News @ M-Media

Tag: Iran

  • အပစ်ရပ်ရေးသဘောတူညီချက် မရသေးဟု အီရန်ပြော

    ဇွန် ၂၄၊ ၂၀၂၅
    M-Media

    အီရန်နိုင်ငံခြားရေး၀န်ကြီး အဘတ်စ် အာရဂ်ချီ


    အစ္စရေးနဲ့ အပစ်ရပ်ဖို့ သဘောတူညီချက် မရသေးဘူးလို့ အီရန်နိုင်ငံခြားရေး၀န်ကြီး အဘတ်စ် အာရဂ်ချီက ပြောပါတယ်။
    အီရန်က ကာတာမှာရှိတဲ့ အမေရိကန် စစ်အခြေစိုက်စခန်းကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အစ္စရေးနဲ့ အီရန်တို့ဟာ အပစ်ရပ်ရေး သဘောတူညီချက် ရသွားပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့တာပါ။
    အီရန်နိုင်ငံခြားရေး၀န်ကြီးကတော့ အစ္စရေးဘက်က ကျူးကျော်တိုက်ခိုက်မှုကို ရပ်တန့်မှ အီရန်ဘက်ကလည်း လက်တုန့်ပြန်မှု ရပ်မယ်လို့ ဆိုပါတယ်။
    အီရန်နျူစက်ရုံတွေကို ဇွန်လ ၁၃ ရက်နေ့မှာ အစ္စရေးက စတင်ပြီး ကျူးကျော်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
    Ref: Aljazeera

  • အီရန်ကို အစ္စရေးက ကျူးကျော်တိုက်ခိုက်မှု ပြုလုပ်

    ဇွန် ၁၃၊ ၂၀၂၆
    M-Media

    အီရန်နိုင်ငံက နေရာတော်တော်များများကို အစ္စရေးက ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာ တိုက်လေယာဥ်တွေနဲ့ ကျူးကျော်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

    နျူစက်ရုံတွေနဲ့ စစ်ဖက်ဆိုင်ရာနေရာတွေကို ပစ်မှတ်ထားတာလို့ အစ္စရေးက ထုတ်ပြန်ပြီး၊ အီရန်ဖက်က လက်တုန့်ပြန်လာနိုင်တဲ့အတွက် အစ္စရေးတစ်နိုင်ငံလုံးကိုလည်း အရေးပေါ်အခြေအနေ ကြေငြာထားပါတယ်။

    အီရန်နိုင်ငံပိုင်မီဒီယာက တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး၊ တိုက်ခိုက်မှုအတွင်း တော်လှန်ရေး အစောင့်တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဟိုစိန် ဆာလာမီ ကျဆုံးခဲ့ကြောင်း အတည်ပြုပါတယ်။

    အမေရိကန်က တိုက်ခိုက်မှုတွေကို အစ္စရေးကသာ လုပ်ဆောင်တာဖြစ်ပြီး မိမိတို့မပါ၀င်ကြောင်း၊ အီရန်အနေနဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်းက အမေရိကန်စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်တာမျိုးမလုပ်ဖို့ သတိပေးထားပါတယ်။

    အစ္စရေးဟာ ပါလက်စတိုင်းနိုင်ငံ ဂါဇာကမ်းမြှောင်မှာလည်း ၂ နှစ်အတွင်း ပါလက်စတိုင်းအရပ်သား ၅၅၀၀၀ ကျော်ကို သတ်ဖြတ်ထားပါတယ်။

    Ref: Reuters

    (ဓာတ်ပုံ – အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ခေါင်းဆောင် ဟိုစိန် ဆာလာမီ)

  • အလျှော့အတင်းအသစ်နဲ့ အီရန်-အမေရိကန် နျူဆွေးနွေးပွဲ အောင်မြင်နိုင်မလား

    အလျှော့အတင်းအသစ်နဲ့ အီရန်-အမေရိကန် နျူဆွေးနွေးပွဲ အောင်မြင်နိုင်မလား


    မေ ၂၊ ၂၀၂၅
    M-Media

    (ဓာတ်ပုံ – အီရန်ရှိ နျူနှင့်သက်ဆိုင်သည့် အဆောက်အဦးများ)

    သမ္မတ ဒေါ်နယ်ထရမ့်တစ်ယောက် ထူးထူးခြားခြား ဧပြီလအတွင်းမှာ အီရန်နဲ့ စေ့စပ်ဆွေးနွေးမှုတွေ စတင်လိုက်ဟာ အီရန်ကို ကျူးကျော်တိုက်ခိုက်ဖို့ အမေရိကန်ကို အဖော်ညှိနေတဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကို အံ့အားသင့်သွားစေခဲ့ပါတယ်။

    နေတန်ယာဟုတစ်ယောက် အီရန်ရဲ့ နျူစက်ရုံတွေကို အလစ်ချောင်းတိုက်ခိုက်ဖို့ အမေရိကန်ရဲ့ ထောက်ခံမှုကို မျှော်ကိုးပြီး ဝါရှင်တန်ကိုသွားရောက်ခဲ့တဲ့အချိန်မှ အီရန်-အမေရိကန် ဆွေးနွေးမှု မကြာခင်စတင်တော့မယ်ဆိုတာ သိလိုက်ရတာပါ။ အဲဒီနောက်ပိုင်း သုံးပတ်အတွင်း အမေရိကန်နဲ့ အီရန်တို့ဟာ နျူကလီးယားလက်နက် မထုတ်ဖို့နဲ့ အရေးယူပိတ်ဆို့မှုတွေ လျှော့ချပေးဖို့ ရည်ရွယ်တဲ့ ဆွေးနွေးပွဲသုံးကြိမ် ပြုလုပ်ခဲ့ပြီး စတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲကိုလည်း မကြာမီကျင်းပဖို့ စီစဉ်ထားပါတယ်။

    ဒီဆွေးနွေးပွဲတွေရဲ့ အဓိကအချက်က ၂၀၁၅ ခုနှစ် နျူကလီးယားသဘောတူညီချက် (JCPOA) ကို ပြန်လည်အသက်သွင်းဖို့နဲ့ ချဲ့ထွင်ဖို့ ဖြစ်ပါတယ်။ ထရမ့်ဟာ သူ့ရဲ့ အရင်သက်တမ်းမှာ ဒီသဘောတူညီချက်ကနေ နှုတ်ထွက်ခဲ့ပါတယ်။

    လက်ရှိမှာတော့ သဘောတူညီချက်ကာလကို ပိုရှည်ဖို့၊ စစ်ဆေးမှုတွေ ပိုမိုတင်းတင်းကျပ်ကျပ်လုပ်ဆောင်ဖို့နဲ့ ယူရေနီယံ သန့်စင်မှုကို ၃.၆၇% အထိ ကန့်သတ်ဖို့ စတဲ့ အဆိုပြုချက်တွေ ပါဝင်နေပါတယ်။ ဒါ့အပြင် အီရန်အနေနဲ့ ပြည့်၀ယူရေနီယံ အနည်းငယ်သာ ပိုင်ဆိုင်ခွင့်ရှိပြီး အများစုကို ရုရှားလို တစ်ခြားနိုင်ငံတွေဆီ ပို့ဆောင်သိမ်းဆည်းထားဖို့ သဘောတူညီမှုထဲမှာ ပါ၀င်လာဖွယ် ရှိနေပါတယ်။ ဒါပေမယ့် အဓိက အချက်နှစ်ချက်မှာ သဘောထားကွဲလွဲမှုတွေ ရှိနေဆဲပါ။

    အမေရိကန် နိုင်ငံရေးသမားတစ်ချို့နဲ့ အစ္စရေးတို့ကတော့ အီရန်ရဲ့ ယူရေနီယံ သန့်စင်မှုကို လုံး၀ တားဆီးဖို့နဲ့ ဒုံးကျည်စီမံကိန်းကိုပါ ကန့်သတ်ဖို့ တောင်းဆိုနေပြီး အီရန်ကလည်း ဒါကို လက်ခံမှာမဟုတ်ဘူးလို့ ယတိပြတ် ပြောဆိုထားပါတယ်။

    အစ္စရေးရဲ့ အလစ်အငိုက် ချောင်းမြောင်းကျူးကျော်တိုက်ခိုက်မှု အန္တရာယ်လည်း ရှိနေပါတယ်။ အီရန်ရဲ့ ဒုံးခွင်းစနစ် အားနည်းမှုကို အစ္စရေးက အခွင့်ကောင်းယူချင်နေတာဖြစ်ပါတယ်။ တိုက်ခိုက်မှုမှာ တိုက်ရိုက်ပါဝင်ဖို့ အမေရိကန်က ငြင်းဆိုနေပေမယ့် အရှေ့အလယ်ပိုင်းဒေသအတွင်း စစ်ရေးပြင်ဆင်မှုတွေကို တိုးမြှင့် လုပ်ဆောင်လာပါတယ်။

    ကျွမ်းကျင်သူတွေကတော့ စစ်ရေးတိုက်ခိုက်မှု အောင်မြင်ရင် အီရန်ရဲ့ နျူကလီးယားစွမ်းရည် အားလျော့သွားနိုင်ပေမယ့် အပြီးတိုင် ဖျက်ဆီးနိုင်မှာမဟုတ်ဘူး လို့ သတိပေးထားပါတယ်။

    Ref: Reuters

  • အမေရိကန်၏ ပိတ်ဆို့မှုများကြားမှ အရှိန်ဟုန်ကောင်းဖြင့် တိုးတက်နေသည့် အီရန်၏ အာကာသ စီမံကိန်း

    အမေရိကန်၏ ပိတ်ဆို့မှုများကြားမှ အရှိန်ဟုန်ကောင်းဖြင့် တိုးတက်နေသည့် အီရန်၏ အာကာသ စီမံကိန်း

    ဧပြီ ၂၁၊ ၂၀၂၅

    M-Media

    ရုရှားရဲ့ အကူအညီနဲ့ အီရန်ဟာ နိုင်ငံအရှေ့တောင်ပိုင်း ဆိပ်ကမ်းမြို့ Chabahar မှာ အဓိက အာကာသစခန်းသစ်ကြီး တည်ဆောက်နေပြီး အာကာသအစီအစဉ်ကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်။ ဒီစခန်းဟာ အမေရိကရဲ့ Cape Canaveral လိုမျိုး အီရန်ရဲ့ ဂြိုလ်တုလွှတ်တင်ရေးနဲ့ အာကာသလုပ်ငန်းတွေအတွက် အဓိကဌာန ဖြစ်လာမယ်လို့ မျှော်မှန်းထားပါတယ်။ စီးပွားရေးအခက်အခဲနဲ့ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေရှိပေမယ့် အီရန်ရဲ့ အာကာသရည်မှန်းချက်တွေက အားကောင်းနေဆဲပါ။

    အီရန် အာကာသအေဂျင်စီနဲ့ တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC တို့ဟာ ဂြိုလ်တုအများအပြားကို ကမ္ဘာပတ်လမ်းထဲ လွှတ်တင်ထားနိုင်ပြီး အာကာသနည်းပညာမှာ အရှေ့အလယ်ပိုင်းရဲ့ အအောင်မြင်ဆုံး နိုင်ငံတစ်ခုအဖြစ် မှတ်ယူခံထားရပါတယ်။ အမေရိကန်ရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတဲ့ ဗိုလ်ချုပ်ပြီး Qassem Soleimani ကို ဂုဏ်ပြုတဲ့အနေနဲ့ ဂြိုလ်တု ၂၀ ပါဝင်မယ့် အာကာသကွန်ယက် စီမံကိန်းတစ်ခုကိုလည်း အီရန်က ဖော်ဆောင်နေပါတယ်။

    အမေရိကန်နဲ့ မဟာမိတ်တွေက အီရန်ရဲ့ အာကာသအစီအစဉ်ဟာ တိုက်ချင်းပစ်ဒုံးကျည်နည်းပညာ အားကောင်းလာဖို့အတွက် အကြောင်းပြချက်ဖြစ်နေမှာကို စိုးရိမ်နေကြပါတယ်။ အထူးသဖြင့် ဂြိုလ်တုလွှတ်တင်တဲ့ ဒုံးပျံနဲ့ တိုက်ချင်းပစ်ဒုံးကျည် ICBM တွေမှာ အသုံးပြုတဲ့နည်းပညာနှစ်ခုဟာ တူနေတာကြောင့်ပါ။ Donald Trump ရဲ့ ဒုတိယသက်တမ်းအတွင်း အီရန်ရဲ့ နျူလက်နက်ထုတ်လုပ်နိုင်မယ့် ယူရေနီယံသန့်စင်မှုပမာဏ ၅၀% ကျော်မြင့်တက်လာတာနဲ့အတူ အီရန်ရဲ့ စစ်ရေးရည်ရွယ်ချက်တွေကိုလည်း ပိုမိုစိုးရိမ်လာကြပါတယ်။ အမေရိကန်နဲ့ အီရန်အရာရှိတွေဟာ အိုမန်မှာ နျူဆွေးနွေးပွဲတွေ ပြန်လည်စတင်ခဲ့ပြီး အနောက်နိုင်ငံတွေက ဒီအခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်။

    အီရန်နဲ့ ရုရှားကြား နီးကပ်လာတဲ့ ဆက်ဆံရေးဟာ အီရန်ရဲ့ အာကာသနည်းပညာတိုးတက်မှုကို အရှိန်မြင့်စေခဲ့ပါတယ်။ ရုရှားက အီရန်ဂြိုလ်တုတွေကို လွှတ်တင်ပေးခဲ့သလို၊ အာကာသအတွေ့အကြုံတွေကိုလည်း မျှဝေပေးခဲ့ပါတယ်။ အပြန်အလှန်အနေနဲ့ အီရန်က ရုရှားကို ယူကရိန်းစစ်ပွဲမှာ အသုံးပြုဖို့ Drone တွေ ထောက်ပံ့ပေးခဲ့ပါတယ်။ ဆန်းစစ်သူတွေကတော့ အာကာသစွမ်းရည်တွေကြောင့် အီရန်ဟာ ဒုံးလက်နက်တွေကို ပိုမိုတိကျမြန်ဆန်စွာ ထိန်းချုပ် ကိုင်တွယ်လာနိုင်မယ်လို့ သုံးသပ်ပါတယ်။ ဒီလိုတိုးတက်ဖွံ့ဖြိုးမှုတွေကို အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေက ပိုမိုစိုးရိမ်လာကြပြီး အထူးသဖြင့် ပါလက်စတိုင်းကို မတရားသိမ်းပိုက်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ အစ္စရေးနိုင်ငံ ဖြစ်ပါတယ်။

    အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပသမဂ္ဂတို့ဟာ အီရန်အာကာသအစီအစဉ်မှာ ပါဝင်နေတဲ့ အရာရှိတွေကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အီရန်ခေါင်းဆောင်တွေက အာကာသနည်းပညာကို ကာကွယ်ရေးဖက်မှာပါ အသုံးပြနိုင်တာကို လက်ခံထားကြပြီး၊ တိုင်းပြည် လူ့စွမ်းအားနဲ့ သိပ္ပံတိုးတက်မှု သင်္ကေတအဖြစ် ရှုမြင်ကြပါတယ်။ ပိတ်ဆို့မှုနဲ့ နည်းပညာအခက်အခဲတွေကြားထဲကပဲ အီရန်ဟာ အာကာသနယ်ပယ်မှာ အရှိန်အဟုန်နဲ့ ဆက်လက်ချီတက်နေဆဲပါ။

    “ကျွန်တော်တို့ ကိုယ့်ခြေထောက်ပေါ်ကိုယ် မရပ်တည်နိုင်အောင် ရန်သူတွေက တားဆီးကြတယ်။ ဒီလိုဟန့်တားမှုတွေကပဲ သိပ္ပံနဲ့ နည်းပညာမှာ အောင်မြင်မှုတွေရဖို့ ကျွန်တော်တို့အတွက် မောင်းနှင်အား ဖြစ်စေခဲ့ပါတယ်” လို့ အီရန်သမ္မတ Pezeshkian က နိုင်ငံရဲ့ အာကာသနည်းပညာ တိုးတက်မှုနဲ့ပတ်သက်ပြီး မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

    Chabahar အာကာသစခန်းရဲ့ အောင်မြင်မှုဟာ အီရန်ရဲ့ ရေရှည်အာကာသစီမံကိန်းအတွက် အရေးကြီးပါတယ်။ ဒီအာကာသစခန်းကို ၂၀၂၄ မှာ ဖွင့်ဖို့စီစဉ်ထားပေမယ့် နှောင့်နှေးခဲ့ပြီး ဒီနှစ်အတွင်း ဖွင့်လှစ်ဖို့ မျှော်လင့်ထားပါတယ်။ အီရန်ရဲ့ အခြားလွှတ်တင်ရေးနေရာတွေထက် အီကွေတာနဲ့ပိုနီးတဲ့ Chabahar ကြောင့် နိုင်ငံရဲ့ အာကာသနည်းပညာမှာ ဗျူဟာမြောက်အကျိုးကျေးဇူးတွေ ရရှိလာပါလိမ့်မယ်။

    အီရန်အာဏာပိုင်တွေက သူတို့ရဲ့ အာကာသရည်မှန်းချက်တွေဟာ သိပ္ပံစွမ်းရည်တိုးတက်ဖို့နဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် ငြိမ်းချမ်းစွာကြိုးစားနေတဲ့ လုပ်ငန်းမျိုးသာဖြစ်ကြောင်း ရှုမြင်ထားကြပါတယ်။

    Ref: Bloomberg

  • နို၀င်ဘာ ၂၈ ရက် နိုင်ငံတကာသတင်းများ

    နို၀င်ဘာ ၂၈ ရက် နိုင်ငံတကာသတင်းများ

    (ဓာတ်ပုံ – ခါမေနီနှင့် အီရန်ရေတပ် အရာရှိများ တွေ့ဆုံပွဲ)

    M-Media

    ရီယာ့ဒ်မြို့မှ မက်ထရိုရထားလိုင်းသစ် ဖွင့်လှစ်
    ————–
    မြို့တော်ရီယာ့ဒ်မှာ ၁၇၆ ကီလိုမီတာရှည်လျားပြီး ဘူတာပေါင်း ၈၅ ခုပါ၀င်မယ့် မက်ထရို ရထားလိုင်းသစ်ကို ဆော်ဒီဘုရင် ဆလ်မန်က ဗုဒ္ဓဟူးနေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့စတင်ပြီး အများပြည်သူတွေ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ ဆော်ဒီအစိုးရရဲ့ ၂၀၃၀ ဖွံ့ဖြိုးရေး စီမံကိန်းမှာ ရီယာ့ဒ်မြို့အတွင်း အများပြည်သူ သယ်ယူပို့ ဆောင်ရေးစနစ် ပိုမိုကောင်းမွန်စေဖို့ ပါ၀င်ပြီး မက်ထရိုရထားလိုင်းဟာ ဒီစီမံကိန်း တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

    ရေကြီးမှုနှင့် ရေရှားပါးမှု တိုက်ဖျက်ရေး စီမံကိန်းသစ် ယူအေအီးစမည်
    —————
    နိုင်ငံတစ်၀ှမ်း ရေလှောင်တမံနဲ့ တူးမြောင်းတွေ တစ်ဒါဇင်လောက် ဆောက်လုပ်မယ့် စီမံကိန်းသစ်တစ်ခုကို အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နိုင်ငံက ထုတ်ပြန်ကြေငြာပါတယ်။ ရာသီဥတုဖောက်ပြန်မှု နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ရေကြီးရေလျှံမှု၊ သောက်သုံးရေရှားပါးမှု ပြဿနာကို ဖြေရှင်းဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ ရေပြဿနာကို တိုက်ဖျက်ဖို့အတွက် ယူအေအီးဟာ ၂၀၃၆ စီမံကိန်းကြီးတစ်ခုကို ချမှတ် ဖော်ဆောင်နေပါတယ်။

    ကာကွယ်ရေးစွမ်းအား မြှင့်တင်ရန် အီရန် အဓိပတိ တိုက်တွန်း
    ————–
    စစ်တပ်ရဲ့ တိုက်ခိုက်ရေးနဲ့ ကာကွယ်ရေးစွမ်းအားကို ပိုမိုမြှင့်တင်ဖို့ ရေတပ်ဦးစီးချုပ်တွေနဲ့ တွေ့ဆုံပွဲမှာ အီရန် အဓိပတိ အယာတိုလာ အလီခါမေနီက တိုက်တွန်းလိုက်ပါတယ်။ ရေတပ်ဟာ ဒေသတွင်းမှာ အရေးပါကာ အဆုံးအဖြတ်ပေးနိုင်တဲ့ တပ်တစ်ခုဖြစ်ပြီး၊ ရန်စလာရင် ဆုံးရှုံးမှု ကြီးမားသွားအောင် လုပ်နိုင်တဲ့ အင်အားမျိုး ရှိနေတာဆိုတာကို ရန်သူတွေ သိစေဖို့ လုပ်ဆောင်သွားရမယ်လို့လည်း ခါမေနီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Arab News, Khaleej Times, Press TV