News @ M-Media

Tag: India

  • အိန္ဒိယ ဆယ်ကျော်သက်တစ်ဦး ကမ္ဘာ့အသေးဆုံး ဂြိုဟ်တုကို တီထွင်နိုင်

    အိန္ဒိယ ဆယ်ကျော်သက်တစ်ဦး ကမ္ဘာ့အသေးဆုံး ဂြိုဟ်တုကို တီထွင်နိုင်

    မေ ၁၆၊ ၂၀၁၇
    M-Media

    – အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်က အသက် ၁၈ နှစ်အရွယ် ကျောင်းသားလေး ရီဖသ် ရှာရွတ်ဟာ ကမ္ဘာ့အသေးငယ်ဆုံး ဂြိုဟ်တုလေးကို တီထွင်ခဲ့ပြီး အာကာသနယ်ပယ်မှာ ကမ္ဘာ့စံချိန်သစ်တစ်ခုကို တင်လိုက်နိုင်ပါတယ်။

    KalamSat လိုအမည်ပေးထားတဲ့ အဲဒီဂြိုဟ်တုလေးဟာ ၆၄ ဂရမ်သာ အလေးချိန်ရှိပြီး Wallops ကျွန်းက နာဆာ ဂြိုဟ်တုလွှတ်တင်ရေး စခန်းကနေ ဇွန်လ ၂၁ ရက်နေ့မှာ လွှတ်တင်မှာဖြစ်ပါတယ်။ ဒါဟာ အိန္ဒိယကျောင်းသားတစ်ယောက်ရဲ့ စမ်းသပ်မှုကို နာဆာက ပထမဆုံး လွှတ်တင်တာလည်း ဖြစ်ပါတယ်။

    ပါလာပတ္တီဆိုတဲ့ ရွာငယ်လေးမှာ နေထိုင်တဲ့ ရီဖသ်က Times of India ကို ပြောကြားရာမှာ မိနစ်ပေါင်း ၂၄၀ ကြာမြင့်မယ့် ဒီခရီးစဉ်မှာ ဂြိုဟ်တုလေးဟာ ကမ္ဘာ့ဆွဲအားမရှိတဲ့ ဟင်းလင်းပြင်မှာ လှည့်ပတ်မှုက ၁၂ မိနစ် ကြာမြင့်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

    “ဂြိုဟ်တုလေးရဲ့ အဓိကအခန်းကဏ္ဍက 3-D ပရင့်ထုတ်ထားတဲ့ ကာဘွန်ကြိုးမျှင်ရဲ့ စွမ်းဆောင်ရည်ကို သိရှိဖို့ ဖြစ်ပါတယ်” လို့ သူက ရှင်းပြပါတယ်။

    ဒီ ဂြိုဟ်တုလေးကို နာဆာနဲ့ I Doodle Learning အဖွဲ့တို့က ပူးပေါင်းကျင်းပတဲ့ Cubes in Space ပြိုင်ပွဲကနေ ရွေးချယ်တာဖြစ်ပါတယ်။

    ဒီပြိုင်ပွဲက ၄ မီတာရှည်တဲ့ ပြွန်လေးထဲမှာ ထည့်လို့ရပြီး အလေးချိန် ၆၄ ဂရမ် အတိအကျရှိမယ့် ဂြိုတုတစ်ခု စမ်းသပ်တည်ဆောက်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    “ကမ္ဘာတစ်ဝှမ်းက ကွဲပြားတဲ့ ပြွန်ပုံစံ ဂြိုဟ်တုတွေကို ကျွန်တော်တို့ အများကြီး သုတေသနလုပ်ခဲ့ပြီး ကျွန်တော်တို့ဟာက အပေါ့ဆုံးဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်” လို့ ရီဖသ်က ပြောကြားခဲ့ကာ ဂြိုဟ်တုကို အဓိကအားဖြင့် သံအမျှင်ထည့်ထားတဲ့ ကာဘွန်ဖိုက်ဘာ ပေါ်လီမာနဲ့ လုပ်တာဖြစ်ပြီး ပစ္စည်းတစ်ချို့ကို နိုင်ငံ
    ခြားနဲ့ တစ်ချို့ကို ပြည်တွင်းကနေ ရရှိတယ်လို့ ဆိုပါတယ်။

    Ref: Times of India

  • ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ် အိန္ဒိယသို့ သွားရောက်

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ် အိန္ဒိယသို့ သွားရောက်

    မေ ၁၆၊ ၂၀၁၇
    M-Media

    – ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အဘတ်စ်၏ အိန္ဒိယသို့ ၃ ရက်တာခရီးစဉ်မှာ ယမန်နေ့တွင် စတင်ခဲ့သည်ဟု သိရသည်။

    အဘတ်စ်မှာ အိန္ဒိယသို့ တနင်္ဂနွေနေ့ည နှောင်းပိုင်းက ရောက်ရှိလာခဲ့ပြီး လာမည့်ရက်များတွင် ၀န်ကြီးချုပ် နရန်ဒရာ မိုဒီနှင့် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကိစ္စနှင့် အခြားကိစ္စရပ်များကို ဆွေးနွေးသွားမည်ဖြစ်သည်။

    အိန္ဒိယသို့ ရောက်ရှိလာပြီးနောက် အဘတ်စ်မှာ ပါလက်စတိုင်းများအား နည်းပညာနယ်ပယ်တွင် အလုပ်အကိုင်ရရှိရေး ကူညီပေးမည့် ဒေလီမြို့ပြင်ရှိ Centre for Development of Advance Computing စင်တာသို့ သွားရောက်ခဲ့သည်။

    ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် အိန္ဒိယမှာ ရာမာလာရှိ အိုင်တီလုပ်ငန်းတစ်ခုအတွက် အမေရိကန် ဒေါ်လာ ၁၂ သန်း အကုန်အကျခံပေးသွားမည်ဟု သဘောတူခဲ့ပြီး ပါလက်စတိုင်းပြည်သူများ၏ ကိစ္စကို ပံပိုးကူညီရေး အိန္ဒိယ၏ စိတ်ပိုင်းဖြတ်ထားမှု လက္ခဏာတစ်ခုဖြစ်သည်ဟု ထိုအချိန်က အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

    အဘတ်စ်နှင့် ၎င်း၏ ကိုယ်စားလှယ်အဖွဲ့မှာ အဆိုပါစင်တာတွင် ၂ နာရီခန့် လှည့်လည်ကြည့်ရှုခဲ့ပြီး ညနေပိုင်းတွင် နယူးဒေလီမှ အစ္စလာမ့် ယဉ်ကျေးမှုစင်တာရှိ အခမ်းအနာတစ်ခုသို့ တက်ရောက်ခဲ့သည်။

    ယနေ့တွင် အိန္ဒိယ သမ္မတအိမ်တော်က အဘတ်စ်ကို တရားဝင် ကြိုဆိုမည်ဖြစ်ပြီး ထို့နောက် သမ္မတ၊ ၀န်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံမည်ဖြစ်သည်။

    အိန္ဒိယ၀န်ကြီးချုပ် မိုဒီမှာ ဇူလိုင်လတွင် အစ္စရေးသို့ သွားရောက်ရန် ရှိနေပြီး အစ္စရေးသို့ လာရောက်သည့် ပထမဆုံး အိန္ဒိယ၀န်ကြီးချုပ် ဖြစ်လာမည်ဖြစ်သည်။

    အိန္ဒိယမှာ လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံဖြစ်လာရေး ထောက်ခံကြောင်း ပုံမှန် ပြောကြားခဲ့ပြီး ယခင်က အစ္စရေးနှင့် သံမတန်ဆက်ဆံရေးကို ရှောင်လေ့ရှိသော်လည်း ယခုအချိန်တွင် ကမ္ဘာ့အကြီးဆုံး လက်နက်တင်သွင်းသည့် အိန္ဒိယမှာ အစ္စရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုကို ပိုမိုနီးကပ်အောင် ဆောင်ရွက်လာခဲ့သည်။

    Ref: Alarabiya

  • အိန္ဒိယတွင် အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့် အသတ်ခံရ

    အိန္ဒိယတွင် အမျိုးသမီးတစ်ဦး အုပ်စုဖွဲ့ အဓမ္မပြုကျင့် အသတ်ခံရ

    မေ ၁၅၊ ၂၀၁၇
    M-Media

    – အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟာရ်ယာနာပြည်နယ်တွင် အမျိုးသမီးတစ်ဦးမှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခြင်း ခံခဲ့ရပြီး ရက်ရက်စက်စက် အသတ်ခံခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    ဆိုနီပတ်မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် အမျိုးသမီးကို ၎င်းနှင့်သိသူ တစ်ဦးအပါအ၀င် အမျိုးသားအုပ်စုတစ်ခု၏ အနီးအနားရှိ ရိုဟ်တက်မြို့သို့ ခေါ်ဆောင်သွားကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူ အက်ရှက်ဝင် ရှန်ဗီက ဆိုသည်။

    ထိုအမျိုးသမီးက အာဏာပိုင်များအား သွားရောက်တိုင်ကြားမည်ဟု ပြောသည့်အခါတွင် အဓမ္မကျင့်သူများက ခေါင်းကို အုတ်ခဲဖြင့်ထု၍ သတ်ဖြတ်ခဲ့သည်။

    ရှန်ဗီကမူ လက်ရှိတွင် လူ ၂ ဦးကို ဖမ်းဆီးထားပြီး အခြား ၆ ဦးကိုလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။

    အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးမှာ မေလ ၉ ရက်နေ့က ပျောက်ဆုံးသွားခြင်းဖြစ်ပြီး ၂ ရက်အကြာတွင် ပုပ်ပွပြီး အပိုင်းပိုင်းဖြစ်နေသော သူမ၏ အလောင်းကို ရိုဟ်တက်မြို့တွင် တွေ့ရှိခဲ့ရသည်။ သူမ၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်တောက်ခြင်းမှာ အလောင်းကို မမှတ်မိစေရန်ဖြစ်သည်ဟု အလောင်းအား ခွဲစိတ်စစ်ဆေးမှုမှတ်တမ်းကို ကိုးကား၍ ဒေသတွင်းမီဒီယာတစ်ခုက ဖော်ပြခဲ့သည်။

    သေဆုံးသူအမျိုးသမီး၏ မိခင်မှာ အမျိုးသားတစ်ဦးက သမီးဖြစ်သူအား လက်ထပ်ရန် အတင်းအကျပ်ပြုသည့်ကိစ္စနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ကို ယခင်က တိုင်ကြားဖူးသည်။

    အိန္ဒိယတွင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများမှာ အဖြစ်များပြီး ရဲတပ်ဖွဲ့၏ ကိုင်တွယ်မှု ညံ့ဖျင်းခြင်းကြောင့် ကျူးလွန်သူများမှာ လွတ်မြောက်သွားခြင်း၊ ထိုက်သင့်သည့် ပြစ်ဒဏ်ကို မခံစားရခြင်းတို့ ရှိသည်ဟု တက်ကြွလှုပ်ရှားသူများက ဝေဖန်ပြောကြားထားသည်။

    Ref: Aljazeera

  • ဖမ်းထားသည့် အရက်များကို ကြွက်များ သောက်သွားသည်ဟု အိန္ဒိယရဲတပ်ဖွဲ့ ထုတ်ပြန်

    ဖမ်းထားသည့် အရက်များကို ကြွက်များ သောက်သွားသည်ဟု အိန္ဒိယရဲတပ်ဖွဲ့ ထုတ်ပြန်

    မေ ၇၊ ၂၀၁၇
    M-Media

    – ပြီးခဲ့တဲ့နှစ်အတွင်း သိမ်းဆည်းထားတဲ့ အရက်တွေထဲမှာ တော်တော်များများ လျော့နေတာဟာ ကြွက်တွေက ဖောက်သောက်သွားလို့ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံ ဘီဟာရ်ပြည်နယ် ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

    ဘီဟာရ်ပြည်နယ်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလကတည်းက အရက်သေစာကို ပိတ်ပင်ခဲ့တာပါ။

    ဒီတစ်ပတ်အတွင်း ပြည်နယ်မြို့တော် ပတ္တနာမှာလုပ်တဲ့ ရဲတပ်ဖွဲ့ အစည်းအဝေးမှာ မှောင်ခိုပစ္စည်းအဖြစ် ဖမ်းဆီးထားတဲ့ အရက်တွေ ပျောက်ဆုံးမှုနဲ့ပတ်သက်ပြီး လီတာ ၉ သိန်းလောက်ကို ကြွက်တွေက သောက်သွားတယ်လို့ ရဲတပ်ဖွဲ့ အကြီးအကဲ မာနူ မဟာရဂ်ျကို အစီရင်ခံခဲ့ကြောင်း The Hindu သတင်းစာက ဖော်ပြပါတယ်။

    ဒါပေမယ့် ဖန်ပုလင်းကို ကြွက်က ဘယ်လို ဖောက်ပြီး သောက်သွားလဲဆိုတာကတော့ ပဟေဠိဖြစ်နေဆဲပါ။ လက်အောက်ငယ်သားတွေက ကြွက်တွေဟာ အဖုန်းတွေကို ကိုက်ဖြတ်ပြီး အရက်ကို တဂွတ်ဂွတ် သောက်သွားတာဖြစ်ကြောင်း မဟာရဂ်ျကို တင်ပြခဲ့ပါတယ်

    ဒီသတင်း ထွက်လာပြီးနောက်ပိုင်းမှာ မဟာရဂ်ျက ပြည်နယ်တစ်ဝှမ်းက ရဲတပ်စခန်းတွေအနေနဲ့ ဖမ်းဆီးထားတဲ့ ပစ္စည်းတွေ သိမ်းထားတဲ့နေရာမှာ ကြွက်သက်ဆေးတွေဖြန်းဖို့၊ တစ်ချို့ ရဲစခန်းတွေအနေနဲ့ ဒီပစ္စည်းတွေထားနိုင်မယ့် နောက်ထပ် နေရာတစ်ခုခုကို ငှားရမ်းဖို့ ညွှန်ကြားခဲ့ပါတယ်။

    အရက်တွေကို ကြွက်က သောက်သွားတယ်ဆိုတဲ့ ရှင်းပြမှုကို မဟာရဂ်ျတစ်ယောက် အပြည့်အ၀ မယုံကြည်ဘဲ ရဲတပ်ဖွဲ့ဝင်တွေကို အရက်သောက်ထားမှု ရှိ၊ မရှိ ပုံမှန်စစ်ဆေးဖို့လည်း အမိန့်ပေးခဲ့ပြီး စစ်ဆေးမှုကျရင်တော့ အလုပ်ပြုတ်မယ်လို့ သတိပေးခဲ့ပါတယ်။

    ဗုဒ္ဓဟူးနေ့မှာပဲ ပတ္တနာက ရဲတပ်စခန်းတစ်ခုအတွင်းမှာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး အရက်သောက်နေတာကို ဖမ်းဆီးနိုင်ခဲ့ပြီး မဟာရဂ်ျရဲ့ အမိန့်သစ်နဲ့ သက်ဆိုင်ခြင်း ရှိ၊ မရှိတော့ မသိရသေးပါဘူး။

    Ref: RT

  • အိန္ဒိယတွင် ဈေးသက်သာသည့် ၀ိုင်ဖိုင်ကွန်ယက် ၂ သောင်း Facebook စီစဉ်ပေးမည်

    အိန္ဒိယတွင် ဈေးသက်သာသည့် ၀ိုင်ဖိုင်ကွန်ယက် ၂ သောင်း Facebook စီစဉ်ပေးမည်

    မေ ၅၊ ၂၀၁၇
    M-Media

    – လာမည့်လများအတွင်း အိန္ဒိယနိုင်ငံတစ်ဝှမ်း၌ ဈေးပေါပေါဖြင့် အင်တာနက် အသုံးပြုနိုင်ရန် နေရာ ၂ သောင်းတွင် ၀ိုင်ဖိုင်ကွန်ယက် စီစဉ်ပေးသွားမည်ဟု Facebook က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    အိန္ဒိယ ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း Bharti Airtel နှင့် ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး  ၂ နှစ်ကြာမြင့်မည့် စမ်းသပ်မှုအစီအစဉ်ဖြစ်သည်။

    ပြည်သူများမှာ တစ်နေ့လျှင် ၁၀ ရူပီး (၀.၁၅ ဒေါ်လာ) ခန့်နှင့် တစ်နေ့စာ၊ တစ်ပတ်စာ သို့မဟုတ် တစ်လစာ ၀ယ်ယူသုံစွဲနိုင်မည်ဖြစ်သည်။ လက်ရှိ Facebook မှာ အခြား အင်တာနက်ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများနှင့် ပူးပေါင်း၍ အိန္ဒိယရှိ ပြည်နယ် ၄ ခုတွင် ၀ိုင်ဖိုင်ကွန်ယက် ၇၀၀ ကို စီစဉ်ပေးထားသည်။

    Google ကမူ အိန္ဒိယနိုင်ငံရှိ ဘူတာရုံပေါင်း ၁၀၀ တွင် ၀ိုင်ဖိုင်ဖြင့် အခမဲ့ အင်တာနက် အသုံးပြုနိုင်ရန် စီစဉ်ပေးထားပြီး အိန္ဒိယအစိုးရကလည်း ကျေးရွာပေါင်း ၁၀၀၀ တွင် အခမဲ့ ၀ိုင်ဖိုင်ရရှိရန် စီစဉ်နေသည်။

    Facebook ၏ လက်ရှိ အစီအစဉ်မှာ တစ်လ ပျမ်းမျှဝင်ငွေ ကန်ဒေါ်လာ ၁၆၀ ခန့်သာ ရှိသည့် ကျေးလက်နေ အိန္ဒိပြည်သူများပင် တတ်နိုင်မည်ဖြစ်သည်။

    Facebook မှာ ယခင်က Free Basics အမည်ဖြင့် အိန္ဒိယပြည်သူများ အခမဲ့ အင်တာနက်သုံးရန် စီစဉ်ပေးခဲ့သော်လည်း၊ အိန္ဒိယနည်းပညာ ၀န်ဆောင်မှု ကုမ္ပဏီများ၏ ကန့်ကွက်မှုကြောင့် ပြီးခဲ့သည့်နှစ်တွင် ပိတ်ဆို့ ခံခဲ့ရသည်။

    Ref: CNN