News @ M-Media

နယ်စပ်တွင်လွှင့်ထားသည့် အိန္ဒိယအလံ ထောက်လှမ်းရေးအတွက် အသုံးပြုမည်ကို ပါကစ္စတန်စိုးရိမ်

မတ် ၈၊ ၂၀၁၇
M-Media

– ပါကစ္စတန်နယ်စပ်မှာ အိန္ဒိယက လွှင့်ထူထားတဲ့ အလံမြင့်မြင့်ကြီးဟာ ထောက်လှမ်းရေးအတွက် အသုံးပြုနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေရှိတယ်လို့ ပါကစ္စတန်က ပြောကြားလိုက်ပါတယ်။

အိန္ဒိယနိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ် အတ္တာရီ-၀ါဂါဟ် နယ်စပ်က မီတာ ၂၀၀ ခန့်အကွာ အတ္တာရီမြို့မှာ တနင်္ဂနွေနေ့က လွှင့်ထူခဲ့တဲ့ အဲဒီအလံတိုင်ရဲ့ အမြင့်ဟာ ပေပေါင်း ၃၆၀ (၁၁၀ မီတာ) ရှိပြီး ပါကစ္စတန်ဘက် လာဟိုးမြို့ကနေ လှမ်းမြင်နိုင်ပါတယ်။

ပါကစ္စတန် သစ်တောထိန်းသိမ်းရေးအဖွဲ့ကတော့ ဒီအလံတိုင်ဟာ ထောက်လှမ်းရေးအတွက် အသုံးပြုနိုင်တယ်လို့ နယ်စပ်ဒေသလုံခြုံရေး တပ်ဖွဲ့ကို သတင်းပို့ထားပါတယ်။

အိန္ဒိယဟာ နိုင်ငံတကာ သဘောတူညီချက်တွေကို ချိုးဖောက်တယ်လို့ ပါကစ္စတန်က စွပ်စွဲထားပြီး လာဟိုးမြို့ကနေ လှမ်းမမြင်နိုင်အောင် အဲဒီအလံကို ဖြုတ်ချဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

အလံလွှင့်ထူဖို့ စီမံကိန်းကို အကူအညီပေးခဲ့တဲ့ အိန္ဒိယဘက်က ပန်ဂျပ်ပြည်နယ် အုပ်ချုပ်ရေးမှူး အနီလ် ဂျိုရှီက နှစ်ဖက်သတ်မှတ်ထားတဲ့ zero line လိုင်းကနေ မီတာ ၂၀၀ အကွာမှာ လွှင့်ထူထားတာဖြစ်ပြီး နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်းမရှိကြောင်း၊ မိမိတို့နိုင်ငံတော်အလံကို မိမိတို့ ပိုင်နက်အတွင်း လွှင့်ထူတာကို မည်သူကမှ တားဆီးခွင့်မရှိကြောင်း ပြောကြားခဲ့ပါတယ်။

“လူထောင်ပေါင်းများစွာ ဒီနေရာကို လာတာကြောင့် ဒီနေရာဟာ အလံလွှင့်ထူဖို့ အသင့်တော်ဆုံးနေရာပါပဲ။ ဒါဟာ သူတို့စိတ်ထဲမှာ နိုင်ငံချစ်စိတ်ကို သွတ်သွင်းပေးမှာပါ” လို့လည်း ဂျိုရှီက ဆိုပါတယ်။

အိန္ဒိယ-ပါကစ္စတန် နယ်စပ်မှာ အလံတင် အလံချလုပ်ငန်းစဉ်ဟာ တိုင်းပြည်ချစ်စိကို ပြဿတဲ့ အခမ်းအနားမျိုး ဖြစ်နေပြီး နေ့စဉ်ပြုလုပ်နေတဲ့ အဲဒီ အခမ်းအနားကို အိန္ဒိယနဲ့ ပါကစ္စတန်က လူတွေအပါအ၀င် ကမ္ဘာလှည့်ခရီးသွားတွေလည်း လာရောက်ကြည့်ရှုကြပါတယ်။

Ref: RT