News @ M-Media

Tag: interview

  • အရည်အချင်းနဲ့ ပြောင်းလဲမယ်ဆိုတဲ့ စိတ်ရှိရင်ဖြစ် ပါပြီဆိုတဲ့ အင်းစိန်က တသီး ပုဂ္ဂလ အမတ်လောင်း ဦးလှထွန်း

    အရည်အချင်းနဲ့ ပြောင်းလဲမယ်ဆိုတဲ့ စိတ်ရှိရင်ဖြစ် ပါပြီဆိုတဲ့ အင်းစိန်က တသီး ပုဂ္ဂလ အမတ်လောင်း ဦးလှထွန်း

    အောက်တိုဘာ ၁၂ ၊ ၂၀၁၅
    M-Media
    မိုးစက် တွေ့ဆုံမေးမြန်းသည်။
    U Hla Tun pp size
    ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၌ ရန်ကုန်တိုင်း အင်းစိန်မဲဆန္ဒနယ်မှနေ၍ အခြားပါတီများမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၈) ဦးနှင့်  တစ်သီးပုဂ္ဂအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးလှထွန်းအား M-Media မှတွေ့ဆုံ မေးမြန်းထားပါသည်။

    M-Media။    ။ အန်ကယ့်အနေနဲ့ ဒီရွေးကောက်ပွဲမှာ ဘာကြောင့်တစ်သီးပုဂ္ဂ အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရတာလဲ။
    ဖြေ။    ။ အန်ကယ်ကအရင်က NLD ကပါ။ NLD ကနေအဆိုတင်တယ်။တင်တော့သူတို့က ပယ်လိုက်တယ်။ အန်ကယ်ကလည်း နိုင်ငံရေးဆက်လုပ်ချင်တော့ NLD ကနေနှုတ်ထွက်ခဲ့ပြီး တစ်သီးပုဂ္ဂအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

    M-Media။    ။  ဒီအင်းစိန်မြို့နယ်ကိုရွေးချယ်ရတဲ့အကြောင်းကရော ဘာကြောင့်ပါလဲ။
    ဖြေ။    ။ အန်ကယ်က အင်းစိန်သားပါ။ အင်းစိန်မှာမွေးပြီး အင်းစိန်မှာကြီးတော့ အန်ကယ်ဒီမြို့ကပဲ ဝင်ပြိုင်ဖြစ်တာပါ။

    M-Media။    ။ ခုစည်းရုံးရေးအလုပ်တွေရော စတင်လုပ်ဆောင်နေပြီလား။
    ဖြေ။    ။  လုပ်နေပါပြီ။ အန်ကယ့် မဲဆန္ဒနယ်ကလူတွေဆီကို ကိုယ်တိုင်သွားပြီး တစ်အိမ်တက်ဆင်း သူတို့နဲ့တွေ့ သူတို့အခက်အခဲတွေမေးပြီးဆွေးနွေးတာတွေ လုပ်ပါတယ်။ အန်ကယ့် လက်ကမ်းစာစောင်တွေကိုလည်း သူတို့ကိုဝေပြီး သူတို့နားလည်အောင် သေချာရှင်းပြပါတယ်။

    M-Media။    ။ အန်ကယ်မဲဆွယ်တဲ့အခါမှာရော လူထုရဲ့တုံ့ပြန်မှုက ဘယ်လိုရှိသလဲ။
    ဖြေ။    ။ စိတ်ဝင်စားမှုရှိပါတယ်။ လူတွေက ခုရွေးကောက်ပွဲကိုလည်း စိတ်ဝင်တစားရှိနေကြတာဆိုတော့ သူတို့ကို ပြောပြရှင်းပြရတာက ကောင်းပါတယ်။ စိတ်ဝင်စားကြတယ်။

    M-Media။    ။ အန်ကယ့်ရဲ့မြို့နယ်မဲဆန္ဒရှင်တွေအပေါ်မှာရော ဘာတွေလုပ်ဆောင်ပေးဖို့ရှိသလဲ။
    ဖြေ။    ။ အင်းစိန်သားတစ်ယောက်အနေနဲ့တော့ အင်းစိန်မြို့နယ် ဖွံ့ဖြိုးရေးကို အဓိကထားလုပ်မှာပါ။

    M-Media။    ။ လွှတ်တော်ထဲရောက်သွားရင်ရော အန်ကယ့်အနေနဲ့ ဘာတွေလုပ်ဆောင်ဖို့ရှိလဲ။
    ဖြေ။    ။ ကိုယ့်မြို့နယ်က မဲဆန္ဒရှင်တွေ အတွက် လုပ်ပြီးရင်တော့ အန်ကယ်က လျှပ်စစ် သဘောင်္အင်ဂျီနီယာတစ်ယောက်ဖြစ်တော့ အန်ကယ့်မှာနိုင်ငံတကာ အတွေ့အကြုံတွေလည်း အများကြီးရှိတယ်။ လျှပ်စစ် မဖွံ့ဖြိုးသေးသမျှတော့ နိုင်ငံတစ်နိုင်ငံဟာ စက်မှုနိုင်ငံ မဖြစ်နိုင်ဘူးလေ။သူများနိုင်ငံတွေနဲ့ ရင်ဘောင်တန်းပြီး လိုက်နိုင်ဖို့ လိုတယ်။ နောက်အန်ကယ်တို့နိုင်ငံမှာ ပင်လယ် ဆိပ်ကမ်းတွေနည်းနေတယ်။ ပင်လယ်ဆိပ်ကမ်းတွေရှိမှ ဒေသဖွံ့ဖြိုးရော ကုန်သွယ်မှုတွေရော တိုးတက်မှာပါ။ ပြီးတော့ လူနည်းစု အခွင့်အရေးတွေပေါ့။ ဥပဒေမှာသာရှိပြီး လက်တွေ့အကောင်အထည်မဖော်သေးတာတွေ ရှိနေတယ်။ အဲဒါတွေကိုလည်း တခြားပါတီတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်။ နောက်တစ်ခုက ငြိမ်းချမ်းရေး ရအောင်ပေါ့။ အန်ကယ်တို့က ငြိမ်းချမ်းရေးကိုရဖို့ လက်တက်ကမ်းပဲ လိုတော့တာပါ။ မရှိမဖြစ်လိုအပ်တာတွေကို အဓိက ဦးစားပေးလုပ်ဆောင်သွားမှာပါ။
    U Hla Tun

    M-Media။    ။ လွှတ်တော်ထဲရောက်ရင်ရော ဘယ်သူတွေနဲ့ ပူးပေါင်းဖို့ရှိသလဲ။
    ဖြေ။    ။ အန်ကယ်က ဒီမိုကရေစီဘက်တော်သားဆိုတော့ ဒီမိုကရေစီကို ဖော်ဆောင်မဲ့သူတွေနဲ့ပဲ ပူးပေါင်းမှာပါ။ အထူးသဖြင့် NLD နဲ့ပူးပေါင်းမှာပါ။

    M-Media။    ။ ယှဉ်ပြိုင်ရမဲ့ ပါတီတွေအပေါ်မှာရော စိုးရိမ်တာမျိုးရှိလား။
    ဖြေ။    ။ စိုးရိမ်တာမရှိပါဘူး သမ္မတကြီး အင်ဗရာဟင်လီကွန်းဟာ ဘယ်ပါတီမှမဝင်ပဲ သမ္မတဖြစ်ခဲ့တာလေ။နိုင်ငံတစ်နိုင်ငံကို တိုးတက်ပြောင်းလဲပေးခဲ့တာ။ အန်ကယ်မြင်တာကတော့ အရည်အချင်းရှိပြီး တိုင်းပြည်ကိုတိုးတက်ပြောင်းလဲချင်တဲ့စိတ်ရှိရင်တော့ ရပီထင်တယ်။ ။ အန်ကယ်က ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်အဝရှိပါတယ်။

    M-Media။    ။ အန်ကယ့်မှာစိန်ခေါ်မှုတွေ အခက်အခဲတွေရော ရှိလား။
    ဖြေ။    ။ စိန်ခေါ်မှုတွေကတော့ များတာပေါ့။ ဒါပေမယ့် အန်ကယ်ကမစိုးရိမ်ပါဘူး။ ကျော်လွှားသွားနိုင်မယ် ထင်ပါတယ်။ ရှိတဲ့အင်အားလေးနဲ့ အန်ကယ်လုပ်ဆောင်နေတာဆိုတော့ အရမ်းအခက်အခဲတော့ မရှိပါဘူး။

    M-Media။    ။ လာမယ့်ရွေးကောက်ပွဲကရော တရားမျှတမယ်လို့ ထင်မိလား။
    ဖြေ။    ။ စောင့်ကြည့်ရမဲ့အနေအထားမှာရှိတယ်။ အန်ကယ်ထင်တာကတော့ မမျှတဘူးလို့ပဲထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲစာရင်းတွေ မှားတာတွေ တချို့အပြင်မှာကြားနေရတာတွေ ရှိနေတာပေါ့နော်။

    M-Media။    ။ အန်ကယ့်ရဲ့ နိုင်ငံရေးအတွေ့အကြုံလေးလည်း သိပါရစေ။
    ဖြေ။    ။ ၁၉၉၉ ခုနှစ်မှစပြီး NLD ကိုဝင်ရောက်ခဲ့တယ်။ NLD ဗဟိုတာဝန်ကနေ တာဝန်ပေးတဲ့ ရနကုန်တိုင်း လူမှုအထောက် အကူပြုအဖွဲ့(ယာယီ)မှာ အတွင်းရေးမှူးအဖြစ် ၂၀၁၂ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့တယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး မှာလည်းေ န့စဉ်ပါဝင်ချီတက်လှုပ်ရှားခဲ့တယ်။

    12048490_736488403123189_2028083801_n

     

  • “အစိုးရဖွဲ့ရုံနဲ့ အုပ်ချုပ်ရေးအာဏာကို အပြည့်အဝရမလား”

    “အစိုးရဖွဲ့ရုံနဲ့ အုပ်ချုပ်ရေးအာဏာကို အပြည့်အဝရမလား”

    ဖြိုးသီဟချို / Myanmar Now

    KMMM
    အင်္ဂါနေ့က ရန်ကုန်တွင် တွေ့ရသော ဒေါ်ခင်မမမျိုး (ဓာတ်ပုံ – ဖြိုးသီဟချို/Myanmar Now)

    မြန်မာ့အရေးစောင့်ကြည့်အကဲခတ်သူ တစ်ဦးဖြစ်သည့် ဒေါ်ခင်မမမျိုးသည် လန်ဒန်တွင် ပညာသင်ယူခဲ့ပြီး ရန်ကုန်မြို့တွင် သူတည်ထောင်ထားသော မြန်မာ့နိုင်ငံရေးနှင့် မူဝါဒရေးရာ လေ့လာရေးဆိုင်ရာသိပ္ပံကို အာရှ၏ ထိပ်တန်းကျောင်းများတွင် ပါဝင်လာရေးအထိ ရည်ရွယ်ထားသူဖြစ်သည်။

    မြန်မာပြည်အနှံ့မှာ ငြိမ်းချမ်းရေးနှင့်နိုင်ငံရေး သင်တန်းများပေးခဲ့သော ဒေါ်ခင်မမမျိုးသည် လတ်တလောတွင် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ခြင်း၊ မဲဆွယ်ခြင်း၊ အမျိုးသမီးများ ရွေးကောက်ပွဲနှင့် နိုင်ငံရေးပါတီတွင် ပါဝင်မှုဆိုင်ရာ ဆွေးနွေးပွဲများကို ဦးဆောင်ပြုလုပ်လျက်ရှိသည်။

    သတင်းထောက် ဖြိုးသီဟချိုနှင့်  မကြာသေးခင်က တွေ့ဆုံစဉ် ဒေါ်ခင်မမမျိုးက အခြေခံဥပဒေပြင်ဆင်ရေး၊ အစိုးရအဖွဲ့ ဖွဲ့စည်းခြင်း၊ နိုင်ငံရေးတွင် လူထုပါဝင်မှု၊ တပ်မတော်က ဝန်ကြီးဌာန ၃ ခုကို အမြဲတမ်း ချုပ်ကိုင်ထားခြင်း စသည့် အကြောင်းအရာများကို ပြောပြခဲ့သည်။

    မေး – ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် ကျယ်ကျယ်လောင်လောင်ကြားခဲ့ရတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဆိုတာကို အခုတလော မဲဆွယ်ပွဲတွေမှာ သိပ်မကြားရတော့တာ ဘာကြောင့်လို့ ထင်ပါသလဲ။

    ဖြေ – အခြေခံဥပဒေပြင်ဆင်ရေးတို့၊ ငြိမ်းချမ်းရေးတို့ ဆိုတာက ရေရှည်သွားရမယ့်ဖြစ်စဉ်ပေါ့။ ပါတီများရဲ့ မဲဆွယ်စည်းရုံးမှုတွေ ဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့နဲ့ ပတ်သက်တဲ့ Structure ကြီးတွေပေါ်မှာ အခြေတည်တာထက် “လိုအပ်ချက်”ပေါ် အခြေတည်ပြီးတော့ မဲဆွယ်စည်းရုံးကြတယ်လို့ မြင်ပါတယ်။ အဲဒီတော့   ဆင်းရဲနွမ်းပါးမှု၊ ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ လူထုရဲ့ လတ်တလောအဖြစ်အပျက်တွေ၊ လိုအပ်ချက်တွေပေါ်မှာ ပိုပြီးတော့ အာရုံစိုက်လာတယ်လို့ မြင်ပါတယ်။

    မေး – လူထုရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ စားဝတ်နေရေးကို အာရုံစိုက်လာပြီး လူထုရဲ့ နိုင်ငံရေး မျှော်လင့်ချက်ဖြစ်တဲ့ ဒီမိုကရေစီရေးကို ပါတီတွေက မဖြည့်ဆည်းပေးနိုင်တော့ဘူးလို့ ဆိုလိုချင်တာလား။

    ဖြေ – တချို့ပါတီတွေက စားဝတ်နေရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအပိုင်းကို နံပတ်တစ်ပြောပြီးတော့မှ နိုင်ငံရေးအယူအဆကို နောက်မှပြောမယ်ဆိုတဲ့ အတွေးအခေါ် အယူအဆက ပိုပြီးတော့ လွှမ်းမိုးလာတယ်လို့ ထင်ပါတယ်။ လူထုရဲ့ နိုင်ငံရေးရည်မှန်းချက်အပိုင်းကို ဂရုမစိုက်တာတော့ မဟုတ်ဘူးပေါ့။

    မေး – မကြာသေးခင်က ရွေးကောက်ပွဲကော်မရှင်က ပြောတယ် မဲစာရင်းကြည့်သူ ၃၀ရာခိုင်နှုံးပဲရှိတယ် တဲ့။ လူထုရဲ့ နိုင်ငံရေး အပေါ်စိတ်ဝင်စားမှု အခြေအနေကို ဘယ်လိုထင်ပါသလဲ။

    ဖြေ – ကျွန်မတို့ပြည်သူလူထုက နိုင်ငံရေးဖြစ်စဉ်တွေမှာ ပါဝင်ပတ်သက်မှုတွေရှိခဲ့ကြပါတယ်။ လက်ရှိအခြေအနေအရတော့ တချို့ကလည်း စိတ်ဓာတ်ကျပြီး မျှော်လင့်ချက် ပျောက်ဆုံးနေတယ်။ လူထုက ရှေ့ထွက်လိုက်၊ ဦးဆောင်လိုက်၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့အင်အားစုတွေ ပေါ်လာလိုက်၊ ပြီးတော့ အဲဒီနိုင်ငံရေးနဲ့ ပတ်သက်တဲ့ အင်အားစုတွေကို စစ်အာဏာရှင်တွေ က ပြန်ပြီးတော့ ချေမှုန်းလိုက်ပေါ့။ အဲဒီအပေါ်မှာ လူထုက ပြန်ပြီးတော့လိုက်ကြည့်နေရတဲ့အနေအထားပေါ့၊ ဥပမာ ၁၉၈၈မှာ တတိုင်းပြည်လုံး တက်တက်ကြွကြွနဲ့ ပါကြတယ်၊ မဲပေးတဲ့အခါကျတော့လည်း တက်တက်ကြွကြွနဲ့ မဲပေးကြတယ်၊ အနိုင်ရတဲ့ ပါတီကလည်း အစိုးရမဖြစ်ပြန်ဘူး၊ စစ်အာဏာရှင်တွေက အာဏာမလွှဲခဲ့ဘူး။ လူထုက အရင်လှုပ်ရှားတယ်။ ပြီးရင်နိုင်ငံရေးဦးဆောင်သူတွေ ပေါ်လာတယ်၊ လူထုထဲကပဲ ထွက်လာတယ်၊ အဲဒီနိုင်ငံရေးသမားတွေကို အစိုးရကချေမှုန်းတယ်။ လူထုက အဲဒီနိုင်ငံရေးသမားတွေ ပြန်ပြီးတော့လွတ်မြောက်ရေးအတွက် လုပ်ကြရတယ်၊ ထွက်လာပြီဆိုရင် အရမ်းပျော်ကြတယ်၊ (ထောင်ထဲ) ပြန်ဝင်သွားကြရပြီဆိုရင် အရမ်း စိုးရိမ်ကြတယ်။ ထွက်လာပြီးတဲ့အခါမှာလည်း ဒီအာဏာရှင် စနစ်ကြီးကို ပျောက်ဆုံးသွားအောင် လုပ်နိုင်လား ဆိုတော့လည်း မလုပ်နိုင်ဘူးပေါ့လေ။ အာဏာရှင်တွေရဲ့ အမြစ်တွယ်မှုကလည်း အရမ်းကိုများနေပြီးတော့ နိုင်ငံရေးသမားတွေအချင်းချင်း မညီညွတ်တာတွေ၊ တစ်ယောက်တစ်သံထွက်ကြတာတွေ၊ နိုင်ငံရေး လမ်းစဉ်တွေကို တစ်နေ့တစ်မျိုးပြောကြတာတွေလည်း ပါတာပေါ့လေ။ အဲဒီလို လည်နေတဲ့အပိုင်းတွေမှာ ပန်းတိုင်ပျောက်နေကြတယ်။ လူထုကို နိုင်ငံရေးလမ်းစဉ်တစ်ခုတွဲခေါ်ပြီးတော့ ချပြမသွားနိုင်ဘူး။ ဒီတော့ လူထုက မျှော်လင့်ချက်နည်းလာတဲ့ အခြေအနေမျိုးဖြစ်လာတယ်လို့ ထင်ပါတယ်။ ဒါကို ကျွန်မတို့နိုင်ငံရေးသမားတွေက ပြန်ပြီးတော့ ဒီတိုင်းပြည်ရဲ့ အပြောင်းအလဲကို ငါတို့လုပ်နိုင်တယ်ဆိုတဲ့ လူထုရဲ့ ယုံကြည်မှုပေါ့။ ငါတို့ပဲလုပ်ရမှာတော့ မဟုတ်ဘူးပေါ့။ အားလုံးအတူတကွ တွဲလုပ်ရမယ်ဆိုတဲ့သဘောမျိုးပေါ့။ အဲဒီလမ်းစဉ်ကိုချပြနိုင်မယ်ဆိုရင်လူထုရဲ့ နိုင်ငံရေးစိတ်ဝင်စားမှုက ပြန်ပြီးတော့မြင့်တက်လာမယ်လို့ ထင်ပါတယ်။ နိုင်ငံရေးသမားတော်တော်များများက အတိတ်တုန်းကဖြစ်စဉ်တွေကို ပြောကြတယ်။ ဒီဖြစ်စဉ်တွေက လူထုကလည်း သိပြီးသားပါ၊ ပါဝင်ပတ်သက်ပြီးသား။ နိုင်ငံရေးသမားထက် လူထုကပိုပြီးတော့တောင် ထိခိုက်ခံစားခဲ့ရသေးတယ်။ ဥပမာ နိုင်ငံရေးသမားက ငြိမ်းချမ်းရေးကိစ္စကို ပြောနေတဲ့အချိန်မှာ လူထုက သေနတ်သံအောက်မှာ ဖြတ်သန်းနေရတာ။ ငြိမ်းချမ်းရေးလိုအပ်ပါတယ်လို့ လူထုကိုပြောရုံနဲ့ မပြီးဘူး။ ဘယ်နိုင်ငံမှာတော့ ဘာတွေဖြစ်နေပြီ၊ ဘယ်လိုဖြစ်သင့်တယ်၊ အဲဒီဘာဖြစ်သင့်တယ်ဆိုတဲ့နေရာကို ခုရောက်နေတဲ့နေရာကနေ ဘယ်လိုသွားမှာလဲ ဆိုတဲ့ လမ်းစဉ်ကို နိုင်ငံရေးသမားတော်တော်များများက ချပြဖို့အတွက် အားနည်းတာကို တွေ့ရပါတယ်။

    မေး – အတိုက်အခံက ရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ပြီးတော့ အစိုးရ ဖွဲ့နိုင်ခဲ့ရင် အခြေခံဥပဒေပြင်ဆင်ရေးအပေါ် သက်ရောက်မှုရှိနိုင်မလား။

    ဖြေ – အစိုးရဖွဲ့နိုင်ခြင်းနဲ့ အခြေခံဥပဒေပြင်ဆင်နိုင်ခြင်းက ကျွန်မအမြင်မှာတော့ ဆက်စပ်မှုမရှိဘူးရှင့်။ အစိုးရဖွဲ့ရုံနဲ့ အုပ်ချုပ်ရေးအာဏာကို အပြည့်အဝရမလားဆိုတာ မေးစရာရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရတစ်ခုဖွဲ့ပြီိဆိုရင် ဝန်ကြီးဌာနသုံးမျိုးသုံးစားကို ဖွဲ့စည်းရပါတယ်။ အာဏာရှိတဲ့ဝန်ကြီးဌာနတွေ၊ ဘဏ္ဍာငွေကြေးနဲ့ ဆိုင်တဲ့ ဝန်ကြီးဌာနတွေ၊ ဝန်ဆောင်မှုဝန်ကြီးဌာနတွေပါ။ အဲဒီလိုသုံးမျိုးသုံးစားရှိတဲ့အထဲမှာ (၂ဝဝ၈ အခြေခံဥပဒေအရ) အစိုးရအဖွဲ့တစ်ခုအနေနဲ့ ရရှိနိုင်တဲ့ အာဏာသည် ဝန်ဆောင်မှုဝန်ကြီးဌာနတွေပဲ ဖြစ်ပါတယ်။ အာဏာရှိတဲ့ဝန်ကြီးဌာနတွေသည် အဲဒီအစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှုဘောင်ထဲမှာ လုံးလုံး မရှိပါဘူး။

    မေး – အာဏာရှိတဲ့ဝန်ကြီးဌာနတွေအကြောင်း ရှင်းပြပေးပါဦး။

    ဖြေ – ကာကွယ်ရေး၊ နယ်စပ်ရေးရာနဲ့ ပြည်ထဲရေးတို့ဖြစ်ကြပါတယ်။ တိုင်းပြည်တစ်ခုရဲ့ အရေးအကြီးဆုံး အဓိကဝန်ကြီးဌာနတွေပေါ့။ ဒါတွေကို လုံးဝ စီမံခန့်ခွဲပိုင်ခွင့် အစိုးရအဖွဲ့ကိုမပေးထားဘူး။ တိုင်းပြည်တစ်ခုလုံးရဲ့ အုပ်ချုပ်ရေးကလည်း ပြန်ပြီးတော့ကြည့်မယ်ဆိုရင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ပြည်ထဲရေးဝန်ကြီးဌာနအောက်မှာ ရှိပါတယ်။ ဒါသည်လည်း အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှုထဲမှာ မပါသေးဘူး။ နောက်တစ်ခုက အစိုးရတစ်ရပ်ဖွဲ့နိုင်ခြင်းသည် လွှတ်တော်မှာ ၇၅ ရာခိုင်နှုန်း (အုပ်)စီးနိုင်မလား။   မဖြစ်နိုင်ဘူး။ စီးနိုင်ခဲ့ရင်တောင်မှ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ကို ကျန်တဲ့ ၂၅ ရာခိုင်နှုန်းက တစ်စုံတရာ မဲမပေးဘဲနဲ့ ပြင်ဆင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

    မေး – အခြေခံဥပဒေကို လွှတ်တော်လမ်းကြောင်းကနေ ပြင်နိုင်မလား။

    ဖြေ – အခြေခံဥပဒေကို လွှတ်တော်တွင်းနိုင်ငံရေးနဲ့ပဲ ပြင်ဖို့ကြိုးစားတယ် ဆိုတဲ့ လမ်းကြောင်းက မှားတာ မဟုတ်ရင်တောင်မှ တော်တော်လေးကို သံသရာရှည်မှာပါ။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်တွင်းနိုင်ငံရေးထဲမှာ ၇၅ ရာခိုင်နှုန်းအထက်က လက်ခံအောင် လုပ်ပေးရဦးမယ်၊ ပြီးတော့ လူထုဆန္ဒခံယူပွဲမှာ မဲပေးသူရဲ့ ဘယ်လောက်ရာခိုင်နှုန်းက ထောက်ခံရမယ်ဆိုပြီး ဒုတိယအဆင့် ဖြတ်သန်းရဦးမယ်။ လွှတ်တော်က အရင်ရအောင်ပြင်မယ်၊ စမယ်၊ ပြီးရင် လူထုရဲ့ အားကို ယူရပါဦးမယ်။    ။

  • ဘာသာရေးကို အသုံးချပြီး မဲမဆွယ်ဘူးလို့ ဆိုလာတဲ့ ပန်းဘဲတန်း တစ်သီးပုဂ္ဂလ အမတ်လောင်း ဦးခင်မောင်ချို

    ဘာသာရေးကို အသုံးချပြီး မဲမဆွယ်ဘူးလို့ ဆိုလာတဲ့ ပန်းဘဲတန်း တစ်သီးပုဂ္ဂလ အမတ်လောင်း ဦးခင်မောင်ချို

    အောက်တိုဘာ ၆ ၊ ၂၀၁၅
    M-Media
    မိုးစက်တွေ့ဆုံမေးမြန်းသည်။
    panflag
    2015 ရွေးကောက်ပွဲတွင် ပန်းပဲတန်းမြို့နယ်မှနေ၍ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ချိုနှင့် M-Media မှတွေ့ဆုံမေးမြန်းခဲ့ပါသည်။

    M-Media။    ။ အန်ကယ့်အနေနဲ့ ဘာကြောင့် တစ်သီးပုဂ္ဂလ အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့တာပါသလဲ။

    ဖြေ။    ။ မြန်မာနိုင်ငံမှာ ပါတီကြီးနှစ်ခုရှိတယ်။ အဲ့ပါတီကြီးတွေကနေ ရွေးကောက်ပွဲဝင်ဖို့ ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့အခါမှာ အစ္စလာမ်ဘာသာဝင်တွေ မပါတာကို တွေ့ရတယ်။ သူတို့ကိုတော့ ဘာမှမပြောလိုပါဘူး။ အဲ့လိုသူတို့ဆီမှာ ဝင်လို့မရတော့ ကိုယ့်ဟာကိုပဲ လုပ်မယ်ဆိုတာရယ် နောက်တစ်ခုက ပါတီတစ်ခုဆိုရင် ပါတီအတွင်းမှာ အချင်းချင်း အတွင်းကိစ္စတွေပေါ့။ အဲဒါတွေကိုရှောင်ရှားချင်လို့ အခုလို တစ်သီးပုဂ္ဂလကို ရွေးချယ်ခဲ့တာပါ။

    M-Media။    ။ တစ်သီးပုဂ္ဂလအနေနဲ့ ရပ်တည်ရတော့ အခက်အခဲရော ရှိပါသလား။
    ဖြေ။    ။အဲ့လိုအခက်အခဲတော့ မရှိပါဘူး။ ငွေရေးကြေးရေးကအစပေါ့နော်။ အန်ကယ့်ကို အစစအရာရာ ဝိုင်းဝန်းကူညီပံ့ပိုးသူတွေ များပါတယ်။

    M-Media။    ။ အခုလိုတစ်သီးပုဂ္ဂအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရတော့ စိန်ခေါ်မှုတွေက ဘာတွေများဖြစ်မလဲ။
    ဖြေ။    ။ဘယ်အလုပ်မဆိုတာတော့ စိန်ခေါ်မှုတွေရှိတာပေါ့နော်။ အန်ကယ်က ခွင့်ပြုချက်ရတာကိုက သူများတွေထက်နောက်ကျပါတယ်။ ပြင်ဆင်စရာတွေအတွက် ဆယ်ရက်လောက်နာသွားတာပေါ့။ အဲ့အတွက် ပိုလုပ်နေရပါတယ်။

    M-Media။    ။ ပန်းဘဲတန်းမြို့နယ်မှာလည်း အင်အားကြီးပါတီတွေရှိနေတော့ အန်ကယ်အနေနဲ့က တစ်သီးပုဂ္ဂလဆိုတော့ စိုးရိမ်စိတ်တွေများရှိပါသလား။
    ဖြေ။    ။အန်ကယ်ကတော့ ဘာလုပ်လုပ် ဥပဒေဘောင်ထဲကပဲ လုပ်ပါတယ်။ မဲဆွယ်တဲ့အခါမှာလည်း စည်းကမ်းမှုတွေကို ကိုယ့်ဘာသာချထားပါတယ်။ အန်ကယ့် မူတွေက ဘာသာရေးကိုနိုင်ငံရေးမှာ အသုံးမချဘူး၊ နောက်ရွေးကောက်ပွဲအတွက် ချမှတ်ထားတဲ့ တည်ဆဲဥပဒေတွေကို မချိုးဖောက်ဘူး၊ ဥပဒေအတိုင်းပဲ လုပ်ဆောင်မယ်၊ နောက်တစ်ခါ ဘယ်နိုင်ငံရေးပါတီကိုမှ ပုတ်ခတ်ပြောဆိုတာမျိုး မလုပ်ဘူးပေါ့နော်။ အဲဒီအန်ကယ့်မှုသုံးချက်ကို အန်ကယ့်ကို ဒီကာလမှာ လိုက်လံကူညီမဲ့သူတွေကိုလည်း မလုပ်ဖို့ပြောထားတယ်။ အဲ့ဒီ မူတွေနဲ့ပဲ လုပ်ဆောင်သွားမယ်ဆိုတော့ ဘာမှစိုးရိမ်စရာမရှိပါဘူး။

    M-Media။    ။ ပန်းဘဲတန်းမြို့နယ်မှာရော မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်နေပြီလား။
    ဖြေ။    ။လက်ကမ်းစာစောင်လေးတွေကို အိမ်တွေလိုက်ပေး၊ သူတို့တွေနဲ့တွေ့ပြီး မိသားစုနဲ့ တစ်အိမ်ချင်းပေါ့ သူတို့အခက်အခဲတွေကိုမေးပြီး ဆွေးနွေးတာမျိုးတွေတော့ လုပ်ပါတယ်။

    M-Media။    ။ ဒီပန်းဘဲတန်းကမဲဆန္ဒရှင်တွေအတွက် ဘာတွေလုပ်ဆောင်ပေးမလဲ။
    ဖြေ။    ။သူတို့နဲ့စည်းရုံးရေးဆင်းပြီး သေချာတွေ့မယ်။ ပြီးရင် လိုအပ်ချက်တွေကို မေးမြန်းပြီး လွှတ်တော်နဲ့ သူတို့ကြားမှာ ပေါင်းကူးပေါ့နော်။ လွှတ်တော်ကို တင်ပေးသင့်တာဆိုလည်း တင်ပေးပြီး ဒေသခံအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်လို့ရတာဆိုရင်လည်း ပူးပေါင်းပြီး ဆောင်ရွက်ပေးဖို့ ရည်ရွယ်ထားပါတယ်။ နောက် ရန်ကုန်မြို့ရဲ့ မြို့လယ်ခေါင်ဖြစ်တဲ့ ဒီပန်းဘဲတန်းမြို့နယ်မှာ ယာဉ်ကြောပိတ်ဆို့မှုဟာ တော်တော် အခက်အခဲဖြစ်တဲ့ကိစ္စပါ။ ဒီတစ်မြို့ထဲလည်း ဆောင်ရွက်လို့တော့ မရပါဘူး။ ဆက်စပ်မြို့နယ်တွေနဲ့ ပူးပေါင်းပြီး ဖြေရှင်းသွားဖို့လည်း စဉ်းစားထားပါတယ်။

    panflag2
    M-Media။    ။ အန်ကယ်က ရှေ့နေတစ်ယောက်ဆိုတော့ လွှတ်တော်ထဲကို ရောက်သွားခဲ့ရင် ဘာတွေကို ဦးစားပေး ဆောင်ရွက်မလဲ။
    ဖြေ။    ။လွှတ်တော်ထဲကိုရောက်သွားခဲ့ရင်တော့ လွှတ်တော်ထဲမှာ ဘယ်အဖွဲ့ ဘယ်ပါတီက ဒီမိုကရက်တစ် ဖြစ်လည်းဆိုတာ အရင်ကြည့်ပါ့မယ်။ ရှေ့ကိုဆက်မယ့် ဒီမိုကရေစီလမ်းကြောင်းကို သွားမဲ့ပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းသွားမှာပါ။ နောက်တိုင်းရင်းသားတွေဟာ လူနည်းစုအခွင့်အရေးကို ကာကွယ်တဲ့ ကိစ္စတွေ၊ တန်းတူညီမျှမှု ကိစ္စတွေ၊ဖက်ဒရယ်ကိစ္စတွေ အဲ့ကိစ္စတွေကို တိုင်းရင်းသားတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ စဉ်းစားထားပါတယ်။

    M-Media။    ။ အန်ကယ့်ရဲ့ နိုင်ငံရေးဖြတ်သန်းမှုလေးလဲ သိပါရစေ။
    ဖြေ။    ။၁၉၈၈ ကစပြီးတော့ အရေးအခင်းမှာ မြန်မာနိုင်လုံးဆိုင်ရာတိုက်ပွဲဝင် ရှေ့နေကော်မတီဝင်လုပ်ခဲ့တယ်။ ၁၉၈၉ မှာ ဝန်ကြီးချူပ်ဟောင်း ဦးနု တည်ထောင်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အဖွဲ့ ချူပ် ပါတီ (ဒီ/ငြိမ်း) အဖွဲ့မှာဝင်ရောက်ခဲ့တယ်။ ဒီ/ငြိမ်းက ဖွဲ့စည်းထားတဲ့ (၁၉၄၇ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဆွဲရေး ကော်မတီဝင်ဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ နတ်တလင်း မဲဆန္ဒနယ် အမှတ်(၂) ကနေ ဒီ/ငြိမ်း ပါတီ ကိုယ်စားပြုပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။ ကိုအောင်ထွန်းရေးသားတဲ့ ကျောင်းသားလှုပ်ရှားမှု သမိုင်းစားအုပ်အတွက် မှတ်တမ်းများကူညီ ရှာဖွေပေးမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပုဒ်မ ၅(ည)ဖြင့် ထောင် ၇ နှစ်ကျခံခဲ့ရပါတယ်။

    M-Media။    ။ အန်ကယ့်အနေနဲ့ ဘာများဖြည့်စွက်ပြောကြားချင်သေးလဲ။
    ဖြေ။    ။ ခုအခြေအနေကဒီမိုကရေစီအကူးအပြောင်းအချိန်ဖြစ်နေပါတယ်။ အဲတော့ ခုလိုချိန်မျိုးမှာ ပြည်သူတွေအားလုံးပါဝင်ပေးကြဖို့လိုတယ်။ မဲစာရင်းတွေကိုလည်း သွားရောက်ကြည့်ကြပြီး ကိုယ့်မဲပေးရမဲ့ အခွင့်အရေးမဆုံးရှုံးအောင် လုပ်ကြပါ။ ခုထိ လူတော်တော်များများဟာ မဲပေးပုံပေးနည်းတွေကို သေချာ မသိသေးတဲ့ လူတွေရှိသေးတယ်။ ဒါတွေအားလုံးကို သေသေချာချာ သိထားဖို့ လုပ်ထားသင့်ပါတယ်။

  • လူနည်းစု အခွင့်အရေး ကာကွယ်ပေးဖို့ အစိုးရ ထိထိရောက်ရောက် လုပ်နေတယ်လို့ မထင်ဟု ဒေါ်အောင်ဆန်းစုကြည် ၀ါရှင်တန်ပို့စ်ကိုပြော

    လူနည်းစု အခွင့်အရေး ကာကွယ်ပေးဖို့ အစိုးရ ထိထိရောက်ရောက် လုပ်နေတယ်လို့ မထင်ဟု ဒေါ်အောင်ဆန်းစုကြည် ၀ါရှင်တန်ပို့စ်ကိုပြော

    ဇူလိုင် ၁၈ ၊ ၂၀၁၅
    M-Media

    11406910_1000050183368511_3712271363129639718_n
    ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ခရီးစဉ်အတွင်း ဇွန်လ ၁၁ ရက်နေ့တွင် တရုတ်သမ္မတနှင့် တွေ့ဆုံစဉ် (Photo- NLD FB)

    .
    – မကြာသေးမီးက တရုတ်နိုင်ငံကို သွားရောက်လည်ပတ်ကာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေဆုံခဲ့တဲ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၀ါရှင်တန်ပို့စ်က အယ်ဒီတာ့အာဘော်အတွက် အယ်ဒီတာအဖြစ် ဆောင်ရွက်နေတဲ့ ဖရဒ် ဟိုင်ယတ်က အင်္ဂါနေ့မှာ ဖုန်းနဲ့ အင်တာဗျူးခဲ့ပါတယ်။

    အဲဒီအင်တာဗျူးမှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးအကြောင်း၊ ရွေးကောက်ပွဲအကြောင်းနဲ့ မြန်မာနိုင်ငံက အမျိုသားရေးဝါဒ အကြောင်းတွေလည်း ပါဝင်ပါတယ်။ M-Media စာဖတ်ပရိတ်သတ်များ သိရှိနိုင်အောင် ဘာသာပြန် ဖော်ပြပေးလိုက်ပါတယ်။

    မေး။    ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တရုတ်နိုင်ငံခရီးစဉ်ကနေ ဘာတွေ လေ့လာသင်ယူ ခဲ့ပါသလဲ။
    ဖြေ။    ။ ကောင်းမွန်တဲ့ဆွေးနွေးမှု ရှိခဲ့ပါတယ်။ အိမ်နီးချင်းဆိုတာ ငြိမ်းချမ်းစွာနဲ့ သဟဇာတဖြစ်စွာ နေရမယ်ဆိုတာ ကျွန်မတို့အားလုံး နားလည်ကြပါတယ်။

    မေး။    ။ (နိုဘယ်ငြိမ်းချမ်းရေးဆုရှင်) လူရှောင်ဘိုရဲ့ အကျဉ်းကျမှုကိုရော ဆွေးနွေးခဲ့ပါသလား။
    ဖြေ။    ။ အစိုးရခေါင်းဆောင်တွေ ဒါမှမဟုတ် အသင်းအဖွဲ့တွေနဲ့ ကျွန်မပြောခဲ့တဲ့ အသေးစိတ်ကိစ္စတွေကို ကျွန်မဘယ်တော့မှ ထုတ်မပြောဘူးလို့ ရှင်းပြရပါမယ်။ ဒါတွေကို ကိုယ်ပိုင်ကိစ္စလိုပဲ များသောအားဖြင့် ယူဆပါတယ်။

    မေး။    ။ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျနေစဉ်တွင်းမှာ တရုတ်နိုင်ငံက ဒေါ်စုကို မထောက်ခံခဲ့ဘူး။ ပြီးတော့ နိုင်ငံခြားခေါင်းဆောင်တွေက ဒေါ်စု အကျဉ်းချခံရမှုကို ပြောကြတဲ့အခါ ဒေါ်စုအနေနဲ့ ကြိုဆိုခဲ့တယ်လေ။
    ဖြေ။    ။ နိုင်ငံတစ်ခုချင်းစီက လွတ်လပ်မှုနဲ့ ဒီမိုကရေစီဟာ အဲဒီနိုင်ငံက နိုင်ငံသားတွေကိုယ်တိုင် လုပ်ရမယ့် ကိစ္စတစ်ခုပါပဲ။ တရုတ်နိုင်ငံနဲ့ ကျွန်မတို့ဆက်ဆံရေးအကြောင်း ပြောရရင် အမြဲတမ်းလွတ်လပ်မှုကို အခြေခံခဲ့ပါတယ်။ ပြီးတော့ ကျွန်မတို့အနေနဲ့ ဒီဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ၀ါဒတွေပေါ်မှာ ကျွန်မတို့ သဘောမတူကြပေမယ့် ကျွန်မတို့ရဲ့ သက်ဆိုင်ရာနိုင်ငံ အတွင်းမှာ လက်တွေ့ အသုံးချသွားဖို့ ဆန္ဒရှိပါတယ်။

    မေး။    ။ “နိုင်ငံတစ်ခုချင်းစီက လွတ်လပ်မှုနဲ့ ဒီမိုကရေစီဟာ အဲဒီနိုင်ငံက နိုင်ငံသားတွေကိုယ်တိုင် လုပ်ရမယ့် ကိစ္စတစ်ခုပဲ” ဆိုတော့ ဒါက မြန်မာနိုင်ငံအပေါ် အမေရိကန်က ဆောင်ရွက်သင့်တဲ့ သဘောထားမျိုးလား။
    ဖြေ။    ။ ကျွန်မက ပြည်သူအားလုံးဟာ သူတို့ရဲ့ နိုင်ငံအတွက် သူတို့လိုချင်တာကို လုပ်ကြတယ်လို့ ထင်ပါတယ်။ အမှန်တော့ သူတို့ဟာ မိတ်ဆွေနိုင်ငံတွေက တတ်နိုင်ရင် ကူညီကြဖို့လည်း မျှော်လင့်ကြပါတယ်။

    မေး။    ။ ကောင်းပါပြီ။ ဒေါ်စုရဲ့ နိုင်ငံအကြောင်း မေးပါရစေ။
    ဖြေ။    ။ ဟုတ်ကဲ့။ မေးပါ။ ကျွန်မနိုင်ငံအကြောင်းပြောရတာကို ကျွန်မကလည်း ပိုပြီးနှစ်သက်တယ်လို့ ထင်ပါတယ်။

    မေး။    ။ ပြည်သူကို ကိုယ်စားပြုတဲ့အစိုးရ ထွက်လာဖို့ လာမယ့် ရွေးကောက်ပွဲတွေက ဘယ်လောက် အလားအလာရှိပါသလဲ။
    ဖြေ။    ။ ကျွန်မတို့ဟာ အင်မတန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ကာလကို ၀င်ရောက်ခဲ့ပါပြီ။ ပထမဆုံးအကြိမ် အနေနဲ့ အခြေခံဥပဒေကို ပြင်ဆင်ဖို့ မူကြမ်းတွေကို ဥပဒေပြုလွှတ်တော်မှာ စပြီး ကျွန်မတို့ ဆွေးနွေးနေ ပါပြီ။ ရွေးကောက်ပွဲတွေ ဘယ်လောက်လွတ်လပ်ပြီး မျှတမလဲဆိုတာကတော့ တူညီတဲ့ လှုပ်ရှားမှု အခြေအနေကို ပေးဖို့ အခြေခံဥပဒေကို ပြင်မလားဆိုတာနဲ့ ချိတ်ဆက်နေပါတယ်။

    မေး။    ။ ဒါဆို ရွေးကောက်ပွဲမတိုင်ခင် အခြေခံဥပဒေကိုပြင်ဖို့ အခွင့်အလမ်း ရှိနေတုန်းပဲပေါ့။
    ဖြေ။    ။ အခွင့်အလမ်းဆိုတာ အမြဲတမ်းရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့ကတော့ ဒီအပေါ်မှာ မှီခိုသွားမှာ မဟုတ်ပါဘူး။ အခြေခံဥပဒေကို ပြင်ဆင်ရမယ်ဆိုတဲ့ ယူဆချက်အပေါ်မှာ ရွေးကောက်ပွဲအတွက် မဲဆွယ်သွားမှာ မဟုတ်ဘူး။ ဒါပေမယ့် ဖြစ်နိုင်ချေကိုတော့ လုံးဝ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။

    မေး။    ။ ဒီလို မပြင်ဘူးဆိုရင် ရွေးချယ်ခံရတဲ့ သမ္မတနဲ့ လွှတ်တော်တွေမှာ ပြည်သူတွေရဲ့ဆန္ဒက ရောင်ပြန်ဟပ်ပါ့မလား။
    ဖြေ။    ။ တကယ်လို့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတမယ်ဆိုရင် လွှတ်တော်ဟာ ပြည်သူတွေရဲ့ ဆန္ဒကို ရောင်ပြန်ဟပ်မှာပါ။ သမ္မတနဲ့ ပတ်သက်ပြီးတော့ ဒီဆန္ဒဟာ အခြေခံဥပဒေ ပြင်မလားဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

    မေး။    ။ ဒါပေမယ့်  (စစ်တပ်အတွက် လွှတ်တော်ရဲ့ နေရာ ၄ ပုံ ၁ ပုံကို ရယူထားတဲ့)  ၂၅ ရာခိုင်နှုန်း ကိစ္စကရော။
    ဖြေ။    ။ အဲဒီ ၂၅ ရာခိုင်နှုန်း ဥပဒေကို ကျွန်မတို့သိပါတယ်။ ဒါပေမယ့် ဥပဒေတွေက တစ်သက်လုံးတော့ ရှိမှာ မဟုတ်ဘူးဆိုတာ ရှင်လည်းသိပါတယ်။ ရှိလို့လည်း မရပါဘူး။ ပြီးတော့ အဲဒီဥပဒေတွေဟာ ကွဲပြဲအောင် လုပ်တယ်လို့ ပြည်သူတွေက မပြောကြတော့ဘူးလား။

    မေး။    ။ ဒါဆို တကယ်လို့ ရွေးကောက်ပွဲမတိုင်ခင် အဲဒါကို မပြောင်းဘူးဆိုရင် ဒါကို ပြောင်းလဲဖို့ NLD မှာ နိုင်ငံရေးဆိုင်ရာ အင်အားရှိပါသလား။
    ဖြေ။    ။ ရွေးကောက်တင်မြှောက် ခံရခြင်းမရှိတဲ့ ကိုယ်စားလှယ်တွေဟာ ဒီမိုကရေစီမကျဘူးဆိုတာ NLD က ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ ပြီးတော့ ဒါကို ပြောင်းလဲရပါမယ်။ ဒါပေမယ့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးဆိုတဲ့ အခြေအနေမှာ ဒီကိစ္စကို တစ်ဆင့်ပြီးတစ်ဆင့် ညှိနှိုင်းဆွေးနွေး ရမယ်လို့လည်း ကျွန်မတို့ ပြောပြီးပါပြီ။ ပြီးတော့ ရွေးကောက်ခံရခြင်း မရှိတဲ့ အမတ်တွေ လွှတ်တော်ထဲက ထွက်ဖို့ ကျွန်မတို့ မရမက တောင်းဆိုသွားမှာတော့ မဟုတ်ပါဘူး။

    မေး။    ။ ယေဘုယျအားဖြင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ဒေါ်စုအေနေနဲ့ ဘယ်လိုရှုမြင်ပါသလဲ။
    ဖြေ။    ။ ဒီမိုကရေစီကျင့်သုံးရေးဖြစ်စဉ်ဟာ အစစ်အမှန်ဆိုတာ သေချာစေဖို့ အစိုးရက စစ်မှန်တဲ့ ဆွေးနွေး ညှိနှိုင်းမှုမှာ ပါဝင်မယ်လို့ ကျွန်မတို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် အစိုးရဟာ ဆွေးနွေး ညှိနှိုင်းမှုမှာ နှစ်နှစ်ကာကာ စိတ်ဝင်စားမှု မရှိဘူးဆိုတာ ပိုပြီး ထင်ထင်ရှားရှား သိလာရပါတယ်။

    ဒါပေမယ့် အခြားတစ်ဖက်မှာလည်း (ပြုပြင်ပြောင်းလဲရေးဟာ) လျောလျောရှုရှုသွားလိမ့်မယ်လို့ ကျွန်မတို့က တကယ်ကို မမျှော်လင့်ခဲ့ပါဘူး။

    မေး။    ။ အခုရှိနေတဲ့ (ပြုပြင်ပြောင်းလဲရေး) ဖြစ်စဉ်ကို ရပ်တန့်ရာမှာ အစိုးရက အောင်မြင်နိုင်မလား။ ဒါမှမဟုတ် အခုလက်ရှိ အရွှေမှုန်ကြဲ ဒီမိုကရစီရှိနေပေမယ့် အစိုးရနဲ့အတူ ယခင်ဗိုလ်ချုပ်ဟောင်းတွေက စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ အာဏာအများစုကို ထိန်းချုပ်ထားဆဲဖြစ်တဲ့ ကမ္ဘောဒီးယားလိုမျိုး ဖြစ်မလား။
    ဖြေ။    ။ ပြုပြင်ပြောင်းလဲရေးဟာ လုံးဝ အရိပ်အယောင်အဖြစ် ပြောင်းသွားမှာကို ကျွန်မတို့ စိုးရိမ်မိပါတယ်။ ပြီးတော့ ဒီမိုကရေစီကျင့်သုံးရေးလုပ်ငန်းစဉ်ဟာ ရည်ရွယ်သလိုဖြစ်လာဖို့အတွက်ခိုင်မာတဲ့ခြေလှမ်းတွေ ပိုလှမ်းဖို့လိုတယ်လို့ ကျွန်မတို့ ထင်ပါတယ်။

    ဒါပေမယ့် ကျွန်မတို့ဟာ ကမ္ဘောဒီးယားနဲ့တော့ မတူပါဘူး။ ကျွန်မတို့ ပြဿနာတွေဟာ ကမ္ဘောဒီးယားက ပြဿနာတွေထက် ဖြေရှင်းဖို့ ပိုပြီး ခက်ခဲပါတယ်။ တိုင်းပြည်အရွယ်အစားအရ၊ လူဦးရေအရ၊ အချိန်အတော်ကြာ ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်တွေ၊ တိုက်ပွဲတွေအရရောပေါ့။

    မေး။    ။ ဗုဒ္ဓဘာသာအမျိုးသားရေးဝါဒ ပေါ်လာတာ ဘာ့ကြောင့်လဲ။
    ဖြေ။    ။ အမျိုးသားရေးဝါဒနဲ့ အစွန်းရောက်ဝါဒကို ကျွန်မတို့ ကွဲပြားအောင်လုပ်ရမယ်လို့ ကျွန်မ ထင်ပါတယ်။ ပြီးတော့ ကျွန်မတို့ စိုးရိမ်တာက အစွန်းရောက်ဝါဒပါ။ အမျိုးသားရေးဝါဒကို ထိန်းချုပ်ပြီး မှန်ကန်တဲ့နည်းလမ်းနဲ့ အသုံးချတဲ့အခါ ဒါဟာ ဆိုးရွားတဲ့အရာ တစ်ခု မဟုတ်ပါဘူး။ အစွန်းရောက်ဝါဒကသာ ပြဿနာပါ။

    မေး။    ။ အဲဒါ(အစွန်းရောက်ဝါဒက)က အခုအချိန် မြန်မာနိုင်ငံမှာ ပြဿနာဖြစ်နေပြီလား။
    ဖြေ။    ။ အစွန်းရောက်ဝါဒဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ရှိတာပါ။ မြန်မာနိုင်ငံမှာမှ မဟုတ်ပါဘူး။ ဘယ်လိုလူ့အဖွဲ့အစည်းမှာမဆို အစွန်းရောက်ဝါဒဟာ ပြဿနာတစ်ခုပါပဲ။

    မေး။    ။ ဒေါ်စုနိုင်ငံက အစွန်းရောက်ဝါဒရဲ့ ရင်းမြစ်ကဘာလဲ။ အခု အဲဒါကိုဘာကြောင့် ခင်ဗျားမြင်တွေ့နေရ တာလဲ။
    ဖြေ။    ။ ကျွန်မလည်း အဲဒါကို စဉ်းစားပါတယ်။ ဒါပေမယ့် တကယ်လို့ ရခိုင်ပြည်နယ်အကြောင်းပြောရင် ဒီပြဿနာတွေဟာ ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိခဲ့တာပါ။ အချိန်တော်တော်ကြာ သူတို့ဟာ တစ်အုံနွေးနွေး ဖြစ်နေကြတယ်။ ပြီးတော့ အစိုးရကလည်း တင်းမာမှုတွေလျော့ဖို့နဲ့ ပဋိပက္ခရဲ့ ရင်းမြစ်တွေကို ဖယ်ရှားဖို့ ထိထိရောက်ရောက် မလုပ်ပေးခဲ့ပါဘူး။

    မေး။    ။ ရိုဟင်ဂျာတွေ နိုင်ငံသားရသင့်တယ်လို့ ဒေါ်စုထင်ပါသလား။
    ဖြေ။    ။ ၁၉၈၂ နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်၊ မဖြစ်အတွက် အစိုးရက လက်ရှိမှာ စီစစ် လုပ်ဆောင်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး သူတို့ မြန်မြန်ဆန်ဆန်နဲ့ ပွင့်ပွင့်လင်းလင်း သွားသင့်သလို ဒီဖြစ်စဉ်မှာ နောက်ထပ်ဆောင်ရွက်စရာတွေဟာ ဘာတွေဖြစ်သင့်တယ်ဆိုတာကိုလည်း ဆုံးဖြတ်သင့်ပါတယ်။

    မေး။    ။ ရိုဟင်ဂျာနဲ့ အခြားသော လူနည်းစုတွေရဲ့ ဒုက္ခသုက္ခတွေနဲ့ပတ်သက်ပြီး ဒေါ်စုဟာ ပိုပြီး အသံထွက်ခဲ့သင့်တယ်လို့ ပြောနေကြတဲ့ နိုင်ငံရပ်ခြားက မိတ်ဆွေတွေကို ဘာပြောမလဲ။
    ဖြေ။    ။ တိုင်းပြည်မှာ လူနည်းစုတွေ အများကြီးရှိပါတယ်။ ပြီးတော့ ကျွန်မဟာ လူနည်းစုတွေရဲ့ အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေး၊ သာတူညီမျှဖြစ်ရေး၊ NLD နဲ့ အခြားသူတွေ နှစ်ပေါင်း ၃၀ လောက် တိုက်ပွဲဝင်လာခဲ့တဲ့ ဒီမိုကရေစီတန်ဖိုးတွေ စသဖြင့် တစ်ချိန်လုံးပြောနေတာပါပဲ။ အဲဒီနှစ်တွေမှာ လူ့အခွင့်အရေးကို ဆိုးဆိုးဝါးဝါးချိုးဖောက်ခဲ့တယ်လို့ ကျွန်မတို့ သတ်မှတ်ခံခဲ့ရပါတယ်။ ပြီးတော့ ကျွန်မတို့ရဲ့ တိုင်းရင်းသား လူနည်းစုတွေကလည်း သူတို့ရဲ့အခွင့်အရေးတွေကို ကာကွယ်ပေးခြင်း မခံရတာကြောင့် လက်နက်ကိုင်ခဲ့ပါတယ်။

    လူနည်းစုတွေရဲ့ အခွင့်အရေးကို ကာကွယ်ခြင်းဆိုတာ တော်တော်လေး ဂရုတစ်စိုက်နဲ့ တတ်နိုင်သလောက် ထိထိရောက်ရောက် ဖြေရှင်းသင့်တဲ့ ကိစ္စတစ်ခုပါ။ ပြီးတော့ ဒါနဲ့ပတ်သက်ပြီး အစိုးရက ထိထိရောက်ရောက် လုပ်နေတယ်ဆိုတာ ကျွန်မ သေချာ မပြောတတ်ပါဘူး။ တကယ်တော့ အဲဒီလိုလုပ်နေတယ်လို့လည်း ကျွန်မ မထင်ပါဘူး။

    မေး။    ။ “တော်တော်လေး ဂရုတစ်စိုက်” ဆိုတာ ဘာကို ဆိုလိုတာလဲ။
    ဖြေ။    ။ ဒါဟာ ထိလွယ်ရှလွယ်တဲ့ပြဿနာလို့ ဆိုလိုတာပါ။ ပြီးတော့ လူမျိုးရေးနဲ့ ဘာသာရေး အုပ်စု တော်တော် များများလည်းရှိပြီး အုပ်စုတစ်ခုအတွက် ဘာလုပ်လုပ် အခြားအုပ်စုတွေအပေါ် ရိုက်ခတ်မှု ရှိကောင်း ရှိနိုင်ပါတယ်။ ဒါကြောင့် ဒါဟာ တော်တော်လေး ရှုပ်ထွေးတဲ့ အခြေအနေပါ။ ပြီးတော့ တစ်ရက်လောက်နဲ့ ရှင်းလို့ရတဲ့ ကိစ္စမျိုးလည်း မဟုတ်ပါဘူး။

    မေး။    ။ အစွန်းရောက်တွေရဲ့ ပါတီတွေက NLD အတွက် နိုင်ငံရေးအန္တရာယ် ဖြစ်မလား။ ပြီးတော့ ဒါက ဒီလို (အစွန်းရောက်) သဘောထားတွေ လှုံ့ဆော်ပေးနေတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်နိုင်မလား။
    ဖြေ။    ။ ဖြစ်နိုင်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ NLD က ဘယ်လို အစွန်းရောက်ဝါဒမျိုးကိုမှ မထောက်ခံလို့ပါ။ ဒါ့ကြောင့် အစွန်းရောက်အဖွဲ့တွေက သူတို့ကိုယ်သူတို့ NLD ရဲ့ မိတ်ဆွေတွေအဖြစ် ရှုမြင်ကြမှာ မဟုတ်ပါဘူး။ ပြီးတော့ ဘာသာရေးလို့ခေါ်တဲ့ လှုပ်ရှားမှုတွေ မြင့်တက်လာ တဲ့နောက်ကွယ်မှာ နိုင်ငံရေးဆိုင်ရာ ရည်ရွယ်ချက်ရှိနေတာလည်း တော်တော်လေး ဖြစ်နိုင်ပါတယ်။

    မေး။    ။ မဲစာရင်းပြဿနာကရော ဘယ်လောက် ရိုက်ခတ်မှု ရှိနိုင်မလဲ။
    ဖြေ။    ။ ရန်ကုန်တိုင်းဒေသကြီးက မြို့နယ် ၁၀ မြို့နယ်ကို ကျွန်မတို့ လေ့လာပြီးပါပြီ။ အချို့မြို့နယ်တွေမှာ အမှားတွေဟာ ၈၀ ရာခိုင်နှုန်းလောက်ကို ရှိပါတယ်။ ဒါဟာ တော်တော်လေး မကောင်းပါဘူး။ အချို့နေရာတွေမှာ ၃၀ ရာခိုင်နှုန်းအောက် ရှိပါတယ်။ ရွေးကောက်ပွဲအမီ ဒီစာရင်းတွေကို ဘယ်လိုလုပ် ကျွန်မတို့ ပြင်လို့ရတော့မလဲ? ပြီးတော့ ရန်ကုန်မှာ ဒီလောက်ဆိုးနေရင် ဥပမာအားဖြင့် နယ်စပ်ဒေသတွေဆိုရင် ဘယ်လိုဖြစ်မလဲ။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌကတော့ ဒီအမှားတွေ အားလုံးကို ပြုပြင်ဖို့နဲ့ ပတ်သက်လို့ တော်တော်လေး စိတ်အားထက်သန်ပါတယ်။ ဒါပေမယ့် ကျွန်မ စဉ်းစားတာက ဒီအမှားတွေကို အချိန်မီပြင်ဆင်နိုင်ဖို့ အချိန်လောက်မလားဆိုတာနဲ့ နည်းပညာဆိုင်ရာ ကျွမ်းကျင်သူ လုံလောက်မလားဆိုတာပါပဲ။

    မေး။    ။ စောစောပိုင်း လစ်ဘရစ်စနစ်ကျင့်သုံးပြီးကတည်းက အခြေခံ လွတ်လပ်ခွင့်တွေ ဖြတ်တောက်ခံရမှု ရှိနေပြီလား။
    ဖြေ။    ။ အစိုးရဟာ မီဒီယာလွတ်လပ်ခွင့်ကို နှိမ်နင်းတယ်ဆိုတာ လွန်ခဲ့တဲ့တစ်နှစ်လောက်က ကျွန်မတို့ စပြီး သတိပြုမိပါတယ်။ ဂျယ်နယ်လစ်အချို့ ဘယ်လို အဖမ်းခံရပြီး ထောင်ထဲမှာ နှစ်ရှည်ပြစ်ဒဏ်လို ချမှတ်ခံရတာမျိုးကို ရှင်လည်းကြားမှာပါ။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ လုံးဝ ရပ်တန့်မသွားပေမယ့် နောက်ပြန်သွားတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတာ အဲဒီအချိန်က ကျွန်မတို့ ခံစားခဲ့ရပါတယ်။

    မေး။    ။ ပြုပြင်ပြောင်းလဲရေးဟာ နောက်ပြန်သွားနေတုန်းပဲလား။
    ဖြေ။    ။ ရွေးကောက်ပွဲမတိုင်ခင် အခြေခံဥပဒေကိစ္စကလွဲလို တစ်ခုခုဖြစ်တော့မယ်လို့ ကျွန်မ မထင်ပါဘူး။ ကျွန်မအမြင်မှာတော့ အစိုးရဟာ ခြေခံဥပဒေပြင်ဆင်ရေးကို လုံးဝ ဆန့်ကျင်နေပါတယ်။ ဒါဟာ လုံလောက်တဲ့ ဆုတ်ယုတ်မှုပါပဲ။ ရှင်ရော အဲဒီလို မထင်ဘူးလား။

    မေး။    ။ အသက် ၇၀ ထဲဝင်လာတာကိုရော ဘယ်လိုခံစားပါသလဲ။
    ဖြေ။    ။ သိပ်ပြီး ခြားနားသွားတယ်လို့တော့ မခံစားရပါဘူး။ ဒါပေမယ့် ဒီလောက်အထိ ကျွန်မ လုပ်ခဲ့တာကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။

    (Washington Post မှ Aung San Suu Kyi on the state of demo-cracy in Burma ကို မိုးဝေဘာသာပြန်သည်။)

  • ဒေါက်တာဇာနည်နဲ့ အင်တာဗျူး

    ဒေါက်တာဇာနည်နဲ့ အင်တာဗျူး

    ပြည်သူ့ခေတ်ဂျာနယ်၊ ၃-၆-၁၅။ အချပ်ပို -၁
    .Maung Zarni
    ပြည်သူ့ခေတ် – ငြိမ်းချမ်းရေးကို လိုလားတဲ့ နော်ဝေနိုင်ငံ အော်စလို မြို့က နိုဘယ်လ် အင်စတီကျုမှာ The Oslo conference to end Myanmar’s systematic persecution of Rohingyas ဆိုတဲ့ ကွန်ဖရင့် လုပ်တယ်။ အစည်းအဝေး တက်သူတွေထဲမှာ နိုင်ငံတကာက ထင်ရှား တဲ့ လူတွေ၊ နိုဘယ်လ်ဆုရသူတွေ၊ လူ့အခွင့်အရေး တာဝန်ယူကြ သူတွေ၊ နော်ဝေ၊ ဆွီဒင်လို စကင်ဒီနေးဗီးယန်းက အစိုးရ တာဝန်ရှိသူတွေ၊ ဒီ အရေးကို လေ့လာနေတဲ့ ပညာရှင်တွေ စသဖြင့် တက်ကြတာတွေ့ရ တယ်။ လက်ရှိ နိုင်ငံတကာ ငြိမ်းချမ်းရေး လုပ်ငန်းတွေမှာ ပါဝင်နေတဲ့ မလေးရှားက အငြိမ်းစား စစ်ဗိုလ်ချုပ်တောင်ပါတယ်။ ဒါပေမယ့် ပြဿ နာနဲ့ အဓိက သက်ဆိုင်နေတဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ ဒါမှ မဟုတ်၊ မြန်မာ သံတမန်တွေ၊ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေ တက်တာ မတွေ့ရဘူး။ သူတို့ကို မဖိတ်ဘူးလား။ သူတို့မပါဘဲ ကျင်းပရင် ဒီ ကွန်ဖရင့် ဆုံးဖြတ်ချက်တွေဟာ တဖက်သတ် ဆန်မနေနိုင်ဘူးလား။
    .
    မောင်ဇာနည် – အစိုးရဘက်က လူတွေကို ကျွန်တော်ဖိတ်ဖို့  ကြိုးစားတယ်။ပြောမယ်ဆိုရင် သမ်္မတအကြံပေး ဦးကျော်ရင်လှိုင်ဆိုတာ အမေရိကန် ကို ရောက်လာတဲ့ ပထမနှစ်ကတည်းက သူ့ကိုသိတာ။ လက်ရှိ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ကိုမောင်မောင်အုန်းက ကျွန်တော်ကို တော်တော် ချစ်တဲ့ သူငယ်ချင်းရဲ့ အစ်ကို။ ဖိတ်မယ်ဆို ဖိတ်လို့ရတာပေါ့ဗျာ။
    .
    နံပါတ်တစ်က လာမှာမဟုတ်ဘူး။ သူတို့က လာမယ့်သူတွေကို ကြည့် လိုက်မယ်။ လာမယ့်သူတွေက ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာ ပြုစုသူ မစ္စတာ ကင်တာနားတို့၊ ပြောမယ့် သူတွေက ဒက်စမွန်တူးတူးတို့ ဂျော့ဆိုးရော့စ်တို့၊ အဲဒီတော့ မြန်မာ အစိုးရဘက်က လာမှာမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ ကြိုးစား သေးတယ်။ နော်ဝေမှာ မြန်မာသံရုံးရှိလား ကျွန်တော်တို့ လိုက်ရှာ တယ်။ ရှိရင် မြန်မာသံအမတ်ကြီးကို ဖိတ်ပါ၊ သံအရာရှိကို ဖိတ်ပါဆို တော့။ ကွန်ဖရင့် ပေါင်းလုပ်တဲ့လူတွေက ဒီနော်ဝေမှာ မြန်မာသံရုံး လုံးဝမရှိဘူး။ ဘယ်သူ့ကိုမှ ဖိတ်လို့မရဘူးတဲ့။
    .
    ရခိုင်တိုင်းရင်းသားတွေကို ဘာကြောင့် မဖိတ်တာလဲ ဆိုတော့ ပြည်သူ့လွှတ်တော် အမတ် ဦးအေး မောင်က အစ ပညာရှင်လုပ်တဲ့ ဦးအေးချမ်း သူတို့ကစပြီး တိုင်းပြည်ကို ဗြောင်လိမ်နေ တာဗျာ။ ကမ္ဘာကြီးကို လိမ်တယ်။ လိမ်တဲ့သူတွေကို ခေါ်လာပြီးတော့ ရိုးရိုးသားသား ဒိုင်ယာလော့ခ်ဖြစ်အောင် လုပ်ဖို့ မဖြစ်နိုင်ဘူး။
    .
    နံပါတ်သုံးအချက်က ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ တွေကြားထဲမှာ ပြဿနာတက်နေ လို့ ပြေလည်အောင် ကြားထဲကနေ Mediate လုပ်တယ်ပေါ့နော်။ ဖြန်ဖျေပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တဲ့ ကွန်ဖရင့် မဟုတ်ဘူး။ ဒီကွန်ဖရင့်ဟာ ကျွန်တော် အပါအ၀င် ဟားဗတ် တက္ကသိုလ်မှာပဲ ဖြစ်ဖြစ် လန်ဒန်မှာပဲ ဖြစ်ဖြစ် အောက်စဖို့ဒ် မှာပဲ ဖြစ်ဖြစ် သုတေသနလုပ်တဲ့သူ အများစု၊ နောက်ဆုံး ယူအန်မှာ လုပ်ခဲ့တဲ့ မစ္စတာ ကင်တာနားလို ပုဂ်္ဂိုလ်တွေက အစ ကျွန်တော်တို့က ဒီမြန်မာပြည်မှာ ရိုဟင်ဂျာတွေ ဒုက္ခ သုက္ခရောက်တဲ့ ရင်းမြစ်ကို လိုက် လိုက်တော့ ကျွန်တော်တို့ ဘာသွားတွေ့လဲဆိုတော့ သူက လူမျိုးတုန်း သတ်တာ မဟုတ်ဘူး။ အခေါ်အဝေါ်က မှားနေတယ်။ Genocide ဆိုတာ လူမျိုးတုန်း သတ်တာမဟုတ်ဘူး။ လူမျိုးတစ်မျိုး ဘာသာတစ်ခုကို ယုံကြည်တဲ့ လူ့အဖွဲ့အစည်း တစ်ခုကို ဖျက်ဆီးပစ်တာ။
    .
    ၁၉၉၄ ခုနှစ် ဧပြီလ ရ၀မ်ဒါနိုင်ငံမှာ လူ ရှစ်သိန်းနဲ့ ကိုးသိန်းကြားကို သုံးလလေးလ အတွင်းမှာ သတ်ပြစ်လိုက်တယ်။ နောက် ကမ္ဘောဒီးယားနိုင်ငံမှာ ဖြစ် တာလည်း ဒီတိုင်းပဲ။ ၁၉၇၅ နဲ့ ၇၉ ကြား လေးနှစ်နီးနီးကြာတဲ့အခါမှာ ခမာလူမျိုး နှစ်သန်းနီးနီးကို ဒီကွန်မြူနစ် အစိုးရက နည်းမျိုးစုံနဲ့ သတ် လိုက်တာ သေသွားတယ်။ အဲတော့ သန်းနဲ့ချီပြီး သေတာတင် မဟုတ် ဘူး။ ဒီရိုဟင်ဂျာပဲ ခေါ်ခေါ် ဘင်္ဂါလီပဲခေါ်ခေါ် ဒီလူတွေ မြန်မာပြည်မှာ သန်းဂဏန်းနဲ့ ချီပြီးရှိတာကို ထောက်ပြပြီးတော့ လူမျိုးပြုန်းအောင် အမျိုးပြုတ်အောင် သတ်တယ်လို့ဆိုတာ မဟုတ်ပါဘူး။ ဒီမွတ်စ်လင် နိုင်ငံတွေနဲ့ အနောက်နိုင်ငံ သတင်းဌာနတွေက ၀ါဒဖြန့်တာပါလို့ဆိုပြီး ပြည်သူကပဲဖြစ်ဖြစ် အစိုးရကပဲဖြစ်ဖြစ် NLD လို နိုင်ငံရေး ပါတီကြီး ကပဲဖြစ်ဖြစ် တုံ့ပြန် ပြောဆိုလာတယ်ဆိုရင် Genocide ဆိုတဲ့ အဓိပ္ပာယ်ကို နားမလည်လို့။ လူ ၂၀ ပဲ သတ်သတ် လူတစ်ထောင်ပဲ သတ်သတ် လူနှစ်သောင်းပဲ သတ်သတ် နှစ်သိန်းပဲ သတ်သတ် နှစ်သန်း ပဲ သတ်သတ်။ ဘယ်လောက်သတ်တယ် ဆိုတဲ့ အရေအတွက်က အဓိက မကျဘူး။ လူတွေကို သွားပြီး ဒုက္ခပေး တာ။ မုန်းလို့ မဟုတ်ဘူး။ သူတို့ ဥစ္စာပစ္စည်းကို လုတာမဟုတ်ဘူး။ ဓားပြ တိုက်တာ မဟုတ်ဘူး။
    .
    အဲဒီလူတွေက သူတို့ကို သူတို့ ရိုဟင်ဂျာလို့ ခေါ်ကြတယ်။ တချိန်တုန်းက ဦးနုလက်ထက်က အစ ဗိုလ်ချုပ်ကြီးနေ၀င်း တော်လှန်ရေး ကောင်စီ လက်ထက်အထိ သူတို့ကို သက်သေ အထောက်အထားနဲ့ တိုင်းရင်းသား ပါလို့ အသိအမှတ်ပြုခဲ့တာ ကျွန်တော်တို့ နိုင်ငံမှာ ရှိပြီးသား။ အဲတော့ ဒီကိစ္စမှာ ရိုဟင်ဂျာလို့ ခေါ်နေတာ ခေါ်ချင်လို့ခေါ်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့က ဆယ်စုနှစ်ကျော်ကျော် ရိုဟင်ဂျာဟာ တိုင်းရင်းသား ပါလို့ သတ်မှတ်ခဲ့တဲ့ အနေအထား၊ အခွင့်အရေးပေးခဲ့တဲ့ အနေအထား၊ ပြည်သူ အနေနဲ့ ဆက်ဆံခဲ့တဲ့ အနေအထားပေါ် မူတည်ပြီး သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ ဆက်ပြောတာ။ အပြစ်က သူတို့မှာ ရှိတာမဟုတ်ဘူး။ နံပါတ်တစ် တာဝန်ရှိတာက စစ်အစိုးရအဆက်ဆက်၊ ဦးနေ၀င်းလက်ထက် ၁၉၇၀ ခုနှစ်က အစ ဦးသိန်းစိန် အစိုးရလက်ထက်ထိ၊ အစိုးရ လေးဆက်လောက်က တိုင်းပြည်ကို ညာခဲ့တယ်။
    .
    စစ်အစိုးရ အဆက်ဆက် ပြည်သူကို အနှစ်လေးဆယ်လောက် မျက်စိပိတ် နားပိတ်ထားတယ်။ ကျောင်းသုံး စာအုပ်ကိုလည်း သူတို့ ပဲကိုင်တယ်။ မီဒီယာကိုလည်း သူတို့ပဲကိုင်တယ်။ အမှန်တရားပြောတဲ့ မီဒီယာ။ ကိုပါကြီးလိုလူမျိုး။ ပစ်သတ်ခံရတယ်။ နောက် ယူနတီကလူ တွေ၊ မွန်းတည့်နေက လူတွေကို ဖမ်းပြီး ထောင်ချလိုက်တယ်။ ဗမာ ပြည်သူတွေက ဗုဒ္ဓဘာသာ ဆိုပြီး သိမ်မွေ့တယ်၊ ယဉ်ကျေးတယ်ဆိုတာ ကျွန်တော် လက်ခံတယ်။ ကျွန်တော်လည်း ဗမာလူမျိုး ဗုဒ္ဓဘာသာ တစ်ယောက်ပဲ။ ဒါပေမယ့် အနှစ်လေးဆယ်လောက် ၀ါဒဖြန့် မှိုင်းတိုက် တာ ဆိုလို့ရှိရင် ကျွန်တော်တို့  ဗုဒ္ဓဘာသာ ကလည်း ဘယ်ခံနိုင်မလဲ။
    .
    အဲဒီလူတွေက ကျွန်တော်တို့ ပြည်သူတွေကို မျက်မှန်စိမ်းတပ် ပေးထားတယ်။ ရိုဟင်ဂျာကိစ္စမှာ ကျွန်တော်တို့ ပြည်သူတွေက မျက် မှန်စိမ်းတပ်ပြီးတော့ ကြည့်ကြတယ်။ ကြည့်တဲ့အခါကျတော့ အစိမ်း ရောင်ကိုပဲ မြင်ရတယ်။ အဖြူရောင်ဖြစ်နေလည်း အစိမ်းရောင်မြင်တယ်။အ၀ါဖြစ်နေလည်း အစိမ်းရောင် မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗမာ ပြည်သူတွေက အနှစ်လေးဆယ်လောက် မျက်မှန်စိမ်းတပ်ခံထားရတဲ့ ဘ၀မှာနေခဲ့ရတယ်။ အဲဒီဘ၀က မကျွတ်သေးဘူး။
    .
    ကျွန်တော် ဒီရိုဟင်ဂျာကိစ္စ ဆက်ပြောမယ်။ ရှင်းရှင်းပြောမယ်။ လူပိန်း အတွေးနဲ့ တွေးကြည့်ပါ။ ရိုဟင်ဂျာတွေကို ဒုက္ခပေးတာ ၂၀၁၂ မှ ပေးတာမဟုတ်ဘူး။ တော်လှန်ရေးကောင်စီခေတ် ဗိုလ်ချုပ်နေ၀င်း လက်ထက် ၁၉၇၈ ခုနှစ် ဖေဖော်ဝါရီလ နဂါးမင်းစစ်ဆင်ရေးမှာ ဗိုလ်မှူးချုပ်စိန်လွင် ဦးဆောင်ပြီး “မြေမြို၍ လူမျိုးမပြုန်း၊ လူမြို၍ လူမျိုးပြုန်း မည်” ဆိုတဲ့ ၀ါဒဖြန့် စကားလုံးသုံးပြီး မရိုသေ့စကားနဲ့ ကုလားပေါ့နော်။ ဒီကုလားတွေကို အမျိုးဖြုတ်ဖို့ လုပ်ခဲ့တယ်။
    .
    ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး နောက်ပိုင်း ဗမာ့တပ်မတော်မှာ တိုင်းရင်းသားပေါင်းစုံပါတယ်။ ဘာသာပေါင်းစုံပါတယ်။ အဲဒီတပ်က အနှစ် ၇၀ လောက်ကြာတဲ့ ခုချိန်မှာ ထိပ်ပိုင်းမှာ ဗမာ၊ ဗုဒ္ဓဘာသာလို့ အမည် မခံဘူးဆိုရင် ဘယ်အရာရှိမှ မတက်ဘူး။ ဆိုလိုတာက ဗိုလ်ချုပ် ကြီးနေ၀င်းက လူမျိုးရေးမုန်းတီးမှုကို အခြေခံပြီးတော့ ပေါ်လစီတွေ ချသွားတယ်ဗျာ။ ၁၉၈၂ နိုင်ငံသားဥပဒေဆိုတာ ဦးနေ၀င်းက လုပ် ချင်တာ လုပ်သွားတာ။ အဲတော့ ဦးနေ၀င်းလို အာဏာရှင်ကြီး ပြဋ္ဌာန်း သွားတဲ့ ဥပဒေကြီးကို ဒီမိုကရေစီခေတ်မှာ ပြည်သူတွေကလည်း စွဲ ကိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အတိုက်အခံ ပုဂ်္ဂိုလ်ကလည်း ဒီဥပဒေကြီးကိုပဲ စွဲကိုင်တယ်။ ဒီဘုရားသားတော် ဖြစ်တဲ့ သံဃာတွေ ကလည်း ဒီ အာဏာရှင်ကြီး ပြဋ္ဌာန်း သွားတာကိုပဲ လက်စွဲကိုင်တယ်။ ရခိုင် တိုင်းရင်းသားတွေကလည်း ဒါကိုပဲကိုင်တယ်။ အဲတော့ စစ် အစိုးရဘက် တစ်ဖက်ကပဲ မကောင်းဘူး၊ မှားနေတယ်ဆိုရင် ကျွန် တော်တို့က ပြည်သူကို အားကိုးပြီးပြင်ဖို့ မျှော်လင့်ချက်ရှိတယ်။ အခု ကျတော့ ဘယ်လိုဖြစ်လဲဆိုတော့ မုန့်လုံးစက္ကူကပ်ပေါ့ဗျာ။ ပြည်သူက ကောင်းတယ်။ စစ်အာဏာရှင် အစိုးရက ပြည်သူကို အနှစ်လေးဆယ် လောက် မျက်မှန်စိမ်း တပ်ပေးလိုက်တယ်။
    .
    အဲဒီပြည်သူက ဒီမိုကရေစီခေတ်မှာ အခွင့်အရေးစရပြီ။ ပြောရေး ဆိုခွင့် ရှိလာပြီဆိုတဲ့ အခါမှာလည်း အဲဒီမျက်မှန်စိမ်းတွေ တပ်ပြီးတော့ ကြည့်တုန်းပဲ။ ဒါကြောင့်မို့လို့ ပြည်သူကလည်း မှားနေတယ်။ အစိုးရ ကလည်း မှားနေတယ်။ ကြားထဲမှာ ဒါကို ဂဃနဏသိတဲ့ ပညာရှင်တွေ ရှိတယ်။ သမိုင်းဆရာတွေ ရှိတယ်။ ရှေ့က လူကြီးသူမတွေရှိတယ်။
    .
    ပါလီမန် ဒီမိုကရေစီခေတ်မှာ ဦးနေ၀င်းပြီးရင် ဒုတိယ အကြီးဆုံး ဖြစ်တဲ့ ဒုတိယကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်အောင်ကြီးလို ပုဂ်္ဂိုလ်က ရိုဟင်ဂျာတွေဟာ ရှမ်းလို၊ ကချင်လို၊ ချင်းလို နယ်စပ် နှစ်ဖက် ခွနေထိုင်တဲ့ တိုင်းရင်းသားတွေပါလို့ ပြောသွားတာကို အခုတက်နေတဲ့ ဦးသိန်းစိန် အစိုးရက မရှိပါဘူးလို့ ပြောတယ်။ ဦးသိန်းစိန်မတိုင်ခင် ဦးခင်ညွှန့်တို့ကလည်း ဒီလိုပဲပြောတယ်။ တကယ်တော့ ဒီစစ်အာဏာ ရှင် အစိုးရက ပြည်သူကို ညာနေတာ။ တခြားကိစ္စတွေမှာ ဒီအာဏာ ရှင်တွေကို လူလိမ်၊ လူညာ၊ သူခိုး၊ သူဝှက် ခေါင်းဆောင်တွေ ဆိုပြီးလက်ခံထားတယ်။ ဘာဖြစ်လို့ ဒီရိုဟင်ဂျာ ကိစ္စမှာ ငါတို့ပြည်သူတွေ ကို ညာနေတာရော မဖြစ်နိုင်ဘူးလားဆိုပြီး မေးခွန်း ဒါ မေးရမှာပေါ့ဗျာ။ပြည်သူက မမေးဘူးဆိုရင်လည်း စာနယ်ဇင်း သမားတွေက မေးရမှာ ပေါ့။ စာနယ်ဇင်းသမားတွေမှာလည်း တာဝန်ရှိတယ်။
    .
    အခုကြည့်ပါလား။ မီဒီယာ တချို့မှာ ရိုဟင်ဂျာကို ဘင်္ဂါလီ ဆိုပြီး ဇွတ်အတင်းကြီးခေါ်တာ။ ခင်ဗျားနာမည်က စည်သူအောင်မြင့်။ ကျွန် တော်က ခင်ဗျားနာမည်က ငခွေးဖြစ်တယ်။ ခင်ဗျားက ဆက်ပြောတယ်။ကျွန်တော်က စည်သူအောင်မြင့်ပါ။ နောက်တစ်ခွန်း ပြောမယ်။ ခင်ဗျား ငခွေးလို့ လက်မခံရင် ကျုပ်ထိုးမယ်ဆိုပြီး ခင်ဗျားကို ထိုးတယ်။ ဒါပဲ။ တကယ်တမ်းပြောရရင် စစ်တွေပဲသွားသွား မောင်းတောပဲသွားသွား ဒီရိုဟင်ဂျာ ကလေးတွေကို ကိုယ်သားသမီးချင်း စာနာရမယ်ဗျာ။ လူ သားချင်း စာနာရမယ်။ ကျွန်တော်က ဗမာ၊ ဗုဒ္ဓဘာသာ၊ ခင်ဗျားက ဖက်ဆစ် ကင်ပေတိုင်ဆိုရင် မင်းက ငပေါဆိုပြီး လက်သည်းခွံခွာတဲ့ အလုပ်လုပ်တယ်။ ကျွန်တော် ဘယ်ခံနိုင်မလဲ။ ဒါကြောင့်မို့ ဒီနေ့မနက် ကွန်ဖရင့်မှာ ဂျော့ဆိုးရော့စ်က သူကိုယ်တိုင် ရခိုင်ပြည်နယ် စစ်တွေ မြို့က အောင်မင်္ဂလာ ရပ်ကွက်ကို ရောက်သွားခဲ့တဲ့ အကြောင်း၊ အဲဒီမှာ ရိုဟင်ဂျာတွေကို တွေ့ရတာဟာ သူငယ်ငယ် ၁၉၄၄ ၀န်းကျင် နာဇီဂျာမန်တွေ ထူထောင်ထားတဲ့ Ghetto လို့ခေါ်တဲ့ ရပ်ကွက်က ဂျူးတွေနဲ့ ဆင်တူတဲ့အကြောင်း၊ သူကိုယ်တိုင် ဘူဒါပက်စ်က အဲဒီ ဂက်တိုမှာ နေခဲ့ရတာကို ပြန်မြင်ယောင်မိကြောင်း ပြောသွားခဲ့တယ်။.

    Genocide ဆိုတာ လူသတ်တာတင် မဟုတ်ဘူး။ သတ္တ၀ါတစ် ကောင်ကို ဒုက္ခပေးတယ်ဆိုရင် နည်းမျိုးစုံနဲ့ ပေးလို့ရတယ်။ စစ်ထောက် လှမ်းရေးက ပုဂ်္ဂိုလ်တွေ SB က ပုဂ်္ဂိုလ်တွေ ဆိုရင် ညှင်းဆဲတဲ့နည်းတွေ သူတို့ဆီမှာ ထောင်နဲ့ သောင်းနဲ့ချီပြီး ရှိတယ်။ လူတစ်ယောက်ကို ဘယ်လိုညှင်းဆဲမလဲ။ ဘယ်လို ဒုက္ခရောက်အောင် လုပ်မလဲ။ ဘယ်လို ဦးနှောက်ပျက်အောင် လုပ်မလဲ။ လက်ဖျားနဲ့မတို့ဘဲ ဒီလူတွေ လုပ် တတ်တယ်။ ဒီနည်းနဲ့ ရိုဟင်ဂျာတွေကို သိန်းနဲ့ချီပြီး ဒုက္ခရောက်အောင် လုပ်နေတာ ဖြစ်တယ်။
    .

    ပြည်သူ့ခေတ် – အဲဒီတော့ အခု ဘာဖြစ်နေတယ်ကြားလို့ အခုလို့ Slow Genocide နာမည်တပ်တဲ့အဆင့် ရောက်သွားသလဲ။ ရခိုင်ပြည် နယ်မှာ ဘာဖြစ်နေတယ်လို့ သိထားသလဲ။
    .
    မောင်ဇာနည် – နံပါတ် ၁ က ဒီလူတွေကို အစာရေစာ ၀အောင် လင်အောင် စားလို့မရအောင် လုပ်တယ်ဗျာ။ သာမန်ပြည်သူတွေက တစ်နေ့ကို ထမင်းနှစ်နပ် သုံးနပ် စားကြတယ်။ ဒီလူတွေကို ထမင်း စားဖို့အတွက် လွတ်လွတ်လပ်လပ် လယ်စိုက်ဖို့ ခွင့်မပေးဘူး။ ဒီဒုက္ခ သည် စခန်းထဲမှာ ရှိတဲ့ သူကြတော့လည်း စိုက်ဖို့က ခက်ခဲသွားပြီဗျာ။ သူများ သဒ္ဒါလို့ လာကျွေးတဲ့ အဆင့် အလှူစာလောက်ပဲ စားရတာပေါ့။ နောက် ရွာတွေမှာဆိုရင်လည်း ဟိုဘက်ရွာတွေကို မသွားရဘူးဗျာ။ ကိုယ်က ဒီရွာမှာနေပြီး ဟိုရွာမှာ လယ်စာရင်းငှား သွားအလုပ်မလုပ်ဘူး ဆိုရင် ဗိုက်မှောက်နေရမှာပေါ့။ တစ်ယောက် နှစ်ယောက် မဟုတ်ဘူး။ ကိုယ်ဝန်ရှိတဲ့သူနဲ့ မိခင်အို၊ ဖခင်အိုကြီးတွေနဲ့ စားစရာမရှိအောင် လုပ် တယ်ဗျာ။ သန့်ရှင်းတဲ့ရေလည်း မသောက်ရဘူး။ နောက် နေမကောင်း ဘူးဆိုရင် မီးနေသည်က အစဗျာ ဆရာဝန်မရှိဘူး။ နောက်ဆုံး ကျွန်တော် တို့လို မွဲတဲ့နိုင်ငံမှာ ရခိုင်ပြည်နယ် စစ်တွေပဲ ကြည့်ကြည့် ရန်ကုန်ပဲ ကြည့်ကြည့် မန္တလေးပဲကြည့်ကြည့် ဆေးခန်းတွေ အများကြီး ရှိတယ်။ပိုက်ဆံတတ်နိုင်တဲ့ သူတွေက သွားလို့ရတယ်။
    .
    ဒါပေမယ့် ရိုဟင်ဂျာ ရှစ်သောင်းလောက် ရှိတဲ့နေရာမှာ ဆရာဝန်တစ်ယောက်ပဲ ရှိတယ်။ ရိုဟင်ဂျာ ဆိုလို့ရှိရင် ဆေးကျောင်းတက်ပြီး ဆရာဝန်လုပ်ဖို့တို့ နာ့စ် လုပ်ဖို့တို့ မပြောနဲ့ နောက်ဆုံး ၀မ်းဆွဲတဲ့ အတတ်ပညာကိုတောင် သင်ခွင့်မပေးဘူး။ အစာရေစာကိုလည်း နိုင်ငံတော် အနေနဲ့ လောက် လောက်လားလား မပေးဘူး။ အပြင်က လာတဲ့သူကိုလည်း အမျိုးမျိုး ကန့်သတ်တယ်။ စားစရာမရှိအောင် လုပ်တယ်။ ငတ်သေအောင် လုပ် တယ်။ ဆရာဝန်မရှိဘူး။ ဆေးမရှိဘူး။ ဆေးရုံမရှိဘူး။ လူဆိုတာ အစား အသောက်နဲ့ ရေရှိမှ အသက်ရှင်လို့ရတာ။ ဒါတွေကို ဖြတ်တောက်ဖို့ လုပ်တယ်ဆိုရင် လုပ်တဲ့အစိုးရရဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပဲ ရှိတယ်။အဲဒီဟာက ဒီလူတွေကို ဖြည်းဖြည်းချင်းနဲ့ ညှင်းပြီးသတ်တာ။ ကျွန် တော်က နားစွန်နားဖျား ကြားရုံနဲ့ ဒီအလုပ် လုပ်နေတာ မဟုတ်ဘူး။ သုံးနှစ်တိတိ သုတေသန လုပ်တယ်။ တချို့ ရခိုင်မှာ တာဝန်ကျဖူးတဲ့ ဗမာ့တပ်မတော် အရာရှိဟောင်းတွေကို စကားပြောဖူးတယ်။ အင်တာ ဗျူးဖူးတယ်။ တပ်မတော် မော်ကွန်းတိုက်ထဲက ထွက်လာတဲ့ စာရွက် စာတမ်းတွေကိုလည်း ဖတ်တယ်။ ဗမာလိုလည်း ဖတ်တယ်။ အင်္ဂလိပ်လို စာရွက်စာတမ်းလည်း ဖတ်တယ်။ နောက်ပြီး ကျွန်တော်နဲ့ တွဲလုပ်တဲ့ သုတေသီ အမျိုးသမီးက မြန်မာပြည်သွားတယ်။ ရခိုင်ကိုလည်း သွား တယ်။ ဘင်္ဂလားဒေ့ရှ်ကိုလည်း သွားတယ်။ ကျွန်တော်တို့ မလေးရှားကို လည်း သွားတယ်။ အဲဒီမှာ ဖမ်းဆီးနှိပ်စက်ခံရတဲ့ ရိုဟင်ဂျာတွေနဲ့ အင် တာဗျူးလုပ်တယ်။ ဆေးလိပ်မီးနဲ့ ထိုးတယ်။ တုတ်နဲ့ ရိုက်တယ်။ ရိုဟင်ဂျာလို့ ပြောလို့ရှိရင် သွေးထွက်အောင် လက်သီးနဲ့ ထိုးတယ်။ တစ်ယောက် နှစ်ယောက် ပြောတာမဟုတ်ဘူး။ ရာနဲ့ချီပြီး ပြောတာ။ အဲဒါတွေ ဖြစ်နေတာကြောင့် ပြီးခဲ့တဲ့နှစ်ကစ ရိုဟင်ဂျာ လူ့အဖွဲ့အစည်း တစ်ခုလုံးကို တစ်စစီဖြစ်အောင် လုပ်နေတယ်၊Slow Genocide ဆိုပြီး ကျွန်တော် စ ရေးတာ။
    .
    ပြည်သူ့ခေတ် – ကောင်းပါပြီ။ ဒီလိုဆို လတ်တလော ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ဒီပြဿနာကြီးကို ဘယ်လိုဖြေရှင်းရင် ရမယ်လို့ ထင်သလဲ။
    .
    မောင်ဇာနည် – ကျွန်တော်ထင်တာကတော့ ပြည်တွင်းမှာ အဖြေမရှိဘူး။ အာဏာပိုင်တွေဟာ သန်းနဲ့ချီရှိတဲ့ လူ့အဖွဲ့အစည်းကြီးကို ရိုဟင်ဂျာ မရှိပါဘူး ဆိုပြီး ကမ္ဘာအထိ တက်လိမ်နေတာ။ အိပ်ချင်ယောင် ဆောင်နေသူတွေကို သွားနှိုးနေလို့ အကျိုးမထူး ဘူးလို့ ထင်တယ်။ သူတို့ကို ပြောင်းလဲလာအောင် လုပ်ဖို့ ပြည်တွင်းမှာ အင်အားမရှိဘူး။ နိုင်ငံတကာမှာပဲ အင်အားရှိတာ။ ၁၉၄၉ ခုနှစ် ဦးနု လက်ထက်မှာ ဗမာပြည်က Genocide Convention ကို လက်မှတ် ထိုးခဲ့တယ်။ အဲဒီတော့ ဒီ ကိုယ်ထိုးထားတဲ့ အပြည်ပြည်ဆိုင်ရာ စာချုပ်စာတမ်းတွေကို ဖောက်ဖျက်တယ်။ ပြည်သူကိုလည်း လိမ်တယ်။ ဒီလူတွေက နောင်တရဖို့ အလားအလာ မရှိဘူး။ နောင်တရသည် မရ သည် ခဏထား၊ သူတို့ လုပ်တာကို ကျွန်တော်တို့ ရပ်အောင် လုပ်ရ မယ်။ ရပ်ဖို့က အပြည်ပြည်ဆိုင်ရာမှာ နည်းလမ်းတွေရှိတယ်။ ရိုဟင်ဂျာ တွေကို လူတွေလို ဆက်ဆံပါ၊ လူ့အခွင့်အရေးပေးပါ၊ အသက်ရှင်နေထိုင် စားသောက်နိုင်အောင် လုပ်ကိုင်ခွင့်ပေးပါ၊ ခရီးသွားခွင့် ပေးပါ၊ ပညာ သင်ခွင့်ပေးပါ အစရှိသဖြင့် လုပ်ပေးလာဖို့ အပြည်ပြည်ဆိုင်ရာက ဖိအား ပေးလာအောင် လုပ်ရမယ်။ အဲဒါတွေ မလုပ်ဘူးဆိုရင် မြန်မာပြည်မှာ စီးပွားရေး မလုပ်ဖို့၊ ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ ကမ်ပိန်းတွေလုပ်မယ်။ ခုဆိုရင် ဒီလို ကွန်ဖရင့်မျိုးကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ပေးတဲ့ နိုင်ငံ မှာ ကျင်းပခွင့်ရတယ်။ အဲဒီနိုင်ငံက ဒုနိုင်ငံခြားရေးဝန်ကြီးလာတယ်၊ ၀န်ကြီးချုပ်ဟောင်း တက်တယ်။ ကျွန်တော်တို့ စ ကြိုးစား တာပေါ့ဗျာ။

    ဒေါက်တာမောင်ဇာနည်၏ ကိုယ်ရေးအကျဉ်း
    MA (California)
    PhD (Wisconsin) Visiting Fellow (2011 – 13),
    Human Security and Civil Society Research Unit, Department of International Development, LSE (London School of Economics)
    .
    Sithu Aung Myint FB စာမျက်နှာမှတဆင့် ကူးယူဖော်ပြပါသည်။