News @ M-Media

Tag: international short news

  • နိုင်ငံတကာ သတင်းတို (ဖေဖော်ဝါရီ ၁၊ ၂၀၁၅)

    ဖေဖော်ဝါရီ ၁၊ ၂၀၁၅
    M-Media

    – ယူကရိန်းအရှေ့ပိုင်းဒေသများ ငြိမ်းချမ်းရေးအတွက် ယူကရိန်းအစိုးရနှင့် ရုရှားလိုလားသူ ခွဲထွက်ရေးသမားများအကြား ဆွေးနွေးပွဲတွင် မည်သည့်သဘောတူညီချက်မှမရရှိဘဲ ယမန်နေ့တွင် ပြီးဆုံးသွားခဲ့ပြီး ထိုကဲ့သို့ သဘောတူညီချက် မရခြင်းအတွက် အစိုးရနှင့် သူပုန်တို့ အပြန်အလှန်ပြစ်တင် ပြောဆိုခဲ့ကြသည်။

    – ဒေသအတွင်း ဒီမိုကရေစီနည်းကျသည့် အုပ်ချုပ်ရေးဖြစ်လာရန်အတွက် တောင်းဆိုသည့် ဆန္ဒပြမှုများကို ဟောင်ကောင်ပြည်သူများက ယနေ့တွင် ပြန်လည်ပြုလုပ်မည်ဟုကြေညာခဲ့ပြီး အစိုးရကလည်း ဆန္ဒပြသူများအနေဖြင့် အဓိကလမ်းမကြီးများနှင့် မြို့လည်ကောင်တို့အား သိမ်းပိုက်ပါက ယခင်ကဲ့သို့ပင် ရှင်းလင်းဖယ်ရှားသွားမည်ဟု ပြောကြားခဲ့သည်။

    – အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင် ပါလက်စတိုင်းလူငယ်တစ်ဦးအား အစ္စရေးစစ်တပ်က ယမန်နေ့တွင် ပစ်သတ်ခဲ့ပြီး ၎င်းတို့အား မီးဗုံးဖြင့် ပစ်ခတ်မှုကြောင့် ပြန်လည်ပစ်ခဲ့ရခြင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်ကမူ ကာကွယ်ပြောကြားခဲ့သည်။

    – ဇန်န၀ါရီလအတွင်း အီရတ်နိုင်ငံတစ်ဝှမ်းဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများကြောင့် ၁၃၇၅ ဦး သေဆုံးခဲ့ပြီး ၂၂၄၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကုလသမဂ္ဂမှ ယနေ့ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားပြီး ၎င်းတို့အထဲမှ ထက်ဝက်ကျော်မှာ အရပ်သားများဖြစ်ကြသည်။ ထိုပမာဏနမှာ ၂၀၁၄ ခုနှစ်မှစ၍ တစ်လအတွင်း အမြင့်ဆုံး သေဆုံးဒဏ်ရာရမှုဖြစ်ပြီး အီရတ်စစ်သား ၅၈၅ ဦး သေဆုံးခဲ့သည်။

    – နိုက်ဂျီးရီးယားအရှေ့မြောက်ပိုင်း ဒမ်ဘိုအာမြို့အား ဘိုကိုဟရမ်အဖွဲ့က တိုက်ခိုက်မှုကြောင့် အနည်းဆုံး ပြည်သူ ၁၅၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ အဆိုပါမြို့အား ပြီးခဲ့သည့် ကြာသာပတေးနေ့ ညကတည်းက ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နိုက်ဂျီးရီးယားလုံခြုံရေးတပ်ဖွဲ့မှာ ဇန်န၀ါရီလအစောပိုင်းကတည်းက ဆုတ်ခွာသွားသောကြောင့် ပြည်သူများမှာ အကာအကွယ်မဲ့ဖြစ်နေသည်။

    – ဂျပန်ဓားစာခံတစ်ဦးအား IS က ယမန်နေ့တွင် သတ်ဖြတ်ခဲ့ပြီးနောက် ၎င်းတို့လက်ထဲတွင် ကျန်ရှိသည့် မိမိတို့လေယာဉ်မှူးကို ကယ်တင်ရန် လုပ်နိုင်သမျှအားလုံးကို လုပ်ဆောင်သွားမည်ဟု ဂျော်ဒန်ဘုရင် အဘ်ဒူလာက ယနေ့တွင်ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် ပြောကြားလိုက်သည်။

    Ref: channelnewasia,alarabiya

  • နိုင်ငံတကာသတင်းတို (ဇန်န၀ါရီ ၃၁၊ ၂၀၁၅)

    နိုင်ငံတကာသတင်းတို (ဇန်န၀ါရီ ၃၁၊ ၂၀၁၅)

    ဇန်န၀ါရီ ၃၁၊ ၂၀၁၅
    M-Media

    – ပြီးခဲ့သည့် စနေနေ့က ပြုလုပ်ခဲ့သည့် IS အဖွဲ့အား လေကြောင်းမှ တိုက်ခိုက်မှုအတွင်း အီရတ်ခေါင်းဆောင်ဟောင်း ဆက်ဒမ်ဟူစိန်လက်ထက်တွင် အမှူထမ်းခဲ့ပြီး ယခုလက်ရှိ IS အဖွဲ့တွင် ပါဝင်နေသည့် ဓာတုလက်နက်ကျွမ်းကျင်သူများ သေဆုံးခဲ့သည်ဟု အမေရိကန်စစ်ဘက် တာဝန်ရှိသူများက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    – ဒီဇင်ဘာ ၂၈ ရက်နေ့က ပျက်ကျသွားခဲ့သည့် Air Asia လေကြောင်းလိုင်းမှ QZ8501 လေယာဉ် ပျက်မကျခင်အချိန်တွင် လေယာဉ်မှူးမှာ ၎င်း၏နေရာတွင်မရှိဘဲ တွဲဘက်လေယာဉ်မှူးကသာ လေယာဉ်ကို ကိုင်တွယ်မောင်းနှင်နေပြီး ထိန်ချုပ်၍ မရတော့သည့်အချိန်မှသာ လေယာဉ်မှူး ပြန်လည်ရောက်ရှိလာသော်လည်း နောက်ကျသွားခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ပြောကြားလိုက်သည်။

    – အာဖရိက နိုင်ငံပေါင်း ၅၄ နိုင်ငံပါဝင်သည့် အာဖရိကသမဂ္ဂ၏ ဥက္ကဌသစ်အဖြစ် အသက် ၉၀ အရွယ် ဇင်ဘာဘွေ အာဏာရှင် ရောဘတ်မူဂါဘီအား ယမန်နေ့တွင် ခန့်အပ်ခဲ့ပြီးနောက် မူဂါဘီမှာ ဇင်ဘာဘွေ၏ ဒီမိုကရေစီစနစ်ကို ဖျက်ဆီးခဲ့ပြီး စီးပွားရေးကိုလည်း ကျဆင်းစေခဲ့ကြောင်း၊ ၎င်းအား ထိုကဲ့သို့ ခန့်အပ်ခဲ့မှုမှာ အာဖရိကခေါင်ဆောင်များအကြား စုစည်းညီညွတ်မှုကို အဖျက်သဘောဆောင်သည့် ရလဒ်များ ထွက်ပေါ်လာနိုင်ကြောင်း စသည့် ဝေဖန်မှုများ ထွက်ပေးလာခဲ့သည်။

    – လူဆိုးဂိုဏ်းများမှ ကျူးလွန်သည့် ရာဇ၀တ်မှုများကို ဦးဆောင်တိုက်ဖျက်ခဲ့သူ စစ်စီလီကျွန်း ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှ တရားသူကြီး ဆာဂျီယို မတ်တာရယ်လာမှာ ၀န်ကြီးချုပ် မတ်တို ရန်ဇီ၏ ဒီမိုကရက်တစ်ပါတီမှ ထောက်ခံမှုဖြင့် အီတလီသမ္မတသစ်အဖြစ် ယနေ့တွင် ခန့်အပ်ခံခဲ့ရသည်။

    – မြို့တော်ဆန်နာအား သူပုန်အဖွဲ့ ဟူသစ်၏ သိမ်းပိုက်မှုကို ဆန့်ကျင်သည့်အနေဖြင့် ဆန်နာမြို့အပါအ၀င် ယီမင်နိုင်ငံတစ်ဝှမ်း ပြည်သူလူထုထောင်ပေါင်းများစွာက ယနေ့တွင် ဆန္ဒပြခဲ့ကြပြီး သူပုန်အဖွဲ့ကလည်း လူကိုသေစေနိုင်သည့် လက်နက်များအသုံးပြုကာ လူစုခွဲခဲ့ကြသည်။

    – ဘာလင်တံတိုင်းဖြိုချပြီး ၁၁ လအကြာ ၁၉၉၀ တွင် အရှေ့ဂျာမနီနှင့် အနောက်ဂျာမနီပေါင်းစည်းရေးကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ပြီး ပြတ်သားသည့် နိုင်ငံရေးရပ်တည်ချက်များကြောင့် ပြည်တွင်းနှင့် ပြည်ပတွင် လေးစားအသိအမှတ်ပြုမှုများ ရရှိခဲ့သည့် အသက် ၉၄ နှစ်အရွယ် ဂျာမနီသမ္မတဟောင်း ရစ်ချက် ဗွန် ၀ဇ်ဆက်ကာမှာ ယနေ့တွင် ကွယ်လွန်သွားခဲ့သည်။

    Ref: channelnewsasia, aljazeera

  • နိုင်ငံတကာ သတင်းတို (ဇန်န၀ါရီ ၃၀၊ ၂၀၁၅)

    နိုင်ငံတကာ သတင်းတို (ဇန်န၀ါရီ ၃၀၊ ၂၀၁၅)

    ဇန်န၀ါရီ ၃၀၊ ၂၀၁၅
    M-Media

    – မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးရှိ ကလေးဆေးရုံတစ်ခု အပြင်ဘက်တွင် ဂက်စ်အိုးတင်လာသည့် ကားမှ ဂက်စ် ယိုစိမ့်ကာ ပေါက်ကွဲမှုကြောင့် မွေးကင်းစကလေးငယ် ၂ ဦးအပါအ၀င် လူ ၃ ဦးသေဆုံးခဲ့ကာ ဒါဇင်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ဆေးရုံ အဆောက်အဦး၏ ၄၀ ရာခိုင်နှုန်းမှာလည်း ပြိုကျပျက်ဆီးခဲ့သည်။

    – အီဂျစ်နိုင်ငံ ဆိုင်းနိုင်ကျွန်းဆွယ်မြောက်ပိုင်း အလ်အရစ်ရှ်မြို့တွင် ရဲစခန်းများ၊ ရဲနှင့် စစ်သားများနေရာ အိမ်ခန်းနှင့် စစ်တပ် စစ်ဆေးရေးဂိတ်တို့အား စစ်သွေးကြွများက ယမန်နေ့ ညနေပိုင်းတွင် ဒုံးကျည်များ၊ ကားဗုံးများဖြင့် တိုက်ခိုက်ခဲ့သောကြောင့် စစ်သားအများစုအပါအ၀င် ၂၆ ဦးသေဆုံးခဲ့ကာ အများအပြား ဒဏ်ရာရရှိခဲ့သည်။

    – တစ်စထက်တစ်စ ကြီးထွားလာပြီး နိုင်ငံဖြတ်ကျော် တိုက်ခိုက်မှုများပါ ပြုလုပ်လာသည့် နိုက်ဂျီးရီးယားရှိ ဘိုကိုဟရမ် အဖွဲ့အား နှိမ်နင်းရန်အတွက် အာဖရိက သမဂ္ဂက ယနေ့တွင်ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် အာဖရိက ၅ နိုင်ငံပါဝင်သော အင်အား ၇၅၀၀ ရှိ ညွန့်ပေါင်းတပ်အား တိုက်တွန်းပြောဆိုလိုက်သည်။

    – IS လက်တွင် ကျန်ရှိနေသည့် မိမိတို့ဂျာနယ်လစ် လွတ်မြောက်ရေးအတွင် ဂျော်ဒန်နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေသည်ဟု ဂျပန် တာဝန်ရှိသူများက ပြောကြားလိုက်သည်။ ဂျော်ဒန်လေယာဉ်မှူးနှင့် အလ်ကိုင်းဒါး အဖွဲ့ဝင် အမျိုးသမီးတို့ လဲလှယ်ရေးအတွက် IS မှ ပေးထားသော အချိန်မှာ ပြည့်သွားခဲ့ပြီဖြစ်ပြီး IS ဘက်က မည်သည့်ထုတ်ပြန်မှုမှ မပြုလုပ်သေးပေ။

    – နိုင်ငံအတွင်း အရက်သေစာသောက်သုံးမှု ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ဥပေဒမူကြမ်းတစ်ခုကို စင်ကာပူ ပါလီမန်၌ ယနေ့တွင် တင်သွင်းခဲ့သည်။ အဆိုပါ ဥပဒေမူကြမ်းအရ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် အရက်သေစာသောက်စားခြင်းကို နေ့စဉ် ည ၁၀ နာရီခွဲမှ နံနက် ၇ နာရီအထိ ပိတ်ပင်သွားမည်ဖြစ်ပြီး အပြင်သို့သယ်ဆောင်သွားနိုင်သည့် အရက်သေစာ ရောင်းချမှုကိုလည်း ည ၁၀ နာရီခွဲအထိသာ ပြုလုပ်နိုင်မည်ဖြစ်သည်။

    – ပါလက်စတိုင်းပိုင် အနောက်ဘက်ကမ်းခြေတွင် အစ္စရေးက တရားမ၀င်လူနေအိမ်ရာ ၄၃၀ ကို ထပ်မံဆောက်လုပ်ရန်စီစဉ်နေသည်ဟု တရားမ၀င်အိမ်ရာဆောက်လုပ်မှုများကို စောင့်ကြည်နေသည့် Terrestrial Jerusalem အဖွဲ့က ပြောကြားလိုက်သည်။ ပါလက်စတိုင်းပိုင်နက်များတွင် ဂျူးအခြေချအိမ်ရာများအစ္စရေးက ဆောက်လုပ်ခြင်းမှာ နိုင်ငံတကာဥပဒေများအား ချိုးဖောက်ခြင်းဖြစ်သည်ဟု ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းက သတိပေးထားသော်လည်း အစ္စရေးက ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ဆောင်ရွက်နေခြင်း ဖြစ်သည်။

    – ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သော စစ်ဆင်ရေးအတွင်း ကျဆုံးသွားခဲ့သည့် ရဲကွန်မန်ဒို ၄၄ ဦး၏ ဈာပနအခမ်းအနားကို ဖိလစ်ပိုင်၌ ယနေ့တွင် ပြုလုပ်ခဲ့ပြီး ဖိလစ်ပိုင်သမ္မတ အကွီနိုက ကျဆုံးသွားသူများအတွက် တရားမျှတမှုကို ရယူပေးမည်ဟု ကတိပြုခဲ့သည်။ ကွန်မန်ဒိုများမှာ နိုင်ငံတောင်ပိုင်းရှိ သူပုန်အဖွဲ့နှစ်ဖွဲ့ကို တိုက်ခိုက်ရင်း သေဆုံးခဲ့ရခြင်းဖြစ်ပြီး သူပုန်များကမူ အစိုးရက ငြိမ်းချမ်းရေးသဘောတူညီချက်ကို ချိုးဖောက်ကာ စစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: .aljazeera,channelnewsasia

  • နိုင်ငံတကာသတင်းတို (ဇန်နဝါရီ ၂၉၊ ၂၀၁၅)

    နိုင်ငံတကာသတင်းတို (ဇန်နဝါရီ ၂၉၊ ၂၀၁၅)

    ဇန်န၀ါရီ ၂၉၊ ၂၀၁၅
    M-Media

    – ဂျော်ဒန်က ဖမ်းဆီးထားသော အလ်ကိုင်းဒါအဖွဲ့ဝင် အီရတ်အမျိုးသမီး ဆာဂျေဒါ အလ်-ရီရှာဝီအား ဇန်န၀ါရီ ၂၉ ရက် နေ၀င်ချိန်တွင် နောက်ဆုံးထား၍ ပြန်လွှတ်မပေးပါက မိမိတို့ ဖမ်းဆီးထားသော ဂျော်ဒန်လေယာဉ်မှူးအား သတ်ပစ်မည်ဟု IS အဖွဲ့က ခြိမ်းခြောက်ပြောဆိုလိုက်သည်။ ဖမ်းဆီးထားသော ဂျပန် ဂျာနယ်လစ်မှ တစ်ဆင့် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ဂျော်ဒန် အစိုးရကလည်း ၎င်းတို့၏ လေယာဉ်မှူးအား လွှတ်ပေးပါက IS ၏ တောင်းဆိုမှုကို လိုက်လျောမည်ဟု ဆိုသည်။

    – နှစ်နိုင်ငံ ပုံမှန်ဆက်ဆံရေး ပြန်လည်မတည်ဆောက်မီအလျင် အမေရိကန်က ရေတပ်စခန်းအဖြစ် အသုံးပြုထားသည့် ဂွာတာနာမိုပင်လယ်အော်အား ပြန်လည်ပေးအပ်ရန် ကျူးဘားသမ္မတ ရာအူလ်း ကက်စထရိုက တောင်းဆိုလိုက်ပြီး အမေရိကန် အနေဖြင့် ကျူးဘားအပေါ် ရာစုနှစ်ဝက်ကြာ ချမှတ်ထားသော ကုန်သွယ်မှု ပိတ်ပင်ခြင်းကိုလည်း အဆုံးသတ်သင့်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    – မကြာသေးမီက ရိုက်ကူးထားသော ဂြိုဟ်တုဓာတ်ပုံများအရ မြောက်ကိုရီးယား၏ ယုံဗြောင် နျူကလီးယား ဓာတ်ပေါင်းဖိုမှာ ပြန်လည် လည်ပတ်တော့မည်ဟု ထင်ရကြောင်း အမေရိကန်မှ တတ်သိပညာရှင်များ အဖွဲ့က ပြောကြားလိုက်သည်။ ထိုစက်ရုံ ပြန်လည် လည်ပတ်ပါက တစ်နှစ်အတွင်း ပလူတိုနီယံပမာဏ ၆ ကီလိုဂမ်ကို ထုတ်လုပ်နိုင်ဖွယ်ရှိနေပြီး ထိုပမာဏက နျူးကလီးယားဗုံးထုတ်လုပ်ရန် လုံလောက်သည့် ပမာဏဖြစ်သည်။

    ယူကေတွင် ယနေ့နံနက်ပိုင်းမှစ၍ နှင်းများထူထပ်စွာ ကျဆင်းမှုကြောင့် အင်္ဂလန်မြောက်ပိုင်းနှင့် မြောက် အိုင်ယာလန်တို့တွင် စာသင်ကျောင်းများ ဒါဇင်နှင့်ချီ၍ ပိတ်ပစ်ခဲ့ရပြီး မန်ချက်စတာလေဆိပ် အပါအ၀င် သယ်ယူ ပို့ဆောင်ရေး ၀န်ဆောင်မှုများကိုလည်း ရပ်ဆိုင်းခဲ့ရသည်။

    – လူ ၁၀၀ နီးပါးခန့်တင်ဆောင်ကာ မလေးရှားသို့ ဦးတည်ထွက်ခွာလာသည့် ဘင်္ဂလားဒေ့ရှ်မှ ငါးဖမ်းသင်္ဘော တစ်စီးမှာ ဘင်္ဂလားပင်လယ်အော်ရှိ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတမ်းနီး၌ ယနေ့တွင် နစ်မြုပ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် ရေတပ်က လူပေါင်း ၃၂ ဦးကို ကယ်တင်နိုင်ခဲ့ကာ ကျန်လူများအား ဆက်လက်ရှာဖွေလျက် ရှိနေသည်။

    – စင်ကာပူနိုင်ငံတွင် ပြီးခဲ့သည့်နှစ်အတွင်း ဖြစ်ပွားခဲ့သောရာဇ၀တ်မှုများမှာ ၂၀၁၃ ခုနှစ်ကထက် ၇.၄ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာခဲ့ပြီး လိမ်လည်မှုနှင့် အွန်လိုင်းအချစ်လူရမ်းကားများအမှုမှာ အများဆုံးဖြစ်သည်ဟု စင်ကာပူရဲတပ်ဖွဲ့၏ ယနေ့တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    Ref: channelnewsasia,aljazeera

  • ကက်သလစ်ဘုန်းတော်ကြီးများ၏ လိင်ပိုင်းဆိုင်ရာစော်ကားခံရသူများနှင့် ပုပ်ရဟန်းမင်းကြီး တွေ့ဆုံ

    ကက်သလစ်ဘုန်းတော်ကြီးများ၏ လိင်ပိုင်းဆိုင်ရာစော်ကားခံရသူများနှင့် ပုပ်ရဟန်းမင်းကြီး တွေ့ဆုံ

    ဇူလိုင် ၇၊ ၂၀၁၄
    M-Media

    7

    – ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ခရစ်ယာန်ဘုန်းတော်ကြီးများက ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာစော်ကားမှုများကို ဖြေရှင်းရန် ဗာတီကန် ကော်မရှင်၏ ကြိုးပမ်းမှု တစ်ရပ် အနေနှင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က စော်ကားခံရသူများအား ပထမဆုံးအကြိမ် အဖြစ် ယနေ့တွင် တွေ့ဆုံခဲ့သည်ဟု သိရသည်။

    ဗြိတိန်၊ ဂျာမနီနှင့် အိုင်ယာလန်တို့မှ အစော်ကားခံရသူ ၆ ဦးနှင့် ဗာတီကန်ရှိ စိန့်ပီတာဘုရားကျောင်းအနီး ၎င်း၏ ကိုယ်ပိုင်နေအိမ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးမှုတွင် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က လိင်ပိုင်းဆိုင်ရာ စော်ကားမှုများဖြစ်ပွားခဲ့သည်ဟု သတင်းထွက်ခဲ့သည့် အမေရိကန်ပြည်ထောင်စု ဘော်စတွန်မြို့မှ ခရစ်ယာန်ဘုန်းတော်ကြီး ဆီယန် အိုမာလေးလည်း ပါဝင်ခဲ့သည်။

    ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက ပုပ်ရဟန်းမင်းအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည့် ဖရန်စစ်မှာ ဆယ်စုနှစ်တစ်ခုကြာ ဖြစ်ပွားခဲ့ပြီး ကက်သလစ်အသင်းတော်၏ ပုံရိပ်ကို ပျက်ဆီးစေသည့် ခရစ်ယာန်ဘုန်းတော်ကြီးများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများအတွက် ထိရောက်သော ဆောင်ရွက်မှုများ မရှိသောကြောင့် ကမ္ဘာတစ်ဝှမ်းမှ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

    သို့သော်လည်း အဆိုပါရာဇ၀တ်မှုများအတွက် လုံးဝ သည်းခံတော့မည်မဟုတ်ဟု ပြီးခဲ့သည့်မေလက ကြေညာခဲ့ပြီး ထိုပြဿနာအားဖြေရှင်းရန် ကော်မရှင်တစ်ခု ကိုလည်း ဖွဲ့စည်းခဲ့သည်။

    လွန်ခဲ့သည့် ၁၀နှစ်အတွင်း ကက်သလစ်ဘုန်းတော်ကြီးများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၃၄၂၀ မှုအား အသင်းတော် တရားရေးအဖွဲ့မှ စစ်ဆေးခဲ့ပြီး ဘုန်ကြီး ၈၄၈ ပါးအား လူဝတ်လဲစေခဲ့ကာ ၂၅၇၂ ပါးအား ၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုအတွင် ဘ၀တစ်သက်တာလုံး ဆုတောင်းအာပတ်ဖြေရန် အမိန့်ချမှတ်ခဲ့သည်ဟု ဗာတီကန် တာဝန်ရှိသူများက ယခုနှစ်အတွင်း သတင်းထုတ်ပြန်ခဲ့သည်။

    Ref : Aljazeera