News @ M-Media
Tag: India
  • အိန္ဒိယပြည်နယ်တစ်ခုတွင် အရက်သမားခင်ပွန်းကို ဇနီးသည်က တရားဝင် ရိုက်ခွင့်ရမည်
    အိန္ဒိယပြည်နယ်တစ်ခုတွင် အရက်သမားခင်ပွန်းကို ဇနီးသည်က တရားဝင် ရိုက်ခွင့်ရမည်
    မေ ၁၊ ၂၀၁၇
    M-Media
    – အိန္ဒိယနိုင်ငံ အလယ်ပိုင်း မဒ်ယာ ပရာဒက်ရှ်ပြည်နယ်မှာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အဖွဲ့လိုက် မင်္ဂလာဆောင်မှုအတွင်း ပြည်နယ်ဝန်ကြီးချုပ်က သတို့သမီးတွေကို အ၀တ်လျှော်တုတ် တစ်ချောင်းစီ ပေးခဲ့ပြီး ခင်ပွန်းဖြစ်သူက အရက်သောက်မယ်၊ ရိုက်နှက်မယ်ဆိုရင် ဒီတုတ်နဲ့ ပြန်ရိုက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
    ဧပြီ ၂၉ ရက်နေ့က ပြုလုပ်ခဲ့ပြီး သတို့သမီးပေါင်း ၇၀၀ နီးပါးလောက်ပါဝင်တဲ့ ဒီ စုပေါင်း မင်္ဂလာအခမ်းအနားကို အစိုးရက ဦးစီးပြုလုပ်ပေးတာ ဖြစ်ပါတယ်။
    တစ်ပေလောက်ရှည်တဲ့ ဒီတုတ်မှာ ‘ယစ်ထုပ်များကို ရိုက်ဖို့’ ‘ရဲက ၀င်မစွက်ရ’ ဆိုတဲ့ စာတမ်းကိုလည်း ရေးသားထားပါတယ်။
    ပြည်နယ်ဝန်ကြီးချုပ် ဘာရ်ဂါဗာကတော့ ခင်ပွန်းသည်တွေကို ပထမဆုံး နှုတ်နဲ့ တားမြစ်ရမှာဖြစ်ပြီး၊ နားမထောင်ဘူးဆိုရင်တော့ ဒီအ၀တ်လျှော်တုတ်နဲ့ ဆုံးမဖို့ သတို့သမီးတွေကို ပြောကြားခဲ့ပါတယ်။
    AFP သတင်းဌာနဲ့ တွေ့ဆုံမေးမြန်းမှုမှာ ဘာရ်ဂါဗာက အိန္ဒိယရဲ့ ကျေးလက်ဒေသမှာရှိတဲ့ အမျိုးသမီးတွေ အရက်သမားယောက်ျားတွေရဲ့ နှိပ်စက်ငြှင်းပမ်းခံနေရတဲ့ ဒုက္ခတွေကို လူတွေသိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီလိုပြုလုပ်တာဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။
    “ယောက်ျားက အရက်မူးလာတိုင်း ရိုက်နှက်ခံရတယ်လို့ အမျိုးသမီးတွေက ပြောပါတယ်။ သူတို့စုထားတဲ့ ပိုက်ဆံတွေကို ယူသွားပြီး အရက်သောက်ပစ်ပါတယ်။ အမျိုးသမီးတွေကို လှုံ့ဆော်ဖို့၊ ဒါမှမဟုတ် အကြမ်းဖက်ဖို့ ဆွပေးတယ်ဆိုတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ဒါပမယ့် ဒီ တုတ်က သူတို့ အကြမ်းဖက်ခံရတာကို တားမြစ်ဖို့ပါ” လို့ ၀န်ကြီးချုပ်က ပြောပါတယ်။
    ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အိန္ဒိယနိုင်ငံက ပြည်နယ်တော်တော်များများဟာ အရက်ကြောင့်ဖြစ်တဲ့ အကြမ်းဖက်မှုတွေကို တားဆီးဖို့အတွက် အရက်ကို ပိတ်ပင်တာ၊ ကန့်သတ်တာမျိုးတွေ လုပ်ခဲ့ပါတယ်။
    ပြီးခဲ့တဲ့နှစ်ကလည်း တမီလ်နာဒူးပြည်နယ် အစိုးရဟာ ရွေးကောက်ပွဲပြန်ဝင်တဲ့အချိန် မဲဆွယ်မှုမှာ အရက်ကို လုံးဝ တားမြစ်ပိတ်ပင်ပေးမယ်လို့ ပြောကြားခဲ့ပါတယ်။
    ဒီလိုကတိဟာ အမျိုးသမီးတွေကြားထဲမှာ ရေပန်းစားခဲ့ပြီး သူတို့က ပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့  လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ ဆင်းရဲတဲ့မိသားစုတွေရဲ့ ၀င်ငွေလျော့ပါးမှုတွေဟာ အရက်ကြောင့်ဖြစ်တယ်လို့ မှတ်ယူထားကြပါတယ်။
    Ref: CNA
  • အိန္ဒိယမှ အမေရိကန်ဗီဇာလျှောက်သူများ နတ်ဘုရား၏ အကူအညီ ရယူနေ
    အိန္ဒိယမှ အမေရိကန်ဗီဇာလျှောက်သူများ နတ်ဘုရား၏ အကူအညီ ရယူနေ
    ဧပြီ ၃၀၊ ၂၀၁၇
    M-Media
    – အိန္ဒိယနိုင်ငံတောင်ပိုင်းက နှစ်ပေါင်း ၅၀၀ သက်တမ်းရှိတဲ့ ဟိန္ဒူဘုရားကျောင်းတစ်ခုမှာ ရာပေါင်းများစွာသော အိန္ဒိယပြည်သူတွေဟာ နေ့စဉ်နဲ့အမျှ စုရုံးကာ ပူဇော်ပသနေကြပြီး သူတို့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ကတော့ အမေရိကန်ဗီဇာ ရရှိရေးပဲ ဖြစ်ပါတယ်။
    ဟိုက်ဒရာဘတ်မြို့ရဲ့ ဆင်ခြေဖုံးမှာ တည်ရှိပြီး ဟိန္ဒူနတ်ဘုရား ဗိဿနိုး ပြန်လည်ဝင်စားတဲ့ ဘာလာဂျီးနတ်ဘုရားကို အစွဲပြုတည်ဆောက်ထားတဲ့ ဒီ Chilkur Balaji ဘုရားကျောင်းဟာ အချိန်တော်တော်ကြာကတည်းက အမေရိကန် ဗီဇာ လျှောက်ထားကြတဲ့ အိန္ဒိယ ပြောင်းရွှေ့အခြေချသူတွေရဲ့ အားကိုးအားထားပြုရာနေရာ ဖြစ်ခဲ့ကာ ‘ဗီဇာဘုရားကျောင်း’ လို့ အမည်သစ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။
    ဒါပေမယ့် ဘုရားကျောင်း တာဝန်ရှိသူတွေကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် အာဏာရပြီးနောက်ပိုင်းမှာ လာရောက်သူတွေ ပိုပြီး မြင့်တက်လာတယ်လို့ ဆိုပါတယ်။ ထရမ့်ဟာ ဒီလအတွင်းမှာပဲ အမေရိကန်ရဲ့ H-1B အလုပ်ဗီဇာစနစ်ကို ပြုပြင်ပြောင်းလဲရေးအတွက် အမိန့်တစ်ခုကို လက်မှတ်ထိုးခဲ့ပါတယ်။
    H-1B ဗီဇာဟာ အိန္ဒိယ ပြောင်းရွှေ့အခြေချသူတွေ အလျှောက်များတဲ့ ဗီဇာတစ်ခု ဖြစ်ပေမယ့် ကျွမ်းကျင်မှုမြင့်ပြီး၊ လစာမြင့်တဲ့ လျှောက်ထားသူတွေအတွက်သာ ကန့်သတ်ထုတ်ပေးဖို့အတွက် ထရမ့်က ဆောင်ရွက်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ တော်တော်များများက စိုးရိမ်သောက ဖြစ်လာကြပါတယ်။
    အမေရိကန် ဗီဇာကို အကြိမ်ကြိမ်ငြင်းပယ်ခံရတဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာ ရှရီကန့်သ် အန်ဂီရီကူလာဟာ ကံကောင်းသူတွေထဲမှာ တစ်ဦဖြစ်ခဲ့ပြီး နောက်ဆုံးမှာ ဗီဇာရခဲ့ပါတယ်။
    “အံ့သြစရာပဲဗျ။ ပြီးခဲ့တဲ့ ၂ နှစ်လုံးလုံး ကျွန်တော် ဗီဇာ မရခဲ့ပါဘူး။ ဒါပေမယ့် ဘုရားကျောင်းကို သွားရောက်ခဲ့ပြီတဲ့နောက်ပိုင်းမှာ အရာအားလုံးဟာ အဆင်ချောခဲ့ပါတယ်။ ကျွန်တော်ဟာ သဘာဝလွန်သမားတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဘုရားရှင်ရဲ့ ကြားဝင်မှု ရှိခဲ့တယ်ဆိုတာကတော့ သေချာပါတယ်” လို့ အသက် ၃၃ နှစ်အရွယ် အန်ဂီရီကူလာက ပြောပါတယ်။
    အဲဒီဘုရားကျောင်းမှာ တစ်ပတ်ကို ယုံကြည်သူ ၁ သိန်းကျော်လောက် လာရောက်ကြပြီး ဗီဇာရဖို့နဲ့ အခြားအကြောင်းအရာတွေအတွက် ဖြစ်ပါတယ်။ သူတို့ဟာ နတ်ဘုရားရုပ်တုရှေ့မှာ သူတို့ရဲ့ နိုင်ငံကူးလက်မှတ်တွေနဲ့ ပန်းတစ်စည်းကို ဆက်ကပ်ပြီး ဘုရားကျောင်းအတွင်းပိုင်းက မွန်မြတ်ရာနေရာကို ဟိန္ဒူဂါထာတွေ ရွတ်ဖတ်ကာ ၁၁ ကြိမ် လှည့်ပတ်ပူဇော်ကြပါတယ်။
    သူတို့ရဲ့ဆန္ဒတွေ ပြည့်ဝသွားပြီးတဲ့နောက်ပိုင်းမှာတော့ ဒီယုံကြည်သူတွေဟာ ဘုရားကျောင်းကို ပြန်လာပြီး ၁၀၈ ကြိမ် ထပ်မံ လှည့်ပတ် ပူဇော်ပါတယ်။
    ကျောင်းထိုင်ဆရာတော် ရန်ဂါ ရာဂျန်က နိုင်ငံတစ်ဝှမ်း ယုံကြည်သူတွေဟာ ဗီဇာရရှိဖို့အတွက် ဒီကို လာရောက်ကြတယ်လို့ ဆိုပါတယ်။
    “ဒီ နိုင်ငံကူးလက်မှတ်၊ ဒီစာရွက်စာတမ်း၊ ဒီ သံရုံး၊ ဒီ ဖောင်ပါပဲ။ ဒါပေမယ့် ဘုရားရှင်ဆီမလာခင်က သူတို့ဟာ ဗီဇာတွေ ငြင်းပယ်ခံခဲ့ရပါတယ်။ ဒါတွေအားလုံးဟာ ဘာလာဂျီးရဲ့ ကောင်းချီးတွေပါ။ ဒါဟာ သဘာဝလွန် မဟုတ်ပါဘူး။ နာမ်ပိုင်းဆိုင်ရာပါ” လို့ ဘုန်းတော်ကြီးက ဆိုပါတယ်။
    ဒီဘုရားကျောင်း ဆုတောင်းပြည့်တယ်ဆိုတဲ့ သတင်းဟာ အင်ဂျင်နီယားအုပ်စုတစ်ခု ဗီဇာရဖို့ ဒီဘုရားကျောင်းမှာ လာရောက်ပူဇော်တဲ့ ၁၉၈၀ ပြည့်နှစ်လောက်ကတည်းက စတင်ကျော်ကြားခဲ့တာဖြစ်ပါတယ်။ သူတို့အားလုံးဟာ ဘုရားကျောင်းမှာ ဆုတောင်းပြီးတဲ့နောက် ဆန္ဒတွေ ပြည့်ဝသွားခဲ့ပြီး သိပ်မကြာခင်မှာပဲ အခြားသူတွေဟာလည်း ဒီသတင်းကြောင့် တစ်ဖွဲဖွဲ ရောက်ရှိလာခဲ့ကြပါတယ်။
    “ကျောင်းသွားတက်ဖို့အတွက် ကျွန်တော် ဗီဇာလျှောက်ထားတယ်။ ဘာလာဂျီးက အောင်မြင်အောင်လုပ်ပေးမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒီကို လာရောက်မှုက ကျွန်တော့်ရဲ့ ယုံကြည်မှုကို ပိုပြီး တိုးစေပါတယ်” လို့ ကျောင်းသာတစ်ဦးဖြစ်တဲ့ ရာဂျာ ရှက်ခ်ဟာ ရက်ဒီက ပြောကြားခဲ့ပါတယ်။
    Ref: AFP
  • အိန္ဒိယမှ ၁၀၁ နှစ်အရွယ် အဖွားအို မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် သမိုင်းသစ်ရေးထိုး
    အိန္ဒိယမှ ၁၀၁ နှစ်အရွယ် အဖွားအို မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် သမိုင်းသစ်ရေးထိုး
    ဧပြီ ၂၇၊ ၂၀၁၇
    M-Media
    – အိန္ဒိယနိုင်ငံ ချန်ဒီဂါရ်မြို့မှ အသက် ၁၀၁ နှစ်အရွယ် အဖွားအိုတစ်ဦးမှာ World Masters Games မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့ပြီး မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိခဲ့သည့် အသက်အကြီးဆုံး ကစားသမားဖြစ် သမိုင်းရေးထိုးနိုင်ခဲ့သည်ဟု သိရသည်။
    မန် ကူရ်ဟုခေါ်ဆိုသည့် အဆိုပါ အဖွားအိုမှာ နယူးဇီလန်နိုင်ငံတွင် တနင်္လာနေ့က ပြုလုပ်ခဲ့သည့် အဆိုပါ အပြေးပြိုင်ပွဲတွင် အသက် ၁၀၀ အထက် အတန်း၌ တစ်ဦးတည်းသော ယှဉ်ပြိုင်သူ ဖြစ်ခဲ့ကာ ၇၄ စက္ကန့်ဖြင့် ပန်းဝင်ခဲ့သည်။
    အသက် ၃၅ နှစ်နှင့်အထက် ပုံသဏ္ဍာန်အမျိုးမျိုးရှိသည့် သူများအတွက် ရည်ရွယ်ပြုလုပ်ပေးသည့် အဆိုပါ World Masters Games ပြိုင်ပွဲကို ၄ နှစ်တစ်ကြိမ်ကျင်းပခြင်းဖြစ်သည်။
    အားကစားနည်းပေါင်းစုံ တတ်ကျွမ်းသည့် မန်ကူရ်မှာ မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင်လည်း ရွှေတံဆိပ် ရခဲ့ပြီး ယနေ့တွင်ပြုလုပ်မည့် လှံတံပစ် ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
    Ref: Huffington Post
  • အိန္ဒိယရဲ့ ပထမဆုံးဗလီ (သို့မဟုတ်) လူမှုသဟဇာတဖြစ်မှု ပြယုဂ်
    အိန္ဒိယရဲ့ ပထမဆုံးဗလီ (သို့မဟုတ်) လူမှုသဟဇာတဖြစ်မှု ပြယုဂ်
    ဧပြီ ၂၄၊ ၂၀၁၇
    M-Media
    ‘ချီရာမန်’ ဗလီဝတ်ကျောင်းတော်
    – အာရေဗျပင်လယ်နဲ့ မျက်နှာချင်းဆိုင်တည်ရှိနေတဲ့ အိန္ဒိယနိုင်ငံအနောက်ပိုင်း ကမ်းရိုးတန်းဟာ တစ်ချိန်က ဟိန္ဒူဘုရင်တစ်ပါး အုပ်စိုးရာဒေသဖြစ်ပြီး ဒီဘုရင်ကြီးဟာ လ နှစ်ခြမ်းကွဲသွားတဲ့ အဖြစ်အပျက်တစ်ခုကို တွေ့ရှိခဲ့ပါတယ်။ ဒီ မြင်ကွင်းဟာ သတိပေးချက်တစ်ခုလားလို့ စိုးရိမ်သွားတဲ့သူဟာ နန်တွင်းက နက္ခတဗေဒင်ဆရာတွေကို ခေါ်ယူပြီး အနက်ကောက်ခိုင်းပါတော့တယ်။
    ဒါပေမယ့် ဒီပညာရှင်တွေဟာ ဘုရင်ကြီး ကျေနပ်လောက်အောင် ရှင်းမပြနိုင်ခဲ့ဘဲ အခုအချိန်မှာ အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ် ဖြစ်နေတဲ့ ဒီဒေသကို အာရပ်ကုန်သည်အုပ်စုတစ်ခု ရောက်လာတဲ့အထိ ဒါဟာ အဖြေမရတဲ့ ပုစ္ဆာအဖြစ် ရှိခဲ့ပါတယ်။ ဒီကုန်သည်တွေက ဘုရင်ကြီးရဲ့ ဒီမြင်မက်မှုဟာ တမန်တော် မုဟမ္မဒ်သခင်ရဲ့ တန်ခိုးပြဋိဟာတွေထဲက တစ်ခုအတွက် အထောက်ထားဖြစ်ဖွယ်ရှိတယ်လို့ ရှင်းပြခဲ့ပါတယ်။
    ဒီရှင်းပြချက်ကို လက်ခံသွားပြီးတဲ့နောက် ဘုရင်ကြီးဟာ အစ္စလာမ်သာသနာကို သက်ဝင်ယုံကြည်ခဲ့ပြီး အစ္စလာမ့်ရဲ့ အမြင့်မြတ်ဆုံးနေရာဖြစ်တဲ့ မက္ကာမြို့ကို သွားရောက်ခဲ့ပါတယ်။ ဘုရင်ကြီးဟာ သူ့ရဲ့နိုင်ငံကို အသက်ရှင်လျက် ပြန်မလာနိုင်တော့ပေမယ့် အိန္ဒိယရဲ့ ပထမဆုံး ဗလီဝတ်ကျောင်းတော် ဖြစ်လာမယ့် အဆောက်အဦးတစ်ခုကို ဆောက်လုပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။
    ဒါဟာ အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ် ကိုဒွန်ဂါလူးရ်မြို့မှာ တည်ရှိတဲ့ ‘ချီရာမန်’ ဗလီဝတ်ကျောင်းတော်ရဲ့ ဒဏ္ဍာရီဇာတ်ကြောင်း ဖြစ်ပါတယ်။
    ဒါပေမယ့် ဒီဗလီဝတ်ကျောင်းတော်ရဲ့ သမိုင်းအမှန်ကတော့ ရှုပ်ထွေးပါတယ်။ ၀တ်ကျောင်းတော် ပရ၀ုဏ်အတွင်းက အုပ်မြစ်မှာ ဆောက်လုပ်တဲ့ခုနှစ်ကို ၆၂၉ ခုနှစ်လို့ ရေးထားပေမယ့် ဒီအထောက်အထားဟာ အငြင်းပွားစရာ ဖြစ်နေပါတယ်။
    ကီရာလာဇာတိ သမိုင်းပညာရှင် ရာဂျန် ဂုရုကဲလ်က ဒီဗလီဝတ်ကျောင်းတော်ဟာ ၁၁ ရာစု၊ ဒါမှမဟုတ် ၁၂ ရာစုလောက်မှာ ဆောက်တာဖြစ်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဗလီဝတ်ကျောင်း တော် ဂေါပကအဖွဲ့ ဥက္ကဌ မိုဟာမက် ဆယစ်ဒ်ကတော့ ဒီဗလီဝတ်ကျောင်းတော်ဟာ နိုင်ငံရဲ့ ပထမဆုံး ဗလီဝတ်ကျောင်းတော်ဖြစ်တယ်ဆိုတဲ့ အယူအဆကို ဆက်လက်ထိန်းသိမ်းထားပါတယ်။
    ကိုဒွန်ဂါလူးရ်ဟာ ပြည်နယ်က နာမည်ကြီး ခရီးသွားမြို့ဖြစ်တဲ့ ကိုချီရဲ့ မြောက်ဖက်မှာရှိပြီး တစ်နာရီလောက် သွားရပါတယ်။ ဒါပေမယ့် ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်မှုကတော့ သိပ်မရှိပါဘူး။ ပြည်နယ်အစိုးရက ဒီအခြေအနေကို ပြောင်းလဲပစ်ဖို့အတွက် ဒီဒေသရဲ့ သမိုင်းဝင်မှုကို မီးမောင်းထိုးပြမယ့် ရည်မှန်းချက်ကြီးတဲ့ စီမံချက်တစ်ခုကို စတင်နေပါတယ်။
    ‘မူဇီရစ် သမိုင်းအမွေအနှစ် စီမံကိန်း’ လို့ခေါ်ဆိုပြီး ပြည်နယ်အတွင်းက ကျေးရွာကောင်စီ ၇ ခု ပါဝင်မှာဖြစ်ကာ ပြတိုက် ၂၇ ခုနဲ့ စိတ်ဝင်စားအောင် စီမံထားတဲ့ နေရာပေါင်း ၅၀ ကျော် ပါဝင်မှာဖြစ်ပါတယ်။ ဒီနေရာတွေထဲမှာ ဟင်းခပ်အမွှေးအကြိုင်ပြတိုက်ကနေ၊ ရောမ ရေကရား၊ အီတလီ ကြွေထည်မြေထည် စတာတွေကို တူးဖော်တွေ့ရှိတဲ့နေရာတွေလည်း ပါမှာပါ။
    စီမံကိန်းရဲ့ ပထမအဆင့်မှာ အစိုးရက ဂျူးဘုရားကျောင်းနှစ်ခုကို ပြင်ဆင်ခဲ့ပြီး အများပြည်သူ လာရောက်ကြည့်ရှုဖို့အတွက် ဖွင့်လှစ်ပေးခဲ့ပါတယ်။
    မွတ်စလင်နဲ့ ခရစ်ယာန်က ပြည်နယ်လူဦးရေရဲ့ ထက်ဝက်လောက်ရှိတဲ့ ဒီဒေသမှာ ဒီလို ဘာသာရေးဆိုင်ရာ သမိုင်းဝင်နေရာတွေက သဟဇာတဖြစ်မှု သတင်းစကားတစ်ခုပေးဖို့ အထောက်အကူဖြစ်စေမယ်လို့ ပြည်နယ်အစိုးရက မျှော်လင့်နေပါတယ်။
    လူမှု သဟဇာတဖြစ်မှု
    မာရ်သိုမာ ခရစ်ယာန်ဘုရားကျောင်း
    မင်နာရတ် ၂ ခု၊ ကျယ်ပြောတဲ့ ၀တ်ပြုရာနေရာတစ်ခုပါဝင်ပြီး အုပ်ကျွပ်မိုး အပြာဖျော့ရောင်အဆောက်ဦးဖြစ်တဲ့ ‘ချီရာမန်’ ဗလီဝတ်ကျောင်းတော်ရဲ့ သွင်ပြင်ဟာ သူ့ရဲ့ ကာလကြာညောင်းမှုကို ဖော်ပြနေပါတယ်။ ပြီးခဲ့တဲ့ ရာစုနှစ်တွေအတွင်းမှာ ဒီ ဗလီဝတ်ကျောင်းတော်ကို ပြုပြင်မှုတွေလည်း ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။
    လက်ရှိအချိန်အထိ ဒီဗလီဝတ်ကျောင်းတော်ဟာ ၀တ်ပြုမှုတွေနဲ့ စည်ကားနေပါသေးတယ်။ ကိုဒွန်ဂါလူရ်မှာ နေထိုင်တဲ့ မွတ်စလင် ၇၀၀၀ သာမက ဟိန္ဒူတွေလည်း ဒီဗလီဝတ်ကျောင်းတော်ကို လာရောက် ၀တ်ပြုကြပါတယ်။
    “ဝေလီဝေလင်းအချိန်နဲ့ မနက် အာရုံတက်အချိန်တွေမှာ ဟိန္ဒူ တော်တော်များများ ဒီကိုလာပြီး ၀တ်ပြုဆုတောင်းကြတာကို တွေ့နိုင်ပါတယ်” လို့ ဆယစ်ဒ်က ရှင်းပြပါတယ်။
    ဒီဗလီဝတ်ကျောင်းတော်ရဲ့ မနီးမဝေးမှာ အခြားသော ဘာသာရေး အဆောက်အဦးတွေလည်း ရှိနေပါတယ်။ မီတာ ၅၀ အဝေးမှာ ဟိန္ဒူဘုရားကျောင်းတစ်ခုရှိပြီး၊ ဒီဒေသအတွင်းမှာ အနည်းဆုံး ခရစ်ယာန်ဘုရားကျောင်း ၅ ခု ရှိပါတယ်။
    သမိုင်းကြောင်းဆိုင်ရာ ပိုပြီး စိတ်ဝင်စားကြတာကတော့ ‘ပါရာဗူရ်’ ဂျူးဘုရားကျောင်းဖြစ်ပြီး အိန္ဒိယနိုင်က သက်တမ်းအရင့်ဆုံး ဂျူးဘုရားကျောင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီဘုရားကျောင်းဟာ ချီရာမန် ဗလီဝတ်ကျောင်းတော်နဲ့ ၁၀ ကီလိုမီတာ အကွာမှာရှိပြီး၊ ၈ ကီလိုမီတာအကွာမှာတော့ ‘ကိုတာကာဗူ’ ခရစ်ယာန်ဘုရားကျောင်း ရှိပါတယ်။ ဒီ ဘုရားကျောင်းကလည်း နိုင်ငံအတွင်း ရှေးကြတဲ့ခရစ်ယာန် ဘုရားကျောင်းများထဲက တစ်ခုဖြစ်ပါတယ်။
    အဲဒီ ၀တ်ပြုရာနေရာအားလုံးဟာ သမိုင်းမွေအနှစ် စီမံကိန်းရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ အဲဒီစီမံကိန်းကို ၂၀၀၉ ခုနှစ်မှာ စတင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ပထမအဆင့် ပြီးဆုံးပါတယ်။
    ဒီလို ဘာသာပေါင်းစုံက ၀တ်ပြုရာအဆောက်အဦးတွေ ဘေးချင်းကပ် တည်ရှိနေတဲ့ အချက်ရဲ့ နောက်ကွယ်မှာ ဒီနေ့ခေတ် ကမ္ဘာကြီးအတွက် အရေးပါတဲ့ သင်ခန်းစာတစ်ခုလည်း ရှိနေပါတယ်။
    “ဒီလူတွေအားလုံးဟာ ဘာပြဿနာမှ မရှိဘဲ အတူယှဉ်တွဲနေထိုင်နိုင်တယ်ဆိုတဲ့ ဥပမာကို ပေးဖို့ ကျွန်တော်တို့ လုပ်နေတာပါ။ မူဇီရစ် စီမံကိန်းဟာ ဘာသာရေး သဟဇာတဖြစ်မှုရဲ့ ဥပမာတစ်ခုအဖြစ် ကျွန်တော်တို့ ရှေ့ဆက်သွားချင်ပါတယ်” လို့ စီမံကိန်းရဲ့ အကြီးတန်းအကြံပေး ဘန်နီ ကူရီယာကိုဆီက ဆိုပါတယ်။
    ဒီဒေသမှာနေထိုင်သူ အန်တိုနီ ဒီအင်ကတော့ ယနေ့ခေတ် ကိုဒွန်ဂါလူရ်မှာလည်း လူမျိုးစုံဘာသာစုံဝါဒ ထွန်းကားနေဆဲဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
    “ဟိန္ဒူ၊ မွတ်စလင်နဲ့ ခရစ်ယာန်တွေ နေထိုင်တယ်ဆိုတာကို တွေးကြည့်ရင် ကိုဒွန်ဂါလူရ်လို နေရာမျိုးဟာ အင်မတန် ရှားပါးတဲ့ နေရာပါ”
    ခရစ်ယာန် ကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ ဒီအင်က ဟိန္ဒူသူငယ်ချင်းတွေနဲ့အတူ ဘုရားကျောင်းသွားရင်း ကြီးပြင်းလာသူပါ။ ပွဲတော်ရှိတဲ့အချိန် သူဟာ ဟိန္ဒူသူငယ်ချင်းတွေနဲ့အတူ သွားလေ့ရှိပါတယ်။
    “ဒါက ကျွန်တော်တို့ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီဗျ” လို့ သူက ဆိုပါတယ်။
    ယူကေ ဗစ်ဝါနသန်ဟာ ကိုဒွန်ဂါလူရ်မှာ မွေးဖွားကြီးပြင်းခဲ့တာဖြစ်ပေမယ့် ၁၉၆၉ ခုနှစ်မှာ မွေးရပ်မြေကို စွန့်ခွာကာ နိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် မွမ်ဘိုင်းမှာ အလုပ်လုပ်ဖို့ သွားခဲ့ပါတယ်။ နှစ်ပေါင်း ၄၀ အကြာမှာတော့ သူဟာ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
    သူလိုချင်တာအားလုံးကို မွမ်ဘိုင်းမြို့က ပေးနိုင်ပေမယ့် အကြောင်းအရင်းတစ်ခုက ကိုဒွန်ဂါလူရ်ကို ပြန်လာဖို့ ဆွဲဆောင်ခဲ့ပါတယ်။
    “ကျွန်တော်တို့မှာ အင်မတန်ကောင်းတဲ့ လူမှုရေး သဟဇာတဖြစ်မှု ရှိတယ်ဗျ။ ဒီအကြောင်းအရင်းတစ်ခုကြောင့် ကျွန်တော် ဒီကို ပြန်လာတာပါ”
    ဟင်းခပ်အမွှေးအကြိုင်
    ဘဟာဂါဗာသီ ဒေ၀ီ ဟိန္ဒူဘုရားကျောင်း
    ကိုဒွန် ဂါလူရ်မှာ ထွန်းကားနေတဲ့ ဘာသာရေး သဟဇာတဖြစ်မှုဟာ ‘ငရုပ်ကောင်းနက်’ ဆိုတဲ့ အရာတစ်ခုအပေါ်မှာ မှီတည်နေပါတယ်။
    ဒီနေ့ခေတ်မှာ ငရုပ်ကောင်းနက်ဟာ ကမ္ဘာတစ်ဝှမ်းက မီးဖိုဆောင်တိုင်းမှာ မြင်တွေ့ရပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ အရင်က ငရုပ်ကောင်းနဲ့ အခြား ဟင်းခပ်အမွှေးအကြိုင်တွေကို အရောင်းအ၀ယ်လုပ်ဖို့ ပီရီယာမြစ်ကမ်းနဖူးမှာရှိတဲ့ မူဇီရစ်မြို့လေးကို လာရောက်ကြရပါတယ်။
    စောစောပိုင်း ကုန်သည်တွေဟာ (ဘီစီ ၉၀၀) ဆော်လမွန်ဘုရင်လက်ထက်က အီဂျစ်လူမျိုးတွေဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဂရိ၊ ဖိုနေးရှန်း၊ အစ္စလာမ်မတိုင်ခင်နဲ့ အစ္စလာမ်ထွန်းကားပြီးနောက်ပိုင်း အာရပ်ကုန်သည်တွေလည်း လာရောက်ကြတယ်လို့ Rethinking Classical Indo-Roman Trade စာအုပ်ကို ရေးသားခဲ့တဲ့ ဂုရုကာလ်က ဆိုပါတယ်။
    အချို့သော ကုန်သည်တွေဟာ လိုအပ်ချက်ကြောင့် မူဇီရစ်မှာ အခြေချ နေထိုင်ခဲ့တယ်လို့လည်း ဂုရုကာလ်က ဖွင့်ဟခဲ့ပါတယ်။
    အေဒီ ပထမရာစုနှစ်တစ်ဝိုက်မှာ နိုင်ငံခြား ကုန်သည်တွေဟာ မိုးရာသီ လေတိုက်နှုန်းကို အားပြုပြီး အိန္ဒိယကို အချိန်တိုတိုအတွင်းမှာ ရွက်လွှင့်နိုင်ခဲ့ကြပါတယ်။ အဲဒီလေက ကုန်သည်တွေအတွက်တော့ သဘာဝရဲ့ စည်းချက်တစ်ခုဖြစ်ခဲ့ပြီး မိုးရာသီလေနဲ့ လာရောက်ကြတဲ့ ကုန်သည်တွေဟာ လနည်းနည်း ကြာပြီးတဲ့နောက် လေကြောင်းပြောင်းသွားတဲ့အခါမှာ ပြန်သွားကြပါတယ်။
    “ဒီလိုနေထိုင်တဲ့အချိန်မှာ တစ်ချို့ဟာ ဒေသခံတွေထဲက အိမ်ထောင်ဖက်ရွေးချယ်ပြီး ယာယီ နေရာထိုင်ခင်း စီစဉ်ကြတယ်ဆိုတာ ဓမ္မတာပါပဲ” လို့ ဂုရုကာလ်က ပြောပါတယ်။
    ဒီလိုအနေအထားဟာ ရာစုနှစ်အနည်းငယ်အထိ ရှိခဲ့ပြီး နောက်ပိုင်းမှာတော့ ဆီးရီးယားခရစ်ယာန်တွေ ရောက်လာကာ ဒေသခံ ဘုရင်တွေရဲ့ ခွင့်ပြုချက်နဲ့ သူတို့ရဲ့ ကိုယ်ပိုင် ၀တ်ပြုရာအဆောက်အဦးတွေကို ဆောက်လုပ်ကြကာ ယနေ့ ကျွန်တော်တို့ ခေါ်ဆိုနေတဲ့ လူမျိုးစုံဝါဒကို ဖြစ်စေခဲ့ပါတယ်။
    ဒီလို မတူညီတဲ့ အုပ်စုတွေဟာ အင်မတန် နီးနီးကပ်ကပ်နဲ့ ရှိနေခဲ့ပေမယ့် ဘာသာရေးတင်းမာမှုတွေ မဖြစ်ခဲ့ဘူးလို့လည်း ဂုရုကာလ်က ဆိုပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့ဟာ စီးပွားရေးအရ ပြိုင်ဆိုင်တာမျိုး မရှိလို့ပါ။ သူတို့အားလုံးဟာ ဒီဆိပ်ကမ်းမြို့က မတူညီတဲ့ ထွက်ကုန်တွေကို လိုချင်ကြပါတယ်။ ပြဿနာကတော့ စီးပွားရေးမှာ လက်ဝါးကြီးအုပ်ချင်တဲ့ ပေါ်တူဂီတွေ ရောက်လာတဲ့ ၁၆ ရာစုမှာ ဖြစ်လာတယ်လို့ ဂုရုကာလ်က ပြောကြားခဲ့ပါတယ်။
    အဲဒီအချိန်မှာ မူဇီရစ်ဟာ ကုန်သွယ်ရေးအချက်အခြာနေရာ မဟုတ်တော့ပါဘူး။ ဆိပ်ကမ်းဟာ ရေကြီးမှု၊ ၁၄ ရာစု မြေငလျင်ကြောင့် ပျက်ဆီးသွားပြီး ကုန်သွယ်ရေးအချက်အခြာနေရာက ကိုချီ ဖြစ်လာခဲ့ပါတယ်။ ဒီမြို့ဟာ ယနေ့အချိန်အထိ ပြည်နယ်ရဲ့ အကြီးဆုံး စီးပွားရေး အချက်အခြာနေရာ ဖြစ်နေတုန်းပါ။
    ကိုဒွန်ဂါလူရ် ပြန်ရှင်သန်လာခြင်း
    ချီရာမန် ဗလီဝတ်ကျောင်းတော်တွင် မွတ်စလင်အမျိုးသမီးတစ်ဦး ၀တ်ပြုဆုတောင်းနေပုံ
    ကိုဒွန်ဂါလူရ်ရဲ့ သမိုင်းကြောင်းကို ၂၀၀၀ ခုနှစ် စွန်းစွန်းအထိ လူတွေက သိပ်မသိကြပါဘူး။ မိုးတအားရွာတဲ့တစ်ချိန်မှာ ရွှံ့ထဲကနေ အရောင်စုံတဲ့ ပုတီးစေ့လေးတွေကို တွေ့ခဲ့ရပြီး ဒီသတင်းကြောင့် ရှေးဟောင်းသုတေသနပညာရှင်တွေနား ပေါက်ခဲ့ပြီး ၂၀၀၇ ခုနှစ်မှာ တူးဖော်မှုတွေ စလုပ်ပါတော့တယ်။
    နှစ်တော်တော်များများ ကြာတဲ့အခါမှာတော့ ဒီပညာရှင်တွေဟာ အရာဝတ္ထုပေါင်း ၉၅၀၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖန်ပုတီတွေကနေ၊ အခုခေတ် အီရတ်လို့ခေါ်တဲ့ မက်ဆိုပိုတေးမီးယားက အိုးအစိတ်အပိုင်းတွေအထိ ပါဝင်ပါတယ်။
    ပြည်နယ်အစိုးရကတော့ ပြန်လည်တူးဖော်ရေးစီမံကိန်းအတွက် အကြီးအကျယ် ငွေကြေးထောက်ပံ့ခဲ့ပါတယ်။ ကုလရဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း ယူနက်စကိုက အရှေ့တိုင်းနဲ့ အနောက်တိုင်းကို ဆက်နေတဲ့ ရှေးခေတ် ပင်လယ်ရေလမ်းကြောင်း ကွန်ရက်တစ်ခုဖြစ်တဲ့ ဟင်းခပ်အမွေးအကြိုင် ကုန်သွယ်မှုလမ်းကြောင်းမှာ ပါဝင်ခဲ့တဲ့ ရှေးဟောင်း မြို့တွေအကြား ယဉ်ကျေးမှုဆိုင်ရာ ဆက်နွယ်မှုကို အလေးပေးတဲ့ သီးခြား စီမံကိန်းတစ်ခုကို ငွေကြေးထောက်ပံ့ပေးထားပါတယ်။
    ဒီ ပြန်လည်တူးဖော်ရေးလုပ်ငန်းဟာ ၉ နှစ်တာ ကြာမြင့်ခဲ့ပေမယ့် လုပ်စရာတွေကတော့ အများကြီး ရှိနေဆဲပဲလို့ ကူရီယာ ကိုဆီက ပြောပါတယ်။ စီမံကိန်းရဲ့ ဒုတိယအဆင့်ကို မေလမှာ စတင်မှာဖြစ်ပြီး စီမံကိန်း လုံးဝပြီးစီးဖို့အတွက်တော့ နှစ်တော်တော်များများ ကြာအုံးမှာပါ။
    အေဒီ ပထမရာစုက ရောမ စာရေးဆရာ ‘ပလင်နီ သည် အဲလ်ဒါး’ က ‘အိန္ဒိယရဲ့ ပထမဆုံး ပဒေသာတိုက်’ လို့ တင်စားခြင်းခံရတဲ့ ကိုဒွန်ဂါလူရ်ဟာ ယခင်က ရှိခဲ့တဲ့ လူမျိုးစုံဘာသာစုံဝါဒ ငွေ့အသက်တွေ ကျန်ရှိနေဆဲပါ။
    တစ်ချိန်က ပုလဲ၊ ဆင်စွယ်၊ ပိုးထည်၊ နံ့သာဆီတွေ အမြောက်အများကို တင်ပို့ရာဒေသ ဖြစ်ခဲ့ပြီး အခုခေတ်မှာတော့ ဒေသခံတွေအားထားတဲ့ ဈေးလောက်သာ ရှိပါတော့တယ်။
    ၁၉၅၀ ပြည့်နှစ်တွေမှာ ဒီဒေသကဂျူးတွေ အစ္စရေးကို ရွှေ့ပြောင်းသွားကြပြီးတဲ့နောက်ပိုင်းမှာ ကိုဒွန်ဂါလူရ်မှာ ဂျူးအနည်းငယ်သာ ရှိတော့ပေမယ့် ဒေသရဲ့ လူမျိုးစုံဘာသာစုံဝါဒကတော့ ဆက်ရှိနေဆဲဖြစ်ပါတယ်။
    ဟိန္ဒူဘာသာဝင်တစ်ဦးဖြစ်တဲ့ ဗစ်ဝါနသန်က မကြာသေးခင်ကပဲ ဒေသတွင်းက ဟိန္ဒူဘုရားကျောင်း တစ်ကျောင်းကို သွားရောက် ဖူးမြှော်ခဲ့ပါတယ်။ အဲဒီ ဘုရားကျောင်းမှာ ဆုတောင်းပြီးနောက်ပိုင်း သူဟာ အနားက ဗလီဝတ်ကျောင်းတော်ကိုလည်း သွားရောက်ခဲ့ပါတယ်။ အဲဒီဗလီက အီမာမ်က သူ့ရဲ့အမည်ကို မေးပြီးတဲ့နောက် ကုရ်အာန်ကျမ်းစာထဲက စာပိုဒ်တွေကို ရွတ်ဖတ်ကာ ကောင်းချီးပေးပါတော့တယ်။
    “မွတ်စလင်ဘုန်းကြီးတစ်ပါး ကောင်းချီးပေးတဲ့ ခံစားမှုမျိုးက ကျွန်တော့်ကို စွဲမက်သွားစေပါတယ်။ အဲဒီ ၅ စက္ကန့်အတွင်းမှာ ကမ္ဘာပေါ်က ကောင်းချီးအားလုံးကို ရရှိခဲ့ပါတယ်”
    Ref: Aljazeera
    (အလ်ဂျာဇီးရား သတင်းဌာနတွင် ဖော်ပြထားသည့် India’s Cheraman mosque: A symbol of religious harmony ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
  • အိန္ဒိယတစ်ဝှမ်း အရက်ပိတ်ပင်လျှင် ဘာသာတရားများ ပိုစည်းလုံးမည်ဟု ပြည်နယ်ဝန်ကြီးချုပ် ပြော
    အိန္ဒိယတစ်ဝှမ်း အရက်ပိတ်ပင်လျှင် ဘာသာတရားများ ပိုစည်းလုံးမည်ဟု ပြည်နယ်ဝန်ကြီးချုပ် ပြော
    ဧပြီ ၂၃၊ ၂၀၁၇
    M-Media
    ဘီဟာရ်ပြည်နယ်ဝန်ကြီးချုပ် နီတစ်ရှ်ကူးမားရ်
    – အိန္ဒိယတစ်နိုင်ငံလုံးတွင် အရက်ကို တားမြစ်ပိတ်ပင်ရန်အတွက် ဘီဟာရ်ပြည်နယ် ၀န်ကြီးချုပ် နီတစ်ရှ် ကူမားရ်က ယနေ့တွင် တိုက်တွန်းလိုက်ပြီး ထိုသို့ဆောင်ရွက်ခြင်းက ဘာသာတရားအားလုံးကို ပေါင်းစည်စေမည်ဟုလည်း ဆိုသည်။
    ကူးမားရ်ဦးဆောင်သည့် ဘီဟာရ်ပြည်နယ် အစိုးရအဖွဲ့မှာ ပြည်နယ်တစ်ခုလုံးတွင် အရက်ကို တားမြစ်ပိတ်ပင်ထားပြီး မဟာရက်ရှ်ထရာ ပြည်နယ်တွင် ၎င်း၏ပါတီ ဂျန်တာဒါလ်း၏ ရုံးခွဲဖွင့်လှစ်မှု အခမ်းအနား၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
    “ဘာသာတရားတိုင်းဟာ အရက်သောက်သုံးမှုကို ဆန့်ကျင်ပါတယ်။ အိန္ဒိယတစ်နိုင်ငံလုံးမှာ အရက်ကို ပိတ်ပင်တာဟာ ပြည်သူအားလုံး၊ ဘာသာတရားအားလုံး ပေါင်းစည်းဖို့ ကူညီနိုင်ပါတယ်” ဟု ကူးမားရ်က ပြောကြားခဲ့သည်။
    ထို့ပြင် အဝေးပြေးလမ်းများတွင် အရက်ရောင်းချမှု ပိတ်ပင်ရန် တရားရုံးချုပ်က ချမှတ်ထားသည့် အမိန့်ကို မနာခံသည့် ပြည်နယ်များကိုလည်း ကူးမားရ်က ဝေဖန်ခဲ့သည်။
    “ဒါက အန္တရာယ်ဗျ။ ဘီဟာရ်က အရက်ကင်းမဲ့တဲ့ ပြည်နယ်ပါ။ ၀င်ငွေတော့မရဘူးပေါ့လေ။ အရက်ရောင်းချမှု၊ သောက်သုံးမှုအတွက် အခွန်က ရူပီး ကုဋေ ၅၀၀၀ ရတယ်။ ဒါပေမယ့် အရက်ရောင်းတာကြောင့် ဘီဟာရ်လို ဆင်းရဲတဲ့ပြည်နယ်က လူတွေရဲ့ ၀င်ငွေ ကုဋေ ၁၀၀၀ လောက် အဆုံးရှုံးခံမှာ မဟုတ်ပါဘူး။ ၀င်ငွေက အဲဒီလောက်ကြီး လျော့သွားတာလည်း မဟုတ်ပါဘူး။ အဝေးပြေးလမ်းမှာ မတော်တဆဖြစ်မှုကတော့ ကျဆင်းသွားပါတယ်” ဟု ကူးမားရ်ဟု ဆိုပြီး အရက်ကို တားဖြစ်ပိတ်ပင်ပြီးနောက် ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း တိုးတက်လာသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    နိုင်ငံရှိ အမျိုးသမီး ၈၀ ရာခိုင်နှုန်းမှာ ခင်ပွန်းများ၏ အရက်စွဲမှုကြောင့် စိတ်ကျရောဂါ ခံစားနေရသည့်ဆိုသည့် ဂိုအာသတင်းစာ၏ သတင်းတစ်ပုဒ်ကိုလည်း ကူးမားရ်က ထောက်ပြခဲ့သည်။
    ဘီဟာရ်အစိုးရမှာ ကျောင်းတက်နေသည့် မိန်းကလေးငယ်များကို စက်ဘီး ထောက်ပံ့ပေးမည့် အစီအစဉ်၊ အမျိုးသမီးများ ပညာရေးနှင့် ပတ်သက်၍ လူများ၏ စိတ်နေစိတ်ထားကို ပြောင်းလဲပစ်မည့် အစီအစဉ်တို့ ရှိနေသည်ဟု ၀န်ကြီးချုပ်က ဆိုသည်။
    Ref: Outlook India