News @ M-Media

Tag: international short news

  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၁၃၊ ၂၀၁၅)

    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၅
    M-Media

    – ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း ကျောင်းသားငယ်များအပါအ၀င် လူပေါင်း ၁၅၀ ကျော်သေဆုံးခဲ့သော ပက်ရှ်ဝါရ်စာသင်ကျောင်း တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူ ၂၇ ဦးပါ တာလီဘန်အဖွဲ့မှ ၁၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၉ ဦးအား သုတ်သင်နိုင်ခဲ့သည်ဟု ပါကစ္စတန် စစ်တပ်တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

    – ယမန်နေ့က အပစ်ရပ်ရေးသဘောတူညီချက် ရခဲ့သော်လည်း ယူကရိန်းအရှေ့ပိုင်းတွင် အစိုးရတပ်များနှင့် သူပုန်များအကြား တိုက်ခိုက်မှုများမှာ လျော့သွားခြင်းမရှိဘဲ ယနေ့နံနက်စောစာပိုင်းက ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားရာ Donetsk နှင့် Luhansk မြို့များသို့ အမြောက်ဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ အပစ်ရပ်ရေးသဘောတူညီချက်မှာ တနင်္ဂနွေည သန်းခေါင်ယံတွင် စတင်သက်ရောက်မည်ဖြစ်ပြီး အဆိုပါ သဘောတူညီချက်ကို အကောင်အထည်မဖော်နိုင်ပါက ပိတ်ဆို့မှုအသစ်များနှင့် ရင်ဆိုင်ရမည်ဟု အနောက်နိုင်ငံများက ရုရှားအား သတိပေးထားသည်။

    – အီရတ်ရှိ IS အဖွဲ့များမှာ အီရတ်အနောက်ပိုင်း အလ်-ဘဂ္ဂဒါဒီမြို့၏ အစိတ်အပိုင်းအများအပြားကို ယမန်နေ့က သိမ်းပိုက်လိုက်သည်။ အဆိုပါမြို့အနီးတွင် အမေရိကန် မရိန်းတပ်သားများ၏ လေတပ်အခြေစိုက်စခန်းတစ်ခု ရှိနေပြီး ထိုစခန်းအတွက်လည်း စိုးရိမ်ရမှုများ ရှိနေသည်။

    – ယီမင်နိုင်ငံ၏ ပြည်တွင်းရေး မတည်ငြိမ်မှုကြောင့် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့အပါဝင် နိုင်ငံအချို့မှ သံရုံးများ ပိတ်သိမ်းခဲ့ပြီးနောက် ဆော်ဒီနိုင်ငံကလည်း ၎င်းတို့၏ သံရုံးကို ပိတ်သိမ်းကာ သံအဖွဲ့အား ရီယာ့ဒ်သို့ ပြန်လည်ခေါ်ယူခဲ့သည်ဟု ယနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

    – ကမ္ဘာကျော် ရုပ်ရှင်မင်းသား ဂျက်ကီချန်း၏သားဖြစ်ဖြစ်ပြီး ပြီးခဲ့သည့်နှစ် သြဂုတ်လက ဆေးခြောက်မှုဖြင့် ထောင်ဒဏ် ၆ လကျခံခဲ့ရသည့် ဂျေစီချန်းမှာ ယနေ့တွင် ထောင်မှ ပြန်လည်လွတ်လာခဲ့သည်။

    – မိမိတို့အဖွဲ့အား ထောက်လှမ်းရန်အတွက် မိမိတို့နှင့် ပူးပေါင်းခဲ့သည့် အစ္စရေးထောက်လှမ်းရေး မော့ဆက်မှ အသက် ၁၉ နှစ်အရွယ် မိုဟာမက်မိုဆာလမ်ဆိုသူ သူလျှိုတစ်ဦးကို ဖမ်းဆီးလိုက်သည်ဟု IS အဖွဲ့က ယမန်နေ့တွင် ပြောကြားလိုက်သည်။ သို့သော်လည်း မိုဆာလမ်၏မိဘများနှင့် အစ္စရေးအာဏာပိုင်များကမူ မူဆာလမ်မှာ အောက်တိုဘာလက တူရကီသို့အသွားတွင် ပျောက်သွားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ IS အဖွဲ့ကို တိုက်ခိုက်နေသည့် ဆီးရီးယားတပ်များအား အစ္စရေးမှ ဗုံးကြဲမှုများရှိနေပြီး လေ့လာဆန်းစစ်သူအချို့ကမူ အရှေ့အလယ်ပိုင်းဒေသ မတည်မငြိမ်ဖြစ်ရန် IS အဖွဲ့အား အစ္စရေးက ထောက်ပံ့ပေးနေသည်ဟု ပြောကြားမှုများလည်း ရှိနေသည်။

    Ref: news agencies

  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၁၂၊ ၂၀၁၅)

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၅

    M-Media

    – ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို နှောက်ယှက်ရန်ရည်ရွယ်သော အမေရိကန်၏ ကျူးကျော်စစ် ဆင်နွှဲရေး ဆောင်ရွက်မှုကို တောင်ကိုရီးယားက ခင်တွယ်နေပါက ၀မ်းနည်းစရာကောင်းသည့် အဆုံးသတ်မှ လွတ်မြောက်နိုင်မည်မဟုတ်ဟု မြောက်ကိုရီးယားက ယမန်နေ့တွင် သတိပေးခဲ့ပြီး အမေရိကန်၏ ပေါ်လစီကိုစွန့်၍ လွတ်လပ်သော ပြန်လည်ပေါင်းစည်းရေးအတွက် မြောက်ကိုရီးယားနှင့် အလုပ်တွဲလုပ်ရန် တိုက်တွန်းခဲ့သည်။

    – လစ်ဗျားမှ ဒုက္ခသည် ၁၀၀ စီ တင်ဆောင်လာသည့် လေမော်တော်ဘုတ် ၃ စင်းမှာ အီတလီရှိ လမ်ပီဒူဆာ ကျွန်းအနီးတွင် ယမန်နေ့က တိမ်းမှောက်နစ်မြုပ်ခဲ့ပြီး ယခုအချိန်အထိ ၁၀၅ ဦးကို ကယ်တင်ထားနိုင်ခဲ့ကာ ကျန်ရှိသူများကို ရှာဖွေမှုများ ပြုလုပ်နေသည်။ အသက်ရှင်သူများကမူ ၎င်းတို့၏ မော်တော်ဘုတ်မှာ ရာသီဥတုကြောင့် တိမ်းမှောက်ခဲ့ရခြင်းဖြစ်ပြီး လူအများအပြား သေဆုံးမှုအတွက် စိုးရိမ်မှုများ ရှိနေသည်။

    – ယူကရိန်းအရှေ့ပိုင်းတွင် တိုက်ခိုက်မှုများ အရှိန်မြင့်နေပြီး ယမန်နေ့ တစ်နေ့တည်းတွင် ခွဲထွက်ရေးသမားများ၏ တိုက်ခိုက်မှုကြောင့် ယူကရိန်းစစ်သား ၁၉ ဦး သေဆုံးခဲ့သည်ဟု ယူကရိန်းစစ်တပ်က ကြေညာခဲ့သည်။ ယူကရိန်း ငြိမ်းချမ်းရေးအတွက် ပြင်သစ်၊ ဂျာမနီ၊ ရုရှားနှင့် ယူကရိန်းခေါင်းဆောင်များကလည်း ဘီလာရုဇ်တွင် ယမန်နေ့က ညလုံးပေါက် ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး အပြီးသတ် သဘောတူညီချက်ရရေးအတွက် ယနေ့တွင် ဆက်လက်ဆွေးနွေးသွားမည် ဖြစ်သည်။

    – အကြမ်းဖက်အဖွဲ့အစည်းများဖြင့် ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးထားသည့် အယ်ဂျာဇီးရားဂျာနယ်လစ် ၃ ဦးမှ အီဂျစ်နိုင်ငံသားများဖြစ်ကြသော မိုဟာမက်ဖာမီနှင့် ဘဟာရ်မိုဟာမက်တို့အား အာမခံဖြင့် အီဂျစ်တရားရုံးက ယနေ့တွင် ပြန်လွှတ်ပေးခဲ့သည်။ အခြား ၁ ဦဖြစ်သည့် သြစတေးလျနိုင်ငံသား ပီတာဂရက်စ်တီကိုမူ ဖေဖော်ဝါရီ ၁ ရက်နေ့က ပြန်လွှတ်ပေးခဲ့ကာ တိုင်းပြည်မှ နှင်ထုတ်ခဲ့သည်။

    – စပိန်နိုင်ငံမြောက်ပိုင်း ဘာစီလိုနာမြို့အနီးရှိ မြို့ငယ်တစ်ခုတွင် ဓာတုစက်ရုံတစ်ခု ယနေ့တွင် ပေါက်ကွဲခဲ့ပြီး လူ ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ အဆိုပါ စက်ရုံသို့ လာရောက်ပို့ဆောင်သည့် ဓာတုဗေဒပစ္စည်း ၂ ခု ပေါင်းစပ်မိရာမှ ပေါက်ကွဲခဲ့သည်ဟု ယူဆရပြီး အဆိပ်ဓာတ်ငွေများ လေထဲတွင် ပြန့်နှံ့နေသောကြောင့် အနီးအနားရှိမြို့များမှ ပြည်သူများအား မိမိအိမ်အတွင်း၌သာ နေထိုင်ရန် အစိုးရက အမိန့်ထုတ်ထားသည်။

    Ref: news agencies

  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၁၀၊ ၂၀၁၅)

    ဖေဖော်ဝါရီ ၁၀၊ ၂၀၁၅
    M-Media

    – ယူကရိန်းပြဿနာအား ဖြေရှင်းရန်အတွက် ရွေးချယ်မှုအားလုံးကို စဉ်စားနေပြီး ထိုအထဲတွင် ယူကရိန်းစစ်တပ်များအား လက်နက်များထောက်ပံ့ရန်အတွက် အစီအစဉ်လည်း ပါဝင်သည်ဟု အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြောကြားလိုက်သည်။ ယူကရိန်းပြဿနာအတွက် ဂျာမနီ၊ ပြင်သစ်နှင့် ရုရှားတို့ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး မည်သည့် သဘောတူညီချက်မှ မရရှိခဲ့ပေ။ ရုရှားသမ္မတ ပူတင်ကမူ ယူကရိန်းပြဿနာမှာ အနောက်နိုင်ငံများကြောင့် ဖြစ်ပွားခြင်းဖြစ်သည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။

    – ၂၀၁၄ ခုနှစ် ဇန်န၀ါရီလက အင်တာနက်စာမျက်နှာပေါ်တွင် ပြန့်နှံ့ခဲ့သည့် အင်ဒိုနီးရှားအိမ်ဖော်အမျိုးသမီး ဒဏ်ရာရနေသော ဓာတ်ပုံများကြောင့် တရားစွဲဆိုခြင်း ခံနေရသည့် ဟောင်ကောင်အိမ်ရှင်အမျိုးသမီးကို အပြစ်ရှိသည်ဟု တရားရုံးက ယနေ့တွင် ဆုံးဖြတ်လိုက်ပြီး အမိန့်ချမှတ်မှုကို ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ပြုလုပ်မည်ဟု ပြောကြားခဲ့သည်။ အမှုပေါင်း ၂၀ ဖြင့် တရားစွဲဆိုခံထားရသည့် အဆိုပါအမျိုးသမီးမှာ အမှု ၁၈ ခုအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်အထိ ကျခံရဖွယ်ရှိနေသည်။

    – အိန္ဒိယနိုင်ငံ ဒေလီပြည်နယ်အစိုးရ ရွေးကောက်ပွဲတွင် အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ၏ အတိုက်အခံဖြစ်သော ချစားမှုတိုက်ဖျက်ရေး လှုပ်ရှားသူ အာဗင်း ကက်ဂ်ျရီဝါလ်၏ ပါတီက အပြတ်အသတ်အနိုင်ရရှိခဲ့ပြီး ၀န်ကြီးချုပ် နရန်ဒရာ
    မိုဒီကလည်း ၎င်းတို့ပါတီရှုံးနိမ့်ကြောင်း ယနေ့တွင် ၀န်ခံခဲ့သည်။

    – တူရကီနိုင်ငံ၏ တရားစီရင်ရေးစနစ်မှာ နိုင်ငံရေးအာဏာပိုင်များ၏ လက်အောက်တွင် မကျေနပ်သူများအား လက်စားချေသည့် လက်နက်တစ်ခု ဖြစ်လာနေသည်ဟု တူရကီတရားသူကြီးချုပ်က ယနေ့တွင် ပြောကြားလိုက်သည်။

    Ref: news agencies

  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၉၊ ၂၀၁၅)

    ဖေဖော်ဝါရီ ၉၊ ၂၀၁၅
    M-Media

    – ယမန်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ ဆော်ဒီနိုင်ငံ ဂျစ်ဒါမြို့သို့ ပျံသန်းခဲ့သည့် AirAsia မှ ခရီးသည်တင် လေယာဉ်တစ်စီးမှာ အရှိန်ထိန်းကိရိယာ ပြဿနာကြောင့် လက်တစ်ဝက်မှပင် မလေးရှားသို့ ပြန်လှည့်ခဲ့ရပြီး လေကြောင်းလိုင်းပိုင်ရှင် တိုနီဖာနန်ဒက်ဇ်ကမူ ထိုပြဿနာမှာ သာမန်ပြဿနာသာဖြစ်ပြီး ဆက်လက်ပျံသန်း၍ ရသော်လည်း မပျံသန်းခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    – ဆီးရီးယားနယ်စပ်အနီး လက်ဘနွန် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်မှုများပြုလုပ်နေသည့် အစွန်းရောက်များအား နှိမ်နင်းရန်အတွက် အဝေးပစ်လက်နက်များအပါအ၀င် ကန်ဒေါ်လာ ၂၅ သန်းတန် စစ်ရေးအထောက်အပံ့များကို အမေရိကန်က လက်ဘနွန် စစ်တပ်သို့ ပေးအပ်ခဲ့သည်။

    – အီဂျစ်နိုင်ငံကိုင်ရိုမြို့တွင် ယမန်နေ့က ကစားရန်စီစဉ်ထားသည် ပြည်တွင်းဘောလုံးပွဲစဉ်တစ်ခုတွင် ပရိတ်သတ်များနှင့် ရဲတပ်ဖွဲ့တို့ ထပ်တိုက်တွေ့ကာ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး လူ ၄၀ သေဆုံးခဲ့သည်။ ရဲတပ်ဖွဲ့ကမူ ဘောလုံးအသင်း၏ ပရိတ်သတ်များက လက်မှတ်မပါဘဲ ၀င်ရောက်ရန် ကြိုးစားမှုကြောင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး သေဆုံးသူများတွင် လူတိုး၍ သေဆုံးသူများလည်း ပါဝင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: news agencies

  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၈၊ ၂၀၁၅)

    ဖေဖော်ဝါရီ ၈၊ ၂၀၁၅
    M-Media

    – ဂျော်ဒန်လေယာဉ်မှူး မီးရှို့အသတ်ခံရပြီးနောက် IS အား လေကြောင်းမှ တိုက်ခိုက်နေသည့် အမေရိကန်ဦးဆောင်သော မဟာမိတ်အဖွဲ့မှ နှုတ်ထွက်ခဲ့သည့် ယူအေအီးမှာ ယခုအခါ ဂျော်ဒန်၏ လေကြောင်းမှတိုက်ခိုက်မှုကို ကူညီရန်အတွက် F 16 တိုက်လေယာဉ် အုပ်စုတစ်ခုကို ဂျော်ဒန်သို့ ယမန်နေ့တွင် ပေးပို့လိုက်သည်။

    – ယူကရိန်းပြဿနာကို စစ်ရေးအရဖြေရှင်း၍ မရဘဲ သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန် ကြိုးစားမှုမှာလည်း အောင်မြင်မည်လားဆိုသည်ကို မသိရှိကြောင်း ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကဲလ်က ပြောကြားလိုက်သည်။ အိန်ဂျလာမာကဲလ်နှင့် ပြင်သစ်သမ္မတ ဟော်လန်ဒေးတို့မှာ ရုရှားသမ္မတပူတင်နှင့် သောကြာနေ့က တွေ့ဆုံခဲ့ပြီး ယူကရိန်းပြဿနာဖြေရှင်းရေး နောက်ဆုံးနည်းလမ်းအဖြစ် အခြေခံမူတစ်ခုကို ချပြခဲ့သည်။

    – ပြင်းအား ၅.၁ ရစ်ခ်ျစတာကေးရှိ ငလျင်တစ်ခုမှာ အင်ဒိုနီးရှားနိုင်ငံ အရှေ့တောင်ပိုင်း နာဘီရီသို့ ဗဟိုပြုကာ ယမန်နေ့တွင် လှုပ်ခတ်သွားခဲ့သည်ဟု အမေရိကန် ဘူမိဗေဒ စူးစမ်းရေးအဖွဲ့မှ ပြောကြားခဲ့သည်။

    – ပြီးခဲ့သည့် သုံးနှစ်ခန့်မှစတင်ကာ ဆီးရီးယားနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်အတွင်း သေဆုံးသူဦးရေမှာ ၂၁၀၀၆၀ ဦး ရှိလာပြီဟု လန်ဒန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောကြားလိုက်သည်။

    – ယခုလနှောင်းပိုင်း ချစားမှုဖြင့် စွဲချက်တင်သည့်အချိန်တွင် တိုင်းပြည်အတွင်းရှိနေစေရန်အတွက် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝပ်ထရာ၏ နိုင်ငံခြားသို့သွားရောက်ရန် ခွင့်တောင်းမှုကို စစ်တပ်ကျောထောက် နောက်ခံပြုထားသည့် ထိုင်းအစိုးရက ငြင်းပယ်လိုက်သည်။

    – အီရန်နိုင်ငံ၏ အဓိပတိ ခါမေနီက မိမိနှင့် အီရန်ပြည်သူများမှာ နျူကလီးယားအရေးနှင့်ပတ်သက်၍ အီရန်က ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုကို အပြည့်အ၀ ထောက်ခံအားပေးသည်ဟု ယနေ့တွင် ပြောကြားခဲ့သည်။

    – ပက်ရှ်ဝါရ်ကျောင်းအား တာလီဘန်တို့၏ တိုက်ခိုက်မှုပြီးနောက် ကျောင်းသားများ လုံခြုံရေးအတွက် ပါကစ္စတန်ကျောင်းဆရာများ သေနတ်ကိုင်ရန် ပါကစ္စတန်အစိုးရက ခွင့်ပြုခဲ့ခြင်းအတွက် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

    Ref: news agencies