News @ M-Media

Tag: India

  • အကြွေးနွံနစ်နေသည့် သီရိလင်္ကာက အိန္ဒိယထံမှ ဒေါ်လာ ၁ ဘီလီယံ ချေး

    အကြွေးနွံနစ်နေသည့် သီရိလင်္ကာက အိန္ဒိယထံမှ ဒေါ်လာ ၁ ဘီလီယံ ချေး

    မတ် ၂၈၊ ၂၀၂၂

    M-Media 


    -လွတ်လပ်ရေးရပြီး နှစ် ၇၀ အတွင်း စီးပွားရေးကြပ်တည်းမှု ဒဏ် အဆိုးရွားဆုံး ခံစားနေရတဲ့ သီရိလင်္ကာနိုင်ငံဟာ အိန္ဒိယနိုင်ငံကနေ ကန်ဒေါ်လာ ၁ ဘီလီယံ ထပ်ချေးခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။ 

    ကိုဗစ်ကပ်ရောဂါ၊ စီးပွားရေးကျဆင်းမှု၊ ငွေကြေးတန်ဖိုးကျမှုတွေကြောင့် သီရိလင်္ကာနိုင်ငံဟာ နိုင်ငံခြားအရန်ငွေ သိသိသာသာ ကျဆင်းကာ လောင်စာဆီ၊ ဆန်၊ ဂျုံ၊ ပြောင်း၊ သကြား၊ ဆေး၀ါး စတဲ့ အခြေခံကုန်ပစ္စည်းတွေ နိုင်ငံခြားက မတင်သွင်းနိုင် ဖြစ်နေပါတယ်။ 

    အမည်မဖော်လိုတဲ့ ရင်းမြစ်နှစ်ခုက ဒီအခက်အခဲကို ကုစားဖို့အတွက် သီရိလင်္ကာဟာ အိန္ဒိယနိုင်ငံကနေ ကန်ဒေါ်လာ ၁ ဘီလီယံ ချေးယူဖို့ တောင်းဆိုထားတယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။ 

    နှစ်နိုင်ငံစလုံးကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ အိန္ဒိယနိုင်ငံခြားရေး၀န်ကြီး ဆူဘရာမန်ယန် ဂျိုင်ရှန်ကာဟာ လက်ရှိမှာ သီရိလင်္ကာကို ရောက်ရှိနေပါတယ်။ 

    သီရိလင်္ကာအစိုးရဟာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကနေလည်း ငွေကြေးအကူအညီရယူဖို့ လုပ်ဆောင်နေပါတယ်။ 

    Ref: Aljazeera 

  • ခေါင်းဆောင်းပု၀ါကိစ္စကိုင်တွယ်သော တရားသူကြီးကို ၀ေဖန်သည့် အိန္ဒိယတက်ကြွလှုပ်ရှားသူတစ်ဦး ဖမ်းဆီးခံရ

    ခေါင်းဆောင်းပု၀ါကိစ္စကိုင်တွယ်သော တရားသူကြီးကို ၀ေဖန်သည့် အိန္ဒိယတက်ကြွလှုပ်ရှားသူတစ်ဦး ဖမ်းဆီးခံရ

    ဖေဖော်၀ါရီ ၂၃၊ ၂၀၂၂
    M-Media

    -အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်က မွတ်စလင်ကျောင်းသူတွေ ပု၀ါမဆောင်းရဆိုတဲ့ကိစ္စ ကိုင်တွယ်တဲ့ တရားသူကြီးကို ၀ေဖန်မှုအတွက် အိန္ဒိယ ရုပ်ရှင်မင်းသားနဲ့ တက်ကြွလှုပ်ရှားသူ ချီတန်ကူးမားတစ်ယောက် အဖမ်းခံလိုက်ရပါတယ်။

    စာသင်ကျောင်းတွေမှာ မွတ်စလင်ကျောင်းသူတွေ ပု၀ါမဆောင်းရဆိုတဲ့ ပြည်နယ်အစိုးရရဲ့အမိန့်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်တဲ့အတွက် ဖျက်သိမ်းပေးဖို့ တရားရုံးဦးတိုက်လျှောက်ထားမှုကို တရားသူကြီး ခရရှ်နား ဒီဇစ်က ကိုင်တွယ်နေတာပါ။

    ဒီဇစ်ဟာ ၂၀၂၀ ခုနှစ်က အဓမ္မကျင့်မှုတစ်ခုကို ကိုင်တွယ်ရာမှာ ကျူးလွန်ခံရသူ အမျိုးသမီးနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်မှတ်ချက် ပေးခဲ့မှုအတွက် ၀ေဖန်ပြစ်တင်မှုကို အကြီးအကျယ် ခံခဲ့ရသူပါ။ ကျူးလွန်ခံရသူ အမျိုးသမီးရဲ့ ထွက်ဆိုချက်ဟာ ယုံကြည်ရခက်ပြီး မဖြစ်နိုင်ဘူးလို့ဆိုကာ စွပ်စွဲခံရသူကို ဒီဇင်က အာမခံပေးခဲ့တာ ဖြစ်ပါတယ်။

    ဖေဖော်၀ါရီ ၁၆ ရက်နေ့က Twitter ပို့စ်မှာ ကူးမားက အဓမ္မ ကျင့်မှုကိစ္စမှာ စိတ်ပျက်စရာမှတ်ချက်ပေးခဲ့တဲ့ တရားသူကြီး ဒီဇစ်ဟာ ကာနာတာကာပြည်နယ်က ထိလွယ်ရှလွယ်တဲ့ မွတ်စလင်အမျိုးသမီးတွေကိစ္စ ကိုယ်တွယ်ဖို့ အရည်အချင်းရှိရဲ့လားဆိုပြီး မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။

    ဒီပို့စ်အတွက် ဘန်ဂလောမြို့ ရဲတပ်ဖွဲ့က ကူးမားကို လူ့အဖွဲ့အစည်း ဒေါသထွက်အောင် လှုံ့ဆော်မှု၊ ငြိမ်းချမ်းမှု ပျက်ပြားအောင် စော်ကားပြောဆိုမှု စွဲချက်တွေနဲ့ တရားစွဲကာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ တရားရုံးတင်မယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် အသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိပါဘူး။

    ကူးမားရဲ့ ဇနီးသည်က သူ့ယောကျ်ားဟာ ရုတ်တရက် နေအိမ်ကနေပျောက်ဆုံးသွားခဲ့ပြီး ဖုန်းဆက်သွယ်မှုလည်း မရတော့ဘဲ နောက်ပိုင်းကျမှ ဖမ်းဆီးခံရတာကို သိရကြောင်း Facebook စာမျက်နှာကနေ Live လွှင့်ပြောဆိုခဲ့ပါတယ်။

    အမေရိကန်နိုင်ငံသားဖြစ်တဲ့ ကူးမားဟာ ဟိန္ဒူဇာတ်နိမ့် (ဒါလစ်) မျိုးနွယ်ကဖြစ်ပြီး အိန္ဒိယမှာ ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားမှု၊ လူနည်းစုတွေအပေါ် ဖိနှိပ်မှု တိုက်ဖျက်ရေး လုပ်ဆောင်နေတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ပါတယ်။ ချို့တဲ့သူ ကူညီရေးလုပ်ငန်း လုပ်ဆောင်တဲ့အတွက် ကူမားဟာ ပစ်မှတ်ထားတိုက်ခိုက်ခံရလေ့ ရှိပါတယ်။

    ဟိန္ဒူလူ့အဖွဲ့အစည်းမှာ ဇာတ်အမြင့်ဆုံးဖြစ်တဲ့ ‘ဘရာမင်’ တွေကို ၀ေဖန်မှုအတွက် ရဲတပ်ဖွဲ့က ကူးမားကို အမှု ၂ ခု ဖွင့်ထားပါတယ်။

    ကူးမား အခုလို ဖမ်းဆီးခံရမှုအတွက် အိန္ဒိယမှာရှိတဲ့ တက်ကြွလှုပ်ရှားသူတွေ၊ ဂျာနယ်လစ်တွေ ရှေ့နေတွေနဲ့ အိန္ဒိယလူ့အဖွဲ့အစည်းက ရဲတပ်ဖွဲ့နဲ့ အစိုးရအပေါ် ၀ေဖန်ပြစ်တင်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

    အိန္ဒိယမှာ တရားရေးဌာန ၀န်ထမ်းတွေကို ၀ေဖန်ပြောဆိုသူတွေ ဖမ်းဆီးထောင်ချခံရတဲ့ ဖြစ်စဥ်တွေ အရင်ကလည်း အများအပြား ရှိခဲ့ပါတယ်။
    Ref: BBC

  • အိန္ဒိယမှ ဆယ်ကျော်သက် စစ်တုရင်ကစားသမား ကမ္ဘာ့ချန်ပီယံကို အနိုင်ယူ

    အိန္ဒိယမှ ဆယ်ကျော်သက် စစ်တုရင်ကစားသမား ကမ္ဘာ့ချန်ပီယံကို အနိုင်ယူ

    ဖေဖော်ဝါရီ ၂၃၊ ၂၀၂၂
    M-Media

    -အိန္ဒိယနိုင်ငံက အသက် ၁၆ နှစ်အရွယ် စစ်တုရင် ကစားသမား ရာမရှ်ဘာဘူ ပရက်နာနန်ဒါဟာ နိုင်ငံတကာ ပြိုင်ပွဲတစ်ခုမှာ ကမ္ဘာ့နံပါတ်တစ်ကစားသမား မဂ္ဂနက်စ် ကာလ်ဆန်ကို အနိုင်ရရှိခဲ့ပါတယ်။

    တနင်္လာနေ့က ကျင်းပပြုလုပ်တဲ့ Airthings Masters အွန်လိုင်း အမြန်ရွှေ့ စစ်တုရင်ပြိုင်ပွဲမှာ ရွှေ့ကွက် ၃၉ ကွက်အတွင်း အောင်ပွဲရခဲ့တာ ဖြစ်ပါတယ်။

    ရာမရှ်ဘာဘူဟာ အသက် ၁၀ နှစ်အရွယ် ၂၀၁၆ ခုနှစ်က စစ်တုရင်အားကစားမှာ အမြင့်ဆုံးဖြစ်တဲ့ ‘Grandmaster’ အဆင့်ကို ရရှိခဲ့တာဖြစ်ပြီး သမိုင်းတစ်လျှောက် ဒီဘွဲ့ကိုရတဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    ၂၀၁၃ ခုနှစ်မှာ ပထမဆုံး စစ်တုရင် ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တဲ့ ကာလ်ဆန်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ၅ ကြိမ်မြောက် ချန်ပီယံဘွဲ့ကို ထပ်မံဆွတ်ခူးခဲ့ပါတယ်။ ကာလ်ဆန်ကို အနိုင်ရတဲ့ ကစားသမားတွေထဲမှာ ရာမရှ်က အငယ်ဆုံးပါ။

    ကမ္ဘာ့ချန်ပီယံ ၅ ကြိမ်ဖြစ်ဖူးပြီး ကာလ်ဆန်ကိုလည်း အနိုင်ရဖူးတဲ့ အိန္ဒိယ စစ်တုရင်ကစားသမား ဗစ်ဝါနာသန် အာနန်က ရာမရှ်ရဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူတယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ရာမရှ်ဟာ ကာလ်ဆန်မတိုင်ခင်ကပွဲမှာ Grandmaster တစ်ယောက်ဖြစ်တဲ့ လီဗွန်အေရိုနီယန်ကို အနိုင်ရခဲ့ပါတယ်။

    နည်းပြ အာရ်ဘီရာမက်ရှ်က ပြီးခဲ့တဲ့ ၆ လအတွင်း ရာမရှ်ဘာဘူရဲ့ ရလဒ်တွေဟာ အတက်အကျ မြန်လွန်းနေတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

    “ဒီလိုအတက်အကျမြန်နေမှုက စိုးရိမ်စရာဖြစ်ပြီး တည်ငြိမ်နေဖို့ လိုအပ်ပါတယ်။ ကာလ်ဆန်ကို အနိုင်ရလိုက်တာကလည်း အရေးပါပါတယ်။ စစ်တုရင်သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးကို နိုင်လိုက်တာဟာ သူ့အတွက် ကြီးမားတဲ့ အောင်မြင်မှုပါ”

    Ref: Aljazeera

  • အမျိုးသမီး ၂၀ ကျော်ကို လိမ်ညာလက်ထပ်ခဲ့သည့် အိန္ဒိယမှအမျိုးသား ဖမ်းဆီးခံရ

    အမျိုးသမီး ၂၀ ကျော်ကို လိမ်ညာလက်ထပ်ခဲ့သည့် အိန္ဒိယမှအမျိုးသား ဖမ်းဆီးခံရ

    ဖေဖော်ဝါရီ ၂၂၊ ၂၀၂၂
    M-Media

    -ဆရာဝန်ဟန်ဆောင်ကာ နှစ်ပေါင်း ၂၀ အတွင်း နိုင်ငံတစ်ဝှမ်းက အမျိုးသမီး အနည်းဆုံး ၂၇ ယောက်ကို လိမ်ညာယူခဲ့တဲ့ အိန္ဒိယက အမျိုးသားတစ်ဦး ဖမ်းဆီးခံလိုက်ရပါတယ်။

    ဘစ်ဟူ ပရာကရှ် ဆွာအင်လို့ အမည်ရတဲ့ အဲဒီအမျိုးသားဟာ အရပ် ၅ ပေ ၂ လက်မ ရှိပြီး နိုင်ငံအရှေ့ပိုင်း အိုဒီရှာ ပြည်နယ်ကပါ။

    ရဲတပ်ဖွဲ့က ပရာကရှ်ဟာ သူ့ကိုယ်သူ ဆရာဝန်လို့ လိမ်လည်ပြီး အနည်းဆုံး အမျိုးသမီး ၁၈ ယောက်ကို လက်ထပ်ထားတယ်ဆိုတဲ့ အထောက်အထားတွေကို တွေ့ရကာ၊ ငွေကြေးရယူလိုမှုနဲ့ ဆန္ဒရမက်ကြောင့် ဒီလို လုပ်ဆောင်တာဖြစ်ကြောင်း ထုတ်​ပြန်ပါတယ်။

    အိန္ဒိယ ပြည်တွင်းမီဒီယာတွေက အသက် ၆၇ နှစ်အရွယ် ပရာကရှ်ဟာ အနည်းဆုံး အမျိုးသမီး ၂၇ ဦးကို လိမ်ညာယူခဲ့တယ်လို့ ဖော်ပြပါတယ်။

    အွန်လိုင်းမှာ အသက် ၅၁ နှစ်အရွယ် ဆရာဝန်ဖြစ်တယ်လို့ ဟန်ဆောင်ကာ ပရာကရှ်တစ်ယောက် သားကောင်ရှာခဲ့ပြီး အသက် ၄၀ ကျော်အရွယ် ငွေကြေးချမ်းသာ၊ ပညာတတ်တဲ့ အပျိုကြီးတွေ၊ တစ်ခုလပ်၊ မုဆိုးမတွေကို ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

    နိုင်ငံတစ်ဝှမ်း လှည့်လည်နေထိုင်ကာ စာရွက်စာတမ်းအတုတွေလုပ်ပြီး အမျိုးသမီးတွေကို လှည့်ဖျားလက်ထပ်တဲ့ ပရာကက်ရှ်ဟာ မင်္ဂလာဆောင်ပြီးတဲ့နောက် အဲဒီအမျိုးသမီးဆီကနေ ငွေကြေး၊ပစ္စည်းဥစ္စာကို တစ်နည်းမဟုတ်နည်းနဲ့ လိမ်လည်ရယူခဲ့ပါတယ်။

    အသက် ၄၈ နှစ်အရွယ် ဇနီးတစ်ဦးက ပရာကက်ရှ်ဟာ အနည်းဆုံး အမျိုးသမီး ၇ ယောက်လောက်ကို လက်ထပ်ထားတယ်ဆိုတာ မထင်မှတ်ဘဲ တွေ့ရှိကာ တိုင်ကြားခဲ့ပြီးတဲ့နောက် ၂၀၂၁ ခုနှစ် မေလမှာ ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

    ပရာကရှ်ဟာ ဘဏ်အကောင့် ၁၃ ခု၊ အကြွေးဝယ်ကဒ် ၁၂၈ ခုနဲ့ ရူပီး ၁၀ သန်းလောက်ကို လိမ်လည်ခဲ့တာကိုလည်း ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။ လိမ်လည်မှုယုတ္တိရှိအောင် ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲခန်းတွေကိုလည်း သူက ဖွင့်ထားပြီး အဲဒီမှာအလုပ်လုပ်တဲ့ ဆရာဝန်တွေ၊ အခြားဝန်ထမ်းတွေကို လနဲ့ချီ လခမပေးတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

    သူလက်ထပ်ထားတဲ့ အမျိုးသမီးတွေရဲ့ ဖုန်းနံပါတ်တွေကို Madam Delhi၊ Madam Assam၊ Madam UP စသဖြင့် သူယူခဲ့တဲ့ ဒေသအလိုက် နာမည်ပေးပြီး ဖုန်းထဲမှာ မှတ်ထားတာကိုလည်း စုံစမ်းစစ်ဆေးမှုမှာ တွေ့ခဲ့ရပါတယ်။

    အိုဒီရှာပြည်နယ်က ရွာငယ်လေးတစ်ရွာမှာ မွေးဖွားခဲ့တဲ့ ပရာကရှ်ဟာ ၁၉၇၈ ခုနှစ်မှာ ပထမဆုံးအကြိမ် လက်ထပ်ခဲ့ပြီး သားသမီးသုံးဦး ထွန်းကားကာ ၂ ဦးက ဆရာဝန်၊ တစ်ဦးက သွားဆရာဝန်ဖြစ်ပါတယ်။ ဓာတ်ခွဲခန်း ကျွမ်းကျင်သူအဖြစ် လုပ်ခဲ့ပြီး ၂၀၀၂ ခုမှာ ဆရာဝန်အမျိုးသမီးတစ်ဦးနဲ့ ဒုတိယအိမ်ထောင် ပြုခဲ့ပါတယ်။

    အဲဒီနောက်ပိုင်း အမျိုးသမီးအများအပြားကို လှည့်စားလက်ထပ်ခဲ့တာ ဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့က ဒီလိမ်လည်မှုဟာ ပရာကရှ်တစ်ယောက်တည်းက လုပ်ဆောင်တာ မဟုတ်နိုင်ဘူးလို့ ယူဆထားပြီး ပါဝင်ပတ်သက်သူတွေကို လိုက်လံရှာဖွေနေပါတယ်။

    Ref : The Hindustan Times

  • အစ္စရေးထံမှ ဖုန်းစောင့်ကြည့်ဆော့ဖ်ဝဲကို အိန္ဒိယက ဝယ်ယူအသုံးပြုနေ

    အစ္စရေးထံမှ ဖုန်းစောင့်ကြည့်ဆော့ဖ်ဝဲကို အိန္ဒိယက ဝယ်ယူအသုံးပြုနေ

    ဇန်နဝါရီ ၃၀၊ ၂၀၂၂
    M-Media

    -၂၀၁၇ ခုနှစ် အိန္ဒိယအစိုးရက အစ္စရေးနဲ့ ချုပ်ဆိုတဲ့ လက်နက်ဝယ်ယူရေး သဘောတူညီချက်မှာ ဖုန်းတွေကို စောင့်ကြည့်တဲ့ စပိုင်ဝဲ Pegasus ဝယ်ယူဖို့လည်း ပါဝင်ခဲ့တယ်လို့ နယူးယောက်တိုင်းမ်း သတင်းဌာနက သောကြာနေ့မှာ ဖော်ပြပါတယ်။

    ဝန်ကြီးချုပ်မိုဒီဦးဆောင်တဲ့ ဟိန္ဒူအမျိုးသားရေးပါတီ BJP အစိုးရဟာ အစ္စရေးထံကနေ Pegasus စပိုင်ဝဲ ဝယ်ယူပြီး အတိုက်အခံတွေ၊ တက်ကြွလှုပ်ရှားသူတွေရဲ့ဖုန်းကို စောင့်ကြည့်အမြတ်ထုတ်နေတယ်ဆိုတဲ့သတင်း အရင်ကတည်းက ထွက်နေတာပါ။ မိုဒီအစိုးရက ဒါကို အစောပိုင်းမှာ ငြင်းဆိုထားပါတယ်။

    နယူးယေက်တိုင်းမ်သတင်းဌာနရဲ့ ဖော်ပြချက်မှာ မိုဒီရဲ့ ၂၀၁၇ ခုနှစ် အစ္စရေးခရီးစဉ်အတွင်း ကန်ဒေါ်လာ ၂ ဘီလီယံတန် လက်နက်ဝယ်ယူရေးစာချုပ် ချုပ်ဆိုမှုမှာ ဒုံးခွင်းစနစ်နဲ့ Pegasus စပိုင်ဝဲတို့ ဝယ်ယူမှု အဓိကဖြစ်ခဲ့ပြီး အခြား အဆင့်မြင့်လက်နက်တွေနဲ့ ထောက်လှမ်း​ရေးကိရိယာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

    ကမ္ဘာ့နိုင်ငံတစ်ချို့က အစိုးရတွေဟာ အစ္စရေးထုတ် Pegasus စပိုင်ဝဲကို အသုံးပြုပြီး အတိုက်အခံတွေ၊ တက်ကြွလှုပ်ရှားသူတွေရဲ့ ဖုန်းတွေကို စောင့်ကြည့်ကာ နှိပ်ကွပ်မှုတွေ လုပ်နေတယ်လို့ ပြီးခဲ့တဲ့နှစ်မှာ ကမ္ဘာ့မီဒီယာတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက စုံစမ်းဖော်ထုတ်ခဲ့ကြပါတယ်။

    Pegasus စပိုင်ဝဲထုတ်လုပ်တဲ့ NSO Group ကုမ္ပဏီက ဖောက်သည်တွေ ပစ်မှတ်ထားစောင့်ကြည့်နေတယ်လို့ ယူဆရတဲ့ ဖုန်းနံပါတ် ၅ သောင်းနီးပါးကိုလည်း မီဒီယာတွေက ဖော်ထုတ်ခဲ့ကြပြီး အဲဒီအထဲမှာ အိန္ဒိယက ဖုန်းနံပါတ် ၁ ထောင်ကျော် ပါဝင်ပါတယ်။ အဓိကအားဖြင့် အတိုက်အခံနိုင်ငံရေးသမားတွေ၊ BJP ပါတီကို ဝေဖန်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ ဖုန်းနံပါတ်တွေ ဖြစ်ပါတယ်။

    အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက NSO Group ကနေ ​နည်းပညာဝယ်ယူမှု မရှိဘူးလို့ ပြီးခဲ့တဲ့နှစ် လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။ နယူးယောက်တိုင်းမ်ရဲ့ သောကြာနေ့က ဖော်ပြချက်ကို အိန္ဒိယအစိုးရက တုန့်ပြန်မှု မရှိသေးပါဘူး။

    အဓိကအတိုက်အခံပါတီဖြစ်တဲ့ ကွန်ဂရက်ပါတီက BJP အစိုးရရဲ့ ဒီလုပ်ရပ်ဟာ နိုင်ငံတော် သစ္စာဖောက်မှုဖြစ်တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

    Ref: New York Times