News @ M-Media

Tag: indonesia

  • အင်ဒိုနီးရှားတွင် တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေးထိုးထားသည့် ဆရာဝန် ၂၀ သေဆုံး

    အင်ဒိုနီးရှားတွင် တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေးထိုးထားသည့် ဆရာဝန် ၂၀ သေဆုံး

    ဇွန် ၂၈၊ ၂၀၂၁
    M-Media

    -တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး SinoVac ထိုးထားပြီးသူ ဆရာဝန် ၂၀ လောက် ကိုဗစ်ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ အင်ဒိုနီးရှား ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

    ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားကတည်းက အင်ဒိုနီးရှားမှာ ဆရာဝန် ၄၀၁ ဦး ကိုဗစ်နဲ့ သေဆုံးခဲ့ပါတယ်။ အဲဒီအထဲက အယောက် ၂၀ ဟာ SinoVac ကာကွယ်ဆေး ၂ ကြိမ်အပြည့် ထိုးထားသူတွေဖြစ်ပြီး ၁၀ ဦးက ဇွန်လအတွင်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။

    SinoVac ကိုဗစ်ကာကွယ်ဆေးကို ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ အသုံးပြုနေပြီး အခုအဖြစ်အပျက်က ဒီဆေးရဲ့ အန္တရာယ်ကင်းမှုအပေါ် မေးခွန်းတွေ ပေါ်ပေါက်လာစေပါတယ်။

    အင်ဒိုနီးရှား ကျန်းမာရေးဌာနက နိုင်ငံအတွင်းရှိနေတဲ့ ဆရာဝန်တွေရဲ့ ၉၀ ရာခိုင်နှုန်းကို SinoVac ကာကွယ်ဆေး ထိုးပေးထားပြီး အခုသေဆုံးမှုအတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    SinoVac ကာကွယ်ဆေးဟာ ဆေးရုံတက်ရလောက်အောင် ပြင်းထန်တဲ့ ကိုဗစ်လက္ခဏာ ခံစားရမှု၊ ကိုဗစ်ကြောင့် သေဆုံးမှုတွေကို ထိထိရောက်ရောက် ကာကွယ်​ပေးနိုင်တယ်လို့ ဒီဆေးကိုအသုံးပြုနေတဲ့ ဘရာဇီးလ်နဲ့ ချီလီတို့က ထုတ်ပြန်ခဲ့ပါတယ်။

    Ref: AFP

  • အမေရိကန်-အင်ဒို ပူးတွဲရေကြောင်းလေ့ကျင့်ရေးစင်တာ အုတ်မြစ်ချ

    အမေရိကန်-အင်ဒို ပူးတွဲရေကြောင်းလေ့ကျင့်ရေးစင်တာ အုတ်မြစ်ချ

    ဇွန် ၂၆၊ ၂၀၂၁
    M-Media

    -ရေကြောင်းဆိုင်ရာ မဟာဗျူဟာကျတဲ့ ဘာတမ်မြို့မှာ အမေရိကန်နဲ့ ပူးတွဲတည်ဆောက်မယ့် ရေကြောင်းလေ့ကျင်ရေးစင်တာကို အင်ဒိုနီးရှားက မနေ့မှာ အုတ်မြစ်ချခဲ့ပါတယ်။

    ဒီအခမ်းအနားကို အင်ဒိုနီးရှားဆိုင်ရာ အမေရိကန်သံအမတ် ​ဆွန်ကင်က အွန်လိုင်းကနေ တက်ရောက်ခဲ့ပြီးင် ဒီစင်တာဟာ ဒေသတွင်း လုံခြုံရေးတိုးမြှင့်ဖို့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ပြည်တွင်းနဲ့ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို တိုက်ဖျက်ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိန်းသိမ်းမှုမှာ အင်ဒိုနီးရှားရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ဆက်လက် ပံ့ပိုးကူညီပေးဖို့အတွက် မိတ်ဆွေသူငယ်ချင်းဖြစ်တဲ့ အမေရိကန်က စိတ်ပိုင်းဖြတ်ထားပါတယ်”

    အခုတည်ဆောက်မယ့် ကန်ဒေါ်လာ ၃.၅ သန်းတန် သင်တန်းကျောင်းဟာ မလာကာရေလက်ကြားနဲ့ တောင်တရုတ်ပင်လယ်ဆုံရာ မဟာဗျူဟာကျတဲ့ဒေသမှာ တည်ရှိတာဖြစ်ပါတယ်။

    သင်တန်းကျောင်းကို အင်ဒိုနီးရှား ရေကြောင်းလုံခြုံရေးဌာန Bakamla က စီမံအုပ်ချုပ်မှာဖြစ်ပြီး ဘော်ဒါဆောင်ပါ စာသင်ကျောင်း၊ စစ်စခန်းနဲ့ ရဟတ်ယာဉ်ဆင်းဖို့နေရာတွေပါ ပါဝင်မှာ ဖြစ်ပါတယ်။

    အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ အာဆီယံနိုင်ငံတွေ တောင်တရုတ်ပင်လယ်ကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံနဲ့ အငြင်းပွားမှု မြင့်တက်နေတဲ့အချိန် ​အခုလို သင်တန်းကျောင်းတည်ဆောက်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

    Ref: Reuters

  • ကိုဗစ်ကာကွယ်ဆေး တစ်နေ့လျှင် လူတစ်သန်းထိုးနိုင်အောင် အင်ဒိုနီးရှားက ဆောင်ရွက်မည်

    ကိုဗစ်ကာကွယ်ဆေး တစ်နေ့လျှင် လူတစ်သန်းထိုးနိုင်အောင် အင်ဒိုနီးရှားက ဆောင်ရွက်မည်

    ဇွန် ၉၊ ၂၀၂၁
    M-Media

    -ဇူလိုင်လမှာ တစ်နေ့ကို လူတစ်သန်းလောက် ကိုဗစ်ကာကွယ်ဆေးထိုးနိုင်အောင် ဆောင်ရွက်သွားမယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ပြောကြားလိုက်ပါတယ်။

    အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ ကိုဗစ်ကပ်ရောဂါဒဏ်ကို အဆိုးရွားဆုံး ခံစားရတဲ့နိုင်ငံဖြစ်ပြီး ၁.၈၇ သန်း ကူးစက်ကာ သေဆုံးသူက ၅ သောင်းကျော် ရှိပါတယ်။

    ကာကွယ်ဆေးထိုးနှံမှုကိုတော့ အခုနှစ်အစောပိုင်းမှာ စတင်ခဲ့ပြီး လက်ရှိ အင်ဒိုနီးရှားမှာ Sinovac၊ Sinopharm နဲ့ AstraZeneca ကာကွယ်ဆေးတစ်မျိုးမျိုး ၂ ကြိမ်ထိုးထားသူ အနည်းဆုံး ၁၁.၄၃ သန်း ရှိပါတယ်။

    ဂျကာတာတောင်ဘက် ဒီပို့မြို့ကို ဒီကနေ့ သွားရောက်မှုအတွင်း သမ္မတ ဂျိုကိုဝီဒိုဒိုက ဇွန်လအတွင်း တစ်နေ့ကို လူ ၇ သိန်း ကာကွယ်ဆေးထိုးပေးနိုင်အောင် စီစဉ်မှာဖြစ်ပြီး နောက်လမှာတော့ အရေအတွက် ထပ်တိုးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဇူလိုင်လမှာ တစ်နေ့ လူတစ်သန်းလောက်ကို ကာကွယ်ဆေးထိုးပေးနိုင်မှာ ဖြစ်ပါတယ်”

    အင်ဒိုနီးရှားမှာ စုစုပေါင်း လူဦးရေ သန်း ၂၇၀ ရှိပြီး အခုနှစ်အကုန်မှာ ၁၈၁.၅ သန်းလောက်ကို ကာကွဆေးထိုးပေးနိုင်ဖို့ အစိုးရက ရည်မှန်းထားပါတယ်။ မေလ ၃၁ ရက်နေ့အထိ အင်ဒိုနီးရှားမှာ ​ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၇၆ သန်း အဆင်သင့်ထိုးနိုင်တဲ့အနေအအထားမှာ ရှိနေတာဖြစ်ပါတယ်။

    ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းကို တိုးမြှင့်လုပ်ဆောင်နေပေမယ့် ပုံပြောင်းကိုဗစ် ပြန့်နှံ့မယ့်အန္တရာယ် ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

    Ref: CNA

  • ဟဂျ်ဘုရားဖူးခရီးစဉ်ကို ၂ နှစ်ဆက်အဖြစ် အင်ဒိုနီးရှားက ဖျက်သိမ်း

    ဟဂျ်ဘုရားဖူးခရီးစဉ်ကို ၂ နှစ်ဆက်အဖြစ် အင်ဒိုနီးရှားက ဖျက်သိမ်း

    ဇွန် ၃၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်နှံ့မှုအန္တရာယ်ကို စိုးရိမ်တာကြောင့် ဒီနှစ် ဟဂျ်ဘုရားဖူးခရီးစဉ်ကို ရပ်ဆိုင်းလိုက်တယ်လို့ အင်ဒိုနီးရှားက ထုတ်ပြန်ပါတယ်။

    အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာမှာ အစ္စလာမ်ဘာသာဝင်အများဆုံးရှိရာနိုင်ငံ ဖြစ်ပါတယ်။ ခွဲတမ်းချစနစ်အရ အင်ဒိုနီးရှားနိုင်ငံက အစ္စလာမ်ဘာသာဝင်တစ်ဦးဟာ ဟဂျ်ပြုခွင့်ရဖို့ အနည်းဆုံး နှစ် ၂၀ လောက် စောင့်ဆိုင်းရတာ ဖြစ်ပါတယ်။

    မနှစ်ကလည်း ကိုဗစ်ကပ်ရောဂါကြောင့် အင်ဒိုနီးရှားဟာ နိုင်ငံသားတွေ ဟဂျ်ဘုရားဖူး စေလွှတ်မယ့်ကိစ္စကို ဖျက်သိမ်းခဲ့ပါတယ်။ ဒီနှစ်နဲ့ဆို ဒီလို ဖျက်သိမ်းတာဟာ ၂ နှစ်မြောက် ရှိပါပြီ။

    “ကပ်ရောဂါနဲ့ ဘုရားဖူးတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကိစ္စတွေကြောင့် အင်ဒိုနီးရှားက ဟဂျ်သွားမယ့်သူတွေကို ဒီနှစ်မှာလည်း သွားရောက်ခွင့်မပြုဖို့ အစိုးရက ဆုံးဖြတ်ခဲ့ပါတယ်” လို့ အင်ဒိုနီးရှား သာသနာရေးဝန်ကြီး ယာကွတ် ချိုလီ ကူမတ်စ်က ဒီကနေထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပြောကြားခဲ့ပါတယ်။

    ဆော်ဒီအာရေဗျကလည်း ဘယ်နိုင်ငံကိုမှ ဟဂျ်အတွက် ဝင်ရောက်ခွင့်ပေးမှာမဟုတ်ဘူးလို့ ကူမက်စ်က ပြောပါတယ်။

    “အင်ဒိုနီးရှားတင်မဟုတ်ပါဘူး။ ဆော်ဒီအာရေဗျက နားလည်မှုစာချွန်လွှာကို လက်မှတ်မထိုးထားတဲ့အတွက် တစ်ခြားဘယ်နိုင်ငံမှလည်း ဟဂျ်ခွဲတမ်းရမှာ မဟုတ်ပါဘူး”

    ဆော်ဒီအာရေဗျနိုင်ငံ မက္ကာနဲ့ မဒီနာတို့က မြင့်မြတ်ရာနေရာတွေကို သွားရောက်ပြီး ဝတ်ပြုဆုတောင်းတာကို ဟဂျ်ပြုတယ်လို့ ခေါ်ဆိုတာပါ။ အရွယ်ရောက်ပြီး၊ ငွေကြေးတတ်နိုင်တဲ့ အစ္စလာမ်ဘာသာဝင် အမျိုးသား၊ အမျိုးသမီးတိုင်း တစ်သက်မှာ တစ်ကြိမ် ဟဂျ်ပြုတာဟာ မလုပ်မနေရ ဘာသာရေးတာဝန် ဖြစ်ပါတယ်။ အခုနှစ် ဟဂျ်ဘုရားဖူးကာလဟာ ဇူလိုင်လမှာ ကျရောက်မှာ ဖြစ်ပါတယ်။

    ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့နှစ် ဟဂျ်ရာသီမှာ ဆော်ဒီအာရေဗျဟာ နိုင်ငံအတွင်းက လူ ၁ ထောင်လောက်ကိုသာ ကိုဗစ်စည်းကမ်းတွေ ထုတ်ပြီး ဟဂျ်ပြုခွင့် ပေးခဲ့ပါတယ်။ ဟဂျ်ကာလမှာ ပုံမှန် ကမ္ဘာတစ်ဝှမ်းက အစ္စလာမ်ဘာသာဝင်သန်းချီ လာရောက် ဟဂျ်ပြုကြတာ ဖြစ်ပါတယ်။

    အခုနှစ်မှာလည်း ပုံပြောင်းကိုဗစ်ကူးစက်မှု ကမ္ဘာတစ်ဝှမ်းမှာ မြင့်တက်နေတာကြောင့် ဆော်ဒီအစိုးရဟာ နိုင်ငံအတွင်းက ကိုဗစ်ကာကွယ်ဆေးထိုးပြီးတဲ့သူတွေကိုသာ ဟဂျ်ပြုခွင့်ပေးဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

    Ref: Aljazeera

  • အင်ဒိုနီးရှားတွင် အုပ်စုဖွဲ့ ဆဲလ်ဖီရိုက်ရန် ကြိုးစားရာမှ လှေမှောက်သေဆုံးမှု ဖြစ်ပွား

    အင်ဒိုနီးရှားတွင် အုပ်စုဖွဲ့ ဆဲလ်ဖီရိုက်ရန် ကြိုးစားရာမှ လှေမှောက်သေဆုံးမှု ဖြစ်ပွား

    မေ ၁၆၊ ၂၀၂၁
    M-Media

    -အင်ဒိုနီရှားက ဘေးမဲ့တောတစ်ခုမှာ အုပ်စုလိုက် ဆဲလ်ဖီရိုက်ဖို့ ကြိုးစားရာကနေ လှေမှောက်သွားတဲ့အတွက် အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ပါတယ်။

    ဂျာဗားကျွန်းက ဘေးမဲ့တောမှာ မနေ့က ခရီးသွား ၂၀ လောက် လှေတစ်စီးနဲ့ လှည့်လည်ကြည့်ရှုစဥ် လှေအစွန်းမှာ လူအားလုံး အဖွဲ့လိုက် ဆဲလ်ဖီရိုက်ဖို့ လုပ်ရာကနေ ဟန်ချက်ပျက် လှေမှောက်သွားတာ ဖြစ်ပါတယ်။

    ရဲတပ်ဖွဲ့ကတော့ လှေဟာ သတ်မှတ်လူထက် ပိုတင်ခဲ့ပြီး လှေမောင်းသူကလည်း အသက် ၁၃ နှစ်လောက်သာ ရှိသေးတယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီအဖြစ်အပျက်အတွင်း ၁၁ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၇ ဦးသေဆုံးကာ ၂ ဦး ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

    လှေခရီးစဥ်ကို စီစဥ်ခဲ့သူတွေ တာ၀န်မဲ့ခဲ့လားဆိုတာ စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

    Ref: AFP