News @ M-Media

Tag: India

  • အိန္ဒိယနိုင်ငံတော်သီချင်းကို ဆင်ဆာဖြတ်လျှင် မိမိရုပ်ရှင်ကို ပြသခွင့်မပေးဟု ပါကစ္စတန်ကို အမီးရ်ခန်း သတိပေး

    အိန္ဒိယနိုင်ငံတော်သီချင်းကို ဆင်ဆာဖြတ်လျှင် မိမိရုပ်ရှင်ကို ပြသခွင့်မပေးဟု ပါကစ္စတန်ကို အမီးရ်ခန်း သတိပေး

    ဧပြီ ၇၊ ၂၀၁၇
    M-Media

    Dangal ရုပ်ရှင်၏ မျက်နှာဖုံးကြော်ငြာ

    – မိမိရဲ့ ရုပ်ရှင်ထဲက အိန္ဒိယအလံ လွှင့်တင်တဲ့အခန်း၊ နိုင်ငံတော်သီချင်းဆိုတဲ့အခန်းကို ဖြုတ်မယ်ဆိုရင် အဲဒီရုပ်ရှင်ကို ပြသခွင့် မပေးနိုင်ဘူးလို့ ဘောလီးဝုဒ်က မွတ်စလင်ရုပ်ရှင်မင်းသား အမီးရ်ခန်းက ပါကစ္စတန် ရုပ်ရှင်ဆင်ဆာအဖွဲ့ကို သတိပေး ပြောကြားလိုက်ပါတယ်။

    နှစ်နိုင်ငံ နိုင်ငံရေးတင်းမာမှုတွေကြောင့် ပြီးခဲ့တဲ့နှစ်က အိန္ဒိယ ရုပ်ရှင်ထုတ်လုပ်သူများ အစည်းအရုံးက ပါစ္စတန်က ရုပ်ရှင်အတတ်ပညာရှင်တွေကို အိန္ဒိယရုပ်ရှင်ကားတွေမှာ ပါဝင်ခွင့် ပိတ်ပင်ခဲ့ပြီးတဲ့နောက်၊ ပါကစ္စတန်ကလည်း သူတို့နိုင်ငံမှာ အိန္ဒိယရုပ်ရှင်ကားတွေ ပြသခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။

    ဒါပေမယ့် နောက်ပိုင်းမှာ ပြန်ဖွင့်ပေးခဲ့ပြီး ပြီးခဲ့တဲ့နှစ်အတွင်း ဘောလီးဝုဒ်မှာ ရူပီး ၃၈၅ ကုဋေနဲ့ ၀င်ငွေစံချိန်တင်ခဲ့တဲ့ အမီးခန်းရဲ့ရုပ်ရှင် Dangal ကို ပြသဖို့ ဆောင်ရွက်ရာမှာတော့ ပါကစ္စတန် ဆင်ဆာအဖွဲ့က ရုပ်ရှင်ထဲမှာပါဝင်တဲ့ အိန္ဒိယအလံတင်တဲ့အခန်း၊ နိုင်ငံတော်သီချင်းဆိုတဲ့အခန်းတွေကို ဖြတ်တောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

    ဒါပေမယ့် ဒီအားကစားအခြေပြု ရုပ်ရှင်ကို ထုတ်လုပ်သူဖြစ်ပြီး ကိုယ်တိုင်ပါဝင်ရိုက်ကူးခဲ့တဲ့ မွတ်စလင်မင်းသား အမီးရ်ခန်းကတော့ ဒီလို ဖြတ်တောက်မှုကို လက်မခံဘဲ ဒီလိုသာလုပ်မယ်ဆိုရင် ပြသခွင့်မပေးနိုင်ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

    “ဒါဟာ အားကစားအခြေပြု ရုပ်ရှင်ဖြစ်ပြီး ပါကစ္စတန်ကို တိုက်ရိုက်ရော၊ သွယ်ဝိုက်ပြီးတော့ပါ ထိခိုက်တာမျိုး မပါပါဘူး။ ဒီရုပ်ရှင်ဟာ အိန္ဒိယရဲ့ နိုင်ငံချစ်စိတ်ကို ဖော်ကျူးတဲ့ရုပ်ရှင်ပါ။ ဒါ့ကြောင့် ဘာဖြစ်လို့ ဒီအခန်းတွေကို ဖြတ်ရမှာလဲ” လို့ အမီးရ်ခန်းနဲ့ နီးစပ်တဲ့ ရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။

    အမီးရ်ခန်းကို Hindustan Times က မေးမြန်းရာမှာ ဒီကိစ္စအတွက် ဘာမှ ပြန်မပြောခဲ့ပေမယ့် သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက မင်းသားဟာ ပါကစ္စတန်ဆင်ဆာအဖွဲ့ကို ဒီလိုပဲ အကြောင်းပြန်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Hindustan Times

  • အိန္ဒိယပြည်နယ်တစ်ခုတွင် နွားပေါ်သူများကို တစ်သက်တစ်ကျွန်းချရန် ဆုံးဖြတ်

    အိန္ဒိယပြည်နယ်တစ်ခုတွင် နွားပေါ်သူများကို တစ်သက်တစ်ကျွန်းချရန် ဆုံးဖြတ်

    ဧပြီ ၁၊ ၂၀၁၇
    M-Media

    – အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာမိုဒီ၏ ဇာတိပြည်နယ် ဂူဂျာရတ်တွင် နွားပေါ်မှုအတွက် ထောင်ဒဏ်ကို ၇ နှစ်မှ တစ်သက်တစ်ကျွန်းအထိ ယမန်နေ့တွင် တိုးမြှင့်လိုက်ပြီး မြင့်မြတ်သော သတ္တ၀ါအတွက် ကာကွယ်မှုကို ပိုမိုတင်းကြပ်စွာ ဆောင်ရွက်ရန် ဟိန္ဒူ သဘောထားတင်းမာသူများ၏ တွန်းအားပေးမှု ရလဒ်တစ်ခုလည်းဖြစ်သသည်။

    ဂူဂျာရတ်ပြည်နယ်လွှတ်တော်က အဆိုပါ ပြစ်ဒဏ်တိုးမြှင့်မှု ဥပဒေကြမ်းကို အတည်ပြုလိုက်ခြင်းဖြစ်ပြီး နွားပေါ်ရန်အတွက် ပို့ဆောင်ပေးသူမှာ ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရမည်ဖြစ်သည်။

    ဟိန္ဒူလူများစုရှိရာ အိန္ဒိယနိုင်ငံတွင် နွားကို အထွဋ်အမြတ်ထားရာ သတ္တ၀ါအဖြစ် မှတ်ယူကြပြီး ပြည်နယ်အများစုတွင် နွားပေါ်ခြင်းမှာ တရားမ၀င်ဟု သတ်မှတ်ထားသည်။

    “နွားဆိုတာ တိရစ္ဆာန်မဟုတ်ပါဘူး။ ဒါဟာ စကြာဝဠာလုံးဆိုင်ရာ အသက်ရဲ့ ပြယုဂ်ပါ။ နွားကို အလွတ်မပေးသူကို၊ အစိုးရကလည်း အလွတ်ပေးမှာမဟုတ်ပါဘူး” ဟု ဂူဂျာရတ် ဥပဒေရေးရာဝန်ကြီး ပရာဒစ်ပ်ဆင်း ဂျာဒီဂျာက လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

    ထိုမူကြမ်း ဥပဒေဖြစ်လာရန်အတွက် ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်လိုသော်လည်း လွှတ်တော်မှ ဆုံးဖြတ်ပြီးပါက အတည်ဖြစ်ရန် လုံးဝ သေချာသွားပြီဖြစ်သည်။

    မွတ်စလင်၊ ခရစ်ယာန်နှင့် ဇာတ်နိမ့်ဟိန္ဒူများအပါအ၀င် အိန္ဒိယရှိ သန်းပေါင်းများစွာသော လူနည်းစုများမှာ အမဲသားကို အဟာရအဖြစ် စားသုံးကြသည်။

    သို့သော် မိုဒီ၏ လက်ယာစွန်းရောက် BJP ပါတီမှာ နွားများကို ကာကွယ်ရေးအတွက် ယခင်ကတည်းက လှုံ့ဆော်မှုများ ပြုလုပ်ခဲ့သည်။

    အူတာပရာဒက်ရှ်ပြည်နယ် အုပ်ချုပ်ရေးမှူး ယိုဂီ အဒစ်ယန်နသ်မှာ မတ်လက အာဏာရပြီးနောက်ပိုင်း သားသတ်ရုံများကို ပြင်းပြင်းထန်ထန် နှိမ်နင်းသောကြောင့် ပြည်နယ်၏ အသားလုပ်ငန်းမှာ ရပ်တန့်သွားခဲ့သည်။

    Ref: Aljazeera

  • ဗုဒ္ဓဘာသာမှာ ယနေ့ခေတ်နှင့် သင့်လျော်သည့်ဘာသာဟု အိန္ဒိယသမ္မတ ပြော

    ဗုဒ္ဓဘာသာမှာ ယနေ့ခေတ်နှင့် သင့်လျော်သည့်ဘာသာဟု အိန္ဒိယသမ္မတ ပြော

    မတ် ၂၂၊ ၂၀၁၇
    M-Media

    – အကြမ်းဖက်မှုတွေ၊ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ အခုအချိန်မှာ ဗုဒ္ဓဘာသာက လူသားတွေနဲ့ သင့်လျော်တဲ့ ဘာသာတစ်ခုဖြစ်တယ်လို့ အိန္ဒိယသမ္မတ မူခါဂျီက ပြောကြားလိုက်ပါတယ်။

    အိန္ဒိယနိုင်ငံ ဘီဟာရ်ပြည်နယ် နာလန်ဒါခရိုင် ရဂ်ျဂီးရ်မှာ ပြီးခဲ့တဲ့တစ်ပတ်က ပြုလုပ်ခဲ့တဲ့ ‘ဗုဒ္ဓဘာသာဆိုင်ရာ နိုင်ငံတကာ အစည်းအဝေး’ မှာ သမ္မတက ဒီလို ပြောကြားလိုက်တာဖြစ်ပြီး ဗုဒ္ဓဘာသာရဲ့ ဒဿနတွေဟာ အကြမ်းဖက်မှုတွေ အဆိုးဆုံးဖြစ်နေတဲ့ ဒီနေခေတ်ကာလ အထူးသဖြင့် ‘ဖြေရှင်းလို့ မရနိုင်တဲ့ ပြဿနာတွေနဲ့ လုံးပမ်
းနေရတဲ့ ကမ္ဘာကြီးအတွက်’ အံဝင်ခွင်ကျ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

    အစည်းအဝေးကို “၂၁ ရာစု ဗုဒ္ဓ၀ါဒ – ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများနှင့် ပြဿနာအတွက် အမြင်များနှင့် တုန့်ပြန်မှုများ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံပေါင်း ၃၅ နိုင်ငံက ဗုဒ္ဓဘာသာပညာရှင်တွေ၊ ဘုန်းတော်ကြီးတွေနဲ့ ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ခဲ့ပါတယ်။

    Nava Nalanda Mahavihara တက္ကသိုလ်က ဦးစီးကျင်းပတဲ့ ဒီအစည်းဝေးကို သောကြာနေ့မှာ စတင်ခဲ့တာဖြစ်ပြီး စနေနေ့မှာတော့ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားက အထူးမိန့်ခွန်း ပြောကြားခဲ့ပါတယ်။

    “ကမ္ဘာ့ ဘယ်နေရာမှာမှ အကြမ်းဖက်မှုဒဏ်နဲ့ မလွတ်ပါဘူး။ ဒီပြဿနာဟာ အားလုံးမှာ ပြန့်နှံ့နေပါတယ်” လို့ သမ္မတ မူခါဂျီက ဆိုပြီး “ဗုဒ္ဓ၀ါဒဟာ လူ့အဖွဲ့အစည်းမှာ နက်နက်ရှိုင်းရှိုင်း လွှမ်းမိုးနေတယ်” လို့လည်း ပြောကြားခဲ့ပါတယ်။

    နောက်ပြီး နာလန်ဒါတက္ကသိုလ်ဟာ ရှေးခေတ်အိန္ဒိယမှာ အင်မတန်တော်တဲ့ ကျောင်းသားတွေ၊ ဆရာတွေကို စွဲဆောင်နိုင်ခဲ့တဲ့ ပညာရေးစနစ်ကို ရောင်ပြန်ဟပ်နေကြောင်း ပြောကြားခဲ့ပြီး၊ ဗုဒ္ဓဘုရားရှင်ရဲ့ ရိုးရှင်းတဲ့ အမှန်တရားနဲ့ ပြသခဲ့တဲ့ လမ်းကို လျှောက်လမ်းခြင်းအားဖြင့် နိုင်ငံသားကောင်းတွေဖြစ်နိုင်ပြီး မိမိတို့တိုင်းပြည်ကို နေထိုင်လို့ ပိုကောင်းတဲ့နေရာတစ်ခုအဖြစ် လုပ်ဆောင်ရာမှာ အကူအညီဖြစ်စေတယ်ဆိုတာကို တွေ့ရတဲ့အတွက် အစည်းအဝေးကို တက်ရောက်လာသူတွေအနေနဲ့ ဒီတရားတွေ ပြန့်နှံ့ဖို့အတွက် နှစ်ဆတိုး အားထုတ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    Nava Nalanda Mahavihara တက္ကသိုလ်မှာ ကမ္ဘာ့ ပထမဆုံး ဗုဒ္ဓဘာသာဆိုင်ရာ သိပ္ပံဌာနတစ်ခု ဖွင့်လှစ်နိုင်မှုကိုလည်း သမ္မတက ချီးကျူးခဲ့ပါတယ်။

    Ref: The Hindu

  • အမျိုးသမီးများအတွက် လစာပြည့် မီးဖွားခွင့်ကို အိန္ဒိယက ၂၆ ပတ်အထိ သတ်မှတ်ပေး

    အမျိုးသမီးများအတွက် လစာပြည့် မီးဖွားခွင့်ကို အိန္ဒိယက ၂၆ ပတ်အထိ သတ်မှတ်ပေး

    မတ် ၁၃၊ ၂၀၁၇
    M-Media

    – လုပ်ငန်းခွင်ဝင်နေသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် လစာပြည့် မီးဖွားခွင့်ကို အိန္ဒိယ ၂၆ ပတ်အထိ သတ်မှတ်ပေးလိုက်ပြီး ကမ္ဘာ့စံနှုန်းဖြစ်သာ သီတင်းပတ် ၂၀ ထက် ပိုမို သာလွန်သွားခြင်းလည်းဖြစ်သည်။

    အိန္ဒိယမှာ ယခင်က လစာပြည့်မီးဖွားခွင့်ကို ၁၂ ပတ်သာ သတ်မှတ်ပေးထားပြီး ယခုကဲ့သို့ ပြင်ဆင်သတ်မှတ်ခဲ့ခြင်းကြောင့် ဥရောပနှင့် အာရှနိုင်ငံတော်တော်များများထက် သာလွန်သွားခဲ့သည်။ သို့သော်လည်း အက်စတိုးနီးယား၊ ဘူလ်ဂေးရီးယား၊ ဟန်ဂေရီနှင့် ဂျပန်တို့၏နောက်တွင် ရှိနေသေးသည်။

    ယခုခွင့်မှာ ပထမဆုံး ကလေးနှစ်ယောက်အတွက်ဖြစ်ပြီး တတိယမြောက် ကလေးမှစ၍ လစာပြည့်ခွင့် ၁၂ ပတ်သာ ရရှိမည်ဖြစ်သည်။ ထို့ပြင် အသက် ၃ လအောက် ကလေးငယ်များကို မွေးစားသူနှင့် ကြည့်ရှုစောင့်ရှောက်ရသည့် အမျိုးသမီးများအတွက် လစာပြည့်ခွင့် ၃ လ သတ်မှတ်ပေးခဲ့ပြီး ထိုစည်းမျဉ်းကို ယခုမှ အိန္ဒိယတွင် ပထမဆုံး ကျင့်သုံးခြင်းဖြစ်သည်။

    Maternity Benefit Amendment Bill 2016 (၂၀၁၆ မီးဖွားခွင့်ပြင်ဆင်ချက်ဆိုင်ရာ ဥပဒေကြမ်း) ကို လွှတ်တော်တွင် လွန်ခဲ့သည့် ၉ လကတည်းက တင်ထားခြင်းဖြစ်ပြီး မတ်လ ၉ ရက် ကြာသာပတေးနေ့ကမှ အတည်ပြုခဲ့ကာ အလုပ်သမားဝန်ကြီး နိုင်ငံတကာအမျိုးသမီးများနေ့ လက်ဆောင်ဟု ပြောကြားခဲ့သည်။

    လက်ရှိ အိန္ဒိယ၏ လုပ်အားတွင် အမျိုးသမီးများမှာ ၂၉ ရာခိုင်နှုန်း ရှိနေပြီး BRICS နိုင်ငံများတွင် အနိမ့်ဆုံးဖြစ်သည်။ တရုတ်နိုင်ငံမှာ ၆၄ ရာခိုင်နှုန်းရှိပြီး၊ ဘရာဇီးလ်က ၅၉၊ ရုရှားက ၅၇ နှင့် တောင်အာဖရိကက ၄၅ ရာခိုင်းနှုန်း အသီးသီး ရှိနေသည်။

    Ref: Mashable

  • နယ်စပ်တွင်လွှင့်ထားသည့် အိန္ဒိယအလံ ထောက်လှမ်းရေးအတွက် အသုံးပြုမည်ကို ပါကစ္စတန်စိုးရိမ်

    နယ်စပ်တွင်လွှင့်ထားသည့် အိန္ဒိယအလံ ထောက်လှမ်းရေးအတွက် အသုံးပြုမည်ကို ပါကစ္စတန်စိုးရိမ်

    မတ် ၈၊ ၂၀၁၇
    M-Media

    – ပါကစ္စတန်နယ်စပ်မှာ အိန္ဒိယက လွှင့်ထူထားတဲ့ အလံမြင့်မြင့်ကြီးဟာ ထောက်လှမ်းရေးအတွက် အသုံးပြုနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေရှိတယ်လို့ ပါကစ္စတန်က ပြောကြားလိုက်ပါတယ်။

    အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ် အတ္တာရီ-၀ါဂါဟ် နယ်စပ်က မီတာ ၂၀၀ ခန့်အကွာ အတ္တာရီမြို့မှာ တနင်္ဂနွေနေ့က လွှင့်ထူခဲ့တဲ့ အဲဒီအလံတိုင်ရဲ့ အမြင့်ဟာ ပေပေါင်း ၃၆၀ (၁၁၀ မီတာ) ရှိပြီး ပါကစ္စတန်ဘက် လာဟိုးမြို့ကနေ လှမ်းမြင်နိုင်ပါတယ်။

    ပါကစ္စတန် သစ်တောထိန်းသိမ်းရေးအဖွဲ့ကတော့ ဒီအလံတိုင်ဟာ ထောက်လှမ်းရေးအတွက် အသုံးပြုနိုင်တယ်လို့ နယ်စပ်ဒေသလုံခြုံရေး တပ်ဖွဲ့ကို သတင်းပို့ထားပါတယ်။

    အိန္ဒိယဟာ နိုင်ငံတကာ သဘောတူညီချက်တွေကို ချိုးဖောက်တယ်လို့ ပါကစ္စတန်က စွပ်စွဲထားပြီး လာဟိုးမြို့ကနေ လှမ်းမမြင်နိုင်အောင် အဲဒီအလံကို ဖြုတ်ချဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    အလံလွှင့်ထူဖို့ စီမံကိန်းကို အကူအညီပေးခဲ့တဲ့ အိန္ဒိယဘက်က ပန်ဂျပ်ပြည်နယ် အုပ်ချုပ်ရေးမှူး အနီလ် ဂျိုရှီက နှစ်ဖက်သတ်မှတ်ထားတဲ့ zero line လိုင်းကနေ မီတာ ၂၀၀ အကွာမှာ လွှင့်ထူထားတာဖြစ်ပြီး နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်းမရှိကြောင်း၊ မိမိတို့နိုင်ငံတော်အလံကို မိမိတို့ ပိုင်နက်အတွင်း လွှင့်ထူတာကို မည်သူကမှ တားဆီးခွင့်မရှိကြောင်း ပြောကြားခဲ့ပါတယ်။

    “လူထောင်ပေါင်းများစွာ ဒီနေရာကို လာတာကြောင့် ဒီနေရာဟာ အလံလွှင့်ထူဖို့ အသင့်တော်ဆုံးနေရာပါပဲ။ ဒါဟာ သူတို့စိတ်ထဲမှာ နိုင်ငံချစ်စိတ်ကို သွတ်သွင်းပေးမှာပါ” လို့လည်း ဂျိုရှီက ဆိုပါတယ်။

    အိန္ဒိယ-ပါကစ္စတန် နယ်စပ်မှာ အလံတင် အလံချလုပ်ငန်းစဉ်ဟာ တိုင်းပြည်ချစ်စိကို ပြဿတဲ့ အခမ်းအနားမျိုး ဖြစ်နေပြီး နေ့စဉ်ပြုလုပ်နေတဲ့ အဲဒီ အခမ်းအနားကို အိန္ဒိယနဲ့ ပါကစ္စတန်က လူတွေအပါအ၀င် ကမ္ဘာလှည့်ခရီးသွားတွေလည်း လာရောက်ကြည့်ရှုကြပါတယ်။

    Ref: RT