါတွေကို တောင်းရမှာပါ။ အမျိုးသမီးတွေကို ကာကွယ်ဖို့အတွက် ဒါတွေက လုပ်ကိုလုပ်ရမှာပါ။ ဒါပေမယ့် အဆက်ဆက်ကာဇီတွေကတော့ ဒါမျိုးတွေ မလုပ်ခဲ့ပါဘူး” လို့ ဟူစိုင်က ပြောကြားခဲ့ပါတယ်။

    ကုရ်အာန်ကျမ်းတော်မြတ်က အမျိုးသမီးတွေကို တူညီတဲ့အခွင့်အရေးပေးထားတယ်ဆိုတာ နားလည်လာခဲ့ပြီးတဲ့နောက်မှာ ဂျဟာနာရာတစ်ယောက် ပိုပြီး ပျော်ရွှင်လာပါတယ်။ ယောက်ျားနဲ့ကွဲပြီးနောက်ပိုင်း ရတက်မအေးဖြစ်ရတဲ့ သူမဟာ နောက်ဆုံးမှာ ကာဇီသင်တန်းကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီသင်တန်းမှာ အစ္စလာမ်က အမျိုးသမီးတွေနဲ့ပတ်သက်ပြီး ဘာတွေပြောထားလဲဆိုတာကို အတိအကျ နားလည်လာခဲ့ပါတယ်။

    တစ်ယောက်တည်းနေပြီး၊ တက်ကြွလှုပ်ရှားသူတစ်ယောက် ဖြစ်နေတဲ့အတွက်၊ ခင်ပွန်းနဲ့ ကွာရှင်းခဲ့တဲ့အတွက် ဘယ်အမျိုးသားကပဲ သူ့ကို လက်ညှိုးထိုးထိုး ဂျဟာနာရာကတော့ ဒီလိုလူမျိုးကို ကုရ်အာန်အကိုးအကားနဲ့ ပြန်လည်ချေပ ပြောဆိုနိုင်နေပါပြီ။

    “အခု ကျွန်မက ကာဇီတစ်ယောက် ဖြစ်နေပြီ။ ကျွန်မမှာ အသိပညာရှိနေပြီ။ ဆွေးနွေးငြင်းခုံတတ်နေပြီ။ နောက်ဆုံးမှာတော့ ကျွန်မဟာ လွတ်မြောက်ပြီလို့ ခံစားရပါတယ်။ အခြားသော မွတ်စလင်အမျိုးသမီးတွေကိုလည်း ဒီလို လွတ်မြောက်စေချင်ပါတယ်” လို့ ဂျဟာနာရာက ပြောကြားခဲ့ပါတယ်။

    Ref: The Guardian

    (The Guardian တွင် ရေးသားထားသည့် Men deny us equality, not the Qur’an: a female Islamic judge in India speaks out ဆောင်းပါးကို ကိုတင်ရီက ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • လူမြင်ကွင်းတွင် ရှူရှူးပန်းသည့် အိန္ဒိယ ပြည်ထောင်စုဝန်ကြီး ဝေဖန်ခံရ

    လူမြင်ကွင်းတွင် ရှူရှူးပန်းသည့် အိန္ဒိယ ပြည်ထောင်စုဝန်ကြီး ဝေဖန်ခံရ

    ဇွန် ၂၉၊ ၂၀၁၇
    M-Media

    – အိန္ဒိယနိုင်ငံက လယ်ယာစိုက်ပျိုးရေး ပြည်ထောင်စုဝန်ကြီး ရဒ်ဟာ မိုဟန်ဆင်းတစ်ယောက် လမ်းဘေး လူမြင်ကွင်းမှာ မတ်တပ်ရပ်ရှူးရှူးပေါက်နေတဲ့ ဓာတ်ပုံတစ်ပုံဟာ ဆိုရှယ်မီဒီယာတွေမှာ ပြန့်နှံ့သွားခဲ့ပြီး ပြည်သူတွေရဲ့ ဝေဖန်မှုကို ခံနေရပါတယ်။

    ရက်စွဲအတိအကျ မဖော်ပြထားတဲ့ ဒီပုံကို Rashtriya Janata Dal ဆိုတဲ့ Twitter စာမျက်နှာက မနေ့မှာ ဖော်ပြခဲ့တာဖြစ်ပြီး၊ မိုဟန်ဆင်း ရှူးရှူးပေါက်နေတဲ့အချိန်မှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ချို့က လုံခြုံရေးယူပေးထားတာကိုလည်း တွေ့ရပါတယ်။

    “၀န်ကြီးဟာ မိုးခေါင်တဲ့ပြည်နယ်မှာ ဆည်မြောင်းစီမံကိန်းတစ်ခုကို လုံခြုံရေးတင်းတင်းကျပ်ကျပ်နဲ့ ဖွင့်လှစ်ပေးနေတာဖြစ်ပြီး Swachh Bharat Abhiyan (တိုင်းပြည်သန့်ရှင်ရေးလှုပ်ရှားမှု) ကို မြှင့်တင်ပေးနေတာ ဖြစ်ပါတယ်” လို့ ပုံနဲ့အတူ ရေးသားထားပါတယ်။

    news18 သတင်းဌာနက ဒီပုံဟာ မိုဟန်ဆင်း ဘီဟာရ်ပြည်နယ် မိုတီဟာရီကို သွားရောက်စဉ် ရိုက်ကူးထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ၀န်ကြီးဟာ ဇွန်လ ၂၅ ရက်နေ့က မိုသီဟာရီကို သွားရောက်ကာ အခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပြီး ၂၆ ရက်နေ့မှာ BJP ပါတီရဲ့ ခရိုင်ရုံးမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

    ရဒ်ဟာ မိုဟန်ဆင်းဟာ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲမှာ ဘီဟာရ်ပြည်နယ် အီစ်ချမ်ပါရန်ဒေသကနေ ရွေးကောက်တင်မြှောက်ခံခဲ့ရတာ ဖြစ်ပါတယ်။

    အခုလအစောပိုင်း မဒ်ရာ ပရာဒက်ရှ်ပြည်နယ်မှာ လယ်သမားတွေ အုံကြွတဲ့အချိန်မှာ မိုဟန်ဆင်းကတော့ မိုတီဟာရီမှာ ယောဂ လေ့ကျင့်မပျက်ပါဘူး။ ရဲတပ်ဖွဲ့က ဆန္ဒပြလယ်သမားတွေကို သတ်ဖြတ်မှုအတွက် သတင်းသမားတွေ မေးမြန်းတဲ့အခါမှာ ‘ယောဂသာကျင့်စမ်းပါ’ လို့ ပြန်ဖြေခဲ့ပါတယ်။

    Ref: Indian Express

  • နွားအကြောင်းပြ အုပ်စုဖွဲ့အကြမ်းဖက်မှုကို အိန္ဒိယပြည်သူများ ဆန့်ကျင်ဆန္ဒပြ

    နွားအကြောင်းပြ အုပ်စုဖွဲ့အကြမ်းဖက်မှုကို အိန္ဒိယပြည်သူများ ဆန့်ကျင်ဆန္ဒပြ

    ဇွန် ၂၉၊ ၂၀၁၇
    M-Media

    ဆန္ဒပြမှု မြင်ကွင်း

     

    – နွားများအား သတ်ဖြတ်သည်၊ အမဲသားစားသည်ဆိုသည့် စွပ်စွဲချက်များဖြင့် လူအုပ်စုကြီးက မွတ်စလင်များအား လိုက်လံတိုက်ခိုက်နေမှုကို ဆန့်ကျင်သည့်အနေဖြင့် အိန္ဒိယပြည်သူ ထောင်ပေါင်းများစွာက ယမန်နေ့တွင် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    မွမ်ဘိုင်း၊ ကိုလ်ကာတားနှင့် ဒေလီတို့အပါအ၀င် အနည်းဆုံး မြို့ပေါင်း ၁၀ မြို့တွင် ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကို အန်တုခဲ့သည့် အဆိုပါ ဆန္ဒပြသူများတွင် ဟိန္ဒူဇာတ်မြင့်များ၊ တက်ကြွလှုပ်ရှားသူများလည်း ပါဝင်ခဲ့ကာ Not in My Name (ငါတို့အမည် မသုံးနဲ့)၊ Stop Cow Terrorism (နွားအကြောင်းပြ အကြမ်းဖက်ဝါဒကို ရပ်တန့်ပါ) စသည့် ပိုစတာများကိုလည်း ကိုင်ဆောင်ခဲ့ကြသည်။

    အိန္ဒိယနိုင်ငံတွင် ဟိန္ဒူအများစုမှာ နွားကို မြင့်မြတ်သော တိရစ္ဆာန်အဖြစ် သဘောထားကာ ကိုးကွယ်ကြသည်။

    ဝေဖန်သူများကမူ ၀န်ကြီးချုပ် နရန်ဒရာမိုဒီ၏ BJP ပါတီနှင့် ဆက်နွယ်နေသည့် လက်ယာစွန်းရောက် ဟိန္ဒူအဖွဲ့များမှာ အမဲသားစားပြီး အမဲသားနှင့် သားရေလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသည့် မွတ်စလင်များ၊ ဇာတ်နိမ့်ဟိန္ဒူများကို အကြမ်းဖက်ရန် ဆွပေးနေကာ အစိုးရကလည်း ထိုအကြမ်းဖက်မှုကို ထိထိရောက်ရောက် ဟန့်တားခြင်းမရှိဟု စွပ်စွဲခဲ့ကြသည်။

    မိုဒီကမူ အဆိုပါ စွပ်စွဲချက်ကို ပယ်ချခဲ့ပြီး နွားအရေးတက်ကြွလှုပ်ရှားသူများကိုလည်း လူသိရှင်ကြား ဆန့်ကျင်ခဲ့သည်။

    ဆန္ဒပြမှု မြင်ကွင်း

    ပြီးခဲ့သည့်သောကြာနေ့က အမျိုးသား ၂၀ ခန့်ပါဝင်သည့် လူအုပ်စုမှာ နယူးဒေလီ ဆင်ခြေဖုံး ရထားတစ်ခုပေါ်တွင် မွတ်စလင် ၄ ဦးကို အမဲသားပါလာသည်ဆိုသော စွပ်စွဲချက်ဖြင့် အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး တစ်ဦးသေဆုံးကာ အခြား ၂ ဦးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည်။

    မွမ်ဘိုင်းတွင် ဆန္ဒပြသူများမှာ ကျွေးကြော်သံများကို မအော်ခဲ့ဘဲ ‘ဟိန္ဒူအကြမ်းဖက်ဝါဒကို ဆန့်ကျင်ကြ’ ‘ဘရားမန်ဝါဒကို ဆန့်ကျင်ကြ’ စသည့် ပိုစတာများကို ကိုင်ဆောင်ခဲ့ကြသည်။

    “ကျွန်တော် ဟိန္ဒူတစ်ယောက်ပါ။ နွားကို မိခင်လို့ ကျွန်တော်ယူဆတယ်။ ဒါပေမယ့် လူတွေကို သတ်နေတာဟာ မှန်ကန်တဲ့လုပ်ရပ်တော့ မဟုတ်ပါဘူး” ဟု အသက် ၂၀ ကျော်အရွယ် စီးပွားရေးသမား နရန်ဒရာ ဘန်ဒါရီက ပြောကြားခဲ့သည်။

    ကိုလ်ကာတားမှ ဂီတပညာရှင်တစ်ဦးဖြစ်သည့် အန်ဂျန် ဒူတာက ‘Hindutva (ဟိန္ဒူအစွန်းရောက်ဝါဒ) မြင့်တက်လာမှုမှာ အန္တရာယ်ရှိသည်’ ဟု ပြောကြားခဲ့သည်။

    “လက်ရှိ ကျွန်တော်တို့တိုင်းပြည်က အခြေအနေကို ကျွန်တော် စိုးရိမ်ပါတယ်။ အင်အားကြီးရာ နိုင်စားတဲ့ ၀ါဒကို ကျွန်တော်တို့ ဆန့်ကျင်ဖို့ လိုပါတယ်။ အိန္ဒိယဟာ လူတိုင်းအတွက်ပါ”

    အင်္ဂါနေ့ကလည်း ဂျာ့ခ်ဟန်းပြည်နယ်တွင် နွားသတ်သည်ဆိုသော စွဲချက်ဖြင့် အမျိုးသားတစ်ဦးကို လူအုပ်ကြီးက ရိုက်နှက်ခဲ့ပြီး ၎င်း၏နေအိမ်ကိုလည်း မီးရှို့ခဲ့သည်။

    လူ့အခွင့်အရေးအဖွဲ့များကမူ ၀န်ကြီးချုပ် မိုဒီအပါအ၀င် အစိုးရတာဝန်ရှိသူများမှာ အဆိုပါ တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ရန် တွန့်ဆုတ်နေပြီး ရဲတပ်ဖွဲ့ကလည်း ကျူးလွန်သူများကို ထိထိရောက်ရောက် အရေးယူခြင်းမရှိဟု ဝေဖန်ခဲ့သည်။

    ပြီးခဲ့သည့် ၃ လအတွင်း နွားကိစ္စဖြင့် သေဆုံးသွားသည့် လူ ၅ ဦးစလုံးမှာ နေ့ခင်းကြောင်တောင်၊ လူစည်ကားရာ နေရာတွင် ရိုက်နှက်သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

    ၂၀၁၀ ခုနှစ်မှစ၍ နွားအကြောင်းပြ အကြမ်းဖက်ဝါဒကြောင့် တိုက်ခိုက်မှု ၆၃ ခု ဖြစ်ပွားခဲ့ပြီး မွတ်စလင် ၂၄ ဦးအပါအ၀င် လူ ၂၈ ဦး သေဆုံးခဲ့ကာ ၁၂၄ ဦး ဒဏ်ရာရရှိခဲ့သည်။

    လူ့အဖွဲ့အစည်းခေါင်းဆောင်များက အိန္ဒိယ၏ သန်းတစ်ထောင်ကျော်သော လူဦးရေတွင် ၁.၃ ရာခိုင်နှုန်းရှိသည့် မွတ်စလင်လူနည်းစုများကို ကာကွယ်ပေးရန် ၀န်ကြီးချုပ်မိုဒီအား တိုက်တွန်းထားသည်။

    Ref: Aljazeera