News @ M-Media

Tag: international short news

  • နိုင်ငံတကာသတင်းတို (မတ်-၅၊ ၂၀၁၅)

    မတ် ၁၊ ၂၀၁၅
    M-Media

    – ယူကရိန်းနေ့စဉ် သတင်းစာ Sevodnya က ၎င်း၏ ဓာတ်ပုံဂျာနယ်လစ်တစ်ဦးမှာ ယူကရိန်းနိုင်ငံအရှေ့ပိုင်း သူပုန်များထိန်းချုပ်ထားရာ ဒွန်ညက်မြို့ အနောက်မြောက်ဘက်ရှိ ရွာတစ်ခုတွင် ဗုံးဆံထိမှန်၍ သေဆုံးခဲ့သည်ဟု ယနေ့တွင် ပြောကြားလိုက်သည်။ ယူကရိန်းစစ်တပ်ကမူ နိုင်ငံအရှေ့ပိုင်း တိုက်ခိုက်မှုများမှာ ယမန်နေ့ညမှစတင်ကာ သိသိသာသာ လျော့ကျခဲ့သည်ဟု ပြောကြားခဲ့သော်လည်း အစိုးရတပ်များ ထိန်းချုပ်ထားသော အက်ဗ်ဒီဗ်ကာဒေသသို့ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုများရှိနေသည်ဟု သတင်းများက ဖော်ပြခဲ့ကြသည်။

    – ကိုလံဘီယာ သမ္မတဟောင်း အလ်ဗာရို ယူရိုက်ဘ်လက်ထက်တွင် ထောက်လှမ်းရေးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အမျိုးသမီး မာရီယာ ဒဲလ် ပီလာရ်ကို တရားသူကြီးများ၊ နိုင်ငံရေးသမားများနှင့် သတင်းထောက်များအား တရားမ၀င် ထောက်လှမ်းစုံစမ်းခဲ့မှုအတွက် ကိုလံဘီယာတရားရုံးက ထောင်ဒဏ် ၁၈ နှစ် ချမှတ်လိုက်သည်။

    – မော်စကိုမြို့လယ်ကောင်တွင် သောကြာနေ့ညက သေနတ်ဖြင့်ပစ်သတ်ခြင်း ခံလိုက်ရသည့် အတိုက်အခံခေါင်းဆောင် ဘောရစ် နမ်စတော့ဗ်အား သတ်ဖြတ်သူကို တရားဥပေဒရှေ့မှောက်သို့ ခေါ်ဆောင်လာမည်ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ယမန်နေ့တွင် ပြောကြားလိုက်ပြီး အဆိုပါအမှုအား စုံစမ်းစစ်ဆေးရန်အတွက်လည်း စုံးစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့သည်။

    – ဆွဇ်နာမည်ကြိး တင်းနင်းသမား ရော်ဂျာဖက်ဒါရာမှာ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သော ATP Dubai duty free championships တင်းနစ်ပြိုင်ပွဲတွင် ပြိုင်ဘက် နိုဗက်ဂျိုကိုဗစ်အား ယမန်နေ့က အနိုင်ကစားကာ ဗိုလ်စွဲနိုင်ခဲ့ပြီး ထိုဗိုလ်စွဲမှုမှာ ၎င်း၏ ၇ ကြိမ်မြောက် ဗိုလ်စွဲမှုလည်း ဖြစ်ခဲ့သည်။

    Ref: News agencies

  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၂၇၊ ၂၀၁၅)

    ဖေဖော်ဝါရီ ၂၇၊ ၂၀၁၅
    M-Media

    – IS မှ ပြန်ပေးသမားများကို သတ်ဖြတ်သည့် ဗီဒီယိုများတွင် သရုပ်ဆောင်ထားသော မျက်နှာဖုံးဝတ် Jhadi John ဆိုသူမှာ ဗြိတိန်မှာ ကွန်ပျူတာအင်ဂျင်နီယာဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သူ မိုဟာမက် အမ်ဝါဇီဖြစ်သည်ဟု လုံခြုံရေးတာဝန်ရှိသူများက ယမန်နေ့တွင် ပြောကြားလိုက်သည်။

    – ပြီးခဲ့သည့်တစ်ပတ်က မွန်ဘိုင်းဆိပ်ကမ်းတွင် ဖမ်းဆီးထားသည့် ရုရှား ကုန်တင်သင်္ဘော Sevastopol မှ သင်္ဘောသားများကို နေရာထိုင်ခင်းများ ပေးအပ်ရန် ရုရှားက အိန္ဒိယသို့ တိုက်တွန်းပြောကြားလိုက်သည်။ အဆိုပါ သင်္ဘောပိုင်ရှင်နှင့် အိန္ဒိယလုပ်ငန်းရှင်တို့ ပြဿနာဖြစ်ရာမှ ထိုသင်္ဘောအား အိန္ဒိယအစိုးရ ထိန်းသိမ်းထားခြင်းဖြစ်ပြီး ကမ်းခြေမှ ရေမိုင် ၁၄ မိုင်အကွာတွင် ကျောက်ထားရသည်။

    – တူရကီနိုင်ငံ အန်ကာရာမြို့ရှိ အန်ကာရာတက္ကသိုလ်တွင် ကျောင်းသားအုပ်စုများအချင်းချင်း ယမန်နေ့က ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ၎င်းတို့အား ၀င်ရောက်ဖြန်ဖြေသည့် တက္ကသိုလ်လုံခြုံရေးတစ်ဦးမှာ မတော်တဆ ဒဏ်ရာရရှိခဲ့သည်။ ရဲတပ်ဖွဲ့ကမူ ခိုက်ရန်ဖြစ်ပွားမှုတွင် ပါဝင်ခဲ့သည့် ကျောင်းသား ၄၆ ဦးကို ဖမ်းဆီး ထိန်းသိမ်းထားသည်ဟု ပြောကြားခဲ့သည်။

    – ပြင်သစ် လွှတ်တော်အမတ်များ ဆီရီးယားအာဏာရှင် ဘာရှာအလ်အာဆတ်နှင့်တွေ့ဆုံမှုကို ပြင်သစ်သမ္မတ ဟော်လန်ဒေးက ရှုတ်ချလိုက်ပြီး အာဆတ်မှာ ပြီးခဲ့သည့်နှစ်များအတွင်း အဆိုးဝါးဆုံး ပြည်တွင်းစစ်ပွဲများကို ဖန်တီးသူများထဲမှ တစ်ဦးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    – နိုင်ငံ၏ အလိုရှိဆုံး ဘိန်းဘုရင်ဖြစ်သူ အသက် ၄၉ နှစ်အရွယ်ရှိ ဆာဗန်ဒို လာတူနာ ဂိုးမက်ဇ်အား ဖမ်းဆီးရမိခဲ့သည်ဟု မက္ကဆီကို တာဝန်ရှိသူများက ယနေ့တွင် ကြေညာခဲ့သည်။ ဂိုးမက်ဇ်အားဖမ်းဆီးစဉ် ၎င်း၏ မူးယစ်ဂိုဏ်း Knights Templar နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

    – IS က ထိန်းချုပ်ထားသော ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေများကို ဆက်သွယ်ပေးသော အဓိက အချက်အချာကြသည့် ဆီးရီးယားမှ တဲလ်ဟာမစ်မြို့ကို အပြင်းအထန် ထိုးစစ်ဆင်ခဲ့ပြီးနောက် ကာ့ဒ်တပ်ဖွဲ့များက ယနေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။

    – ပြီးခဲ့သည့်သီတင်းပတ်က ဘာစီလိုနာတွင် လေ့ကျင်နေရင်း မတော်တဆမှုဖြစ်ပွားခဲ့သည့် မက္ကလာရင်အသင်းမှ နာမည်ကျော်စပိန်ကားမောင်းသမား ဖာနန်ဒိုအလွန်ဆိုက မိမိအနေဖြင့် ကောင်းမွန်သော အခြေအနေတွင်ရှိနေပြီဟု ပရိတ်သတ်များအား You Tube မှနေ၍ အသိပေးခဲ့သည်။

    Ref: news agencies

  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၂၆၊ ၂၀၁၅)

    ဖေဖော်ဝါရီ ၂၆၊ ၂၀၁၅
    M-Media

    – ယမန်နေ့က ကိဗ်မြို့တွင် ရုရှားဂျာနယ်လစ်များကို ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းမှာ ရန်စခြင်းဖြစ်ပြီး ဂျာနယ်လစ်များ၏ လုံခြုံရေးကတိက၀တ်များကို ထင်ထင်ရှားရှား ချိုးဖောက်လိုက်ခြင်းဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။ ဖမ်းဆီးထိန်းသိမ်းခြင်း ခံရသူများမှာ ရုရှားရှိ ရုပ်သံဌာနများမှ ဂျာနယ်လစ် ၃ ဦးဖြစ်ပြီး ၎င်းတို့အား ရုရှားသို့ နယ်နှင်မည်ဖြစ်ကာ ယူကရိန်းနိုင်ငံသို့ ၀င်ရောက်ခွင့် ၅ နှစ်ပိတ်ပင်မည်ဟု ယူကရိန်း လုံခြုံရေးဌာနမှ ပြောကြားခဲ့သည်။

    – အီရန်တော်လှန်ရေးအစောင့်တပ်က ရေနံကုန်သွယ်မှုတွင် အရေးပါသော ရေလမ်းကြောင်းဖြစ်သည့် ဟော်မုဇ်ရေလက်ကြားတွင် ယမန်နေ့က အကြီးစား ရေတပ်စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့ပြီး အဆိုပါ လေ့ကျင်မှုတွင် အမေရိကန် လေယာဉ်တင်သင်္ဘော ပုံတူအား ဒုံးကျည်များဖြင့် ဖျက်ဆီးခြင်းလည်း ပါဝင်ခဲ့သည်။

    – စင်ကာပူနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်ဖြစ်ပြီး အသက် ၉၁ နှစ်အရွယ်ရှိနေပြီဖြစ်သည့် လီကွမ်ယုမှာ စင်ကာပူအထွေထွေဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးဝါးကုသမှု ခံယူနေရပြီး ဆရာဝန်များက အနီးကပ်စောင့်ကြည့်မှုများ ပြုလုပ်နေသည်ဟု စင်ကာပူဝန်ကြီးချုပ်ရုံးက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    Ref: news agencies

  • နိုင်ငံတကာသတင်းတို (ဖေဖော်ဝါရီ ၂၅၊ ၂၀၁၅)

    ဖေဖော်ဝါရီ ၂၅၊ ၂၀၁၅
    M-Media

    – တူရကီနိုင်ငံအရှေ့ပိုင်းတွင် ယမန်နေ့ညပိုင်းက ကင်းထောက်နေသည့် တိုက်လေယာဉ် ၂ စဉ်း တိုက်မိခဲ့သောကြာင့် လေယာဉ်မှူး ၄ ဦး သေဆုံးခဲ့ပြီး ကယ်ဆယ်ရှင်လင်းရေးလုပ်ငန်းများကို လုပ်ဆောင်နေကာ အခင်းဖြစ်ပွားရာနေရာတွင် ရဲတပ်ဖွဲ့များ ချထားသည်ဟု တူရကီတာဝန်ရှိသူများက ပြောကြားလိုက်သည်။

    – ယူကရိန်းနိုင်ငံတွင်ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူအရေအတွက်မှာ ၁ သန်းကျော်လာခဲ့ပြီဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

    – ဘင်္ဂလားဒေရှ့်အတိုက်အခံခေါင်းဆောင် ခါလေဒါ ဇီယာနှင့် ၎င်း၏လက်ထောက် ထိပ်တန်း နိုင်ငံရေးခေါင်းဆောင် ၃ ဦးကို ချစားမှုစွဲချက် တရားစွဲဆိုမှုကို လာရောက်ကြားနာခြင်းမရှိသောကြောင့် ဒါကာရှိ ချစားမှုတိုက်ဖျက်ရေး အထူးခုံရုံးက ယနေ့တွင် ဖမ်းဝရမ်းထုတ်လိုက်သည်။ ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်ထိ ၀န်ကြီးချုပ်တာဝန် ထမ်းဆောင်ခဲ့သော ခါလေဒါမှာ ချစားမှုစွဲချက်နှစ်ခုဖြင့် တရားစွဲဆိုခံေeရခြင်းဖြစ်ပြီး ၎င်းကမူ ထိုစွဲချက်အတွက် ငြင်းဆိုထားသည်။

    – အာဖဂန်နစ္စတန်နိုင်ငံ ပန်ဂ်ျရှာရ်ပြည်နယ်တွင် နှင်းထု ပြိုကျမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး ၈၅ ဦး သေဆုံးခဲ့ပြီး အခြား လူ ၃၀ မှာ နှင်းတောထဲတွင် ပိတ်မိနေသည်ဟု အာဏာပိုင်များက ပြောကြားလိုက်သည်။ ပန်ဂ်ျရှာရ်နှင့် ဆန်လန်ပက်စ် ပြည်နယ်များတွင် ပြီးခဲ့သည့် ရက်များကတည်းက နှင်းများ သည်းထန်စွာ ကျဆင်းမှု ဖြစ်ပွားခဲ့သည်။

    – မည်သည့်နေရာမှ လွှတ်ထားသည်ကို မသိရသည့် ဒရုန်းလေယာဉ်များမှာ ယနေ့တွင် ပဲရစ်မြို့ပေါ် ကောင်းကင်ယံ၌ ပျံဝဲနေပြီး အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များအတွင်း ထိုကဲ့သို့ ပျံသန်းမှုမှာ အနည်းဆုံး ၅ ကြိမ်ရှိနေပြီဟု ရဲတပ်ဖွဲက ပြောကြားလိုက်သည်။ အာဏာပိုင်များကမူ အဆိုပါ ဒရုန်းများ လွှတ်တင်သည့်သူကို ရှာဖွေ၍ မရသေးပေ။

    – ပြီးခဲ့သည့် ၄ နှစ်က ဘောလုံးလောကမှအနားယူသွားခဲ့သည့် ဘရာဇီးလ် ဂန္တ၀င်တိုက်စစ်မှူး ရော်နယ်ဒိုက မိမိအနေဖြင့် အမေရိကန် ဒုတိယတန်းကလပ် Fort Lauderdale Strikers အသင်း၏ တိုက်စစ်မှူးအဖြစ် ဘောလုံးလောကသို့ ပြန်လည်ဝင်ရောက်တော့မည်ဟု အတည်ပြုခဲ့သည်။ အသက် ၃၈ နှစ်အရွယ်ရှိ ရော်နယ်ဒိုမှာ အဆိုပါအသင်း၏ အဓိက ရှယ်ယာရှင်တစ်ဦးလည်း ဖြစ်သည်။

    Ref: news agencies

  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၂၄၊ ၂၀၁၅)

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၅
    M-Media

    – IS အဖွဲ့မှာ လက်ဘနွန်ရှိ နယ်မြေများကို သိမ်းပိုက်ကာ အီမရိတ်နိုင်ငံထူထောင်ရန် စီစဉ်နေပြီး လက်ဘနွန်မြို့တော် ဘေရွတ်တွင်လည်း အသေခံဗုံးခွဲတိုက်ခိုက်မှုများ ပြုလုပ်ရန် အစီအစဉ်ရှိနေသည်ဟု လက်ဘနွန် သတင်းစာများက ယနေ့တွင် ဖော်ပြခဲ့သည်။

    – မိမိတို့၏ လက်နက်ကြီးများကို ရှေ့တန်းစစ်မျက်နှာမှ ဖေဖော်ဝါရီ ၂၄ ရက်(ယနေ့)တွင် ဆုတ်ခွာသွားမည်ဖြစ်ပြီး OSCE အဖွဲ့၏ ကြီးကြပ်မှုအောက်တွင် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမည်ဟု ယူကရိန်းခွဲထွက်ရေးသမားများက လွတ်လပ်သောနိုင်ငံဟု
    ကြေညာထားသော ဒွန်ညက်မြို့ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။

    – ဂျီနီဗာတွင် သုံးရက်ကြာ ပြုလုပ်ခဲ့သည့် အင်အားကြီးနိုင်ငံများနှင့် အီရန်တို့၏ နျူကလီးယားအရေး ဆွေးနွေးမှုမှာ အပြုသဘောဆောင်ပြီး အကျိုးဖြစ်ထွန်းခဲ့သည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက် ဇာရစ်ဖ်က ပြောကြားခဲ့သည်။

    – ထိုင်းနိုင်ငံ ကော့စမွီကျွန်းတွင် မြန်မာနိုင်ငံသား အမျိုးသမီးငယ်တစ်ဦး ယမန်နေ့က သတ်ဖြတ်ခြင်းခံခဲ့ရပြီး ၎င်းအားတစ်ဖက်သတ်ကြိုက်နေသည့် မြန်မာနိုင်ငံသား လိင်တူချစ်သူ အမျိုးသမီးက ငွေပေး၍ လည်ပင်းညှစ်သတ်ခိုင်းခဲ့ခြင်းဖြစ်ပြီး သံသယရှိသူကလည်း ရဲတပ်ဖွဲ့ထံ ဖြောင့်ချက်ပေးခဲ့ကြောင်း ထိုင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။

    – ဆီးရီးယားနိုင်ငံမြောက်ပိုင်း ခရစ်ယာန်တစ်ရွာမှ ရွာသား အနည်းဆုံး ၉၀ ခန့်ကို IS အဖွဲ့က ယနေ့တွင် ပြန်ပေးဆွဲသွားသည်ဟု လန်ဒန်အခြေစိုက် ဆီးရီးယားအရေး စောင့်ကြည့်နေသည့်အဖွဲ့က ပြောကြားလိုက်သည်။

    – အရင်းရှင်စနစ်က ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်မှုကို ဖြစ်စေသည်ဟု ဂျာမန်ပြည်သူ ၃ ပုံ ၁ ပုံခန့်က ယုံကြည်နေပြီး အများစုကမူ စီးပွားရေးစနစ်တွင် ဒီမိုကရေစီမှာ မဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်ဟု ဘာလင်တက္ကသိုလ်တစ်ခုမှ စစ်တမ်းကောက်ယူမှုက ဆိုသည်။

    – ဘာစီလိုနာဆင်ခြေဖုံးရှိ မောင့်မီလို ပြိုင်ကားကွင်းတွင် ယမန်နေ့က အမောင်းလေ့ကျင့်နေသည့် မက္ကလာရင် ပြိုင်ကားအသင်းမှ နာမည်ကြီး ကားမောင်းသမား အလွန်ဆိုမှာ နံရံကို ၀င်တိုက်မိသောကြောင့် ဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ရသည်။ သို့သော်လည်း မည်သည့် ပြင်းထန်သောဒဏ်ရာမှ ရရှိခြင်း မရှိခဲ့ဘဲ မတော်တဆဖြစ်မှုမှာလည်း လေတိုက်မှုကြောင့်
    ဖြစ်ပွားရခြင်းဖြစ်သည်ဟု ဆိုသည်။

    Ref: news agencies