News @ M-Media

Tag: indonesia

  • ကြာသာပတေးနေ့မနက် နိုင်ငံတကာ သတင်းများ

    ကြာသာပတေးနေ့မနက် နိုင်ငံတကာ သတင်းများ

    မေ ၁၀၊ ၂၀၁၈
    M-Media

    အင်ဒို ထောင်ဆူမှု မြင်ကွင်း

    မလေးရှားရွေးကောက်ပွဲ အတိုက်အခံများ အနိုင်ရ
    ==============
    မလေးရှားမှာ မနေ့ကကျင်းပခဲ့တဲ့ ၁၄ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက် ဦးဆောင်တဲ့ အတိုက်အခံတွက အစိုးရသစ်ဖွဲ့နိုင်မယ့် အမတ်အရေအတွက်ကို ရရှိသွားခဲ့ပါတယ်။ ၀န်ကြီးချုပ် နာဂျစ်ရဲ့ BN ပါတီက ရွေးကောက်ပွဲနိုင်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားခဲ့ကြပေမယ့် ထင်သလိုဖြစ်မလာခဲ့ဘဲ BN ရဲ့ ဆယ်စုနှစ်ချီ တိုင်းပြည်ကို စိုးမိုးမှုလည်း အဆုံးသတ်သွားပါတယ်။ မဟာသီယာ မိုဟာမက်ကတော့ သူတို့အနေနဲ့ အရေးပါတဲ့ အောင်ပွဲတစ်ခု ရခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီကနေ့မှာ မလေးရှားအစိုးရသစ် ကျမ်းကျိန်ဖို့ ရှိနေပါတယ်။

    ကြမ်းတမ်းသည့်နည်းလမ်းများ ပြန်မသုံးဟု CIA အကြီးအကဲ ကတိပြု
    ============
    CIA အကြီးအကဲအဖြစ် သမ္မတဒေါ်နယ်ထရမ့်ရဲ့ အမည်စာရင်းတင်သွင်းမှုကို ခံထားရတဲ့ ဂီနာ ဟက်စ်ပဲလ်က သူ့ရဲ့ ဦးဆောင်မှုအတွင်းမှာ CIA ဟာ ကြမ်းတမ်းတဲ့ စစ်ကြောမေးမြန်းမှု နည်းလမ်းတွေကို ဘယ်တော့မှ ပြန်လည်အသုံးပြုမှာ မဟုတ်ဘူးလို့ မနေ့က အထက်လွှတ်တော်မှာ ပြောကြားလိုက်ပါတယ်။ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုပြီးတဲ့နောက်ပိုင်း အမေရိကန်ထောက်လှမ်းရေးအဖွဲ့ CIA ဟာ ဖမ်ဆီးထားသူတွေအပေါ် ညှင်းပမ်းနှိပ်စက်မှုတွေ လုပ်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဟက်စ်ပဲလ်ကတော့ အမေရိကန်ဥပဒေအရ ဒီလို ကြမ်းကြုတ်တဲ့နည်းလမ်းတွေကို တားမြစ်ပိတ်ပင်ထားပြီး ဖမ်းဆီးထားသူတွေဟာ ဥပဒေကပေးထားတဲ့ အခွင့်အရေးတွေ ရရှိရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    ထရမ့်မှာ အရှက်အကြောက်ကင်းသူဟု အီရန်အဓိပတိ ဝေဖန်
    ===================
    အမေရိကန်ဟာ နျူသဘောတူညီမှုကနေ နှုတ်ထွက်ကြောင့် သမ္မတထရမ့်ရဲ့ ကြေငြာမှုကို အီရန်အဓိအတိ အယာတိုလာ အလီခါမေနီက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး အရှက်အကြောက်ကင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ထရမ့်က နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း အင်္ဂါနေ့မှာ ပြောကြားခဲ့တာဖြစ်ပြီး လက်မှတ်ထိုးထားတဲ့ အခြား နိုင်ငံကြီးတွေက သဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ခါမေနီက အမေရိကန်ဟာ အီရန်အပေါ် လွှမ်းမိုးဖို့အတွက် နျူကိစ္စကို အကြောင်းပြချက်အဖြစ် သုံးနေတာဖြစ်ပြီး ၂၀၁၅ ခုနှစ် သဘောတူညီချက်ကလည်း သူတို့ကို အီရန်က ခြေထောက်ကိုင်လာအောင် လုပ်တာသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    အင်ဒိုနီးရှားထောင်ဆူမှု ရဲ ၅ ဦး သေဆုံး
    ============
    အင်ဒိုနီးရှားနိုင်ငံ မြိုတော် ဂျကာတာမြို့ပြင်က လုံခြုံရေးအဆင့်မြင့် ထောင်တစ်ခုမှာ အကျဉ်းသားတွေက ထောင်လုံခြုံရေးတွေကို ဓားစာခံအဖြစ်ဖမ်းဆီကာ ထောင်ဖောက်ဖို့ ကြိုးစားရကနေ ဆူပူမှုဖြစ်တဲ့အတွက် လူ ၆ ဦး သေဆုံးခဲ့ပါတယ်။ IS အဖွဲ့ဝင် အကျဉ်းသားတွေက သူတို့ရဲ့ ခေါင်းဆောင်ကို တွေ့ချင်ကြောင်း ပြောကြားရာကနေ ပြဿနာဖြစ်ပွားတာဖြစ်ပြီး သေဆုံးသူ ၅ ဦးဟာ သေသေချာချာလေ့ကျင့်ပေးထားတဲ့ အကြမ်းဖက်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

    Ref: Aljazeera

  • မှတ်ပုံတင် စမတ်ကဒ်စီမံကိန်းတွင် ဒေါ်လာ သန်းချီ ခိုးခဲ့သည့် လွှတ်တော်အမတ်ကို အင်ဒို ထောင်ချ

    မှတ်ပုံတင် စမတ်ကဒ်စီမံကိန်းတွင် ဒေါ်လာ သန်းချီ ခိုးခဲ့သည့် လွှတ်တော်အမတ်ကို အင်ဒို ထောင်ချ

    ဧပြီ ၂၄၊ ၂၀၁၈
    M-Media

    ပြည်သူ့ဘဏ္ဍာမှ ကန်ဒေါ်လာ သန်း ၁၇၀ ခိုးခဲ့သည့် လွှတ်တော်အမတ်ဟောင်း နိုဗန်တို

    – ပြည်သူ့ဘဏ္ဍာကနေ ကန်ဒေါ်လာ သန်း ၁၇၀ ခိုးယူမှုနဲ့ လွှတ်တော်အမတ်တစ်ဦးကို အင်ဒိုနီးရှားက ထောင် ၁၅ နှစ်ချမှတ်လိုက်ပြီး ခြစားမှုတိုက်ဖျက်ရေး အင်ဒိုနီးရှားရဲတပ်ဖွဲ့ရဲ့ အောင်မြင်မှုတစ်ခုလည်း ဖြစ်ပါတယ်။

    ဆက်ယာ နိုဗန်တိုဖြစ်ပြီး Golkar ပါတီရဲ့ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သူပါ။

    တရားသူကြီးတွေက နိုဗန်တိုဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ ကန်ဒေါ်လာ သန်းပေါင်း ၄၄၀ တန် အီလက်ထရောနစ် မှတ်ပုံတင်စီမံကိန်းမှာ ရန်ပုံငွေရဲ့ သုံးပုံတစ်ပုံကို ခိုးယူခဲ့တဲ့ အစိုးရတာဝန်ရှိသူ ၈၀ မှာ ပါဝင်တယ်လို့ ဒီကနေ့ အမိန့်ချမှတ်မှုမှာ ပြောကြားခဲ့ပါတယ်။

    နိုဗန်တိုကတော့ သူ့အနေနဲ့ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပြီး ပူးပေါင်းကြံစည်မှုကို ထုတ်ဖော်ကာ ဖော်ကောင်အဖြစ် သက်ညှာမှုရရေး ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။

    တရားသူကြီးအဖွဲ့က နိုဗန်တိုအနေနဲ့ ဒဏ်ငွေ အင်ဒိုရူပြား သန်း ၅၀၀ (ကန်ဒေါ်လာ ၃၆၀၀၀) ပေးဆောင်ဖို့နဲ့ ထောင်ကထွက်ပြီး နောက်ထပ် ၅ နှစ် အစိုးရအဖွဲ့မှာ တာဝန်ထမ်းမှုမလုပ်ဖို့ အမိန့်ချခဲ့ပါတယ်။

    နိုဗန်တိုကတော့ အယူခံဝင်မလားဆိုတာကို စဉ်းစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • စနေနေ့မနက်ပိုင်း နိုင်ငံတကာသတင်းများ

    စနေနေ့မနက်ပိုင်း နိုင်ငံတကာသတင်းများ

    ဧပြီ ၂၁၊ ၂၀၁၈
    M-Media

    ဆွီဒင်မှ နာမည်ကြီး ဒီဂျေ တင်မ်ဘာလင်း

    မြောက်ကိုရီးယားက လက်နက်စမ်းသပ်မှုမလုပ်တော့
    ==============
    နျူလက်နက်နဲ့ ဒုံးကျည်စမ်းသပ်မှုတွေကို ထပ်လုပ်မှာမဟုတ်ဘဲ နျူလက်နက် စမ်းသပ်တဲ့နေရာကိုလည်း ပိတ်ပစ်မယ်လို့ မြောက်ကိုရီးယားက ဒီနေ့မနက်မှာ ကြေငြာလိုက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီပြောကြားမှုကို ကြိုဆိုခဲ့ပါတယ်။ ကင်ဂျုံအန်နဲ့ ထရမ့်တို့ဟာ မကြာခင်မှာ တွေ့ဆုံဖို့ရှိနေပြီး မနေ့ကလည်း ကင်ဂျုံအန်နဲ့ တောင်ကိုရီးယားသမ္မတတို့အကြား တိုက်ရိုက် ဖုန်းလိုင်းတစ်ခုကို တပ်ဆင်ခဲ့ပါတယ်။

    လက်နက်ကိုင်ခွင့်ကိစ္စအတွက် ကန်ကျောင်းသားများ ဆန္ဒထပ်ပြ
    =================
    လက်နက်ကိုင်ဆောင်ခွင့်ဥပဒေကို အစိုးရက ပြုပြင်ပြောင်းလဲမှု မရှိသေးတာနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံတစ်ဝှမ်းက ကျောင်းသားတွေဟာ မနေ့မနက်ပိုင်း ၁၀ နာရီတိတိအချိန်မှာ ကျောင်းခန်းတွေထဲကနေ အပြင်ကိုထွက်ကာ ဆန္ဒပြခဲ့ကြပါတယ်။ ဒါဟာ ဖေဖော်ဝါရီလ ဖလော်ရီဒါ အထက်တန်းကျောင်းမှာ လူ ၁၇ ဦးသေဆုံးတဲ့ သေနတ်ပစ်မှုအပြီး ဒုတိယအကြိမ်မြောက် ကျောင်းခန်းအပြင်ထွက် ဆန္ဒပြမှု ဖြစ်ပါတယ်။

    နာမည်ကျော် ဆွီဒင်ဒီဂျေ အိုမန်တွင် သေဆုံး
    ===================
    ဂီတလောကမှာ Avicii လို့သိကြတဲ့ ဆွီဒင်က နာမည်ကျော် ဒီဂျေသမား တင်မ်ဘာလင်းကို အိုမန်မြို့တော် မူစကတ်က တိုက်ခန်းတစ်ခုမှာ မနေ့နေ့လယ်ပိုင်းက သေဆုံးလျက် တွေခဲ့ရပါတယ်။ အသက် ၂၈ နှစ်အရွယ်သာရှိသေးတဲ့ တင်မ်ဘာလင်းဟာ ဂီတထူးချွန်ဆု မြောက်များစွာ ရရှိထားသူ ဖြစ်ပါတယ်။ ဘာ့ကြောင့်သေဆုံးရလဲဆိုတာ မထုတ်ပြန်သေးပါဘူး။

    မသန့်ရှင်းသည့် တရုတ်ငါးသေတ္တာဗူးများကို မလေးနှင့် အင်ဒိုတို့ပိတ်
    ===============
    ဗူးထဲမှာ သန်ကောင်အသေတွေ တွေ့ခဲ့တာကြောင့် တရုတ်နိုင်ငံထုတ် ငါးသေတ္တာနှစ်မျိုးကို ဈေးကွက်ကနေ ပြန်သိမ်းဖို့ မလေးရှားကျန်းမာရေးဝန်ကြီးဌာနက ကြာသာပတေးနေ့မှာ အမိန့်ပေးခဲ့ပါတယ်။ Fujian Yongfa နဲ့ Dongshan Dongyi Foods ကုမ္ပဏီတွေက ထုတ်လုပ်တဲ့ ငါးသေတ္တာတွေဖြစ်ပြီး၊ အင်ဒိုနီးရှားနိုင်ငံကလည်း ဒီပြဿနာကြောင့်ပဲ တရုတ်ထုတ် ငါးသေတ္တာ ၃ မျိုးကို ဈေးကွက်ကနေ ပြန်သိမ်းခဲ့ပါတယ်။

    Ref: CNA, Aljazeera

  • ရွေးကောက်ပွဲအကြို မြင့်တက်လာသည့် မွတ်စလင် မဘသများ၏ အမုန်းဝါဒဖြန့်မှုကို အင်ဒိုနှိမ်နှင်း

    ရွေးကောက်ပွဲအကြို မြင့်တက်လာသည့် မွတ်စလင် မဘသများ၏ အမုန်းဝါဒဖြန့်မှုကို အင်ဒိုနှိမ်နှင်း

    မတ် ၁၅၊ ၂၀၁၈

    M-Media

    – ၂၀၁၉ ခုနှစ်အတွင်း သမ္မတရွေးကောက်ပွဲရှိနေတဲ့အချိန် အမျိုးဘာသာ သာသနာ ကာကွယ်မယ်ဆိုတဲ့ အုပ်စုတွေရဲ့ အွန်လိုင်းမှာ အမုန်းစကား လုပ်ကြံဝါဒဖြန့်မှုတွေကို အင်ဒိုနီးရှားက ရင်ဆိုင်နေရပြီး ဒီလိုဝါဒဖြန့်မှုတွေအတွက် အင်ဒိုရဲတပ်ဖွဲ့က ဖမ်းဆီးမှုတွေ လုပ်နေပါတယ်။

    ကမ္ဘာ့ အစ္စလာမ်ဘာသာဝင်အများစုရှိရာ အင်ဒိုနီးရှားနိုင်ငံမှာ သဘောထားတင်းမာတဲ့ မွတ်စလင်အဖွဲ့တွေက ဆိုရှယ်မီဒီယာတွေကို အမြတ်ထုတ်ကာ ပြီးခဲ့တဲ့လတွေအတွင်း လူနည်းစုတွေနဲ့ပတ်သက်လို့ လုပ်ကြံဝါဒဖြန့်မှုတွေ လုပ်ဆောင်လာတာပါ။

    အင်ဒိုနီးရှားရဲတပ်ဖွဲ့က အစိုးရကို တိုက်ခိုက်ပြီး ဘာသာရေးအစွန်းရောက်လာအောင် လှုံ့ဆော်ပေးနေတဲ့ ‘မွတ်စလင်ဆိုက်ဘာတပ်မတော်’ လို့ခေါ်တဲ့ MCA အဖွဲ့က အဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့ကြပါတယ်။

    ဒီအုပ်စုတွေရဲ့ အဓိက လုပ်ကြံဝါဒဖြန့်မှုနှစ်ခုက အစ္စလာမ့်ဓမ္မပညာရှင်တွေဟာ လက်ဝဲ၀ါဒီတွေရဲ့ စော်ကားမှုကို ခံနေရပြီး တိုင်းပြည်မှာ ကွန်မြူနစ်ပါတီရဲ့အင်အား ကြီးထွားလာနေတယ်ဆိုတဲ့ အချက်တွေ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

    ဘုရားတရားကို လက်မခံတဲ့ ကွန်မြူနစ်ဝါဒဟာ အင်ဒိုနီးရှားမှာ အထိအခိုက်မခံတဲ့ ကိစ္စဖြစ်ပြီး အာဏာရှင် ဆူဟာတိုလက်ထက် ၁၉၆၀ ပြည့်နှစ် အလယ်ပိုင်းမှာ ကွန်မြူနစ်တံဆိပ်ကပ်ကာ လူသန်းဝက်လောက်ကို သတ်ပစ်ခဲ့ပါတယ်။

    အင်ဒိုနီးရှားရဲတပ်ဖွဲ့ရဲ့ လူမှုဆိုင်ရာဌာနက အကြီးအကဲ ဂါတော့ အက်ဒီ ပရာမိုနိုက အဲဒီအုပ်စုတွေဟာ အစိုးရကို မတည်မငြိမ်ဖြစ်စေဖို့နဲ့ လူမှုရေး ပဋိပက္ခတွေဖြစ်လာစေဖို့ ဆောင်ရွက်ချင်နေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    သမ္မတ ဂျိုကိုဝီဒိုဒို အာဏာရခဲ့တဲ့ ၂၀၁၄ ခုနှစ် သမ္မတရွေးကောက်ပွဲတုန်းကလည်း ၀ီဒိုဒိုကိုဆန့်ကျင်တဲ့ လုပ်ကြံဝါဒဖြန့်မှုတွေ အွန်လိုင်းစာမျက်နှာတွေမှာ ပေါ်ထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် လက်ရှိအနေအထားကတော့ အာဏာပိုင်တွေကို ပိုပြီး အခက်တွေ့စေမယ့် ပုံစံ ဖြစ်နေပါတယ်။

    ပြီးခဲ့တဲ့လက ဆက်သွယ်ရေးဝန်ကြီးဌာနဟာ သူတို့အနေနဲ့ သတင်းအတုတွေကို ဖော်ထုတ်နိုင်မယ့် ဆော့ဖ်ဝဲသစ်ကို စတင်အသုံးပြုနေတယ်လို့ ကြေငြာခဲ့ပါတယ်။ ဇန်န၀ါရီလတုန်းကလည်း သမ္မတ ၀ီဒိုဒိုဟာ ဆိုက်ဘာလုံခြုံရေး အေဂျင်စီအသစ်ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။

    အွန်လိုင်း ၀ါဒဖြန့်မှုများ

    အင်တာနက်မှာ သတင်းမှားတွေနဲ့ လုပ်ကြံဝါဒဖြန့်မှုဂယက်ကို အင်ဒိုနီးရှားနိုင်ငံဟာ ၂၀၁၆ နှစ်ကုန်ပိုင်းနဲ့ ၂၀၁၇ ခုနှစ် အစပိုင်း ဂျကာတာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ သိသိသာသာကို ခံစားခဲ့ရပါတယ်။

    တရုတ်နွယ်ဖွား ခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့ ဂျကာတာအုပ်ချုပ်ရေးမှူး အဟော့ဟာ ကိုရန်ကျမ်းစာကို စော်ကားတယ်လို့ သဘောထားတင်းမာတဲ့ အစ္စလာမ့်မစ်တွေက ပြင်ဆင်ဖြတ်တောက်ထားတဲ့ ဗီဒီယိုနဲ့ ၀ါဒဖြန့်ခဲ့ပါတယ်။

    နောက်ဆက်တွဲအဖြစ် အဟော့ဟာ မွတ်စလင်တွေရဲ့ ဆန့်ကျင်ဆန္ဒပြမှုကို ခံခဲ့ရပြီး ရွေးကောက်ပွဲမှာ မွတ်စလင် ပြိုင်ဘက်ကို ရှုံးနိမ့်ခဲ့သလို ဘာသာသာသနာ ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆို ထောင်ချခြင်း ခံခဲ့ရပါတယ်။

    အဟော့နဲ့ မွတ်စလင်မဟုတ်တဲ့ နိုင်ငံရေးသမားတွေကို ၀ါဒဖြန့်တိုက်ခိုက်ရမှာ MCA က အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ နိုင်ငံရဲ့ အကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့ နဒ်လာသွလ် အိုလမာ (NU) ရဲ့ ဒါရိုက်တာ ဆာဗစ်အလီက ပြောကြားခဲ့ပါတယ်။

    “ဒီကိစ္စမှာ MCA ဟာ ဦးဆောင်လှုံ့ဆော်ပေးခဲ့တာပါ။ သူတို့ရဲ့ အကောင့်တော်တော်များများမှာ ဘာသာရေးသဘောတရားတွေ တင်ထားတာကို ထင်ထင်ရှားရှား တွေ့ရပါတယ်”

    သူတို့အဖွဲ့ဟာ အနည်းဆုံး အဖွဲ့ ၄ ခုလောက်ရှိပြီး တစ်ဖွဲ့က bot တွေအသုံးပြုတာ၊ အတိုက်အခံတွေရဲ့ အကောင့်တွေကို ဟက်တာလို နည်းလမ်းတွေနဲ့ ၀ါဒဖြန့်တာတွေ ပြုလုပ်ကြတယ်လို့ လူ့အခွင့်အရေးအဖွဲ့ SAFENET က ဒါမာ ဂျူနီယာတိုက ပြောကြားခဲ့ပါတယ်။

    အခြားတစ်ဖွဲ့က အစ္စလာမ်သာသနာအတွင်း အစွန်းရောက်ဝါဒကို သွတ်သွင်းကာ ခါလီဖိတ်နိုင်ငံ ထူထောင်ဖို့ တွန်းအားပေးနေပြီး၊ နောက်တစ်ဖွဲ့က ရှေးရိုးစွဲ နိုင်ငံရေးအယူအဆကို ပံ့ပိုးကာ၊ ၀ီဒိုဒိုနဲ့ သဘောထားမတိုက်ဆိုင်တဲ့ စစ်ဖက်အရာရှိတွေကို စန်းတင်တာတွေ လုပ်နေပါတယ်။

    “သူတို့ဟာ ၂၀၁၉ ခုနှစ်မှာလုပ်မယ့် သမ္မတရွေးကောက်ပွဲအတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်ပါတယ်။ ၂၀၁၈ မှာ သူတို့ရည်ရွယ်ချက်က ဂျကာတာမှာ ဖြစ်ခဲ့တာကို တိုင်းပြည်ရဲ့ တစ်ခြားနေရာတွေမှာ ကော်ပီလုပ်ချင်တာပါ” လို့ ဂျူနီယာတိုက ပြောပါတယ်။

    သတင်းမှားတွေ၊ လုပ်ကြံသတင်းတွေအတွက် ရဲတပ်ဖွဲ့ကို တပ်လှန့်ထားပေမယ့် ထိရောက်မှု နည်းနေပါသေးတယ်။

    နိုင်ငံလူဦးရေရဲ့ထက်ဝက် သန်းပေါင်း ၁၃၀ လောက်ဟာ တစ်နေ့ကို ဆိုရှယ်မီဒီယာ ၃ နာရီခွဲလောက် အသုံးပြုနေကြပြီး ကမ္ဘာပေါ်က ဆိုရှယ်မီဒီယာအသုံးပြုမှု အမြင့်ဆုံးတွေထဲမှာ ပါဝင်တယ်လို့ လန်ဒန်အခြေစိုက် We are social အဖွဲ့က ပြောပါတယ်။

    နောက်ပြီး ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ပညာပေးမှုအစီအစဉ်ကို အင်ဒိုနီးရှားက ဆောင်ရွက်တာ နောက်ကျတယ်လို့လည်း ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။

    “အင်တာနက်မှာ တက်လာသမျှ စာတွေ၊ ဗီဒီယိုတွေအားလုံးကို အင်ဒိုပြည်သူများစုက အမှန်လို့ထင်ကြတာ။ အမှားဆိုတာ သူတို့ မသိကြဘူး” လို့ NU က ဆာဗစ်အလီက ပြောကြားခဲ့ပါတယ်။

    အင်ဒိုနီးရှားဟာ အစ္စလာမ်ရဲ့ သဘောထားပြည့်ဝမှုကို ကျင့်သုံးပြီး၊ ဘာသာတရား ၆ ခုကို တရားဝင် အသိအမှတ်ပြုကာ ဘာသာရေးလွတ်လပ်ခွင့် ပေးထားတဲ့ သမိုင်းကြောင်းကောင်းတွေ ကာလရှည်ကြာစွာ ရှိခဲ့တာပါ။

    ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေမှာ မွတ်စလင်မဟုတ်သူတွေနဲ့ လိင်တူချစ်သူတွေဟာ ပိုမိုပစ်မှတ်ထားခံလာရပြီး ၀ါဒဖြန့် သတင်းမှားတွေကလည်း မီးလောင်ရာလေပင့်ပေးနေတယ်လို့ SAFENET က တာဝန်ရှိသူ ဂျူနီယာတိုက ပြောကြားခဲ့ပါတယ်။

    “ဒါတွေနဲ့ပတ်သက်ပြီး ဘယ်သူမှ ဘာမှ မလုပ်ကြဘူးဆိုရင် သွေးကွဲမှုတွေ၊ ပဋိပက္ခတွေ လွယ်လွယ်ကူကူနဲ့ ဖြစ်လာနိုင်ပါတယ်”

    Ref : CNA