News @ M-Media
Tag: India
  • ဟိန္ဒူ  ယူဗာ ဗာဟီနီ (သို့မဟုတ်) အိန္ဒိယက ဟိန္ဒူ  IS
    ဟိန္ဒူ ယူဗာ ဗာဟီနီ (သို့မဟုတ်) အိန္ဒိယက ဟိန္ဒူ IS
    ဧပြီ ၂၀၊ ၂၀၁၇
    M-Media
    အူနောင်ရှိ ရုံးခန်ုးတွင် ဟန်ရေးပြနေသည့် ဟိန္ဒူ ယူဗာ ဗာဟီနီ အဖွဲ့သားများ
    – ပြီးခဲ့တဲ့ ရက်ပိုင်အတွင်းက နေ့လယ်ခင်းတစ်ခုမှာ ဒါဇင်နဲ့ချီတဲ့ ဟိန္ဒူလူငယ်တွေဟာ ဓားရှည်တွေကိုင်စွဲပြီး၊ ရွှေဝါရောင် လည်းစည်းတွေကို လည်ပင်းမှာဆွဲကာ အိန္ဒိယက လူနေအထူထပ်ဆုံး ပြည်နယ်တစ်ခုရဲ့ မွတ်စလင်ရပ်ကွက်ကို ဆိုင်ကယ်တွေနဲ့ ဖြတ်ပြီး ‘ရာမနတ်ဘုရား အောင်မြင်ပါစေ’ လို့ ကြွေးကြော်ခဲ့ကြပါတယ်။
    ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းကလည်း သူတို့အဖွဲ့နဲ့ သူတို့ရဲ့ မိတ်ဖက်တွေဟာ မွတ်စလင်တွေလုပ်ကိုင်နေတဲ့ အသားဆိုင်တွေကို ဖော်ထုတ်ရာမှာ သတင်းပေးသူတွေအဖြစ် ဆောင်ရွက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက ဆိုပါတယ်။ အဲဒီအချိန်က မွတ်စလင်ပိုင် အသားဆိုင်တွေဟာ ပိတ်ပစ်ခဲ့ရပြီး၊ ဒီ ဟိန္ဒူအဖွဲ့တွေက လမ်းပေါ်မှာ မွတ်စလင်ကောင်လေးတွေ ဟိန္ဒူကောင်မလေးတွေကို စကားပြောတာကို ရပ်တန့်ဖို့လည်း ရဲတပ်ဖွဲ့ဝင်တွေကို တိုက်တွန်းခဲ့ပါတယ်။
    သူတို့ရဲ့အဖွဲ့က ဟိန္ဒူ ယူဗာ ဗာဟီနီ (ဟိန္ဒူလူငယ်တပ်ဖွဲ့) ဖြစ်ပြီး ၂၀၀၂ ခုနှစ်က နိုင်ငံရေးသမားဖြစ်တဲ့ ဒေသခံ ဟိန္ဒူဘုန်းကြီး ယိုဂီ အဒစ်ယာနသ်က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ လူနည်းစု အယူဝါဒတွေက တိုက်စားနေတယ်လို့ သူတို့ခံစားနေရတဲ့ အိန္ဒိယက အဓိက ဟိန္ဒူအယူဝါဒကို လွှမ်းမိုးစေဖို့ဖြစ်ပါတယ်။
    မွတ်စလင် ၅ ပုံ ၁ ပုံအပါအ၀င် သန်းပေါင်း ၂၂၀ ရှိတဲ့ အူတာပရာဒက်ရှ်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ပြီးခဲ့တဲ့လက အဒစ်ယာနသ် ခန့်အပ်ခံရခဲ့ပြီးတဲ့နောက်မှာတော့ သူ့ရဲ့ ခါးပိုက်ဆောင်အဖွဲ့ဟာ အတင့်ရဲလာခဲ့ပြီး သူတို့ရဲ့ ၀ါဒကို ပြောင်ပြောင်တင်တင်း ကြေငြာလာက ရဲတပ်ဖွဲ့ကိုလည်း ဖိအားပေးမှုတွေ လုပ်လာပါတယ်။
    အသက် ၄၄ နှစ်အရွယ် အဒစ်ယာနသ်ဟာ မွတ်စလင်ဆန့်ကျင်ရေး အမုန်းစကားတွေပြောကာ ဟိန္ဒူအမျိုးသမီးတွေကို အစ္စလာမ်ထဲသွင်းတယ်လို့ဆိုတဲ့ Love Jihad ကို ဆန့်ကျင်တဲ့ သူ့ရဲ့ လှုပ်ရှားမှုတွေကြောင့် လူသိများပြီး သူ့ကို ၀န်ကြီးချုပ်အဖြစ် ခန့်အပ်မှုအတွက် အိန္ဒိယပြည်သူအချို့က တုန်လှုပ်အံ့အားသင့်ခဲ့ကြကာ ဒါဟာ တိုင်းပြည်ရဲ့ ဘာသာရေးမနွယ်တဲ့ အခြေအနေကို ပျက်ဆီးစေတယ်လို့ ပြောဆိုခဲ့ကြပါတယ်။
    ဟိန္ဒူလူငယ်တပ်ဖွဲ့ရဲ့ အကြီးတန်းခေါင်းဆောင် ပန်ကက်ဂ်ျဆင်း
    ဒီဆောင်းပါးအတွက် အင်တာဗျူးရာမှာတော့ အဒစ်ယာနသ်က ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။
    “သွေထွက်သံယိုဖြစ်မယ်၊ မွတ်စလင်တွေ နာလိမ့်မယ်” လို့ ဟိန္ဒူလူငယ်တပ်ဖွဲ့ရဲ့ အကြီးတန်းခေါင်းဆောင် ပန်ကက်ဂ်ျဆင်းက အူတာပရာဒက်ရှ်ပြည်နယ်ရဲ့ မြို့တော် လက်ခနောင်မြို့ အနောက်တောင်းပိုင်းမှာ အွန်နောင်မှာပြုလုပ်တဲ့ ချီတက်မှုမှာ ပြောကြားခဲ့ပါတယ်။
    ဒီလို မှတ်ချက်တွေက မွတ်စလင်လူ့အဖွဲ့အစည်းက တစ်ချို့တွေအတွက် ကြက်သည်းထစရာကောင်းနေပြီး အခုနှစ် ပြည်နယ်ရွေးကောက်ပွဲမှာ အဒစ်ယာနသ်က ဟိန္ဒူတွေကို စုစည်းကာ ချီတက်မှုတွေပြုလုပ်ပြီး အာဏာရပါတီ BJP ကို အနိုင်ရရှိစေပြီးကတည်းက မွတ်စလင်တွေကလည်း သတိဝိရိယနဲ့ နေလာရပါတယ်။
    ဒီလိုအောင်မြင်တဲ့ မဲဆွယ်ပေးမှုကို ပြန်ကျေးဇူးဆပ်တဲ့အနေနဲ့ BJP ပါတီဟာ ဒီဘုန်းကြီးကို အိန္ဒိယရဲ့ အာဏာအရှိဆုံး ရာထူးတွေထဲကတစ်ခုကို ပေးလိုက်ပြီး၊ သူ့ရဲ့ ပြည်သူ့စစ်အဖွဲ့က ပြောစကားတွေ၊ လုပ်ရပ်တွေကလည်း ပြီးခဲ့တဲ့အစိုးရလက်ထက်ကထက် ပိုပြီး အတင့်ရဲလာပါတယ်။
    အူတာပရာဒက်ရှ်မှာအခြေစိုက်တဲ့ ဒီအဖွဲ့ဟာ အာဏာရှိသူတွေနဲ့ ပင်းချင်နေတဲ့ အဖွဲ့ဝင်တွေရဲ့ ငွေကြေးထောက်ပံ့မှုကို ရရှိနေပြီး အဖွဲ့ဝင်အင်အား ၂ သန်းရှိကာ ဆက်လက်တိုးတက်နေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။အန်နောင်မှာပြုလုပ်တဲ့ ချီတက်လမ်းလျှောက်မှုမှာဆိုရင် လူစည်းကားတဲ့လမ်းတွေမှာ ပိတ်ဆို့တာ၊ ဟွန်းတွေကို ဆူညံစွာတီးတာ၊ ဟိန္ဒူထောက်ခံရေး ကြွေးကျော်သံတွေ ကြွေးကျော်တာတွေကို ရဲတွေက ရပ်ကြည့်နေခဲ့ကြပါတယ်။ မွတ်စလင်တွေကတော့ သူတို့ရဲ့ အိမ်တံခါးဝကနေပဲ တိတ်တဆိတ် ထွက်ကြည့်ခဲ့ကြပါတယ်။
    လက်ယာယိမ်း ဟိန္ဒူနဲ့ အစွန်းရောက် ဟိန္ဒူ
    ဒါပေမယ့် ၂၀၁၄ ခုနှစ် အာဏာရတဲ့အချိန်မှာ အိန္ဒိယကို ခေတ်သစ်ဆီ ဆွဲခေါ်သွားမယ်လို့ မျှော်လင့်တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေအပေါ်မှာ မိုဒီက အာရုံစိုက် လုပ်ဆောင်ခဲ့ပြီး ကြီးမားတဲ့ လုပ်အားအတွက် အလုပ်အကိုင်တွေကိုလည်း လုံလုံလောက်လောက် ဖန်တီးပေးခဲ့ပါတယ်။
    အခုနှစ်အစောပိုင်းက အူတာပရာဒက်ရှ်မှာပြုလုပ်တဲ့ ပြည်နယ်ရွေးကောက်ပွဲမှာ အဒစ်ယာနသ်ဟာ BJP ကို ကိုယ်စားပြုပြီး၊ ၂၀၁၉ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ပြန်လည်အရွေးခံဖို့ ရှိနေတဲ့ မိုဒီရဲ့ အာဏာကို စုစည်းစေခဲ့ပါတယ်။
    ဒါပေမယ့် ဒီဘုန်းကြီးဟာ တစ်ခါတစ်ရံမှာ BJP ရဲ့ စည်းမျဉ်းကို ဆန့်ကျင်လေ့ရှိပြီး RSS ရဲ့ စနစ်အတွင်းမှာလည်း ပါဝင်လေ့မရှိတာကြောင့် မိုဒီအနေအနေနဲ့ အစွန်းရောက် ‘ဟိန္ဒူတဗာ’ ၀ါဒကို လွှတ်ပေးလိုက်ရမယ်၊ ဘာသာရေးနွယ်တဲ့အမျိုးသားရေးဝါဒအဖွဲ့တွေကို ထိန်းသိမ်းနိုင်မှာမဟုတ်ဘူးဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
    “ဒီအဖွဲ့အပေါ်မှာ BJP က သြဇာမရှိပါဘူး။ သူတို့ဟာ အဒစ်ယာနသ်ကလွဲလို့ ဘယ်သူ့ကိုမှ အလေးမထားပါဘူး” လို့ Ahoka တက္ကသိုလ်က နိုင်ငံရေးသိပ္ပံဆိုင်ရာ လက်ထောက်ပါမောက္ခ ဂီလက် ဗာရ်နီယာက ပြောပါတယ်။
    မိုဒီရဲ့ အနီးကပ်အကြံပေးတစ်ဦးက အဒစ်ယာနသ်ရဲ့အလုပ်ဟာ ပြည်နယ်အတွင်းမှာ တရားဥပဒေစိုးမိုးရေးဖြစ်တယ်လို့ ဆိုပါတယ်။
    “သူ့အပေါ်မှာ ၀န်ထုတ်တစ်ခုရှိနေတယ်။ သူ့ရဲ့ အဖွဲ့ကို ထိန်းဖို့က သူ့ရဲ့ တာဝန်ပါပဲ” လို့ အဲဒီ အကြံပေးက ဆိုပါတယ်။
    အူတာပရာဒက်ရှ်ပြည်နယ်ရဲ့ ရဲချုပ် ဒါလ်ဂျစ် ဆင်း ချောင်ဒရီကတော့ ဒီလူငယ်အဖွဲ့ဟာ ဥပဒေပလုပ်ရပ်တွေ လုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုမျိုး မရှိဘူးလို့ ဆိုပါတယ်။
    “ဘယ်လို အဖွဲ့မျိုးကမှ သူတို့ရဲ့လက်နဲ့ တရားစီရင်တာမျိုးကို ကျွန်တော်တို့ သည်းခံသွားမှာမဟုတ်ပါဘူး။ တစ်ချိန်တည်းမှာပဲ ဘယ်သူမဆို ကျွန်တော်တို့ကို လွတ်လပ်စွာ သတင်းပေးလို့ ရပါတယ်။ ဟိန္ဒူ ယူဗာ ဗာဟီနီနဲ့ပတ်သက်ပြီး တိုင်ကြားချက်မျိုး လတ်တလောမှာ ကျွန်တော်တို့ မရသေးပါဘူး။ ဒါ့ကြောင့် သူတို့ကို အရေးယူစရာ အကြောင်းမရှိပါဘူး”
    ဘာသာရေးနှင့် သြဇာအာဏာ
    အဒစ်ယယာနသ်ရဲ့ ပထမဆုံး သြဇာတည်ဆောက်မှုဟာ ပြည်နယ်အရှေ့ပိုင်းက ဂိုရက်ခ်ပူးရ် ဘုရားကျောင်းမှာ ဖြစ်ပြီး အဲဒီမှာ ပြည်သူတွေဟာ ဒီ ဦးပြည်ခေါင်းတုံးနဲ့ ဘုန်းကြီးကို ကြည်ညိုလေးစားကြပါတယ်။
    ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပြီးပြီးချင်းမှာပဲ သူ့ကို ကြည်ညိုသူတွေက သူလမ်းလျှောက်သွားတဲ့ ဖျာပေါ်က ဖုန်မှုန့် သဲမှုန့်တွေကို ကြုံးပြီး ကိုးကွယ်ဖို့ ယူသွားကြပါတယ်။
    ဒီလို ယုံကြည်ကိုစားမှုကို အသုံးပြုတည်ဆောက်ထားတာကြောင့် တရားရေးအထိ လက်လှမ်းလာတဲ့ လူငယ်တပ်ဖွဲ့ဟာ အားကောင်းတဲ့ အုပ်စုအဖြစ် ဖွံ့ဖြိုးလာပြီး ကြောက်စရာကောင်းတဲ့ မဲဆွယ်သူဖြစ်တယ် ဆိုတာလည်း သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။
    ဟိန္ဒူ ယူဗာ ဗာဟီနီ အဖွဲ့ဝင် အမျိုးသမီး
    BJP အဖွဲ့ရဲ့ နိုင်ငံလုံးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ နာလင် ခိုလီက အူတာပရာဒက်ရှ်မှာ သူတို့ပါတီရဲ့ အနိုင်ရရှိမှုဟာ အဒစ်ယာနသ်နဲ့ သူ့ရဲ့ ခါးပိုက်ဆောင်တပ် တစ်ခုတည်းကြောင့် မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ဒီလိုရလဒ် ထွက်ပေါ်လာဖို့အတွက် ဒီအုပ်စုက လွှမ်းမိုးမှုရှိတယ်ဆိုတာကိုတော့ မငြင်းခဲ့ပါဘူး။
    “မိုဒီ အူတာပရာဒက်ရှ်မှာ အနိုင်ရရှိတာဟာ အဒစ်ယာနသ်ရဲ့ တပ်ဖွဲ့ကြောင့်ဖြစ်ပါတယ်” လို့ လူငယ်တပ်ဖွဲ့ခေါင်းဆောင် ဆင်းက ဆိုပါတယ်။
    ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာပြီးတဲ့နောက်ပိုင်း အဒစ်ယာနသ်ရဲ့ ပထမဆုံးညွှန်ကြားချက်တွေထဲက တစ်ခုကတော့ ပြည်နယ်အတွင်းမှာ လိုင်စင်မရှိတဲ့ သားသတ်ရုံတွေကို ပိတ်ပစ်ဖို့ပါ။
    အိန္ဒိယက ပြည်နယ်အများစုမှာ ဟိန္ဒူတွေက မြင့်မြတ်တဲ့ သတ္တ၀ါအဖြစ် သတ်မှတ်ထားတဲ့ နွားတွေ သတ်ဖြတ်တာကို ပိတ်ပင်ထားတဲ့ ဥပဒေတွေကို ပြဌာန်းထားပါတယ်။ ကျွဲကိုသတ်ဖြတ်မယ်ဆိုရင်တော့ ပြည်နယ်အစိုးရတွေရဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်။
    ဒီသားသတ်လုပ်ငန်းမှာ အများစုလုပ်ကိုင်နေတဲ့ မွတ်စလင်တွေ အလုပ်အကိုင် မပျောက်စေဖို့နဲ့ စားနပ်ရိက္ခာ ဖူလှုံစေဖို့အတွက် အစိုးရက ဒီလိုင်စင်မရှိတဲ့ သားသတ်လုပ်ငန်းတွေကို ခွင့်ပြုထားပေမယ့် အူတာပရာဒက်ရှ်က သားသတ်သမားတွေကတော့ အစိုးရဟာ သားသတ်လိုင်စင်အသစ်တွေကို ထုတ်မပေးတော့ဘူးလို့ ဆိုပါတယ်။
    တရားမ၀င် သားသတ်ရုံတွေ၊ လိုင်စင်မရှိဘဲရောင်းနေတဲ့ အသားဆိုင်တွေကို လုံးဝ ပိတ်ပစ်ဖို့အတွက် အဒစ်ယာနသ်ရဲ့ ခါးပိုက်ဆောင်တပ်ဟာ ရဲတပ်ဖွဲ့ကို ဖိအားပေးနေတာတွေ ရှိပါတယ်။
    “၂၄ နာရီအတွင်းမှာ ရဲတပ်ဖွဲ့ကို အသားဆိုင်လေးတွေ ၄၅၀၀၀ ကို ကျွန်တ်ာတို့ ပိတ်ခိုင်းခဲ့တယ်။ ကျွန်တော်တို့ရဲ့ သတင်းပေးတွေမရှိရင် သူတို့ ဒါတွေကို လုပ်နိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ တကယ့်သူရဲကောင်းတွေဖြစ်တယ်ဆိုတာ ရဲတပ်ဖွဲ့က အခု သိသွားပါပြီ” လို့ ဆင်းက ဆိုပြီး နေ့စဉ် သူတို့ရဲ့ လုပ်ဆောင်မှုတွေကို အဒစ်ယာနသ်ထံ အစီရင်ခံတယ်လို့လည်း ပြောပါတယ်။
    ကလေး ၄ ဦးရဲ့မိခင် ချန်ဒါနီ ကူရာရှီက သူမရဲ့ ခင်ပွန်းဟာ လက်ခနောင်က အသားဆိုင်တစ်ခုမှာ သန့်ရှင်ရေးလုပ်ပြီး မိသားစုဟာ သူ့ရဲ့ဝင်ငွေ ရူပီး ၃၀၀ (၄ ဒေါ်လာ) အပေါ်မှာ မှီခိုအသက်ရှင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။
    “၀န်ကြီးချုပ်ရဲ့လူတွေဟာ လိမ္မော်ရောင် အလံတွေနဲ့လာပြီး ကျွန်မတို့ ဆိုင်တွေရဲ့ ပြတင်းပေါက်တွေကို ဖျက်ဆီးတယ်။ ပြီးတော့ ဓားတွေကိုလွှတ်ပြီး လမ်းပေါ်မှာ ဟန်ရေးပြပါတယ်။ ကျွန်မတို့မှာ သူတို့ကို ဟန့်တားနိုင်တဲ့စွမ်းအား မရှိပါဘူး” လို့ သူမက အခန်းတစ်ခန်းတည်းသာရှိတဲ့ သူမရဲ့အိမ်မှာ ထိုင်နေရင်း ပြောပါတယ်။
    သားသတ်ရုံအကြီးစားတွေကတော့ တရားမ၀င် သားသတ်ရုံတွေကို ပိတ်သိမ်းရေး အဒစ်ယာနသ်ရဲ့ အမိန့်ကို ပယ်ဖျက်ဖို့ တရားရုံးက ညွှန်းကြားချက်ရအောင် လုပ်နေပြီး ထောင်နဲ့ချီတဲ့ သားသတ်သမားတွေကလည်း ဒီလို ပိတ်ပင်မှုကို ကန့်ကွက်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ နိုင်ပါ့မလားဆိုတာကို သံသယရှိနေပါတယ်။
    “ကျွန်တော်တို့ဟာ အဒစ်ယာနသ်ရဲ့ တပ်ဖွဲ့ကို နိုင်မယ်လို့ မထင်ပါဘူး။ တခြားအရာကိုပြောင်းပြီး ရောင်းတာကသာ ကျွန်တော်တို့အတွက် ပိုကောင်းမှာပါ” လို့ အဖိုးရဲ့ အသားဆိုင်ကို အမွေဆက်ခံလုပ်ကိုင်နေတဲ့ မိုဟာမက် ဖိုင်ဇန်က ပြောပါတယ်။
    အူတာပရာဒက်ရှ်ရဲ့ ဒုတိယ၀န်ကြီးချုပ်ဖြစ်ပြီး ပြည်နယ် BJP ပါတီဥက္ကဌ ကီရှက်ဗ် ပရာဆဒ် မူရ်ယာက သူတို့အစိုးရဟာ သားသတ်ရုံတွေ အမဲသား၊ ကျွဲသားရောင်းတာတွေကို ခွင့်ပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ အသားဆိုင်ပိုင်ရှင်တွေကိုလည်း ကြက်နဲ့ ကြက်ဥတွေကိုသာ ရောင်းချစေချင်ပါတယ်။
    “အမဲသားရောင်းချတာထက် ကြက်ဘဲစီးပွားရေးက ပိုပြီး အကျိုးအမြတ်ဖြစ်ထွန်းပါတယ်” လို့ သူက ဆိုပါတယ်။
    နောက်ပြီး အဒစ်ယာနသ်ရဲ့ ခါးပိုက်ဆောင်တပ်ဖွဲ့ဟာ တာဝန်သိတဲ့ နိုင်ငံသားတွေအဖြစ် ဆောင်ရွက်တာမျိုးသာဖြစ်တယ်လို့လည်း ပြောပါတယ်။
    “သူတို့ဟာ စင်ပြိုင်အစိုးရမျိုးဖြစ်တယ်လို့ မှတ်ယူတယ်ဆိုရင်တော့ မှားပါလိမ့်မယ်”
    ဟိန္ဒူအမျိုးသမီးတွေကို မထိနဲ့
    အန်နောင်မှာပြုလုပ်တဲ့ ချီတက်ဆန္ဒပြမှုမှာ ဆင်းဟာ စင်တစ်ခုပေါ်မှာတက်ပြီး အသားရောင်းတာကို ရပ်တန့်ပေးခဲ့တဲ့ လူငယ်တွေ၊ ဘာသာမတူလက်ထပ်ကို တားမြစ်တဲ့သူတွေနဲ့ နွားဂုဏ်ကိုဖော်ကျူးပြီး ကဗျာစပ်တဲ့ လူငယ်တွေကို ဟိန္ဒူနတ်ဘုရားရုပ်ထု ချီးမြင့်ခဲ့ပါတယ်။
    အသားဆိုင်တွေကို ပိတ်ပစ်ဖို့ ဆောင်ရွက်တဲ့အပြင် ဒီအဖွဲ့ဟာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေ လူမြင်ကွင်းမှာ ချိန်းတွေ့တာကို တားဆီးဟန့်တားတဲ့ ရဲတပ်ဖွဲ့ရဲ့ ‘ရိုမီယိုဆန့်ကျင်ရေးအဖွဲ့’ ကိုလည်း သတင်းတွေ ပေးနေပါတယ်။
    ဒီအဖွဲ့ ၆၄ ဖွဲ့ကို ကြီးကြပ်နေတဲ့ ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကတော့ သူတို့ဟာ အမျိုးသီးတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုကို တိုက်ဖျက်ဖို့ ဖွဲ့စည်းထားတာဖြစ်တယ်လို့ ပြောပေမယ့် ဟိန္ဒူအမျိုးသမီးတွေနဲ့ ပတ်သက်တယ်လို့ဆိုတဲ့ မွတ်စလင်အမျိုးသားတွေကို ပစ်မှတ်ထားဖို့ ဒီလူငယ်တပ်ဖွဲ့က ဖိအားပေးတယ်လို့တော့ ၀န်ခံပါတယ်။
    မွတ်စလင်တွေကတော့ သူတို့ဟာ သီးသန့် ပစ်မှတ်ထားခံနေရတယ်လို့ ဆိုပါတယ်။
    “ကျွန်တော်တို့သားတွေဟာ ဗီလိန်တွေလို့ သူတို့က ထင်ပါတယ်” လို့ မကြာသေးခင်က သားဖြစ်သူအဖမ်းခံခဲ့ရတဲ့ ရှိခ်က ပြောပါတယ်။
    လူငယ်အဖွဲ့ခေါင်းဆောင် ဆင်းကတော့ ဒီအဖွဲ့ဟာ မွတ်စလင်တွေကို သီးသန့်ပစ်မှတ်ထားတယ်ဆိုတဲ့ ပြောကြားမှုတွေကို ငြင်းဆိုပါတယ်။
    မကြာသေးခင်က မွတ်စလင်အမျိုးသားတစ်ယောက်နဲ့ လက်ထပ်ဖို့ စီစဉ်တာကို ဖျက်သိမ်းဖို့ ဖိအားပေးခံလိုက်ရတဲ့ အသက် ၂၁ နှစ်အရွယ် ဟိန္ဒူအမျိုးသမီးရဲ့ ဖခင်ဖြစ်သူနဲ့ ချီတက်ဆန္ဒပြမှုမှာ ဆင်းက တွေ့ဆုံခဲ့ပါတယ်။
    “ရာစုနှစ်ပေါင်းများစွာ မွတ်စလင်တွေဟာ ဟိန္ဒူတွေကို မသမာတဲ့နည်းတွေနဲ့ ဘာသာပြောင်းခဲ့တယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဟိန္ဒူအမျိုးသမီးတစ်ယောက်ကို ထိတာနဲ့ ကျွန်တော်တို့ဟာ ဓားနဲ့ ပိုင်းမှာပါ” လို့ ဆင်းက ပြောကြားခဲ့ပါတယ်။
    အဲဒီ ဟိန္ဒူအမျိုးသမီးရဲ့ ဖခင် ဆူဘ်ဟက် ချန်ဒရာက ဒီလူငယ်တပ်ဖွဲ့ရဲ့ ဆောင်ရွက်မှုကို ကြိုဆိုတယ်လို့ ဆိုပါတယ်။
    “မွတ်စလင်ကောင်လေးက သမီးကို ဖျားယောင်းပြီး သူ့ကို ဘာသာပြောင်းစေချင်တယ်။ ယိုဂီ အဒစ်ယာနသ်ရဲ့ လူတွေက ကျွန်တော့်သမီးရဲ့ဘ၀ကို ကယ်လိုက်တဲ့အတွက် ကျွန်တော် ကံကောင်းသွားပါတယ်။ ဟိန္ဒူတစ်ယောက်က ဘယ်လိုလုပ် မွတ်စလင်ဖြစ်နိုင်မလဲ။ တစ်ဦးတစ်ယောက်ကို ဘာသာပြောင်းတာဟာ အပြစ်ဖြစ်ပါတယ်”
    Ref: Reuters
    (Reuters သတင်းဌာနတွင် ဖော်ပြထားသည့် Hardline Hindu youth call the shots on streets of northern India ကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
  • အိန္ဒိယရှိ သမိုင်းဝင်ဗလီ ဖြိုချခံရမှုအတွက် ထိပ်တန်းနိုင်ငံရေးသမားများကို တရားရုံးချုပ် စစ်ဆေးမည်
    အိန္ဒိယရှိ သမိုင်းဝင်ဗလီ ဖြိုချခံရမှုအတွက် ထိပ်တန်းနိုင်ငံရေးသမားများကို တရားရုံးချုပ် စစ်ဆေးမည်
    ဧပြီ ၁၉၊ ၂၀၁၇
    M-Media
    ဘာဘရီဗလီကို ဟိန္ဒူများ ဖျက်ဆီးနေသည့်မြင်ကွင်း
    – ၁၉၉၂ ခုနှစ်က အူတာပရာဒက်ရှ်ပြည်နယ် အယုဒ္ဓယရှိမြို့ရှိ ဘာဘရီ ဗလီဝတ်ကျောင်းတော်ကို ဟိန္ဒူအစွန်းရောက်များက ဖြိုချဖျက်ဆီးမှုနှင့်ပတ်သက်၍ ပူးပေါင်းကြံစည်မှုအတွက် လက်ရှိ အာဏာရ BJP ပါတီကို ပူးတွဲတည်ထောင်ခဲ့သူ အလ်ကေ အဒ်ဗာနီနှင့် အခြားသော ပါတီခေါင်းဆောင်များ စစ်ဆေးခံရမည်ဟု အိန္ဒိယ တရားရုံးချုပ်က အမိန့်ထုတ်ပြန်လိုက်သည်။
    ၁၆ ရာစုနှစ်က ဆောက်လုပ်ခဲ့သည့် အဆိုပါ ဘာဘရီ ဗလီဝတ်ကျောင်းတော်ကို ဟိန္ဒူအစွန်းရောက်များက ၁၉၉၂ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့တွင် ဖြိုချဖျက်ဆီးခဲ့ပြီး၊ လူပေါင်း ၂၀၀၀ ကျော် သေဆုံးသည့် အဓိကရုဏ်းအဖြစ် ဦးတည်ခဲ့သည်။
    အသက် ၈၉ နှစ်အရွယ် အဒ်ဗာနီမှာ အဆိုပါ ဗလီဝတ်ကျောင်းတော် ဖြိုချရေး လှုံ့ဆော်သည့်စကားများ ပြောဆိုသည့်အတွက် မူရ်လီ မာနိုဟာရ် ဂျိုရှီ၊ အူမာ ဘဟာရ်တီတို့နှင့်အတူ ယခင်က တရားစွဲဆို ခံခဲ့ရသည်။
    ၎င်းတို့နှင့်ပတ်သက်၍ အိန္ဒိယ ဗဟို စုံစမ်းစစ်ဆေးရေးဗျူရို (CBI) က တင်ထားသည့် စွဲချက်များကို အောက်ခြေတရားရုံးတစ်ခုက ပယ်ချခဲ့ပြီးနောက် တရားရုံးချုပ်က ယနေ့တွင် ယခုကဲ့သို့ အမိန့်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
    “အချို့သော အခြေအနေတွေအတွက် အေလာအာဘဒ်တရားရုံးက ဆုံးဖြတ်မှုအပေါ် CBI ရဲ့ အယူခံကို ကျွန်တော်တို့ ခွင့်ပြုပါတယ်” ဟု တရားရုံးချုပ်၏ ပြောကြားမှုကို ကိုးကား၍ Press Trust of India သတင်းဌာနက ဖော်ပြခဲ့သည်။
    ထို့ပြင် အဆိုပါခေါင်းဆောင်များမှာ ပူးပေါင်းကြံစည်မှုအတွက် ပိုမိုပြင်းထန်သည့် စွဲချက်များကို ရင်ဆိုင်ရမည်ဖြစ်ပြီး၊ ဗလီဖြိုချမှုကိစ္စနှင့်ပတ်သက်၍ လက်ခနောင်မြို့တွင် အထူးခုံရုံးတစ်ခုဖွဲ့ကာ စစ်ဆေးမည်ဟု တရားလိုရှေ့နေ ဇက်ဖာရ်ယဘ် ဂျီလာနီက ပြောကြားခဲ့သည်။
    ၂ နှစ်အတွင်း အမိန့်ချမှတ်နိုင်ရန်အတွက် ကြားနာမှုများကို နေ့စဉ် ပြုလုပ်သွားရန်လည်း တရားရုံးချုပ်က အမိန့်ပေးခဲ့သည်။
    “ဒီကိစ္စမှာ မျက်မြင်သက်သေတွေ အများကြီးရှိတယ်။ အပြစ်ရှိသူတွေကို အပြစ်ပေးနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ဂျီလာနီကဆိုသည်။
    အခင်းဖြစ်ပွားသည့်အချိန်က အူတာဘရာဒက်ရှ်ပြည်နယ်၏ အုပ်ချုပ်ရေးမှူးဖြစ်ခဲ့သည့် BJP နိုင်ငံရေးသမား ကလ်ယန် ဆင်းမှာလည်း ပူးပေါင်းကြံစည်မှုစွဲချက်ကို ရင်ဆိုင်ရမည်ဟု တရားရုံးချုပ်က ဆုံးဖြတ်ခဲ့သည်။
    ဘာဘရီဗလီဝတ်ကျောင်းတော် ဖြိုချဖျက်ဆီးခံရသည့်ကိစ္စမှာ အိန္ဒိယတွင် ဆယ်စုနှစ်ပေါင်းများစွာ ဘာသာရေးတင်းမာမှု၏ အကြောင်းအရင်းတစ်ခု ဖြစ်ခဲ့သည်။
    အချို့သောဟိန္ဒူများက အဆိုပါဗလီဝတ်ကျောင်းတော်နေရာတွင် ယခင်က ရာမနတ်ဘုရား၏ ဘုရားကျောင်း ရှိခဲ့သည်ဟုဆိုပြီး ထိုနေရာတွင် ဘုရားကျောင်း ပြန်လည်တည်ဆောက်ချင်နေသည်။ မွတ်စလင်များကမူ ဗလီဝတ်ကျောင်းတော်အသစ်တစ်လုံး လိုချင်နေသည်။
    အိန္ဒိယ ဒုတိယ၀န်ကြီးချုပ်ဟောင်း ဖြစ်သည့် အဒ်ဗာနီမှာ ယခုနှစ်နှောင်းပိုင်းတွင် လစ်လပ်တော့မည့် သမ္မတနေရာတွင် တာဝန်ယူရမည်သူအဖြစ် လူသိများသူလည်း ဖြစ်သည်။
    တရားရုံးချုပ်၏ ယနေ့ဆုံးဖြတ်ချက်အတွက် BJP ပါတီက မည်သည့်မှတ်ချက်မှ မပေးသေးဘဲ အတိုက်အခံ ကွန်ဂရက်ပါတီကမူ အဒ်ဗာနီ၊ ဘဟာရ်တီနှင့် ဂျိုရှီတို့ တရားစွဲဆိုမှု မခံရစေရန်အတွက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
    Ref: Aljazeera
  • အိန္ဒိယတွင် လိင်စော်ကားမှုကို ကာကွယ်ရန် ရဲတပ်ဖွဲ့က ကင်းလှည့်
    အိန္ဒိယတွင် လိင်စော်ကားမှုကို ကာကွယ်ရန် ရဲတပ်ဖွဲ့က ကင်းလှည့်
    ဧပြီ ၁၂၊ ၂၀၁၇
    M-Media
    – အိန္ဒိယနိုင်ငံ အူတာပရာဒက်ရှ်ပြည်နယ်တွင် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို ကာကွယ်ပေးမည့် ကင်းလှည့်အဖွဲ့ကို ရဲတပ်ဖွဲ့ ဖွဲ့စည်းကာ လှည့်လည် စောင့်ကြပ်ပေးနေသည်ဟု သိရသည်။
    လိင်ပိုင်းဆိုင်ရာ စော်ကားမှုများရှိသည့်ဆိုသည့် တိုင်ကြားမှုများ မြင့်တက်လာသည့်အတွက်ကြောင့် ရဲတပ်ဖွဲ့မှာ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်နယ်တစ်ဝှမ်းတွင် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၄၀၀ က ကင်းလှည့်စောင့်ကြပ်သွားမည်ဖြစ်သည်။
    ကင်းလှည့်အဖွဲ့တစ်ဖွဲ့တွင် ယူနီဖောင်းဝတ် အမျိုးသားရဲ ၃ ဦး၊ အရပ်ဝတ် ရဲမေတစ်ဦးတို့ ပါဝင်မည်ဖြစ်ပြီး တိုင်ကြားမှုအများဆုံး ဖြစ်သွားသည့်နေရာများသို့ ကားဖြင့် လှည့်လည်သွားမည်ဖြစ်သည်။
    လက်ရှိတွင်မူ အဆိုပါကင်းလှည့်အဖွဲ့များမှာ ကိုယ်ကျင့်တရား ဖောက်ပြားသည်ဟုဆိုကာ ဖမ်းဆီးမှုများ၊ အတွဲများကို ရိုက်နှက်မှုများ ရှိသည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသည်။
    ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရာဟူလ် ဆရီ ဗက်စ်တာဗာကမူ အမှားလုပ်သည့် ရဲတပ်ဖွဲ့ဝင်များမှာ လက်တစ်ဆုပ်စာသာ ရှိကြောင်း၊ ရဲတပ်ဖွဲ့ဝင်များကို ဆောင်ရန်၊ ရှောင်ရန်များကို အကြိမ်ကြိမ်သင်ကြား ပေးထားကြောင်း၊ ဥပဒေချိုးဖောက်သည့် ရဲတပ်ဖွဲ့ဝင် ၉ ဦးကို ရာထူးမှ ရပ်ဆိုင်းထားကြောင်း၊ နှစ်ဦးသဘောတူသည့် အတွဲများကို မနှောက်ယှက်ရန် ညွှန်ကြားထားကြောင်း ပြောကြားခဲ့သည်။
    BBC
  • အိန္ဒိယတွင် ဟိန္ဒူအစွန်းရောက်များ ခရစ်ယာန်ကင်းစင်ကျေးရွာများ ဖန်တီးနေ
    အိန္ဒိယတွင် ဟိန္ဒူအစွန်းရောက်များ ခရစ်ယာန်ကင်းစင်ကျေးရွာများ ဖန်တီးနေ
    ဧပြီ ၁၁၊ ၂၀၁၇
    M-Media
    – အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ချာကန်ပြည်နယ်တွင် ဟိန္ဒူ လက်ယာစွန်းရောက်အဖွဲ့ RSS မှာ ပြီးခဲ့သည့်တစ်လ အတွင်း အနည်းဆုံး ခရစ်ယာန်မိသားစု ၅၃ ခုကို ဟိန္ဒူဘာသာသို့ ပြောင်းလဲစေခဲ့ပြီး အာရ်ကီဒေသ၌ ခရစ်ယာန်ကင်းစင်ဒေသ ဖန်တီးရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။
    အဆိုပါမိသာစုများမှာ စင်ဒရီ ပန်ချာယက်မြို့ရှိ ကျေးရွာများတွင် နေထိုင်သူများဖြစ်ပြီး အိန္ဒိယ အာဏာရပါတီ BJP ၏ သဘောတရားရေးရာ မိခင်အဖွဲ့အစည်း RSS က အဆိုပါ မိသားစုမှာ ပြီးခဲ့သည့် ၁၀ နှစ်အတွင်း ခရစ်ယာန် သာသနာပြုများ၏ ‘ပြန်ပေးဆွဲခြင်း’ ကို ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။
    ဟိန္ဒူလက်ယာစွန်းအဖွဲ့များက ဆောင်ရွက်ပြီး ‘ဂရ် ၀ါပက်စီ’ ဟု ခေါ်သည့် ဟိန္ဒူဘာသာသို့ ပြန်လည် သွတ်သွင်းခြင်းမှာ ချာကန်ပြည်နယ်တွင် ဧပြီလတစ်လျှောက်လုံး ဖြစ်ပွားခဲ့သည်ဟု ရင်းမြစ်က ဆိုသည်။
    “ဒါကို ဘာသာပြောင်းတယ်လို့ မခေါ်ပါဘူး။ ကျွန်တော်တို့ဟာ ဆုံးရှုံးသွားခဲ့တဲ့ ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေကို သူတို့ရဲ့ ဘာသာတရားဆီ ပြန်လည်ဆောင်ကျဉ်းပေးတာပါ။ ကျွန်တော်တို့ ‘ခရစ်ယာန်ကင်းစင်ဒေသ’ တွေ လုပ်ချင်ပါတယ်။ ရွာသားတွေဟာ မကြာခင် သူတို့ရဲ့ ရင်းမြစ်ဆီကို ပြန်လာကြမှာပါ” ဟု RSS အဖွဲ့မှ Saiyojak Laxman Singh Munda က ပြောကြားခဲ့သည်။
    BJP ပါတီဝင်ဖြစ်သော Munda မှာ စင်ဒရီ ပန်ချာယက်ဒေသပါဝင်သည့် ခရိုင်၏ ဒုတိယဥက္ကဌဖြစ်ပြီး မျိုးနွယ်စုများမှာ ခရစ်ယာန် သာသနာပြုများ၏ သွေးဆောင်ဖျားယောင်းခြင်းကို ခံခဲ့ရသည်ဟု ဆိုသည်။
    ‘ဂရ် ၀ါပက်စီ’ ကို RSS အပြင် အခြားသော ဟိန္ဒူအမျိုးသားရေးအဖွဲ့များကလည်း ဆောင်ရွက်ကြပြီး ၎င်းတို့မှာ ဟိန္ဒူဘာသာသို့ သွတ်သွင်းရန်အတွက် အကြမ်းဖက်ခြင်း၊ ဖိအားပေးခြင်းတို့ရှိသည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။
    Ref: Hindstantimes
  • အိန္ဒိယသူလျှိုကို ပါကစ္စတန် သေဒဏ်ပေး
    အိန္ဒိယသူလျှိုကို ပါကစ္စတန် သေဒဏ်ပေး
    ဧပြီ ၁၀၊ ၂၀၁၇
    M-Media
    – ကရာချီနှင့် ဘာလိုချစ္စတန်မြို့များတွင် သူလျှိုလုပ်မှု၊ အဖျက်အမှောက်လုပ်ငန်းများ လုပ်ဆောင်မှုအတွက် ပါကစ္စတန် စစ်ခုံရုံးတစ်ခုက အိန္ဒိယရေတပ်မှ သူလျှိုတစ်ဦးကို သေဒဏ်ချမှတ်လိုက်သည်ဟု သိရသည်။
    ပြစ်ဒဏ်ပေးခံရသူမှာ ကွလ်ဘူရှန် ဆွန်ဒီရ် ယာဒဗ် ခေါ် ဟူစိန် မူဘာရက် ပါတဲလ်ဆိုဖြစ်သူဖြစ်ပြီး ၂၀၁၆ ခုနှစ် မတ်လ ၃ ရက်နေ့တွင် တန်ပြန်သူလျှိုစစ်ဆင်ရေးမှတစ်ဆင့် ဘာလိုချစ္စတန်ပြည်နယ်ရှိ မက်ရှ်ကဲလ် ဒေသတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု ပါကစ္စတန် ထောက်လှမ်းရေးဌာန၏ ပြည်သူ့ဆက်ဆံရေးဌာနခွဲ (ISPR) က ယနေ့တွင်ထုတ်ပြန်သော ကြေငြာချက်၌ ဖော်ပြထားသည်။
    ယာဒဗ်မှာ အိန္ဒိယရေတပ်အတွက် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်သည်ဟု ယုံကြည်ရပြီး ဖမ်းဆီးခံရပြီးနောက် ၎င်း၏ လုပ်ရပ်များကို ဖြောင့်ချက်ပေးစဉ် ရိုက်ကူးထာသည့် ဗီဒီယိုတစ်ခုကိုလည်း ISPR က ထုတ်ပြန်ခဲ့သည်။
    ယာဒဗ်အပေါ် ပါကစ္စတန် စစ်တပ်အက်ဥပဒေ (PAA) အရ သေဒဏ်ပေးမှုကို စစ်ဦးစီးအရာရှိချုပ် (ကြည်း) က အတည်ပြုခဲ့သည်။
    “ဘလိုချစ္စတန်နဲ့ ကရာချီမှာ တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်နေတဲ့ ဥပဒေစိုးမိုးရေး အဖွဲ့တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ကဖျယဖျက် လုပ်ခြင်းအားဖြင့် ပါကစ္စတန်ကို မတည်မငြိမ်ဖြစ်အောင်၊ စစ်ပွဲဖြစ်အောင် ရည်ရွယ်တဲ့ သူလျှိုလုပ်ငန်း၊ အဖျက်အမှောက်လုပ်ငန်းတွေကို စီစဉ်ဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့နဲ့ အကောင်အထည်ဖော်ဖို့ RAQ က တာဝန်ပေးခဲ့တယ်လို့ သူက တရာသူကြီးရှေ့မှောက်မှာ ထွက်ဆိုခဲ့ပါတယ်” ဟု ကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
    Ref: Aljarabiya