News @ M-Media

Tag: international short news

  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၂၃၊ ၂၀၁၅)

    ဖေဖော်ဝါရီ ၂၃၊ ၂၀၁၅
    M-Media

    – တောင်အာဖရိကနိုင်ငံ ကာလီတန်ဗီလီမြို့အနီးရှိ ဟာမိုနီဂိုးလ်မိုင်းတွင် ယမန်နေ့က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး မိုင်းလုပ်သား ၅၀၀ ကျော်ရှိသည့်အနက် ၄၈၆ ဦကို ကယ်တင်နိုင်ခဲ့ကာ ၁၈ ဦးပျောက်ဆုံးနေသည်ဟု မိုင်းကုမ္ပဏီက ပြောကြားလိုက်သည်။ မြေအောက် ၂.၃ ကီလိုမီတာအနက်တွင် လေအေးပေးစက် ပြုပြင်ရာမှ မီးလောင်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    – လာမည့်ဧပြီလတွင် မြို့တော်ပြုံးယမ်၌ ပြုလုပ်ရန် စီစဉ်ထားသည့် မာရသွန်ပြိုင်ပွဲတွင် နိုင်ငံတကာမှ အပြေးသမားများအား အီဘိုလာပြန့်နှံ့မည်ကို စိုးရိမ်သည့်အတွက်ကြောင့် ပါဝင်ယှဉ်ပြိုင်ခွင့်မပြုဟု မြောက်ကိုရီးယား အာဏာပိုင်များက ပြောကြားလိုက်သည်။ အီဘိုလာဖြစ်ပွားသည့် အနောက်အာဖရိကနှင့် ကီလိုမီတာ ထောင်ပေါင်းများစွာ ဝေးကွာသော်လည်း မြောက်ကိုရီးယားမှာ အီဘိုလာကူးစက်ပြန့်နှံ့မည်ကို စိုးရိမ်နေပြီး ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှစ၍ နိုင်ငံခြား ခရီးသွားများ ၀င်ရောက်ခွင့်ကို ပိတ်ပင်ခဲ့သည်။

    – ဒေသအတွင်း လေတပ်အင်အား သာလွန်ရန်အတွက် ကန်ဒေါ်လာ ၃ ဘီလီယံ သုံးစွဲ၍ F 35 တိုက်လေယာဉ် ၁၄ စီးကို အမေရိကန်မှ ၀ယ်ယူမည်ဟု အစ္စရေးက အတည်ပြုခဲ့သည်။ အဆိုပါလေယာဉ်များထဲမှ ပထမဆုံး ၂ စီးမှာ ၂၀၁၆ ခုနှစ်တွင် ရောက်ရှိလာမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ်တွင် ကျန်ရှိသည့် အစီးရေများကို ပို့ဆောင်မည်ဖြစ်ကာ အားလုံးရောက်ရှိပါက အစ္စရေးလေတပ်တွင် F 35 တိုက်လေယာဉ်စီးရေ ၃၃ စီးအထိ ရှိလာမည်ဖြစ်သည်။

    – တရုတ်နိုင်ငံမှ ၀ယ်ယူထားသည့် ကန်ဒေါ်လာ ၃.၄ သန်းတန် တာဝေး လေကြောင်းရန်ကာကွယ်ရေးစနစ်ကို နေတိုး ကာကွယ်ရေးစနစ်များနှင့် လျော်ညီအောင် ဆောင်ရွက်၍ တပ်ဆင်အသုံးပြုသွားမည်ဟု တူရကီ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ အီဘရာဟင် ကာလင်က ယနေ့တွင် ပြောကြားလိုက်သည်။

    – အင်အား ၄.၅ မဂ္ဂနီကျုရှိသော ငလျင်တစ်ခုမှာ ဂျပန်နိုင်ငံအရှေ့ပိုင်း ချီဘာပြည်နယ်သို့ ဦးတည်ကာ ယနေ့တွင် လှုပ်ခတ်ခဲ့ပြီး သေဆုံးဒဏ်ရာရမှုများ မရှိသော်လည်း ဂျပန် မိုးလေ၀သဌာနက ဆူနာမီကြေညာချက် ထုတ်ပြန်ခဲ့သည်။

    – ပြင်သစ်လေယာဉ်တင်သင်္ဘော ချားလ်စ် ဒီ ဂေါလ်မှနေ၍ အီရတ်နိုင်ငံရှိ IS အဖွဲ့များကို လေကြောင်းမှတိုက်ခိုက်ရန် စစ်ဆင်ရေးကို ယနေ့တွင် စတင်ခဲ့သည်ဟု ပြင်သစ်စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ ပြင်သစ်မှာ IS အဖွဲ့အား အမေရိကန်ဦးဆောင်သည့် လေကြောင်းတိုက်ခိုက်ရေး မဟာမိတ်အဖွဲ့တွင် ပထမဆုံး ၀င်ပါခဲ့သော နိုင်ငံလည်းဖြစ်သည်။

    Ref: news agencies

  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၂၂၊ ၂၀၁၅)

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၅
    M-Media

    – ၂၀၁၁ ခုနှစ် စက်တင်ဘာလက လာဘ်စားမှုနှင့် အခြားသောစွဲချက်များဖြင့် ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံခဲ့ရသည့် ကနေဒါ
    စီးပွားရေးလုပ်ငန်းရှင် ဆိုင် တွက်မာဂျီယန်ကို ကျူးဘားအစိုးရက ယမန်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့သည်။ ထိုသို့လွှတ်ပေးမှုမှာ အမေရိကန်နှင့် ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားနေသည့် ကျူးဘားအနေဖြင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖွင့်ပေးရန် အချက်ပြလိုက်ခြင်းဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။

    – သြစတေးလျနိုင်ငံ ကွင်းစ်လန်းပြည်နယ်တွင် အင်အားပြင်းထန်သော ဆိုက်ကလုံးမုန်တိုင်းကြောင့် နေအိမ်ပေါင်း ၁၅၀၀ ခန့် ပျက်ဆီးခဲ့ပြီး ဓာတ်အားလိုင်း ၁၈၀၀ ကျော်လည်း ပြတ်တောက်ခဲ့ကာ ပြင်ဆင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်ဟု
    ပြည်နယ်အစိုးရက ပြောကြားလိုက်သည်။ ဆိုက်ကလုန်းကြောင့် သေကြေဒဏ်ရာရမှုများ ယခုအချိန်ထိ မရှိသေးပေ။

    – ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနှင့် လာမည့်ရက်ပိုင်းအတွင်း ဂျီနီဗာတွင်ပြုလုပ်မည့် နျူကလီးယားအရေး ဆွေးနွေးပွဲအတွက် အီရန်သမ္မတ ရူဟာနီက ၎င်း၏ ညီဖြစ်သူနှင့် နျူကလီးယားဌာန အကြီးအကဲတို့အား ဆွေးနွေးညှိနှိုင်းရေးမှူးအဖြစ် ရွေးချယ်ကာ စေလွှတ်လိုက်သည်။

    – ပြင်းထန်သည့် နှင်းမုန်တိုင်းကြောင့် အမေရိကန်နိုင်ငံတစ်ဝှမ်းရှိ လေဆိပ်များမှ လေကြောင်းခရီးစဉ်ပေါင်း ၃၁၂၃ ခု ကို
    ယမန်နေ့တွင် ဖျက်သိမ်းခဲ့သည်။

    – ယူကရိန်းနိုင်ငံ ကာကစ်ဗ်မြို့တွင် ယနေ့နံနက်ပိုင်းက ငြိမ်းချမ်းရေးအတွက် ပြည်သူများက ချီတက်လမ်းလျှောက်ခဲ့ကြပြီး ရထားဘူတာတစ်ခုဘေးနားသို့ အဆိုပါ လူအုပ်ကြီး ဖြတ်သွားသည့်အချိန်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းဆံုး ၂ ဦး
    သေဆုံးခဲ့သည်ဟု ယူကရိန်းရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။ ထို့ပြင် ထိုတိုက်ခိုက်မှုမှာ အကြမ်းဖက်လုပ်ရပ်ဖြစ်သည်ဟု
    သတ်မှတ်ခဲ့သည်။

    – ဘန်ကောက်မြို့လယ်ကောင်ရှိ အထိမ်းအမှတ်နေရာတစ်ခုဖြစ်သာ Victory Monument အဆောက်အဦးတွင် ယနေ့နံနက်ပိုင်းက လူလေးဦးမှာ အဏာသိမ်းစစ်အစိုးရနှင့် ပတ်သက်သည့် အမြင်များကို ပြောကြားနေစဉ် ရဲတပ်ဖွဲ့က ၎င်းထဲမှ ၃ ဦးကို ဖမ်းဆီးခဲ့သည်။ ထို့နောက် နာရီအနည်းငယ်အကြာတွင် ပြန်လွှတ်ပေးခဲ့ပြီး တည်ငြိမ်အေးချမ်းရေးကို နှောက်ယှက်မှုဖြင့် တရားစွဲဆိုထားသည်။

    – ဂျပန်နိုင်ငံ တိုကျိုမြို့၌ ယနေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် တိုကျိုမာရသွန်ပြိုင်ပွဲတွင် အီသီယိုးပီးယားနိုင်ငံသား အန်ဒက်စ်ရှော
    နီဂက်စ်စီက ၂ နာရီ ၆ မိနစ်ဖြင့် အနိုင်ရရှိခဲ့သည်။

    Ref:news agencies

  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၂၀၊ ၂၀၁၅)

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၅
    M-Media

    – အမေရိကန်ကျောထောက်နောက်ခံပြုထားသည့် အာဏာသိမ်းရေး ကြံစည်မှုကို တားဆီးရန်ဟုဆိုကာ ကာရာကက်စ်မြို့တော်ဝန် အတိုက်အခံနိုင်ငံရေးသမား အန်တိုနီယို လီဒက်ဇ်မာကို ဗင်နီဇွဲလား အစိုးရက ယမန်နေ့တွင် ဖမ်းဆီးလိုက်သည်။ ထောက်လှမ်းရေးအဖွဲ့များက ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး သမ္မတ မာဒူရိုကမူ လီဒက်ဇ်မှာ တည်ငြိမ်အေးချမ်းရေးကို နှောက်ယှက်ရန် ကြိုးပမ်းမှုအတွက် အပြစ်ပေးခံရမည်ဟု ပြောကြားခဲ့သည်။

    – လိုက်ဘေးရီးယားနိုင်ငံ၏ အီဘိုလာတိုက်ဖျက်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ အီဘိုလာ အရေးပေါ်တိုက်ဖျက်ရေးအဖွဲ့က ချီးကျူးပြောဆိုလိုက်ပြီး ထိုမျှနှင့် အားရကျေနပ်မနေရန်လည်း သတိပေးခဲ့သည်။

    – အီရန်၏နျူကလီးယားအရေးနှင့် ပတ်သက်၍ ဆွေးနွေးရန် အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေး ဆူဆန်ရွိုက်စ်နှင့် အစ္စရေး လုံခြုံရေးအကြံပေး ယိုစီ ကိုဟန်တို့မှာ ယမန်နေ့က အိမ်ဖြူတော်တွင် တွေ့ဆုံခဲ့ပြီး အခြားသောကိစ္စရပ်များနှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။

    – အင်အားပြင်းထန်သော ဆိုက်ကလုံးမုန်တိုင်းတစ်ခုမှာ သြစတေးလျနိုင်ငံ ကွင်းစ်လန်းကမ်းရိုးတန်းတွင် ယနေ့နံနက်ပိုင်းက တိုက်ခတ်ခဲ့ပြီး အင်အားပိုမိုပြင်းထန်လာကာ ကုန်းတွင်းပိုင်းသို့ ၀င်ရောက်ရန် ရှိနေသောကြောင့် သြစတေးလျ အာဏာပိုင်များက ပြည်သူများအတွက် သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။

    – အကျဉ်းထောင်အတွင်းရှိ အစ္စလာမ်ဘာသာဝင်အကျဉ်းသားများ ဘာသာရေးဆိုင်ရာ သွန်သင်ချက်များကို လေ့လာလိုက်စားနိုင်ရန် ရည်ရွယ်၍ နော်ဝေနိုင်ငံ အော်စလိုမြို့ရှိ အကျဉ်းထောင်က ရှေ့ဆောင်ဆရာတော်များကို ခန့်အပ်လိုက်သည်။ အဆိုပါ ရှေ့ဆောင်ဆရာတော်များမှာ မွတ်စလင်အကျဉ်းသားများအား စိတ်ဓာတ်မြှင့်တင်ပေးခြင်းနှင့် နာမ်ပိုင်းဆိုင်ရာ သင်ကြားခြင်းများကို ပြုလုပ်ပေးသွားမည်ဖြစ်သည်။

    – ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့တော်ရှိ ဇိမ်ခံဟော်တယ်တစ်ခုတွင် ယနေ့နံနက်က ကားဗုံးခွဲမှုနှစ်ခုနှင့်အတူတိုက်ခိုက်ရေးသမားများ၏ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အစိုးရအရာရှိများ အပါအ၀င် အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့သည်။ ဆိုမာလီသူပုန်အဖွဲ့ အလ်ရှာဘတ်ကမူ ထိုတိုက်ခိုက်မှုမှာ အစိုးရအရာရှိများကို ပစ်မှတ်ထားကာ ၎င်းတို့လုပ်ဆောင်သည့် တိုက်ခိုက်မှုဖြစ်သည်ဟု တာဝန်ယူခဲ့သည်။

    – တရုတ်နိုင်ငံအရှေ့ပိုင်း ဇီဂျီယန်းပြည်နယ်ရှိ မီးပန်းနှင့် ဗျောက်အိုးဆိုင်တစ်ခုတွင် တရုတ်နှစ်ကူး ပထမနေ့ဖြစ်သော ယမန်နေ့က ဗျောက်အိုးစမ်းသပ်ရာမှာ တစ်ဆိုင်လုံး မီးလောင်ပေါက်ကွဲခဲ့ပြီး အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့သည်။

    – ပီအက်စ်ဂျီနှင့် မကစားမီ ပဲရစ်ရထားဘူတာ၌ လူမည်းတစ်ဦးအား လူမျိုးရေးခွဲခြားမှုတွင် ပါဝင်ခဲ့သူ ပရိတ်သတ် ၃ ဦးကို ချယ်ဆီးက စတမ်းဖို့ဒ်ဘရစ်ခ်ျသို့ ၀င်ရောက်ကြည့်ရှုခွင့် ရာသက်ပန် ပိတ်ပင်လိုက်သည်။

    Ref: news agencies

  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၁၉၊ ၂၀၁၅)

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၅
    M-Media

    – ယခုသီတင်းပတ်အစောပိုင်းမှစတင်ကာ နိုင်ငံဂျီးရီးယားနိုင်ငံမြောက်ပိုင်းရှိ မြို့ရွာပေါင်း ၁၁ ခုတွင် အိမ်နီးချင်း ကင်မရွန်း၊ ချဒ်နှင့် နစ်ဂါးနိုင်ငံများမှ စတ်တပ်များနှင့် ပူးပေါင်းဆောင်ရွက်သော စစ်ဆင်ရေးများအတွင်း ဘိုကိုဟရမ်အဖွဲ့ဝင် ၃၀၀ ကျော်ကို သုတ်သင်နိုင်ခဲ့သည်ဟု စစ်တပ်တာဝန်ရှိသူများက ယမန်နေ့တွင် ပြောကြားခဲ့သည်။ နိုက်ဂျီးရီးယားမှာ လာမည့်လ ရွေးကောက်ပွဲမတိုင်ခင် ဘိုကိုဟရမ်အား အပြီးချေမှုန်းသွားမည်ဟု ကြေညာထားသည်။

    – IS အဖွဲ့အား တွန်းလှန်တိုက်ခိုက်ရန် လိုအပ်နေသည့်အတွက် မိမိတို့နိုင်ငံအပေါ် လက်နက်တင်ပို့မှု ပိတ်ပင်ထားခြင်းကို ရုပ်သိမ်းပေးရန် လစ်ဗျားနိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့တွင် ကုလသမဂ္ဂသို့ တောင်းဆိုခဲ့သည်။ ကုလမှာ အာဏာရှင်ကဒါဖီကို ဖြုတ်ချသည့် တော်လှန်ရေးဖြစ်ပွားသော ၂၀၁၁ ခုနှစ်တွင် လစ်ဗျားအား အနောက်နိုင်ငံများမှ လက်နက်တင်ပို့မှုကို ရပ်ဆိုင်းရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

    – ဆီရာ လီယွန်နီနိုင်ငံတွင် ဆေးရုံ၊ ဆေးခန်းများသို့ ရောက်မလာသည့် အီဘိုလာကူးစက်ခံရနေသူများအား တစ်အိမ်တက်ဆင်း လိုက်လံရှာဖွေမှုကို ယမန်နေ့က ပြုလုပ်ခဲ့ပြီး အဆိုပါ ရှာဖွေမှုကို ၂ ပတ်အထိ ပြုလုပ်သွားမည်ဖြစ်သည်။ ဆီရာလီယွန်နီနိုင်ငံတွင် အီဘိုလာကြောင့် သေဆုံးသူမှာ ၃၄၀၀ ခန့်ရှိခဲ့သည်။

    – ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ထရာလက်ထက် အစိုးရက တောင်သူလယ်သမားများထံမှ စပါးဝယ်ယူခဲ့သည့်အစီအစဉ်တွင် တာဝန်ပေါ့လျော့မှုဖြင့် ယင်လပ်ကို ဖေဖော်ဝါရီ ၁၉ ရက်နေ့ ယနေ့တွင် တရားစွဲဆိုခဲ့သည်။ သို့သော်လည်း ယင်းလပ်မှာ တရားရုံးသို့ တက်ရောက်ခဲ့ခြင်းမရှိပေ။

    – ယူကရိန်းအရှေ့ပိုင်း အပစ်ရပ်ရေးသဘောတူညီချက်ကို စောင့်ကြည့်ရေးအတွက် ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်များချထားရန် ယူကရိန်းသမ္မတ ပိုရိုရှန်ကိုက တောင်းဆိုလိုက်သည်။ တနင်္ဂနွေနေ့မှစတင်ကာ အပစ်ရပ်ရေးသဘောတူညီထားသော်လည်း ယူကရိန်းအရှေ့ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ခွဲထွက်ရေးသမားများက အဓိကကျသည့် မြို့တစ်မြို့ကို ယမန်နေ့တွင် ထပ်မံ သိမ်းပိုက်ခဲ့သည်။

    – မဲလ်ဘုန်းတွင်ပြုလုပ်နေသည့် သြစတေးလျအိုးပင်း အမျိုးသမီး ဂေါက်သီးရိုက်ပြိုင်ပွဲ ပထမအဆင့်အပြီးတွင် တောင်ကိုရီးယားဂေါက်သီးမယ် လီအီလ်ဟီးက ဦးဆောင်နေသည်။

    Ref: news agencies

  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၁၄၊ ၂၁၀၅)

    ဖေဖော်ဝါရီ ၁၄၊ ၂၁၀၅
    M-Media

    – အမေရိကန်၏ ဆိုက်ဘာလုံခြုံရေးအားနည်းမှုကို ဖြေရှင်းရန်အတွက် မိမိတို့အစိုးရတစ်ခုတည်းက ဆောင်ရွက်၍ မရဘဲ နည်းပညာကုမ္ပဏီများက အချင်းချင်းသော်လည်းကောင်း၊ အစိုးရနှင့်သော်လည်းကောင်း ပူးပေါင်းဆောင်ရွက်ကြရန် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။

    – နိုက်ဂျီးရီးယားမြောက်ပိုင်းတွင် အခြေစိုက်သည့် ဘိုကိုဟရမ်အဖွဲ့မှာ အိမ်နီးချင်း ချဒ်နိုင်ငံအတွင်းရှိ တံငါရွာတစ်ခုသို့ ယမန်နေ့က နံနက်ပိုင်းက ၀င်ရောက်တိုက်ခိုက်ပြီးခဲ့ပြီး နေအိမ်များကို မီးရှိုးဖျက်ဆီးခဲ့သောကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ပြီး ချဒ်စစ်တပ်က ၎င်းတို့အား ပြန်လည်တိုက်ထုတ်နိုင်ခဲ့သည်။

    – ပြီးခဲ့သည့်နှစ် အောက်တိုဘာလက သမ္မတအိုဘားမား၏ ပေးပို့သောစာကို ပြန်လည်တုံ့ပြန်သည့်အနေဖြင့် အီရန်နိုင်ငံ၏ အဓိပတိ အယာတိုလာခါမေနီက အိုဘားမားထံသို့ ပြီးခဲ့သည့် သီတင်းပတ်များအတွင်း စာတစ်စောင် ပြန်လည်ပေးပို့ခဲ့သည်ဟု Wall Street ဂျာနယ်က ဖော်ပြခဲ့သည်။ အိုဘားမား ပေးပို့သောစာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် IS အား ပူးပေါင်းတိုက်ခိုက်ရေးတို့ ပါဝင်ပြီး ခိုမေနီမှ ပြန်လည်ပေးပို့လိုက်သည့်စာတွင် နှစ်နိုင်ငံ ပူးပေါင်းရေးမှာ အပြန်အလှန်ယုံကြည်မှုပေါ်တွင်မူတည်သည်ဟု ဖော်ပြထားသည်။ သေးစိတ်ကိုမှု နှစ်ဖက်စလုံးက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဟူစတန်မြို့ရှိ ကူဗာအစ္စလာမ့်စင်တာမှာ သောကြာနေ့ နံနက်စောစောပိုင်းက မီးလောင်ခဲ့ပြီး မည်သည့်အကြောင်းအရင်းကြောင့် မီးလောင်ခဲ့သည်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ အဆိုပါစင်တာမှ တာဝန်ရှိသူများကမူ အဆိုပါ အစ္စလာမ့်စင်တာအဖွဲ့ဝင်များနှင့် မြို့တွင်းမှ အစ္စလာမ့်လူ့အဖွဲ့အစည်းအား စုံးစမ်းစစ်ဆေးမှုများမပြီးခင် မည်သည့် အပြစ်တင်မှုမျိုးမှ မပြုလုပ်ရန် ၎င်းတို့၏ ဆိုရှယ်စာမျက်နှာမှတစ်ဆင့် တိုက်တွန်းထားသည်။

    – ဒေလီအုပ်ချုပ်ရေးအဖွဲ့ ရွေးကောက်ပွဲတွင် အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP အား အပြတ်အသတ်အနိုင်ရခဲ့သည့် AAP ပါတီခေါင်းဆောင် အာဗင်ဒ် ကဂ်ျရီဝါလ်က ဒေလီပြည်နယ်အား အိန္ဒိယ၏ ပထမဆုံး လာဘ်ပေးလာဘ်ယူကင်းစင်သည့် ပြည်နယ်အဖြစ် ပြုလုပ်သွားမည်ဟု ယနေ့တွင် ပြုလုပ်သော ကျမ်းကျိန်ပွဲတွင် ပြောကြားလိုက်သည်။

    – အပြေးလောကတွင် စံချိန်ပေါင်းများစွာတင်ခဲ့ပြီး အိုလံပစ်ရွှေတံဆိပ် ၆ ဆုရှင် ဂျမေကာနိုင်ငံသား အပြေးသမား အူစိန်ဘော့က ၂၀၁၇ ခုနှစ် လန်ဒန်တွင်ကျင်းပမည့် အိုလံပစ်ပြိုင်ပွဲပြီးနောက် ကစားသမားဘ၀မှ အနားယူတော့မည်ဟု ကြေညာလိုက်သည်။

    Ref: news agencies