News @ M-Media

Tag: international short news

  • နိုင်ငံတကာသတင်းတို (သြဂုတ် ၂၄၊ ၂၀၁၅)

    သြဂုတ် ၂၄၊ ၂၀၁၅
    M-Media

    ဘန်ကောက်တွင် ဗုံတစ်လုံးတွေ့ပြီး စနက်တံဖြုတ်ခဲ့ရ
    ………………………………..
    ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်သားတစ်ဦး နေထိုင်သော တိုက်ခန်းတစ်ခန်းတွင် ဗုံးတစ်လုံးတွေ့ခဲ့ရသောကြောင့် သွားရောက်ကြည့်ရှုကာ စနက်တံ ဖြုတ်ခဲ့ပြီးနောက် ဖျက်ဆီးခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့် တစ်ပတ်က ဘန်ကောက်မြို့ရှိ ဟိန္ဒူဘုရားကျောင်းတွင် ဗုံးပေါက်ကွဲခဲ့သောကြောင့် အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ပြီး ဗုံးဖောက်ခွဲသည့်
    သံသယရှိသူများကို ရှာဖွေမှုပြုလုပ်နေသော်လည်း ယခုအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးချေ။

    အမေရိကန်ဒေသအချို့တွင် တောမီးများ လောင်ကျွမ်းနေ
    ………………………………….
    အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် တောမီးလောင်မှု ၁၆ ခုဖြစ်နေပြီး ယခုအချိန်အထိ အိမ်ပေါင်း ၂၀၀ ကျော် ပျက်ဆီးခဲ့ကာ လူထောင်ပေါင်းများစွာမှာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြရသည်။ အချို့ဒေသများတွင် လေတိုက်နှုန်းကြောင့် တောမီး ဆက်လက်ပြန့်နှံ့မည့် အခြေအနေတွင် ရှိနေပြီး ၀ါရှင်တန်ပြည်နယ်တွင်မူ နေအိမ်ပေါင်း ၁၂၀၀၀ ခန့်နှင့် အခြားအဆောက်အဦး ထောင်ချီခန့်မှာ မီးလောင်မည့်အန္တရာယ် ရှိနေသည်။

    မြောက်ကိုရီးယားထံမှ တောင်းပန်မှုကို တောင်ကိုရီးယားလိုချင်
    ……………………………………….
    ဒုံးကျည်များ၊ အမြှောက်များဖြင့် ပြီးခဲ့သည့်တစ်ပတ်က အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာမှု မြင့်တက်လာသည့် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့၏ ဆွေးနွေးမှုမှာ အဖြေထွက်ခြင်းမရှိသေးဘဲ တောင်ကိုရီးယားသမ္မတ ပက်ဂျုံဟေးကမူ မြောက်ကိုရီးယား၏ လက်နက်ဖြင့် ရန်စမှုအတွက် ရှင်းလင်းသည့် တောင်းပန်မှုမျိုး လိုချင်သည်ဟု ပြောကြားခဲ့သည်။ ထိုသို့မဟုတ်ပါက
    မိမိတို့အစိုးရအနေဖြင့် သင့်လျော်သည့် ဆောင်ရွက်မှုများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး အသံချဲ့စက်များဖြင့် စိတ်ဓာတ်စစ်ဆင်ရေးလုပ်ငန်းကိုလည်း ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

    နီပေါအခြေခံဥပဒေ ဆန့်ကျင်ဆန္ဒပြမှုအတွင်း ရဲများသေဆုံး
    …………………………….
    နီပေါနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် တင်သွင်းမှုကို ဆန့်ကျင်သည့်အနေဖြင့် နိုင်ငံအနောက်ပိုင်းတွင် ထောင်ပေါင်းများစွာသော ပြည်သူများက ဆန္ဒပြခဲ့ကြသည်။ အဆိုပါဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား ပြင်းထန်သည့် ထိပ်တိုက်တွေ့ဆုံမှုများလည်း ဖြစ်ပွားခဲ့ပြီး တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    Ref: News Agencies

  • နိုင်ငံတကာသတင်းတို (သြဂုတ် ၂၃၊ ၂၀၁၅)

    သြဂုတ် ၂၃၊ ၂၀၁၅
    M-Media

    ရုရှားက တိုက်ချင်းပစ်ဒုံးကျည်တစ်ခုကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်
    …………………………………….
    RS-12M Topol ဒုံးကျည် မိသားစုဝင်ဖြစ်သည့် တိုက်ချင်းပစ်ဒုံးကျည်တစ်ခုကို နိုင်ငံတောင်ပိုင်း အက်စ်ထရာ့က်ဟန် ဒေသမှ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့သည်ဟု ရုရှားစစ်တပ်က ကြေညာခဲ့သည်။ အဆိုပါဒုံးကျည်မှာ ကာဇက်ခ်စတန်ရှိ သတ်မှတ်ထားသော ပစ်မှတ်ကို အတိအကျထိမှန်ခဲ့သည်ဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားပြီး တိုက်ချင်းပစ်ဒုံးကျည်များအတွက် တိုက်ပွဲဝင်မှုကို စမ်းသပ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ကိုရီးယားနှစ်နိုင်ငံဆွေးနွေးပွဲ ယနေ့တွင် ဆက်လက်ပြုလုပ်
    …………………………………………..
    နှစ်နိုင်ငံတင်းမာမှုများကို လျှော့ချရန်အတွက် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားတို့မှ ထိပ်တန်းအရာရှိများ ဆွေးနွေးညှိနှိုင်းမှုကို ယနေ့ညနေတွင် ထပ်မံပြုလုပ်ခဲ့ပြီး ကောင်းမွန်သည့်အလားအလာရှိနေသည်ဟု သတင်းများက ဖော်ပြကြသည်။ ယမန်နေ့က ဆွေးနွေးမှုစတင်ပြီးနောက် မြောက်ကိုရီးယားမှာ နယ်စပ်တွင် စစ်အင်အားကို ၂ ဆ ချထားပြီး ရေငုပ်သင်္ဘော ၅၀ ခန့်ကိုလည်း တပ်ဖြန့်ချထားသည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ တောင်ကိုရီးယားကလည်း စစ်တပ်ကို တပ်လှန့်ထားပြီး နယ်စပ်တွင်ပြုလုပ်နေသည့် စိတ်ဓာတ်စစ်ဆင်ရေး အသံလွှင့်မှုများကို ရပ်တန့်သွားမည်မဟုတ်ဟု ပြောကြားခဲ့သည်။

    အလ်ဆာဗေဒိုးအကျဉ်းထောင်တွင် လူဆိုးဂိုးဏ်၏ ဖြုတ်ထုတ်သတ်လမ်းစဉ်ကြောင့် လူ ၁၄ ဦး သေဆုံး
    …………………………………..
    အလ်ဆာဗေဒိုးနိုင်ငံ မြို့တာ် ဆန်ဆာဗေဒိုးရှိ အကျဉ်းထောင်တွင် နာမည်ကြီး Barrio 18 လူဆိုးဂိုဏ်းမှ ဂိုဏ်းသားများအချင်းချင်း တိုက်ခိုက်မှုများကြောင့် လူ ၁၄ ဦး သေဆုံးခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ ထိုတိုက်ခိုက်မှုမှာ လူဆိုးဂိုဏ်းများဖြစ်သော Barrio 18 နှင့် Mara Salvatrucha တို့အကြား ငြိမ်းချမ်းရေး ပြိုကွဲပြီး ၁၈ လကြာ မငြိမ်မသက်ဖြစ်ခဲ့ပြီးနောက်တွင် ပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။ သို့သော်လည်း သေဆုံးသွားသူများနှင့် အကျဉ်းထောင်တွင် ဖမ်းဆီးထားသော လူ ၁၀၀၀ ကျော်မှာ Barrio 18 ဂိုဏ်းမှ အဖွဲ့ဝင်များဖြစ်ပြီး အဖြစ်အပျက်မှာ ဖြုတ်ထုတ်သတ်လမ်းစဉ်ကြောင့် ဖြစ်သည်ဟု ဆိုသည်။

    Ref: News Agencies

  • နိုင်ငံတကာသတင်းတို (သြဂုတ် ၂၁၊ ၂၀၁၅)

    သြဂုတ် ၂၁၊ ၂၀၁၅
    M-Media

    ဆီးရီးယားပိုင်နက်အတွင်း အစ္စရေးက လေကြောင်းမှ တိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး သေဆုံး
    ………………………………………….
    ဆီးရီးယား-အစ္စရေးနယ်စပ် ဆီးရီးယားပိုင် ဂိုလန်ဒေသရှိ ကူနီထရာရွာအနီး၌ အစ္စရေးက ယနေ့တွင် လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ကားတစ်စီးအား ထိမိခဲ့ကာ အရပ်သား ၅ ဦး သေဆုံးခဲ့သည်ဟု ဆီးရီးယားစစ်တပ်က ပြောကြားလိုက်သည်။ ဆီးရီးယားဘက်မှ ဒုံးကျည်များပစ်သည်ဟုဆိုကာ အစ္စရေးမှာ ယမန်နေ့ကလည်း ဆီးရီးယား စစ်တပ်နေရာများကို လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

    ဘိုကိုဟရမ်ကြောင့် ချဒ်တွင် လူ လေးသောင်းခန့် ထွက်ပြေးရ
    ………………………………………
    လွန်ခဲ့သည့် ၂ ပတ်အတွင်း ဘိုကိုဟရမ်စစ်သွေးကြွအဖွဲ့၏ တိုက်ခိုက်မှုများကြောင့် ချဒ်နိုင်ငံတွင် လူပေါင်း ၄ သောင်းခန့်မှာ အိုးအိမ်စွန်ခွာ ထွကပြေးခဲ့ရသည်ဟု နယ်စည်းမခြားဆရာဝန်များအဖွဲ့က ပြောကြားလိုက်သည်။ အဟာရချို့တဲ့သော ကလေးများပါဝင်သည့် အဆိုပါ ဒုက္ခသည်များမှာ ဖြစ်သလိုလုပ်ထားသည့် စခန်းများတွင် နေထိုင်နေရပြီး နယ်စည်းမခြား ဆရာဝန်များအဖွဲ့မှာ ၀မ်းရောဂါ၊
    ငှက်ဖျားနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများကို ခံစားနေရသည့် လူနာများကို ကုသပေးနေရသည်။

    ဓာတုဗေဒသိုလှောင်ရုံ ပေါက်ကွဲသည့်နေရာတွင် တိရစ္ဆာန်များဖြင့် ညစ်ငြင်းမှု ရှိ၊ မရှိ တရုတ်စမ်းသပ်
    …………………………………
    ပြီးခဲ့သည့်တစ်ပတ်က တီယန်ဂျင်းမြို့တွင် ပေါက်ကွဲခဲ့သော ဓာတုဒေပစ္စည်းသိုလှောင်ရုံအနီးတွင် တရုတ်အာဏာပိုင်များက ယုန်၊ ကြက်နှင့် ခိုများကို လှောင်အိမ်များဖြင့် ထားခဲ့ပြီး ပတ်ဝန်းကျင် ညစ်ငြမ်းမှု ရှိ၊ မရှိကို စမ်းသပ်ခဲ့ကြသည်။ အဆိုပါတိရိစ္ဆာန်များကို ၂ နာရီကြာ ထားခဲ့သော်လည်း မည်သည့်ထူးခြားမှုမှ မတွေ့ရှိခဲ့ရပေ။ မြို့တာဝန်ရှိသူကမူ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် ဆိုဒီယမ် ဆိုင်ယန်နိုက် အပါအ၀င် ပတ်ဝန်းကျင်ညစ်ငြမ်းစေသော အရာများကို တွေ့ရှိခဲ့ရသော်လည်း ပြည်သူလူထုအား အန္တရာယ်မဖြစ်ဟု
    ပြောကြားခဲ့သည်။

    Ref: News Agencies

  • နိုင်ငံတကာသတင်းတို (သြဂုတ်-၂၀)

    သြဂုတ် ၂၀၊ ၂၀၁၅
    M-Media

    ဘန်ကောက်ပေါက်ကွဲမှုမှ သံသယရှိသူ ၂ ဦး လာရောက်အဖမ်းခံ
    ———————————————-
    တနင်္လာနေ့က ဘန်ကောက်မြို့ရှိ ဟိန္ဒူဘုရားကျောင်း၌ ဗုံးကွဲမှုတွင် သံသယရှိသူများဟု ရဲတပ်ဖွဲ့က သတ်မှတ်ထားသူ ၂ ဦးမှာ ယနေ့တွင် လာရောက်အဖမ်းခံခဲ့ပြီး၊ နှစ်ဦးစလုံးမှာ ဧည့်လမ်းညွှန်များ ဖြစ်ကြသည်ဟု BBC သတင်းဌာနက ဖော်ပြခဲ့သည်။ CCTV မှတ်တမ်းများအရ ၎င်းတို့နှစ်ဦးကို ပေါက်ကွဲမှုမဖြင်ခင် အချိန်လေးတွင် ဘုရားကျောင်းဝင်းအတွင်း တွေ့ခဲ့ရပြီး အဓိကသံသယရှိသူဟု ယူဆထားသူမှာ ခုံတန်း၌ ထိုင်ပြီး ကျောပိုးအိတ်ကို မချခင် ၎င်းတို့ နှစ်ဦးက အဆိုပါ ခုံတန်းမှ ထသွားခဲ့ခြင်း ဖြစ်သည်။

    ဆလိုဗက်ကီးယား လေယာဉ် ၂ စီး တိုက်မှု ၇ ဦး သေဆုံး
    —————————–
    ဆလိုဗက်ကီးယားနိုင်ငံ၌ လေကြောင်းပြပွဲအတွက် ယနေ့တွင် အစမ်းလေ့ကျင်နေကြစဉ် လေယာဉ်ငယ်နှစ်စင်း လေပေါ်၌ တိုက်မိမှုကြောင့် လေယာဉ်မှူး ၄ ဦးနှင့် အရပ်ဖက်လေထီးခုန်သမား ၄ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့သည်။ လေထီးခုန်သမား ၃၁ ဦးမှာမူ ၎င်းတို့၏ လေထီးများကိုဖွင့်ကာ လွတ်မြောက်ခဲ့ကြပြီး ၎င်းတို့ထဲမှ ၅ ဦးသာ ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြသည်။

    တရုတ်နိုင်ငံအလယ်ပိုင်းတွင် ရေကြီးမှုကြောင့် လူ ၁၁ ဦးသေဆုံး
    ———————————–
    တရုတ်နိုင်ငံအလယ်ပိုင်း စီချွမ်ပြည်နယ်တွင် ရေကြီးမှုကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး၊ အခြား ၁၃ ဦးမှာ ပျောက်ဆုံးနေသည်ဟု AP သတင်းဌာနက ဖော်ပြခဲ့သည်။ အဆိုပါ ပြည်နယ်တွင် တနင်္ဂနွေနေ့မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူပေါင်းသန်းဝက်ကျော်မှာ ကစဥ့်ကလျားဖြစ်နေပြီး မြေပြိုမှုများ၊ လျှပ်စစ်ဓာတ်အားနှင့် ဆက်သွယ်ရေး ပြတ်တောက်မှုများလည်း ဖြစ်ပေါ်နေသည်။

    Ref: News Agencies

  • နိုင်ငံတကာ သတင်းတို (သြဂုတ် ၁၉၊ ၂၀၁၅)

    သြဂုတ် ၁၉၊ ၂၀၁၅
    M-Media

    ထောက်ပံ့ရေးယာဉ်တစ်စီးကို ISS သို့ ဂျပန်လွှတ်တင်
    ………………………………….
    နိုင်ငံတကာ အာကာသစခန်း ISS သို့ ပေးပို့မည့် ထောက်ပံ့ရေးပစ္စည်းများကို သယ်ဆောင်ထားသည့်သော အာကသယာဉ်ကို ဂျပန်နိုင်ငံက ယနေ့တွင် လွှတ်တင်လိုက်သည်ဟု ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့သည်။ Konotori 5 ဟုအမည်ရသည့် အဆိုပါယာဉ်မှာ တနင်္လာနေ့ည ၈ နာရီဝန်းကျင်ခန့်တွင် ISS သို့ ရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း ဂျပန်အာကာသ လေကြောင်းစူးစမ်းရှာဖွေရေးအေဂျင်စီ JAXA က ပြောကြားခဲ့သည်။ အဆိုပါယာဉ် လွှတ်တင်မှုကို ဆိုးရွားသော ရာသီဥတုကြောင့် ၂ ကြိမ်တိုင်တိုင် ရွှေ့ဆိုင်းခဲ့ရသည်။

    ပေါက်ကွဲသည့် တရုတ်ဓာတုဗေဒသိုလှောင်ရုံမှာ ခွင့်ပြုမိန့်များကို အဆက်အသွယ်ဖြင့် ရယူခဲ့
    …………………………………..
    ပြီးခဲ့သည့်တစ်ပတ်က တရုတ်နိုင်ငံ ဇင်ဂျန်းပြည်နယ်တွင် ပေါက်ကွဲခဲ့သော ဓာတုဗေဒစက်ရုံပိုင်ရှင်မှာ မီးဘေးအန္တရာယ်ကင်းမှုနှင့် သဘာပတ်ဝန်းကျင်ဆိုင်ရာ ခွင့်ပြုမိန့်များကို အဆက်အသွယ်ဖြင့် ရယူခဲ့ပြီး၊ အန္တရာယ်ရှိသောပစ္စည်းများ ထားရှိသည့်ဂိုထောင်များမှာ လူနေအိမ်များနှင့် မည်မျှအကွာအဝေးတွင် ရှိရမည်ဟူသော စည်းကမ်းချက်ကိုလည်း လိုက်နာခြင်းမရှိဟု တရုတ်နိုင်ငံပိုင်မီဒီယာက ယနေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုတွင် စုစုပေါင်း ၁၁၄ ဦးသေဆုံးခဲ့ပြီး လူ ၇၀ ကျော်မှာလည်း ပျောက်ဆုံးနေသည်။

    နျူသဘောတူညီချက်အား ဆန်းစစ်ရန် အဖွဲ့တစ်ခုကို အီရန်ပါလီမန်ဖွဲ့စည်း
    ………………………………………….
    ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနှင့် ရယူထားသော နျူကလီးယား သဘောတူညီချက်ကို ဆန်းစစ်ရန်အတွက် အဖွဲ့ဝင် ၁၅ ဦးပါဝင်သော အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်သည်ဟု အီရန်ပါလီမန်က ယနေ့တွင် ကြေငြာခဲ့သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်ဦးဆောင်ကာ ချုပ်ဆိုထားသော အဆိုပါစာချုပ်တွင် ပိုမိုအားကောင်းသည့် အဆိုများကို ပါလီမန်က တောင်းဆိုထားသည်။ အမေရိကန်အထက်လွှတ်တော်ကလည်း အဆိုပါစာချုပ်ကို ဆန်းစစ်သွားမည်ဖြစ်ကာ ထိုနောက်ပိုင်း အောက်တိုဘာလအတွင်း အီရန်ပါလီမန်က ထိုသဘောတူညီချက်ကို လက်ခံ၊ မခံ မဲခွဲဆုံးဖြတ်သွားမည်ဖြစ်သည်။

    Ref : News Agencies