News @ M-Media

Tag: Iran

  • စက်တင်ဘာ ၂၁ ရက်နေ့ နိုင်ငံကတာ သတင်းတို

    စက်တင်ဘာ ၂၁ ရက်နေ့ နိုင်ငံကတာ သတင်းတို

    M-Media

    (ဓာတ်ပုံ – ဆော်ဒီမှ အာရဘီစင်တာတစ်ခုကို မြင်ရစဥ်)

    လူ ၇၀ ကျော်ကို အွမ္မရာ ဘုရားဖူးပို့ပေးမယ့် ဒူဘိုင်းရဲဌာန
    ———
    ဒူဘိုင်းရဲတပ်ဖွဲ့ဟာ လက်ရှိ၀န်ထမ်းနဲ့ အငြိမ်းစား၀န်ထမ်း စုစုပေါင်း ၇၆ ဦးကို စားရိတ်ငြိမ်း ဆော်ဒီအာရေဗျကို အွမ္မရာဘုရားဖူး ပို့ပေးဖို့ စီစဥ်နေပါတယ်။ ဒီခရီးစဥ်ဟာ ၆ ရက်တာ ကြာမြင့်မှာဖြစ်ပြီး ဘုရားဖူးကာလမှာ ကျင့်မူဆောက်တည်ရမယ့် ကျင့်စဥ်တွေကို ကာလတို သင်တန်းပေးသွားမယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အာရဘီဘာသာဆိုင်ရာ နိုင်ငံတကာညီလာခံတစ်ခု ဆော်ဒီတွင် ကျင်းပမည်
    ————–
    အောက်တိုဘာ ၆ ရက်နေ့ကနေ ၇ ရက်နေ့အထိ ဆော်ဒီအာရေဗျနိုင်ငံမှာ ၃ ကြိမ်မြောက် အာရဘီဘာသာစကားဆိုင်ရာ နိုင်ငံတကာညီလာခံတစ်ခု ကျင်းပဖို့ ရှိနေပါတယ်။ ကွန်ပျူတာနဲ့ ဉာဉ်ရည်တု နယ်ပယ်မှာ အာရဘီဘာသာစာပေကို အခုထက်ပိုပြီး ပိုမိုအသုံချနိုင်ရေး ညီလာခံမှာ ဆွေးနွေးမှာဖြစ်ပြီး နိုင်ငံပေါင်း ၂၂ နိုင်ငံက ပညာရှင်တွေ အများအပြား တက်ရောက်ဖို့ ရှိနေပါတယ်။

    အီရန်က ဒရုန်းနှင့် ဒုံးကျည်သစ်များ ထုတ်ပြ
    ————-
    အီရန်က တိုက်ချင်းပစ်ဒုံးကျည်သစ် Jihad နဲ့ အဆင့်မြှင့်တင်ထားတဲ့ Shahed-136B အသေခံဒရုန်းတို့ကို စနေနေ့ စစ်ရေးပြပွဲမှာ ထုတ်ပြလာပါတယ်။ ဒုံးကျည်ဟာ မိုင်ပေါင်း ၆၀၀ ကျော် အကွာအ၀ေးအထိ ပစ်ခတ်နိုင်ပြီး၊ ဒရုန်းက မိုင် ၂၅၀၀ လောက် ပျံသန်းနိုင်ပါတယ်။ စစ်ရေးပြပွဲမှာ အခြား စစ်လက်နက်ပစ္စည်းတွေကိုလည်း အီရန်က ထုတ်ပြခဲ့ပါတယ်။

    Ref: Arab News


  • စက်တင်ဘာ ၅ ရက်နေ့ သတင်းတို

    စက်တင်ဘာ ၅ ရက်နေ့ သတင်းတို

    စက်တင်ဘာ ၅၊ ၂၀၂၄
    M-Media

    အကျဥ်းသားကိစ္စ ကူညီခဲ့သည့် ဆော်ဒီကို ရုရှား ကျေးဇူးတင်
    —————–
    သြဂုတ်လ ရုရှားနဲ့ အမေရိကန်တို့ အကျဥ်းသား အပြန်အလှန် လဲလှယ်ရေးမှာ ကူညီပေးခဲ့တဲ့ ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ကို ကျေးဇူးတင်တယ်လို့ ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်က ပြောပါတယ်။ နှစ်ဖက် အကျဥ်းသား ၂၄ ဦး ပါ၀င်တဲ့ ဒီလဲလှယ်ရေးဟာ စစ်အေးနောက်ပိုင်း ရုရှားနဲ့ အနောက်နိုင်ငံတွေအကြား အကြီးဆုံးလဲလှယ်မှုလည်း ဖြစ်ပါတယ်။

    အစ္စရေးကို အီရန်၏ တုန့်ပြန်မှု ထူးထူးခြားခြားဖြစ်မည်ဟုဆို
    ————–
    ဟားမက်စ်အဖွဲ့ရဲ့ နိုင်ငံရေးခေါင်းဆောင် အစ္စမာအီလ် ဟာနီယာကို သြဂုတ်လအတွင်း တီဟီရန်မှာ အစ္စရေးက လုပ်ကြံမှုအတွက် တုန့်ပြန်မှုဟာ ထူးခြားပြီး အံ့သြစရာဖြစ်လာလိမ့်မယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ တပ်မှူး ဗိုလ်ချုပ် မိုရှန် ချိုင်ဇာရီက ပြောပါတယ်။ တိုက်ခိုက်ဖို့အတွက် သင့်တော်တဲ့ အချိန်တစ်ခုကို စောင့်နေတာလို့လည်း ချိုင်ဇာရီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    စင်ကာပူ-အိန္ဒိယ နည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်
    —————–
    ကွန်ပျူတာချစ်ပ်နဲ့ ဒစ်ဂျစ်တယ်နည်းပညာမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နားလည်မှုဆိုင်ရာ စာချွန်လွှာတစ်ရပ်ကို အိန္ဒိယနဲ့ စင်ကာပူတို့ စက်တင်ဘာ ၅ ရက်နေ့မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ အိန္ဒိယဟာ ကွန်ပျူတာချစ်ပ်ထုတ်လုပ်ရေးမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာရေး ကြိုးပမ်းဆောင်ရွက်နေပြီး စာချွန်လွှာဟာ ဒီရည်မှန်းချက် ပိုမိုအားကောင်းလာရေး အထောက်အပံ့ ဖြစ်လာလိမ့်မယ်လို့ အိန္ဒိယက ပြောပါတယ်။

    Ref: Arab News, CNA

  • သမ္မတသေဆုံးခဲ့သည့် ရဟတ်ယာဥ်ပျက်ကျမှု တွေ့ရှိချက်ကို အီရန် ထုတ်ပြန်

    သမ္မတသေဆုံးခဲ့သည့် ရဟတ်ယာဥ်ပျက်ကျမှု တွေ့ရှိချက်ကို အီရန် ထုတ်ပြန်

    စက်တင်ဘာ ၃၊ ၂၀၂၄
    M-Media

    -သမ္မတ အီဘရာဟင်ရိုင်စီ သေဆုံးခဲ့တဲ့ မေလက ရဟတ်ယာဥ်ပျက်ကျမှုဟာ ရာသီဥတု ဆိုး၀ါးမှုကြောင့် ဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိချက်ကို အခြေခံပြီး အီရန်အစိုးရက စက်တင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

    ဒီပျက်ကျမှုမှာ သမ္မတ ရိုင်စီ၊ နိုင်ငံခြားရေး၀န်ကြီး အမီရ် အဘ်ဒိုလာဟင်တို့အပါအ၀င် လူ ၇ ဦး သေဆုံးခဲ့ပါတယ်။

    အဇာဘိုင်ဂျန်နဲ့ ကပ်နေတဲ့ အီရန်အနောက်မြောက်ပိုင်းဒေသမှာ ရုတ်တရတ် မြူတွေဆိုင်းလာရာကနေ ရာသီဥတုဆိုးရွားကာ ရဟတ်ယာဥ်ကို မထိန်းနိုင်တာကြောင့် ပျက်ကျခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

    လေယာဥ်ကို တိုက်ခိုက်ခံရတာ၊ စက်ပစ္စည်းချို့ယွင်းတာလို ကိစ္စမျိုး မရှိခဲ့ဘူးလို့လည်း အီရန်အစိုးရ ပြောပါတယ်။ ရိုင်စီသေဆုံးမှုဟာ အီရန်နဲ့ အစ္စရေးတို့အကြား တင်းမာမှု အမြင့်ဆုံးရောက်နေချိန်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

    Ref: CNN

  • မိုဟာဂျီရ် (သို့မဟုတ်) အီရန်၏ အဆင့်မြင့် ဘက်စုံသုံး ဒရုန်း

    မိုဟာဂျီရ် (သို့မဟုတ်) အီရန်၏ အဆင့်မြင့် ဘက်စုံသုံး ဒရုန်း

    သြဂုတ် ၁၄၊ ၂၀၂၄
    M-Media

    -အီရန်ဟာ သူတို့ရဲ့ ပြည်တွင်းဖြစ် Mohajer-10 ဒရုန်းကို အခုတစ်ပတ် ရုရှားနိုင်ငံမှာလုပ်တဲ့ စစ်လက်နက်ပစ္စည်းပြပွဲမှာ ထုတ်ပြလာပါတယ်။

    ၂၀၂၃ ခုနှစ် သြဂုတ်လမှာ မိတ်ဆက်ခဲ့ပြီး အီရန်ပြင်ပ နိုင်ငံတစ်ခုမှာ ပထမဆုံးအကြိမ် ပြသတာ ဖြစ်ပါတယ်။

    Mohajer-10 ဒရုန်းဟာ ၂၄ နာရီ မရပ်မနား ပျံသန်းနိုင်ပြီး မိုင်ပေါင်း ၁၂၄၀ အထိ ရောက်ရှိနိုင်ပါတယ်။ အီရန်ပြည်တွင်းထုတ် ဒရုန်းတွေထဲမှာ အဆင့်အမြင့်ဆုံး ဖြစ်ပါတယ်။ အမေရိကန်ရဲ့ နာမည်ကျော် MQ-9 Reaper ဒရုန်းနဲ့ ယှဥ်နိုင်တယ်လို့ အီရန်ပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။

    Mohajer-10 ကို ထောက်လှမ်းရေး၊ ပစ်မှတ် စုဆောင်းရေးနဲ့ တိုက်ခိုက်ရေးတွေမှာ အသုံးပြုနိုင်ပြီး အလေးချိန် ကီလို ၃၀၀ တင်ဆောင်နိုင်ပါတယ်။ ပစ်မှတ်ကို ထိထိရောက်ရောက် ဗုံးကြဲတိုက်ခိုက်နိုင်တယ်လို့လည်း ဆိုပါတယ်။

    ဒီဒရုန်းဟာ အစ္စရေး၊ ယူကရိန်းနဲ့ အနောက်နိုင်ငံတွေအတွက် ပြဿနာဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ၁၀ လအတွင်း ပါလက်စတိုင်းပြည်သူ ၄ သောင်းနီးပါး သတ်ဖြတ်ထားတဲ့ အစ္စရေးနဲ့ အီရန်တို့အကြား တင်းမာမှုက ပိုမိုမြင့်တက်လာနေသလို၊ ရုရှားကလည်း ယူကရိန်းမှာ အီရန်လုပ်ဒရုန်းတွေကို အသုံးပြုနေတယ်လို့ သတင်းထွက်နေပါတယ်။

    အီရန်ဟာ ရုရှားမှာလုပ်တဲ့ လက်နက်ပြပွဲမှာ ပြည်တွင်းဖြစ် လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ၊ ရေဒါတွေအပါအ၀င် စစ်လက်နက်ပစ္စည်း အများအပြား ပြသခဲ့ပါတယ်။

    Ref: Interesting Engineering

  • အစ္စရေးကို ကာကွယ်ပေးရန် အရှေ့အလယ်ပိုင်းတွင် အမေရိကန်က အသင့်ပြင်ထား

    အစ္စရေးကို ကာကွယ်ပေးရန် အရှေ့အလယ်ပိုင်းတွင် အမေရိကန်က အသင့်ပြင်ထား

    သြဂုတ် ၁၃၊ ၂၀၂၄
    M-Media

    (လေယာဥ်တင်သင်္ဘော Abraham Lincoln ပါ၀င်သည့် အမေရိကန် တိုက်ခိုက်ရေး ရေယာဥ်အုပ်)

    -ပါလက်စတိုင်းမှာ ၁၀ လအတွင်း လူ ၄ သောင်းနီးပါးကို သတ်ဖြတ်ထားတဲ့ အစ္စရေးကို အီရန်နဲ့ ဟစ်ဇ်ဘိုလာအဖွဲ့က ကြီးကြီးမားမား တိုက်ခိုက်မှုတွေ ရှိလာနိုင်တာကြောင့် အမေရိကန်က အစ္စရေးကို ကာကွယ်ပေးဖို့ အသင့်ပြင်ထားပါတယ်။

    ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်ရဲ့ နိုင်ငံရေးခေါင်းဆောင် အစ္စမာအီလ် ဟာနီယာကို ဇူလိုင်လ ၃၁ ရက်နေ့ အီရန်မှာ အစ္စရေးက လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက်ပိုင်း အီရန်၊ လက်ဘနွန်က အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာတို့ အစ္စရေးကို ပြင်းပြင်းထန်ထန် လက်တုန့်ပြန်မယ်ဆိုပြီး သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။

    အမေရိကန်ဟာ အခုတစ်ပတ်ထဲမှာပဲ ပဲ့ထိန်းဒုံးတပ် ရေငုပ်သင်္ဘောတစ်စီးနဲ့ လေယာဥ်တင်သင်္ဘော USS Abraham Lincoln တို့ ပါ၀င်တဲ့ ရေယာဥ်အုပ်ကို မြေထဲပင်လယ်ထဲကို စေလွှတ်လိုက်ပါတယ်။

    အမေရိကန် ကာကွယ်ရေး၀န်ကြီး လွိုက်အော်စတင်၊ အိမ်ဖြူတော်က နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျွန်ကီဘရီတို့က အမေရိကန်ဟာ အစ္စရေးကို ဘယ်လိုနည်းလမ်းမျိုးနဲ့မဆို ကာကွယ်ပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အစ္စရေးကို လက်တုန့်မပြန်ဖို့ ပြင်သစ်၊ ဂျာမနီနဲ့ ယူကေတို့ရဲ့ တိုက်တွန်းမှုကို အီရန်ကလည်း ပယ်ချထားပါတယ်။

    ဒီတိုက်တွန်းမှုဟာ အစ္စရေးကို ပ,စားပေးတဲ့ သဘောမျိုး ဆောင်နေကြောင်း၊ အစ္စရေးက ကျူးလွန်နေတဲ့ နိုင်ငံတကာ ရာဇ၀တ်မှုတွေမှာ ကန့်ကွက်တားဆီးတာမျိုး မရှိဘဲ၊ အချုပ်အခြာအာဏာ ထိခိုက်ခံရတဲ့ အီရန်က လက်တုန့်ပြန်ဖို့ ဆောင်ရွက်မှုကို ဟန့်တားနေတာဟာ ကျိုးကြောင်း လျော်ညီမှုမရှိကြောင်း အီရန်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာဆာရ် ကာနာနီက တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera