News @ M-Media

Tag: indonesia

  • နိုင်ငံတော်စီးပွားရေး ထိခိုက်မှုအတွက် အင်ဒိုနီးရှားခရိုနီတစ်ဦး သမိုင်း၀င်ပြစ်ဒဏ်များ ချမှတ်ခံရ

    နိုင်ငံတော်စီးပွားရေး ထိခိုက်မှုအတွက် အင်ဒိုနီးရှားခရိုနီတစ်ဦး သမိုင်း၀င်ပြစ်ဒဏ်များ ချမှတ်ခံရ

    မတ် ၁၊ ၂၀၂၃

    M-Media 


    -နိုင်ငံရဲ့ ထိပ်တန်းခရိုနီ စီးပွားရေးလုပ်ငန်းရှင် ဆူယာ ဒါမာဒီကို ခြစားမှု၊ နိုင်ငံတော်စီးပွားရေးပျက်ဆီးအောင်လုပ်မှုတွေနဲ့ အင်ဒိုနီးရှား တရားရုံးက ထောင်ဒဏ်၊ ငွေဒဏ်တွေ ချမှတ်လိုက်ပါတယ်။ 

    အသက် ၇၁ နှစ်အရွယ် ဒါမာဒီဟာ ဆီအုန်းလုပ်ငန်းရှင်ဖြစ်ပြီး ခြစားမှု၊ အခွန်ရှောင်မှု၊ ငွေကြေးခ၀ါချမှု၊ လာဘ်ပေးလာဘ်ယူမှု စတဲ့ စွဲချက်တွေအတွက် ထောင်ဒဏ် ၁၅ နှစ်၊ ဒဏ်ငွေ ရူပြား ၄၁.၉ ထီရီလီယံ (ကန်ဒေါ်လာ ၂.၇၅ ဘီလီယံ) ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ 

    အစိုးရက သဘာ၀သစ်တောလို့ သတ်မှတ်ထားတဲ့ နေရာအပါအ၀င်၊ မြေဧက ၃၆၀၀၀ ဟက်တာမှာ တရားမ၀င် ဆီအုန်းစိုက်ပျိုးမှုအတွက် တရားစွဲဆိုခံရတာပါ။ 

    ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကို နိုင်ငံတော်စီးပွားရေး ပျက်ဆီးမှုအတွက် အခုလို ထောင်ဒဏ်ရော၊ ငွေဒဏ်နဲ့ပါ ပြင်းပြင်းထန်ထန် အပြစ်ပေးတာဟာ အင်ဒိုနီးရှားမှာ ပထမဆုံး ဖြစ်ပါတယ်။ 

     ၂၀၁၄ ခုနှစ်က ခြစားမှုတစ်ခုကို စစ်ဆေးရာကနေ ဒါမာဒီကို ခြေရာခံမိခဲ့တာပါ။ သူဟာ နိုင်ငံအရှေ့ပိုင်း Riau ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး အဲဒီတုန်းက သဘာ၀သစ်တောကို စိုက်ပျိုးမြေပြောင်းရေးအတွက် ရူးပြား ၃ ဘီလီယံလောက် လာဘ်ယူဖူးပါတယ်။ 

    သူဟာ ၂၀၁၈ ခုနှစ် Forbes’ မဂ္ဂဇင်းမှာ အင်ဒိုနီးရှားရဲ့ ၂၈ ယောက်မြောက် အချမ်းသာဆုံး သူဌေးအဖြစ် မှတ်တမ်းတင်ခံရဖူးပါတယ်။ 

    Ref: The Star

  • နိုင်ငံအလယ်ပိုင်းမှ အစ္စလာမ့်မစ် စစ်သွေးကြွအဖွဲ့တစ်ခုကို အင်ဒိုနီးရှားက အပြီးသတ် ရှင်းလင်း

    နိုင်ငံအလယ်ပိုင်းမှ အစ္စလာမ့်မစ် စစ်သွေးကြွအဖွဲ့တစ်ခုကို အင်ဒိုနီးရှားက အပြီးသတ် ရှင်းလင်း

    အောက်တိုဘာ ၁၊ ၂၀၂၂
    M-Media

    -East Indonesia Mujahideen လို့ခေါ်တဲ့ အစ္စလာမ့်မစ် စစ်သွေးကြွ အဖွဲ့အစည်းရဲ့ နောက်ဆုံးကျန်ရစ်တဲ့ ခေါင်းဆောင်တစ်ဦးကို အင်ဒိုနီးရှား အထူးရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးခဲ့ပါတယ်။

    MIT လို့ အတိုကောက်ခေါ်တဲ့ အဲဒီအဖွဲ့အစည်းဟာ IS အကြမ်းဖက်အဖွဲ့ကို သစ္စာခံတယ်လို့ ကြေငြာထားပြီး ရဲတပ်ဖွဲ့၀င်တွေနဲ့ ခရစ်ယာန်ဘာ၀င်အချို့ကို ဖမ်းဆီး သတ်ဖြတ်ခဲ့ဖူးပါတယ်။

    နိုင်ငံအလယ်ပိုင်း ဆူလာ၀ေစီပြည်နယ်မှာ အင်ဒိုနီးရှား အထူးရဲတပ်ဖွဲ့ Densus 88 ရဲ့ ကြာသာပတေးနေ့ စီးနင်းမှုအတွင်း MIT ခေါင်းဆောင် အလ် အစ်ခ၀ါရစ္စမန်နဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ပြီး အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

    အစ်ခ၀ါရစ္စမန်ဟာ ၂၀၂၁ ခုနှစ် မေလက ခရစ်ယာန်ဘာသာ၀င် လယ်သမားတွေကို သတ်ဖြတ်မှုအပါအ၀င် MIT ရဲ့ အကြမ်းဖက်သတ်ဖြတ်မှု အနည်းဆုံး ၁၀ ခုမှာ ပါ၀င်ကျူးလွန်ခဲ့သူ ဖြစ်ပါတယ်။

    “သူဟာ MIT အဖွဲ့က နောက်ဆုံး ကျန်တဲ့သူပါ။ ပိုဆိုဒေသ ငြိမ်းချမ်းရေးအတွက် ဆူးညှောင့်ခလုတ်ဖြစ်နေတဲ့ စစ်သွေးကြွအဖွဲ့ကို ကျွန်တော်တို့ အပြီးသတ် ရှင်းလင်းနိုင်ခဲ့ပါတယ်” လို့ ဆူလာ၀ေစီပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲ ရူဒီ ဆူဖာရီယာဒီက ပြောပါတယ်။

    အင်ဒိုနီးရှား ရဲတပ်ဖွဲ့ဟာ ၂၀၁၆ ခုနှစ် ဇူလိုင်လက MIT ခေါင်းဆောင် အဘူ၀ါဒါ ဆန်တိုဆိုကို အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ပြီးတဲ့နောက်ပိုင်း ဒီအဖွဲ့ကို အမြတ်ဖြတ်နိုင်ရေး ပိုမိုအားထုတ် လုပ်ဆောင်လာခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်ကစလို့ ဆူလာ၀ေစီမှာ စီးနင်းဖမ်းဆီးမှုတွေ တောက်လျှောက်ပြုလုပ်လာခဲ့ပြီး MIT ခေါင်းဆောင်အများစုကို အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ပါတယ်။

    Ref: Arab News

  • ပြင်သစ်နှင့် အမေရိကန်မှ တိုက်လေယာဉ်အမြောက်အများ အင်ဒိုနီးရှား ဝယ်ယူမည်

    ပြင်သစ်နှင့် အမေရိကန်မှ တိုက်လေယာဉ်အမြောက်အများ အင်ဒိုနီးရှား ဝယ်ယူမည်

    ဖေဖော်ဝါရီ ၁၁၊ ၂၀၂၂
    M-Media

    တောင်တရုတ်ပင်လယ် ပိုင်နက်အငြင်းပွားမှု

    -တောင်တရုတ်ပင်လယ်မှာ တင်းမာမှုတွေ မြင့်တက်လာတဲ့အချိန် လေတပ်ကို အဆင့်မြှင့်နိုင်ဖို့အတွက် အင်ဒိုနီးရှားဟာ ပြင်သစ်နဲ့ အမေရိကန်တို့ကနေ အဆင့်မြင့်တိုက်လေယာဉ်တွေနဲ့ ဆက်စပ်ပစ္စည်း အမြောက်အများ မှာယူလိုက်ပါတယ်။

    အင်ဒိုနီးရှား ကာကွယ်ရေးဝန်ကြီး ပရာဘို၀ို ဆူဘီယန်တိုနဲ့ ပြင်သစ် ကာကွယ်ရေးဝန်ကြီး ဖလောရင့် ပါလီတို့ရဲ့ ဂျကာတာမှာ မနေ့က တွေ့ဆုံဆွေးနွေးမှုအပြီး ပြင်သစ်လုပ် Rafale တိုက်လေယာဉ် ၄၂ စီး အင်ဒိုနီးရှားက ဝယ်ယူမယ့် အစီအစဉ်ကို ထုတ်ပြန်ခဲ့ပါတယ်။

    လက်နက်အပြည့်အစုံပါ ပါဝင်မယ့် အဲဒီသဘောတူညီချက်ဟာ အမေရိကန်ဒေါ်လာ ၈.၁ ဘီလီယံတန်ဖိုး ရှိပါတယ်။ အင်ဒိုနီးရှားဟာ ပြင်သစ်လုပ် Scorpene ရေငုပ်သင်္ဘော ၂ စင်းကိုလည်း ဝယ်ယူမှာပါ။

    အမေရိကန်အစိုးရက နောက်ဆုံးပေါ် F15 တိုက်လေယာဉ်တွေ၊ အင်ဂျင်တွေ၊ လက်နက်ခဲယမ်းနဲ့ လေကြောင်းဆက်သွယ်ရေးပစ္စည်း စုစုပေါင်း ဒေါ်လာ ၁၃.၉ ဘီလီယံဖိုး အင်ဒိုနီးရှားကို ရောင်းချဖို့ မနေ့က အတည်ပြုလိုက်ပါတယ်။

    ကန်အစိုးရရဲ့ ထုတ်ပြန်ချက်မှာ အာရှိပစိဖိတ်ဒေသ နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေးတိုးတက်မှု မောင်းနှင်အားတစ်ခုဖြစ်တဲ့ မဟာမိတ်နိုင်ငံရဲ့ လုံခြုံရေး အားကောင်းအောင် ကူညီပံ့ပိုးပေးရမယ်ဆိုတဲ့ နိုင်ငံရေးမူဝါဒအတိုင်း ဒီလိုရောင်းချဖို့ သဘောတူလိုက်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    သမ္မတ ဂျိုးဘိုင်ဒန်လက်ထက်မှာ အမေရိကန်ဟာ အင်ဒိုနီးရှားနဲ့ ပိုမိုနီးကပ်တဲ့ဆက်ဆံရေးရဖို့ ကြိုးစားလာပြီး ဒီဇင်ဘာလတုန်းက နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန် အင်ဒိုနီးရှားကို လာရောက်ခဲ့ပါတယ်။

    တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ နယ်မြေအငြင်းပွားမှုဖြစ်နေတဲ့ အာဆီယံနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံလည်း ပါဝင်ပါတယ်။

    Ref: Reuters

  • ကိုဗစ်သောက်ဆေး Molnupiravir ကို ထိုင်းနှင့် အင်ဒိုနီးရှားတို့က ထုတ်လုပ်မည်

    ကိုဗစ်သောက်ဆေး Molnupiravir ကို ထိုင်းနှင့် အင်ဒိုနီးရှားတို့က ထုတ်လုပ်မည်

    ဇန်နဝါရီ ၁၄၊ ၂၀၂၂
    M-Media

    -ကိုဗစ်သောက်ဆေး Molnupiravir ကို ပြည်တွင်းမှာ ထုတ်လုပ်သုံးစွဲနိုင်ဖို့ ထိုင်းနဲ့ အင်ဒိုနီးရှားတို့က စီစဉ်နေပါတယ်။

    Molnupiravir သောက်ဆေးကို အမေရိကန် ဆေးဝါးကုမ္ပဏီနှစ်ခုဖြစ်တဲ့ Merck & Co Inc နဲ့ Ridgeback Biotherapeutics တို့ ပူးတွဲထုတ်လုပ်တာဖြစ်ပြီး ကိုဗစ်ကူးစက်သူတွေ ရောဂါလက္ခဏာ ဆိုးဆိုးရွားရွား ခံစားရမှုနဲ့ ဆေးရုံတက်ရမှုတို့ကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။

    ထိုင်းကျန်းမာရေးဝန်ကြီး Anutin Charnvirakul က ပုံပြောင်းကိုဗစ် အိုမီခရွန်ကြောင့် ကူးစက်မှု မြင့်တက်နေတဲ့အချိန် ဒါကို တုန့်ပြန်နိုင်ဖို့အတွက် Molnupiravir သောက်ဆေးကို ပြည်တွင်းမှာ ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    ထုတ်လုပ်ရာမှာ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယလို အခြားနိုင်ငံတွေနဲ့ ပူးပေါင်းသွားမယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

    “Molnupiravir ဆေးကို အစိုးရ ဆေးဝါးအဖွဲ့အစည်းနဲ့ Chulabhorn သုတေသနဌာနတို့ ပူးပေါင်းပြီး ထုတ်လုပ်သွားမှာပါ။ နောက်ပိုင်းဖြစ်လာမယ့် အခြေအနေတွေမှာ အထောက်အပံ့ဖြစ်စေနိုင်မယ့် ဆေးဝါးတွေကို ကော်မတီက သုတေသနလုပ်ကာ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်”

    အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီး Budi Gunadi Sadikin ကလည်း ပုဂ္ဂလိက ဆေးကုမ္ပဏီအချို့နဲ့ အစိုးရ ပူးပေါင်းကာ လာမယ့် ဧပြီ၊ မေလလောက်ကစပြီး Molnupiravir သောက်ဆေး ထုတ်လုပ်သွားမယ်လို့ ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    အင်ဒိုနီးရှားဟာ Molnupiravir သောက်ဆေး လေးသိန်းလောက်ကို အရေးပေါ်အသုံးပြုနိုင်ဖို့ အခုတစ်ပတ်မှာ ခွင့်ပြုခဲ့ပါတယ်။

    Ref: Bangkok Post

  • အင်ဒိုနီးရှားမှ ခရစ္စမတ်ရိုးရာတစ်ခုဖြစ်သည့် အရိပ်ရုပ်သေးတင်ဆက်မှု

    အင်ဒိုနီးရှားမှ ခရစ္စမတ်ရိုးရာတစ်ခုဖြစ်သည့် အရိပ်ရုပ်သေးတင်ဆက်မှု

    ဒီဇင်ဘာ ၂၅၊ ၂၀၂၁
    M-Media

    -ခရစ္စမတ်ကာလရောက်တိုင်း ခရစ်တော်ရဲ့ ထေရုပ္ပတ္တိနဲ့ သမ္မာကျမ်းစာလာ ဇာတ်လမ်းတွေကို အရိပ်ရုပ်သေးနဲ့ ဖော်ကျူးတင်ဆက်တဲ့ ဓလေ့ထုံးတမ်းကို အင်ဒိုနီးရှား ရုပ်သေးအဖွဲ့တစ်ခုက ပြန်လည်ဖော်​ဆောင်နေပါတယ်။

    အာရှမှာ ကိုဗစ်ကူးစက်မှုဒဏ်ကို အပြင်းထန်ဆုံး ခံစားခဲ့ရတဲ့ အင်ဒိုနီးရှားမှာ ကိုဗစ်ကန့်သတ်ချက်တွေကို အခုအထိ လိုက်နာနေရတုန်းပါ။ လူစုလူဝေးဖြစ်စေမယ့် ပွဲတော်တွေကို မကျင်းပရတာလည်း ၂ နှစ်လောက် ရှိနေပါပြီ။

    အရိပ်ရုပ်သေးအဖွဲ့တည်ထောင်သူ အင်ဒရာ ဆူရိုအစ်ဂီနိုက ကိုဗစ်မတိုင်ခင်ကာလတွေက ခရစ္စမတ်ရောက်တိုင်း ခရစ်ယာန်ဘုရားကျောင်းတွေမှာ ခရစ်တော်ရဲ့ ထေရုပ္ပတ္တိကို အရိပ်ရုပ်သေးနဲ့ ဖော်ကျူးတင်ဆက်ရတယ်လို့ ပြောပါတယ်။

    ကိုဗစ်ကြောင့် ဒီအစဉ်အလာ တိမ်ကောလာပြီး အရောင်စုံချယ်သ ဖော်ကျူးထားတဲ့ ခရစ်တော်(တမန်တော်အီစာ)၊ မယ်တော်မေရီ(မရ်ယမ်သခင်မ) တို့ရဲ့ ရုပ်ပုံတွေနဲ့ ဖျော်ဖြေတက်ဆက်မှုကို ပြန်လည်ဖော်ထုတ်ဖို့ အရေးကြီးလာပြီလို့လည်း ဆူရိုအက်ဂီနိုက ပြောပါတယ်။

    “ကိုဗစ်ကန့်သတ်ချက်တွေကြောင့် လူအများကြီးနဲ့ ဖျော်ဖြေတင်ဆက်တာမျိုး လုပ်လို့မရပေမယ့် ဓလေ့ထုံးတမ်းတစ်ခု မပျောက်ပျက်အောင်တော့ လူ့အဖွဲ့အစည်းအတွင်းမှာ ကျွန်တော်တို့ ကြိုးစားနေပါတယ်”

    သူ့နဲ့ သူ့အဖွဲ့ဟာ ခရစ္စမတ်အကြို ရက်တွေကတည်းက ကလေးငယ်တွေရှိရာအရပ်ကို သွားပြီး ခရစ်တော် အကြောင်း၊ သမ္မာကျမ်းစာလာ တမန်တော်တွေရဲ့ ဇာတ်လမ်းတွေအကြောင်း အရိပ်ရုပ်သေးတွေနဲ့ ဖျော်ဖြေတင်ဆက်ပေးနေပါတယ်။

    “သမ္မာကျမ်းစာနဲ့ အခြားရင်းမြစ်တွေကို ကိုးကားပြီး အရိပ်ဇာတ်ကောင်တွေကို ပုံဖော်တင်ဆက်နေတာ ဖြစ်ပါတယ်”

    အရိပ်ရုပ်သေးတင်ဆက်မှုဟာ ဂျာဗာကျွန်းက ပြည်သူတွေရဲ့ အနုပညာတစ်ရပ်လည်း ဖြစ်ပါတယ်။

    Ref: AFP