News @ M-Media
Tag: international short news
  • နိုင်ငံတကာသတင်းတို (သြဂုတ် ၃၁၊ ၂၀၁၅)
    သြဂုတ် ၃၁၊ ၂၀၁၅
    M-Media
    စပိန်မီးပန်းစက်ရုံပေါက်ကွဲမှု လေးဦးပျောက်ဆုံးနေ
    ………………………………….
    စပိန်နိုင်ငံအရှေ့မြောက်ပိုင်း ဇာရာဂိုဇာမြို့အနီးရှိ မီးပန်းစက်ရုံတစ်ခု၌ ယနေ့တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သောကြောင့် လူ ၄ ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ကာ လေးဦးမှာ ပျောက်ဆုံးနေသည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ မီးခြစ်ဆံနှင့် မီးပန်းများထုတ်လုပ်သည့် အဆိုပါစက်ရုံ ပေါက်ကွဲမှုအကြောင်းအရင်းကို သိရှိခြင်းမရှိသေးဟု အာရဂွန် အရေးပေါ်ဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
    သြစတြီးယား-ဟန်ဂေရီမှ ဒုက္ခသည်များကို ဂျာမနီပို့မည်
    ………………………………………….
    ပြောင်းရွှေ့အချေခြသူ ဒုက္ခသည်များပါဝင်ပြီး ဘူဒါပက်စ်မြို့မှ ဂျာမနီနိုင်ငံ မြူးနစ်မြို့သို့ ထွက်ခွာသွားသည့် ရထားနှစ်စင်းမှာ ဟန်ဂေရီ-သြစတြီးယားနယ်စပ်ရှိ ဟီဂျေရှာလွန်မြို့၌ ရပ်တန့်ထားပြီး အာဏာပိုင်များ၏ ဆောင်ရွက်မှုကို စောင့်ဆိုင်းနေသည်ဟု သတင်းများက ဖော်ပြကြသည်။ ဘူဒါပက်စ်မှ အခြားရထားတစ်စီးကိုလည်း ရပ်တန့်ထားကာ သြစတြီးယား ရထားပို့ဆောင်ရေးကမူ ရထားများမှာ
    လူများနေသောကြောင့်ဖြစ်ပြီး ခရီးသည်အချို့ကို ဖယ်ရှားပြီးပါက နယ်စပ်ဖြတ်ကျော်ခွင့်ပြုမည်ဟု ပြောကြားခဲ့သည်။
    ဘန်ကောက်ဗုံးကွဲမှုကို ကျူးလွန်သူ ၁၀ ဦးအထိရှိမည်ဟု ထိုင်း ပြောပြန်
    ………………………………………..
    ဘန်ကောက်မြို့ရှိ ဧရာဝဏ်နတ်ကွန်း ဗုံးဖောက်ခွဲသူများတွင် ထိုင်းနိုင်ငံသားများနှင့် နိုင်ငံခြားသားများ အနည်းဆုံး ၁၀ ဦးခန့်ပါဝင်ပြီး၊ သံသယရှိသူအသစ်များကို စုံစမ်းရှာဖွေမှုများ ပြုလုပ်နေသည်ဟု ထိုင်းရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားလိုက်သည်။ စနေနေ့က ဘန်ကောက်မြို့ ဆင်ခြေဖုံးရှိ တိုက်ခန်းတစ်ခုတွင် ထိုဗုံးပေါက်ကွဲမှု၌ ပါဝင်ပတ်သက်သူဟု ယူဆရသည့် နိုင်ငံခြားသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ယနေ့တွင်လည်း အခြားနေရာတစ်ခုကို ၀င်ရောက်ရှာဖွေခဲ့သည်။ ထို့ပြင် ထိုင်းအမျိုးသမီးတစ်ဦး အပါအ၀င် သံသယရှိသူ နှစ်ဦး၏ ဓာတ်ပုံနှင့် ပုံကြမ်းများကိုလည်း ထုတ်ပြန်ခဲ့သည်။
    Ref: News Agencies
  • နိုင်ငံတကာသတင်းတို (သြဂုတ် ၂၉၊ ၂၀၁၅)
    နိုင်ငံတကာသတင်းတို (သြဂုတ် ၂၉၊ ၂၀၁၅)
    သြဂုတ် ၂၉၊ ။၂၀၁၅
    M-Media
    ဆွာဇီလန် တွင် ကားမှောက်မှုကြောင့် အမျိုးသမီး ၄၀ နီးပါး သေဆုံး
    ………………………..
    အာဖရိကတိုက် တောင်ပိုင်းရှိ ဆွာဇီလန်နိုင်ငံ ဘုရင့်နန်းတော်တွင် နှစ်စဉ်ပြုလုပ်နေကြဖြစ်သည့် ကပွဲတစ်ခုသို့ သွားရောက်စဉ် ထရပ်ကားတစ်စီး တိမ်းမှောက်ခဲ့သောကြောင့် မိန်းကလေးငယ်များအပါအ၀င် အနည်းဆုံး အမျိုးသမီး ၃၈ ဦး သေဆုံးခဲ့သည်ဟု ဆွာဇီလန် သွေးစည်းညီညွတ်ရေးကွန်ရက်က ယနေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ဖော်ပြထားသည်။ အဆိုပါ ထရပ်ကားမှာ အရှေ့ရှိ ဗန်ကားကို ၀င်တိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းနောက်မှ ထရပ်ကားတစ်စီးက ထပ်မံဝင်တိုက်ခဲ့ခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်အတွင်း အခြား အမျိုးသမီး ၂၀ မှာလည်း ဒဏ်ရာရရှိခဲ့သည်ဟု အဆိုပါကွန်ယက်က ထည့်သွင်းပြောကြားခဲ့သည်။
    ………………………..
    ချစားမှုပြဿနာများနှင့် ရင်ဆိုင်နေရသည့် ၀န်ကြီးချုပ်နာဂျစ်အား ဆန့်ကျင်သည့် Bersih 4.0 ဆန္ဒပြမှုကို မြို့တော်ကွာလာလမ်ပူ၌ ယနေ့တွင် စတင်ခဲ့ပြီး ပြည်သူသိန်းနှင့်ချီ၍ ပါဝင်ခဲ့ကြသည်။ တီရှပ်အပြာဝတ် ပြည်သူများမှာ မြို့တော်အတွင်းရှိ လမ်းများကို သိမ်းပိုက်ခဲ့ကြပြီး ၀န်ကြီးချုပ် နှုတ်ထွက်ရန် တောင်းဆိုခဲ့ကြကာ အစိုးရအား ဆန့်ကျင်သည့် စာတန်းများကိုလည်း ကိုင်ဆောင်ခဲ့ကြသည်။ အဆိုပါ
    ဆန္ဒပြပွဲမှာ ၂ ရက်တာ ကြာမြင့်မည်ဖြစ်သည်။
    တရုတ်စက်ရုံတစ်ရုံတွင် အဆိပ်ဓာတ်ငွေ့ကြောင့် လူ ၇ ဦး သေဆုံး
    ………………………………………….
    တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် အန်ဇီယန်ကောင်တီရှိ စက္ကူစက်ရုံတစ်ခုမှ ထွက်လာသော အဆိပ်ဓာတ်ငွေ့များနှင့် ထိတွေ့မှုကြောင့် အနည်းဆုံး လူ ၇ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုစက်ရုံမှ အလုပ်သမားတစ်ဦးမှာ သန့်ရှင်းရေးလုပ်ငန်းများ လုပ်ကိုင်နေစဉ် အဆိပ်ရှိသော စက္ကူပျော့ဖတ်များဖြင့် ရေကန်ထဲသို့ ကျသွားခဲ့ပြီးနောက် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ပြုတ်ကျသွားသူအား
    ၎င်း၏ သူငယ်ချင်းဖြစ်သူက ကယ်ဆယ်ရန် ကြိုးစားခဲ့သော်လည်း ၎င်းကိုယ်တိုင်မှာလည်း အဆိပ်ဓာတ်ငွေ့ဖြင့် ထိတွေ့ကာ သေဆုံးခဲ့သည်။
    Ref: News Agencies
  • နိုင်ငံတကာသတင်းတို (သြဂုတ် ၂၇၊ ၂၀၁၅)
    သြဂုတ် ၂၇၊ ၂၀၁၅
    M-Media
    ဆီးရီးယားမြို့ ၃ မြို့တွင် အပစ်ရပ်ရေး သဘောတူညီချက်ရ
    …………………………………..
    သူပုန်များ ခြေကုပ်ယူထားရာ ဆီးရီးယားနိုင်ငံအနောက်ပိုင်းရှိ ဇာဘာဒါနီမြို့အပါအ၀င် မြို့ ၃ မြို့တွင် ၄၈ နာရီကြာ အပစ်ရပ်ရေး သဘောတူညီချက်ကို သူပုန်များနှင့် အစိုးရကိုထောက်ခံသည့် တပ်များက ယနေ့တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုသဘောတူညီချက်မှာ ယနေ့မနက် ဒေသစံတော်ချိန် ၆ နာရီမှစ၍ သက်ရောက်မည်ဖြစ်သည်။
    သြစတြီးယားရှိ ထရပ်ကားတစ်စီးပေါ်တွင် ဒုက္ခသည်များကို သေဆုံးလျက် တွေ့ရှိ
    ……………………………….
    သြစတြီးယားနိုင်ငံအရှေ့ပိုင်း ဘာဂန်လန်းပြည်နယ်ရှိ အဝေးပြေးလမ်းမပေါ်တွင် ရပ်ထားသော ထရပ်ကားတစ်စီး၌ ဒုက္ခသည် ၅၀ ခန့် သေဆုံးနေသည့်ကို ယနေ့တွင် တွေ့ရှိခဲ့ရသည်ဟု သြစတြီးယား ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ဒုက္ခသည်အရေး ဆွေးနွေးရန် ဗီယင်နာသို့ရောက်ရှိနေသည့် ဂျာမနီဝန်ကြီးချုပ်မာကဲလ်ကမူ ထိုသတင်းအတွက် တန်လှုပ်မိသည်ဟု ပြောကြားခဲ့သည်။ အဆိုပါ
    ဒုက္ခသည်များမှာ လူကုန်ကူးသူများ၏ ခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်ဟု ယုံကြည်ရပြီး သေဆုံးရသည့် အကြောင်းအရင်းကို အတိအကျ မသိရှိရပေ။
    ဂရိ တရားရုံးချုပ်မှ တရားသူကြီး အိမ်စောင့်အစိုးရ အကြီးအကဲအဖြစ် တာဝန်ယူမည်
    ……………………………
    ဂရိ တရားရုံးချုပ်မှ တရားသူကြီး ဗာစီလီကီ သာနျူကို အိမ်စောင့်အစိုးရ၏ အကြီးအကဲအဖြစ် တာဝန်ပေးလိုက်သည်ဟု သမ္မတရုံးက ယနေ့တွင် ထုတ်ပြန်ခဲ့သည်။ ဂရိသမ္မတ ပရိုကိုပစ် ပါဗလိုပူလော့စ်မှာ ညွန့်ပေါင်းအစိုးရဖွဲ့စည်းရန် နိုင်ငံရေးပါတီ ခေါင်းဆောင်များအား မစည်းရုံးနိုင်ခဲ့ဘဲ အိမ်စောင့်အစိုးရကိုသာ ဖွဲ့စည်းပေးခဲ့သည်။ သာနျူမှာ မနက်ဖြန်တွင် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်ပြီး လာမည့်လတွင် ပြုလုပ်မည့် ရွေကောက်ပွဲပြီးသည့်အထိ တိုင်းပြည်အား ဦးဆောင်သွားမည်ဖြစ်သည်။
    Ref: News Agencies
  • နိုင်ငံတကာသတင်းတို (သြဂုတ် ၂၆၊ ၂၀၁၅)
    သြဂုတ် ၂၆၊ ၂၀၁၅
    M-Media
    ဘေးအန္တရာယ်ကင်းရှင်းရေးအဖွဲ့ အကြီးအကဲကို တရုတ်ထုတ်ပယ်
    ………………………………….
    ယခုလအတွင်း လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့သည့် တီယန်ဂျင်းမြို့ ဓာတုဗေဒ ပစ္စည်းများ သိုလှောင်ရုံ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံ၏ ဘေးအန္တရာယ်ကင်းရှင်းရေးအဖွဲ့အကြီအကဲ ယန်ဒေါင်လီယန်းကို ချစားမှုဖြင့် ထုတ်ပယ်လိုက်သည်ဟု တရုတ်နိုင်ငံပိုင် စင်ဟွာသတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါ သိုလှောင်ရုံအတွက် ခွင့်ပြုမိန့်များကို မသမာသည့်နည်းလမ်းများဖြင့် ရယူသည်ဟု သတင်းများလည်း စောစောပိုင်းက ထွက်ပေါ်ခဲ့ပြီး ယန်ဒေါင်လီယန်ကို တရုတ်ကွန်မြူနစ်ပါတီ၏ ချစားမှုစောင့်ကြည့်ရေးအဖွဲ့က စစ်ဆေးခဲ့ကာ ယခုကဲ့သို့ ထုတ်ပယ်လိုက်ခြင်းလည်း ဖြစ်သည်။
    ဥရောပတွင် စစ်မဖြစ်ရန် ရုရှားနှင့်နေတိုးအဖွဲ့တို့ ဘုံသဘောတူညီချက် ယူရမည်
    ………………………………………
    ရုရှားနှင့် အနောက်နိုင်ငံများအကြားတွင် မထင်မှတ်ဘဲ စစ်ဖြစ်ပွားနိုင်သည့် အန္တရာယ်ကို လျော့ချရန်အတွက် နေတိုးအဖွဲ့နှင့် ရုရှားတို့မှာ သဘောတူညီချက်တစ်ခု ယူရမည်ဟု နိုင်ငံတကာမှ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးဟောင်းများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့က ပြောကြားလိုက်သည်။ ယူကရိန်းပြဿနာကြောင့် ဥရောပတွင် နေတိုးအဖွဲ့နှင့် ရုရှားတို့မှာ စစ်ရေးလေ့ကျင့်မှုများကို တိုးမြှင့်ပြုလုပ်လာခဲ့ကြပြီး၊ ပြိုင်ဘက် တိုက်လေယာဉ်များအကြား လေပေါ်၌ ထိပ်တိုက်တွေ့ဆုံမှုများမှာလည်း မြင့်တက်လာခဲ့သည်။
    ၁၉၉၆ ဆော်ဒီဗုံးဖောက်ခွဲမှု အဓိကသံသယရှိသူကို ဖမ်းဆီးရမိ
    …………………………………
    ဆော်ဒီအာရေဗျနိုင်ငံ ဒါရန်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းမှ ခိုဘာတာဝါကို ၁၉၉၆ ခုနှစ်တွင် ဗုံးဖောက်ခွဲမှုမှ အဓိကသံသယရှိသူ ဟစ်ဇ်ဘိုလာ အလ်-ဟေဂျက်ဇ်အဖွဲ့ခေါင်းဆောင် အဟ်မဒ် အလ်-မူဂက်စ်စီလ်ကို နှစ် ၂၀ နီးပါး ကြာပြီးမှ ဖမ်းဆီးရမိခဲ့သည်ဟု ဆော်ဒီသတင်းစာတစ်ခုက ယနေ့တွင် ဖော်ပြခဲ့သည်။ အလ်- မူဂက်စ်စီလ်ကို လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဆော်ဒီသို့ လွှဲပြောင်းပေးခဲ့ပြီဟု ဆိုသည်။ သို့သော်လည်း မည်သည့်အချိန်တွင် မည်သူက ဖမ်းဆီးခဲ့သည်ကို ဖော်ပြခဲ့ခြင်းမရှိချေ။
    ထိုပေါက်ကွဲမှုအတွင်း အမေရိကန်စစ်သား ၁၉ ဦးသေဆုံးခဲ့ကာ လူ ၅၀၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။
    Ref: News Agencies
  • နိုင်ငံတကာသတင်းတို (သြဂုတ် ၂၅၊ ၂၀၁၅)
    သြဂုတ် ၂၅၊ ၂၀၁၅
    M-Media
    တရုတ်စတော့ဈေးကွက် နှစ် ၂၀ အတွင်း အနိမ့်ဆုံးသို့ ကျဆင်း
    ………………………………………..
    ယမန်နေ့က ၈ ရာခိုင်နှုန်းအထိ ကျခဲ့သည့် တရုတ်စတော့ဈေးကွက်မှာ ယနေ့တွင်လည်း ၇.၆၃ ရာခိုင်နှုန်း ထပ်မံကျဆင်းခဲ့ပြီး နှစ်ပေါင်း ၂၀ နီးပါးအတွင်း အနိမ့်ဆုံးအထိကို ရောက်ရှိသွားခဲ့သည်။ သြဂုတ်လ ၁၉ ရက်နေ့မှ စကြည့်လျှင် စတော့ဈေးကွက်မှာ ၂၂ ရာခိုင်နှုန်း လျော့ကျသွားခြင်းလည်းဖြစ်သည်။ ဈေးကွက်ကျဆင်းမှုကို ထိန်းသိမ်းရန် တရုတ်အစိုးရက ကြိုးပမ်းဆောင်ရွက်နေသော်လည်း ပြန်တက်လာခြင်း မရှိခဲ့ပေ။ တနင်္လာနေ့က တရုတ်ဈေးကွက်ကျဆင်းမှုကြောင့် အာရှနိုင်ငံအချို့ရှိ ဈေးကွက်များမှာ ကျဆင်းခဲ့သော်လည်း ယနေ့တွင် ဂျပန်မှလွဲ၍ အခြားဈေးကွက်များမှာ အနည်းငယ် ပြန်တက်လာခဲ့သည်။
    ရာနှင့်ချီသော တရားမ၀င် ကိုလံဘီယာနိုင်ငံသားများကို ဗင်နီဇွဲလား နှင်ထုတ်
    ………………………………..
    ကိုလံဘီယာနယ်စပ်အနီးတွင် ပြုလုပ်ခဲ့သည့် လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးအတွင်း ဗင်နီဇွဲလားမှာ ရာနှင့်ချီသော ကိုလံဘီယာနိုင်ငံသားများကို နှင်ထုတ်ခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကိုလံဘီယာတွင် လှုပ်ရှားနေသော လက်နက်ကိုင်ဂိုဏ်းများက ပြုလုပ်သည်ဟု ယူဆရသော တိုက်ခိုက်မှုအတွင်း ဗင်နီဇွဲလားစစ်တပ်မှ အရာရှိ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီးနောက် သမ္မတ မာဒူရိုမှာ နိုင်ငံအနောက်ပိုင်းရှိ မြို့အများအပြားတွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး နယ်စပ်တစ်လျှောက်ရှိ မှောင်ခိုသမားများနှင့် ရာဇ၀တ်ဂိုဏ်းများကို နှိမ်နှင်းမှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။ ထို့ပြင် နိုင်ငံအတွင်း
    တရားမ၀င်နေထိုင်သည့် ကိုလံဘီယာနိုင်ငံသားများကိုလည်း နှင်ထုတ်ခဲ့သည်။
    ဥရောပသို့ဝင်ရောက်သည့် ဒုက္ခသည်များ တိုးလာမည်
    ……………………………………..
    အီရတ်နှင့် ဆီးရီးယားတွင် တိုက်ခိုက်မှုများ ဖြစ်နေခြင်း၊ တူရကီ၊ ဂျော်ဒန်နှင့် လက်ဘနွန်နိုင်ငံများရှိ ဒုက္ခသည်စခန်းများတွင် အခြေအနေများ ဆိုးရွားနေခြင်းကြောင့် ဥရောပသို့ ၀င်ရောက်လာကြသည့် ဒုက္ခသည်အရေအတွက်မှာ လာမည့်ရက်များတွင်လည်း ဆက်လက်တိုးနေမည်ဟု UNHCR က ပြောကြားခဲ့သည်။ ထို့ပြင် ဥရောပနိုင်ငံများအနေဖြင့် မှန်ကန်သည့် စီမံဆောင်ရွက်မှုများကို ပြုလုပ်ပါက ထိုကိစ္စကို ကိုင်တွယ်နိုင်မည်ဟု UNHCR ၏ ပြောရေးဆိုခွင့်ရှိသူ မီလီဆာ ဖလီးမင်းက ပြောကြားခဲ့သည်။
    Ref: News Agencies