News @ M-Media

Tag: indonesia

  • အင်ဒိုနီးရှားနှင့် မိတ်ဖက်ဆက်ဆံရေး ခိုင်မာအားကောင်းရန် အမေရိကန် စိတ်ဆန္ဒရှိ

    အင်ဒိုနီးရှားနှင့် မိတ်ဖက်ဆက်ဆံရေး ခိုင်မာအားကောင်းရန် အမေရိကန် စိတ်ဆန္ဒရှိ

    ဒီဇင်ဘာ ၁၄၊ ၂၀၂၁
    M-Media

    -အင်ဒိုနီးရှားနဲ့ မိတ်ဖက်ဆက်ဆံရေး ခိုင်ခိုင်မာမာထားရှိလိုတဲ့ စိတ်ဆန္ဒကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြသခဲ့တယ်လို့ အင်ဒိုနီးရှား တာဝန်ရှိသူတွေက ပြောပါတယ်။

    ဘလင်ကန်ဟာ အရှေ့တောင်အာရှ ၄ ရက်ကြာခရီးစဉ်ကို မနေ့က စတင်ခဲ့တာပါ။ ဒီခရီးစဉ်အတွင်း အင်ဒိုနီးရှား မလေးရှားနဲ့ ထိုင်းနိုင်ငံတွေကို သွားရောက်မှာဖြစ်ပါတယ်။

    မနေ့က အင်ဒိုသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ တွေ့ဆုံရာမှာ ဘလင်ကန်က နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ အထူးသဖြင့် အခြေခံအဆောက်အဦးကဏ္ဍတွေမှာ ပူးပေါင်းဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့တယ်လို့ အင်ဒိုနိုင်ငံခြားရေးဝန်ကြီး ရက်တနို မာဆူဒီက ပြောပါယတ်။

    “အမေရိကန်ရဲ့ ဒီစိတ်ဆန္ဒဟာ တော်တော်လေး ခိုင်မာအားကောင်းပါတယ်”

    တရုတ်နဲ့ အမေရိကန်တို့ အားပြိုင်မှုမှာ အရှေ့တောင်အာရှက အဓိကျတဲ့နေရာမှာ ပါဝင်နေပြီး သမ္မတ ထရမ့်လက်ထက်မှာ အရှေ့တောင်အာရှနဲ့ ဆက်ဆံရေး အေးစက်ခဲ့ပေမယ့် သမ္မတ ဘိုင်ဒန်လက်ထက်မှာတော့ အားကောင်းအောင် ဆောင်ရွက်လာပါတယ်။

    G20 ဥက္ကဌနေရာကို ထမ်းဆောင်မယ့် အင်ဒိုနီးရှားအတွက် ဂုဏ်ယူပြီး အင်ဒို-ပစိဖိတ်ဒေသမှာ အင်ဒိုနီးရှားရဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍကို ပံ့ပိုးကူညီပေးသွားမယ်လို့လည်း ဘလင်ကန်က သမ္မတ ဝီဒိုဒိုကို ပြောကြားခဲ့ပါတယ်။

    အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှမှာ စီးပွားရေးအကြီးဆုံးနဲ့ လူဦးရေအများဆုံး နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်ပါတယ်။

    Ref: Reuters

  • ဘာလီကျွန်းတွင် ငလျင်လှုပ်ပြီး အနည်းဆုံး ၃ ဦးသေဆုံး

    ဘာလီကျွန်းတွင် ငလျင်လှုပ်ပြီး အနည်းဆုံး ၃ ဦးသေဆုံး

    အောက်တိုဘာ ၁၆၊ ၂၀၂၁
    M-Media

    -အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ဒီကနေ့မနက် အစောပိုင်းက အင်အားအသင့်အတင်ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် အနည်းဆုံး ၃ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    ငလျင်ပြင်းအားဟာ ၄.၈ မဂ္ဂနီကျု ရှိခဲ့ပြီး၊ ၄.၃ မဂ္ဂနီကျုရှိတဲ့ နောက်ဆက်တွဲငလျင်တွေလည်း လှုပ်ခတ်ခဲ့ပါတယ်။

    ငလျင်ကြောင့် မြေပြိုတာ၊ အဆောက်အဦးတွေ ပြိုကျပျက်ဆီးတာတွေလည်း ရှိခဲ့ပါတယ်။ ကိုဗစ်အလွန် ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်နိုင်ဖို့အတွက် ဘာလီကျွန်းကို ကြဲာသာပ​တေးနေ့ကမှ ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

    အင်ဒိုနီးရှားနိုင်ငံမှာ မကြာခဏ ငလျင်လှုပ်ခတ်လေ့ရှိပြီး လတ်တလောကာလ အကြီးမားဆုံးငလျင်ဟာ အခုနှစ် ဇန်နဝါရီလမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၂ မဂ္ဂနီကျုရှိတဲ့ ငလျင် ဖြစ်ပါတယ်။ အဲဒီငလျင်ကြောင့် အည်းဆုံး လူပေါင်း ၁၀၅ ဦး သေဆုံးခဲ့ပြီး ၆၅၀၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။

    Ref: Aljazeera

  • IS နှင့်ဆက်နွယ်သည့် စစ်သွေးကြွခေါင်းဆောင်တစ်ဦးကို အင်ဒိုနီးရှားက အသေပစ်ခတ်ဖမ်းဆီး

    IS နှင့်ဆက်နွယ်သည့် စစ်သွေးကြွခေါင်းဆောင်တစ်ဦးကို အင်ဒိုနီးရှားက အသေပစ်ခတ်ဖမ်းဆီး

    စက်တင်ဘာ ၁၉၊ ၂၀၂၁
    M-Media

    -IS အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွခေါင်းဆောင်တစ်ဦးကို အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ အင်ဒိုနီးရှားစစ်တပ်က ထုတ်ပြန်ပါတယ်။

    နိုင်ငံအရှေ့ပိုင်း ဆူလာ၀ေစီကျွန်းမှာ စနေနေ့က စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းပြီး အကြမ်းဖက်မှု တန်ပြန်စစ်ဆင်ရေး ပြုလုပ်စဥ်အတွင်း East Indonesia Mujahideen (MIT) အဖွဲ့နဲ့အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ ခေါင်းဆောင် အလီကာလိုရာကို အသေဖမ်းဆီးနိုင်ခဲ့တာပါ။

    “အလီကာလိုရာဟာ အလိုအရှိဆုံး အကြမ်းဖက်ခေါင်းဆောင်ဖြစ်ပြီး MIT ရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်” လို့ ဆူလာ၀ေစီဒေသ စစ်တပ်အကြီးအကဲ ဗိုလ်မှုးချုပ် ဖာရစ် မက်ရက်ဖ်က ပြောပါတယ်။

    အစ်ကရီမာလို့ အမည်တွင်တဲ့ အခြားစစ်သွေးကြွခေါင်းဆောင် ဂျာကာ ရမ်ဒန်လည်း ပစ်ခတ်မှုအတွင်း သေဆုံးခဲ့ပြီး အခြား ၄ ဦးကို လိုက်လံရှာဖွေနေတယ်လို့ အင်ဒိုနီးရှားစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    IS အကြမ်းဖက်အဖွဲ့ကို သစ္စာခံတယ်လို့ ကြေငြာထားတဲ့ MIT အဖွဲ့ခေါင်းဆောင်ဟောင်း ဆန်တိုဆိုကို ၂၀၁၄ ခုနှစ်မှာ အင်ဒိုနီးရှားစစ်တပ်က အသေပစ်ခတ် ဖမ်းဆီးပြီးတဲ့နောက် အလီကာလိုရာက ခေါင်းဆောင်ဖြစ်လာပြီး ၁၀ နှစ်လောက် တိမ်းရှောင်နေခဲ့တာ ဖြစ်ပါတယ်။

    MIT အဖွဲ့ဟာ အင်ဒိုနီးရှား လုံခြုံရေးတပ်ဖွဲ့တွေနဲ့ လူနည်းစု ခရစ်ယာန်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတော်တော်များများကို လုပ်ဆောင်ခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။

    ခေါင်းဆောင် အလီကာလိုရာသေဆုံးသွားပြီး အဖွဲ့၀င်တွေကလည်း ထွက်ပြေးနေရတဲ့အတွက် MIT အဖွဲ့ဟာ ဆက်လက် ရှင်သန်နိုင်ဖွယ်မရှိတော့ဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    Ref : Aljazeera

  • အင်ဒိုနီးရှားတွင် ပုံပြောင်းကိုဗစ် Delta ပြန့်နှံ့မှု စိုးရိမ်စရာဖြစ်လာ

    အင်ဒိုနီးရှားတွင် ပုံပြောင်းကိုဗစ် Delta ပြန့်နှံ့မှု စိုးရိမ်စရာဖြစ်လာ

    ဇူလိုင် ၁၄၊ ၂၀၂၁
    M-Media

    -ကူးစက်မြန် ကိုဗစ်ပုံပြောင်း Delta ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာတယ်လို့ အင်ဒိုနီးရှား ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

    အိန္ဒိယမှာ အကြီးအကျယ် ကူးစက်ခဲ့တဲ့ ပုံပြောင်းကိုဗစ် Delta ဒဏ်ကို အင်ဒိုနီးရှားက လက်ရှိမှာ အလူးအလဲ ခံစားနေရတာ​ ဖြစ်ပါတယ်။ ဒီကနေ့ ကိုဗစ်ကူးစက်မှုဟာ ၅၄၀၀၀ အထိ ရှိခဲ့ပြီး ဇွန်လအစပိုင်းကထက်ယှဉ်ရင် နေ့စဉ် ကူးစက်မှုမှာ ၁၀ ဆအထိ တိုးလာတာပါ။

    ကူးစက်မှု အလွန်အမင်း မြင့်တက်လာတဲ့အချိန် ဆေးရုံ မလုံလောက်တာ၊ ကျန်းမာရေးဝန်ထမ်းနဲ့ ပစ္စည်းတွေ၊ အောက်ဆီဂျင်တွေ မလုံလောက်တာကိုလည်း အင်ဒိုနီးရှားက ကြုံလာရပါတယ်။

    ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ အင်ဒိုနီးရှားဟာ ဒုတိယ အိန္ဒိယ ဖြစ်လာနိုင်တဲ့အန္တရာယ်ရှိတယ်လို့ သတိပေးထားပါတယ်။

    ကျန်းမာ​ရေးဝန်ကြီး ဆာဒစ်ကင်က ပုံပြောင်းကိုဗစ် Delta ကို လူဦးရေထူထပ်တဲ့ ဂျာဗားကျွန်းအပြင်ဘက်က ပြည်နယ် ၁၁ ခုမှာ တွေ့လာရပြီး တစ်ချို့ဒေသတွေမှာ ဆေးဝါးပစ္စည်းတွေ မလုံလောက်တာကြောင့် အလွန်အမင်း စိုးရိမ်စရာကောင်းနေတယ်လို့ လွှတ်တော်ကို တင်ပြခဲ့ပါတယ်။

    အရေးပေါ် တုန့်ပြန်ကယ်ဆယ်ရေးဆိုင်ရာ တာဝန်ရှိသူ လူဟွတ် ဘင်ဆာရ် ပန်ဂျိုင်တန်က အောက်ဆီဂျင်ရရှိ​ရေးကို ကောင်းမွန်စွာ စီမံခန့်ခွဲထားနိုင်ပြီး စင်ကာပူနဲ့ တရုတ်ထံကနေ အောက်ဆီဂျင်စက် ၁၅၀၀ ကျော် မှာယူထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    လောလောလတ်လတ် ဘွဲ့ရထားတဲ့ ဆရာဝန် ၂ ထောင်ကျော်နဲ့ သူနာပြု ၂ သောင်းလောက်ကိုလည်း နိုင်ငံတစ်ဝှမ်း ဖြန့်ခွဲတာဝန်ပေးဖို့ အင်ဒိုနီးရှားက စီစဉ်နေပါတယ်။

    Ref: Reuters

  • အင်ဒိုနီးရှားကို အမေရိကန်က ကိုဗစ်ကာကွယ်ဆေး ၄ သန်း လှူမည်

    အင်ဒိုနီးရှားကို အမေရိကန်က ကိုဗစ်ကာကွယ်ဆေး ၄ သန်း လှူမည်

    ဇူလိုင် ၃၊ ၂၀၂၁
    M-Media

    -ကိုဗစ်ကပ်ရောဂါကို တစ်ကျော့ပြန် ရင်ဆိုင်လာရတဲ့ အင်ဒိုနီးရှားကို အမေရိကန်က Moderna ကာကွယ်ဆေး ၄ သန်း ချက်ခြင်းပေးပို့သွားမယ်လို့ သိရပါတယ်။

    အမေရိကန် နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်နဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ္တနို မာဆူဒီတို့ ဖုန်းနဲ့ ဆွေးနွေးမှုအတွင်း အမေရိကန်က ဒီလို သတင်းစကား ပါးခဲ့တာ ဖြစ်ပါတယ်။

    ကမ္ဘာ့ ကိုဗစ်ကာကွယ်ဆေး အစီအစဉ်တစ်ခုဖြစ်တဲ့ COVAX ကနေတစ်ဆင့် ချက်ခြင်း ပေးပို့မယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    ကမ္ဘာ့ စတုတ္ထမြောက် လူဦးရေးအများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ အာရှမှာ ကိုဗစ်ဒဏ်ကို အဆိုးရွားဆုံးခံရတဲ့ တိုင်းပြည်တစ်ခုဖြစ်ပါတယ်။ လက်ရှိမှာလည်း ကိုဗစ်လှိုင်းကို တစ်ကျော့ပြန် ခံစားနေရပြီး ပြီးခဲ့တဲ့ ၁၂ ရက်အတွင်း ၈ ရက်မှာ ကူးစက်မှု စံချိန်တင်ခဲ့ပါတယ်။

    အခုလို ကာကွယ်ဆေး လှူဒါန်းတာဟာ ကိုဗစ်ကပ်ရောဂါကို တွန်းလှန်နေတဲ့ အင်ဒိုနီးရှားပြည်သူတွေအပေါ် အမေရိကန်က ကူညီထောက်ပံ့မှုကို မီးမောင်းထိုးပြလိုက်တာ ဖြစ်တယ်လို့ ဆူလီဗန်က ပြောကြားခဲ့ပါတယ်။

    ကိုဗစ်နဲ့ပတ်သက်ပြီး အင်ဒိုနီးရှားကို ပိုမိုကူညီပံ့ပိုးပေးနိုင်ရေး အစီအစဉ်တွေကိုလည်း ဆူလီဗန်နဲ့ မာဆူဒီတို့ ဆွေးနွေးခဲ့ကြပါတယ်။

    အင်ဒိုနီးရှားဟာ တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေး Sinovac ကို အဓိက မှီခိုနေရပေမယ့် အခြားကာကွယ်ဆေးတွေ ရရှိအောင်လည်း ကြိုးပမ်းနေပါတယ်။

    Ref: Reuters