News @ M-Media

Tag: indonesia

  • အောက်တိုဘာ ၁၀ ရက်နေ့ နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၁၀ ရက်နေ့ နိုင်ငံတကာသတင်းများ

    M-Media

    (ဓာတ်ပုံ – နိုဘယ်ဆုရ စာရေးဆရာမ ဟန်ကန်)

    iPhone 16 ရောင်းချမှုကို အင်ဒိုပိတ်မည်
    —————
    မိခင်ကုမ္ပဏီ Apple က ရင်းနှီးမြှုပ်နှံမှုနဲ့ တင်သွင်းရောင်းချမှု စည်းမျဥ်းစည်းကမ်းတွေကို မလိုက်နာတဲ့အတွက် iPhone 16 ရောင်းချခွင့်ကို ပိတ်ပင်မယ်လို့ အင်ဒိုနီးရှားက ထုတ်ပြန်ပါတယ်။ Apple ရဲ့ တင်သွင်းရောင်းချခွင့် လိုင်စင်ဟာ သက်တမ်းကုန်နေသလို၊ ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမယ်လို့ ကတိပြုထားရာမှာလည်း ၉၄ သန်းကျော်သာ ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။

    တောင်တရုတ်ပင်လယ်အရေးအတွက် အာဆီယံကို ဖိလစ်ပိုင် ဖိအားပေး
    ————
    တောင်တရုတ်ပင်လယ်မှာ လိုက်နာရမယ့် ကျင့်၀တ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းဖို့အတွက် အာဆီယံခေါင်းဆောင်တွေနဲ့ တရုတ်၀န်ကြီးချုပ်ကို အာဆီယံအစည်းအ၀ေးမှာ ဖိလစ်ပိုင်သမ္မတ မားကို့စ်က ဖိအားပေးခဲ့ပါတယ်။ တရုတ်ဟာ ဖိလစ်ပိုင်ကို ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့လည်း သူက စွပ်စွဲခဲ့ပါတယ်။

    ကိုရီးယားစာရေးဆရာမ နိုဘယ်ဆုရရှိ
    ————-
    ၂၀၂၄ ခုနှစ်အတွက် စာပေနိုဘယ်ဆုကို တောင်ကိုရီးယား စာရေးဆရာမ ဟန်ကန်က ရရှိခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာ ကဗျာနဲ့ စာပေလောကထဲ ၀င်ရောက်လာပြီးနောက် The Vegetarian၊ Your Cold Hands၊ Scars စတဲ့ ၀တ္ထုတွေနဲ့ ကျော်ကြားခဲ့ပါတယ်။ The Vegetarian ဟာ အင်္ဂလိပ်စာပေကို ပထမဆုံး ပြန်ဆိုရတဲ့ ကိုရီးယား၀တ္ထုဖြစ်ပါတယ်။ တောင်ကိုရီးယားရဲ့ နိုဘယ်ဆုရ ပထမဆုံး စာရေးဆရာမအဖြစ် မှတ်တမ်း၀င်တဲ့ ဟန်ကန်ဟာ ဆုကြေး အမေရိကန်ဒေါ်လာ ၁ သန်း ရရှိမှာ ဖြစ်ပါတယ်။

    Ref: CNA


  • စက်တင်ဘာ ၂၂ ရက်နေ့ နိုင်ငံတကာသတင်းများ

    စက်တင်ဘာ ၂၂ ရက်နေ့ နိုင်ငံတကာသတင်းများ

    M-Media

    (ဓာတ်ပုံ – အင်ဒိုနီးရှားမှ ကမ္ဘာ့အမြင့်ဆုံး ခရစ်တော်ရုပ်ထု)

    အင်ဒိုနီးရှားတွင် ကမ္ဘာ့အမြင့်ဆုံး ခရစ်တော်ရုပ်တု ဖွင့်လှစ်
    ———–
    မြောက်ဆူမားတြားပြည်နယ်က နာမည်ကျော် တိုဘာကန် တောင်စောင်းမှာ ၆၁ မီတာမြင့်တဲ့ ယေရှုခရစ်ရုပ်ထုကို စက်တင်ဘာ ၁၉ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ မြောက်ဆူမားတြားဟာ ခရစ်ယာန်ဘာသာ၀င် အများစုရှိရာ ဒေသဖြစ်ပြီး ဒီရုပ်တုကို နှစ်ချီ ဆောက်လုပ်ခဲ့ရတာပါ။ ကမ္ဘာပေါ်က အမြင့်ဆုံး ခရစ်တော်ရုပ်တုအဖြစ်လည်း မှတ်တမ်း၀င်ပါတယ်။

    ထိုင်းစစ်တပ်ခေါင်းဆောင်များ အပြောင်းအလဲလုပ်မည်
    ———–
    ထိုင်းစစ်တပ်က အရာရှိအရာခံ စုစုပေါင်း ၈၀၈ ဦးကို အပြောင်းအလဲလုပ်မှာ ဖြစ်ပြီး ဒီစာရင်းကို ထိုင်း၀န်ကြီးချုပ်ရုံးက နန်တော်ကို တင်သွင်းထားကာ ဘုရင်အတည်ပြုရင် အောက်တိုဘာ ၁ ရက်နေ့မှာ စတင် အသက်၀င်မှာဖြစ်ပါတယ်။ အခုပြောင်းအလဲမှာ လကုန်ပင်စင်ယူတော့မယ့် ထိုင်းကြည်းတပ်ဗိုလ်ချုပ်နဲ့ ရေတပ်ဗိုလ်ချုပ်နေရာကို အစားထိုးမှုလည်း ပါ၀င်မှာ ဖြစ်ပါတယ်။

    တရုတ်ဆော့ဖ်၀ဲသုံးကားများကို အမေရိကန်ပိတ်မည်
    ————-
    တရုတ်ထုတ်ဆော့ဖ်၀ဲတွေ ထည့်သွင်းထားတဲ့ ကားတွေအားလုံးကို တင်သွင်းခွင့် ပိတ်ပင်မယ့် အမိန့်တစ်ခုကို အမေရိကန်က နောက်တစ်ပတ်မှာ ထုတ်ပြန်ကြေငြာဖို့ ရှိပါတယ်။ အမေရိကန်ယာဥ်မောင်းတွေရဲ့ အချက်အလက်တွေကို တရုတ်ကုမ္ပဏီတွေက ခိုးယူမှာ စိုးရိမ်တာကြောင့်ဖြစ်ပြီး ဒါဟာ နိုင်ငံတော် လုံခြုံရေးကိုပါ ထိခိုက်လာနိုင်တယ်လို့လည်း ဆိုပါတယ်။ အမေရိကန်ဟာ တရုတ်ထုတ် လျှပ်စစ်ကားတွေကို အခွန်တိုးကောက်ဖို့လည်း အမိန့်ထုတ်ထားပါတယ်။

    Ref: CNA, Jakarta Post


  • အရှေ့တောင်အာရှအကြီးဆုံးဗလီမှ ပုပ်ရဟန်းမင်းကြီး၏ ကမ္ဘာကြီးအတွက် သတင်းစကား

    အရှေ့တောင်အာရှအကြီးဆုံးဗလီမှ ပုပ်ရဟန်းမင်းကြီး၏ ကမ္ဘာကြီးအတွက် သတင်းစကား

    စက်တင်ဘာ ၅၊ ၂၀၂၄
    M-Media

    (ဓာတ်ပုံ – ပုရဟန်းမင်းကြီး ဖရန်စစ်ကို ရှေ့ဆောင်အီမာမ် နဆာရုဒ်ဒင်း အူမာရ်နှင့်အတူ တွေ့ရစဥ်)

    -စစ်ပွဲနဲ့ ပဋိပက္ခတွေမှာ ဘာသာရေးကို လောင်စာအဖြစ် အသုံးမပြုကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

    အင်ဒိုနီးရှားနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီးဟာ အရှေ့တောင်အာရှက အကြီးဆုံးဗလီဖြစ်တဲ့ Istiqlal ဗလီ၀တ်ကျောင်းတော်ကို စက်တင်ဘာ ၅ ရက်နေ့ မနက်ပိုင်းမှာ သွားရောက်ခဲ့ပြီး ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

    ဗလီ၀တ်ကျောင်းတော်ရဲ့ ရှေ့ဆောင်အီမာမ် နဆာရုဒ်ဒင်း အူမာရ်နဲ့ ပူးတွဲကာ ဘာသာရေး သဟာဇတဖြစ်မှုနဲ့ သဘာ၀ပတ်၀န်းကျင် ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကိုလည်း ပုပ်ရဟန်းမင်းကြီးက လက်မှတ်ရေးထိုးခဲ့ပါတယ်။

    Istiqlal ဗလီက မိန့်ခွန်းမှာ လူသားအားလုံးဟာ ညီရင်းအစ်ကိုများဖြစ်ကြောင်း၊ မိမိတို့နည်း မိမိတိုဟန်နဲ့ ဘုရားသခင်ကို ဆည်းကပ်ကိုးကွယ်နေကြတာဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ လက်ရှိကမ္ဘာကြီးမှာ လူသား၀ါဒဟာ ဆိုဆိုးရွားရွား ပြဿနာမျိုးနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သတိပေး ပြောကြားခဲ့ပါတယ်။

    ပုရဟန်းမင်းကြီးဟာ စက်တင်ဘာ ၅ ရက်နေ့ ညနေပိုင်းကျရင် ဂျကာတာက ဘောလုံးကွင်းမှာ အင်ဒိုနီးရှားလူထုနဲ့ တွေ့ဆုံမိန့်ခွန်းပြောမှာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ပါပူအာ နယူးဂီနီ၊ တီမောလက်စ်တေနဲ့ စင်ကာပူတို့ကို ခရီးဆက်မှာပါ။

    ပုပ်ရဟန်းမင်းကြီးရဲ့ အခုတစ်ခေါက် အာရှခရီးစဥ်ဟာ ၁၁ ရက်တာ ကြာမြင့်မှာ ဖြစ်ပါတယ်။

    Ref: BBC


  • မြန်မာအာဏာသိမ်းစစ်ကောင်စီကို အင်ဒိုနိုင်ငံခြားရေး၀န်ကြီးက ထပ်မံရှုတ်ချ

    မြန်မာအာဏာသိမ်းစစ်ကောင်စီကို အင်ဒိုနိုင်ငံခြားရေး၀န်ကြီးက ထပ်မံရှုတ်ချ

    ဇူလိုင် ၂၅၊ ၂၀၂၄
    M-Media

    -အာဆီယံအဖွဲ့က အဆိုပြုတဲ့ ငြိမ်းချမ်းရေးအစီစဥ်ကို လက်မခံတဲ့ မြန်မာ အာဏာသိမ်းစစ်ကောင်စီကို အင်ဒိုနီးရှားနိုင်ငံခြားရေး၀န်ကြီး ရက်တနို မာဆူဒီက ၀ေဖန်ရှုတ်ချလိုက်ပါတယ်။

    လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှာပြုလုပ်တဲ့ အာဆီယံနိုင်ငံခြားရေး၀န်ကြီးများအစည်းအ၀ေးအပြီး စင်ကာပူနိုင်ငံခြားရေး၀န်ကြီးနဲ့ တွေ့ဆုံစဥ်မှာ မာဆူဒီက ဒီလို ၀ေဖန်လိုက်တာပါ။

    ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ခေါင်းဆောင်ဟာ အာဆီယံအဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး အဖွဲ့ကတင်ပြတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ သဘောတူခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဒီသဘောတူညီချက်တွေကို လက်တွေ့လုပ်ဆောင်ခြင်း မရှိပါဘူး။

    “ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီက အကောင်အထည်ဖော်လိုစိတ် မရှိဘူးဆိုတဲ့အကြောင်း ကျွန်မတို့ ဆွေးနွေးခဲ့ကြပါတယ်”

    စင်ကာပူနဲ့ အင်ဒိုနီးရှားတို့ဟာ အာဆီယံအဖွဲ့ထဲမှာ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချပြောဆိုတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

    အာဆီယံ သံတမန်အသိုင်းအ၀ိုင်းရဲ့ အမည်မဖော်လိုသူတစ်ဦးက အာဏာသိမ်းစစ်ကောင်စီဟာ လက်ရှိ အားနည်းလာတဲ့ အနေအထားကြောင့် လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးရေးကို ပြန်လည်စဥ်းစားလာတယ်လို့ ပြောပါတယ်။

    ဗီယန်ကျင်းက အာဆီယံနိုင်ငံခြားရေး၀န်ကြီးများ အစည်းအ၀ေးမှာ မြန်မာ့အရေး အားလုံးပါ၀င်တဲ့ သဘောတူညီချက် မရခဲ့ဘူးလို့ သံတမန်ရင်းမြစ်တစ်ခုက AFP သတင်းဌာနကို ပြောပါတယ်။

    အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်တို့က စစ်ကောင်စီကို ပြင်းထန်တဲ့ အရေးယူမှုတွေလုပ်ဆောင်ဖို့ လိုလားနေကြပြီး ထိုင်းနိုင်ငံကတော့ သူတို့ လတ်တလောလုပ်ဆောင်နေတဲ့ မြန်မာစစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းမှုကိုသာ ဆက်လက်လုပ်ဆောင်ချင်နေပါတယ်။

    Ref: The Star

  • ဘော်နီယိုကျွန်းတွင် အင်ဒို-မလေး-ဘရူနိုင်း ၃ နိုင်ငံပတ် အမြန်ရထားလမ်းဖောက်ရန် စီစဥ်

    ဘော်နီယိုကျွန်းတွင် အင်ဒို-မလေး-ဘရူနိုင်း ၃ နိုင်ငံပတ် အမြန်ရထားလမ်းဖောက်ရန် စီစဥ်

    မတ် ၃၁၊ ၂၀၂၄

    M-Media


    -အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဘရူနိုင်း ၃ နိုင်ငံရဲ့ ပိုင်နက်တွေရှိတဲ့ ဘော်နီယိုကျွန်းမှာ ကီလိုမီတာ ၁၆၂၀ ရှည်လျားမယ့် အမြန်ရထားလမ်း စီမံကိန်းတစ်ခုကို မကြာခင် အကောင်အထည်ဖော်တော့မှာ ဖြစ်ပါတယ်။ 

    ဘရူနိုင်းအခြေစိုက် ကုမ္ပဏီ Brunergy Utama Sdn Bhd က ဒီစီမံကိန်းကို ဦးစီးမှာဖြစ်ပြီး အဆင့် ၂ ခုနဲ့ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ 

    ပထမအဆင့်ဟာ ဘောနီယိုကျွန်းရဲ့ အရှေ့အနောက် ကမ်းရိုးတမ်းကို ဆက်သွယ်မှာပါ။ အင်ဒိုနီးရှားနိုင်ငံ အနောက် ကလီမန်တန်ပြည်နယ် ပွန်တီယာနက်မြို့က စတင်ကာ မလေးရှားနိုင်ငံ ဆာဘားပြည်နယ်က စီးပွားရေးအချက်အခြားဖြစ်တဲ့ ကိုတာကင်နာဘာလူမြို့မှာ အဆုံးသတ်မှာဖြစ်ပါတယ်။  

    ဒုတိယအဆင့် လမ်းပိုင်းဟာ ကျွန်းရဲ့ မြောက်ပိုင်းကနေ အရှေ့ပိုင်းကို ဆက်သွယ်မှာ ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ အရှေ့ ကလီမန်တန် ပြည်နယ်က အချက်အခြာကျတဲ့ ဆာမာရင်ဒါမြို့၊  အင်ဒိုနီးရှားရဲ့မြို့တော်သစ် ဖြစ်လာမယ့် နူဆန်ထရာနဲ့ စတဲ့ မြို့တွေနဲ့ ဆက်သွယ်ပေးမှာပါ။ 

    ရထားလိုင်းဟာ တစ်နာရီကို ၃၀၀ ကနေ ၃၅၀ ကီလိုမီတာအထိ ခုတ်မောင်းနိုင်မှာဖြစ်ပါတယ်။ ဒီရထားလိုင်းစီမံကိန်းမှာ ဘူတာကြီး ၄ ခုအပါအ၀င် စုစုပေါင်း ဘူတာ ၂၈ ခု ပါ၀င်မှာ ဖြစ်ပါတယ်။ 

    ရထားလိုင်းကို Trans Borneo Railway လို့ အမည်ပေးမှာဖြစ်ပြီး ၃ နိုင်ငံ ခရီးလမ်းအကွာအ၀ေးကို ချုံ့နိုင်ဖို့ ရည်ရွယ်တည်ဆောက်မှာ ဖြစ်ပါတယ်။ 

    Ref: The Borneo Post