News @ M-Media

Tag: Iran

  • အရှေ့အလယ်ပိုင်းတင်းမာမှု မြင့်တက်လာချိန်တွင် အီရန်နှင့် တူရကီ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံ

    အရှေ့အလယ်ပိုင်းတင်းမာမှု မြင့်တက်လာချိန်တွင် အီရန်နှင့် တူရကီ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံ

    ဇန်န၀ါရီ ၂၄၊ ၂၀၂၄

    M-Media 


    -အရှေ့အလယ်ပိုင်းမှာ မတည်မငြိမ်မှုတွေ ထပ်ပြီး တိုးမလာအောင် ဆောင်ရွက်ဖို့ သဘောတူညီချက်ရခဲ့တယ်လို့ အီရန်နဲ့ တူရကီခေါင်းဆောင်တွေက ထုတ်ပြန်ပါတယ်။ 

    အောက်တိုဘာ ၇ ရက်နေ့ကစပြီး ဂါဇာမှာ အစ္စရေးက တစ်ကျော့ပြန်လူသတ်ပွဲ ပြုလုပ်လာတဲ့ နောက်ဆက်တွဲအဖြစ် အရှေ့အလယ်ပိုင်းမှာ မတည်ငြိမ်မှုတွေ မြင့်တက်လာတာပါ။ 

    ပါလက်စတိုင်းနိုင်ငံတည်ရှိရေး မူလသဘောတူညီချက်ကို အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုက ပြောင်ပြောင်တင်းတင်းငြင်းပယ်ကာ တိုက်ခိုက်သတ်ဖြတ်မှုတွေ တိုးမြှင့် လုပ်ဆောင်လာပြီးနောက် အရှေ့အလယ်ပိုင်းမှာ မတည်ငြိမ်မှုတွေ ထပ်မံမြင့်တက်လာမှာကို ကမ္ဘာ့ခေါင်းဆောင်တွေက စိုးရိမ်လာကြတာ ဖြစ်ပါတယ်။ 

    အရှေ့အလယ်ပိုင်းက လက်နက်အင်အားကြီးနိုင်ငံ နှစ်ခုဖြစ်တဲ့ အီရန်နဲ့ တူရကီသမ္မတတို့ဟာ မနေ့က တွေ့ဆုံခဲ့ပြီး ဒေသတွင်းအရေး ဆွေးနွေးခဲ့ကြပါတယ်။ 

    အစ္စရေးရဲ့ လူမဆန်တဲ့ သတ်ဖြတ်မှုတွေ အဆုံးသတ်ရေး၊ ဒေသတွင်း ရေရှည်တည်တံ့မယ့် ငြိမ်းချမ်း၊ တရားမျှတမှု ရရှိရေး အရေးကြီးပုံတွေကို အီရန်သမ္မတ အီဘရာဟင် ရိုင်စီနဲ့ ဆွေးနွေးခဲ့တယ်လို့ တူရကီသမ္မတ အာဒိုဂန်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ 

    “ဒေသတွင်း တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ပိုမို ထိခိုက်လာစေမယ့် ခြေလှမ်းမျိုးတွေ မလှမ်းမိအောင် လုပ်ဆောင်ဖို့ အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ သဘောတူခဲ့ကြပါတယ်” 

    နယ်စပ်ဖြတ်ကျော် ခြိမ်းခြောက်မှုတွေကို တုန့်ပြန်ရေး ပူးပေါင်းဆောင်ရွက်ဖို့လည်း ခေါင်းဆောင် နှစ်ဦးက သဘောတူခဲ့ကြပါတယ်။ 

    အီရန်နဲ့ တူရကီတို့ဟာ ပါလက်စတိုင်းနယ်မြေတွေကို အစ္စရေးက ခိုးယူ သိမ်းပိုက်မှုနဲ့ ပါလက်စတိုင်းပြည်သူတွေအပေါ် အကြမ်းဖက်သတ်ဖြတ်မှုတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • IS အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုကို လက်တုန့်ပြန်မည်ဟု အီရန်သမ္မတ ကတိပြု

    IS အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုကို လက်တုန့်ပြန်မည်ဟု အီရန်သမ္မတ ကတိပြု

    ဇန်န၀ါရီ ၅၊ ၂၀၂၃


    M-Media 

    -ထိပ်တန်းဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီကွယ်လွန်တဲ့ နှစ်ပတ်လည် အခမ်းအနား တိုက်ခိုက်ခံရမှုကို လက်တုန့်ပြန်သွားမယ်လို့ အီရန်သမ္မတ အီဘရာဟင် ရိုင်စီက ကတိပြု ပြောကြားလိုက်ပါတယ်။ 

    ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲတိုက်ခိုက်မှု ၂ ခုကြောင့် အနည်းဆုံး ၈၉ ဦး သေဆုံးပြီး ၂၈၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ အာဖဂန်နိုင်ငံသားတွေလည်း ပါ၀င်ပါတယ်။ 

    တိုက်ခိုက်မှုကို သူတို့လုပ်တာလို့ IS အဖွဲ့က ထုတ်ပြန်ပါတယ်။ 

    ဒီကနေ့ပြုလုပ်တဲ့ သေဆုံးသူတွေရဲ့ စျာပနအခမ်းအနားမှာ အီရန်သမ္မတ ရိုင်စီက တိုက်ခိုက်မှုအတွက် လက်တုန့်ပြန်သွားမှာဖြစ်ပြီး ကမ္ဘာကြီးနဲ့ ရန်သူတွေဟာ အီရန်ရဲ့ အင်အားနဲ့ လုပ်နိုင်စွမ်းကို မြင်တွေ့ရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ 

    တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲ ဟိုစိန် ဆလ်မာနီကလည်း ဘယ်နေရာမှာပဲဖြစ်နေပါစေ လက်တုန့်ပြန်တိုက်ခိုက်သွားမယ်လို့ ကြုံး၀ါးခဲ့ပါတယ်။ 

    တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲ ကာစင် ဆိုလိုင်မာနီကို ၂၀၂၀ ခုနှစ်မှာ အမေရိကန်က လုပ်ကြံသတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

    Ref: Aljazeera

  • အဆင့်မြှင့်ထားသည့် အသံထက်မြန်သော ဒုံးကျည်ကို အီရန်ထုတ်ပြ

    အဆင့်မြှင့်ထားသည့် အသံထက်မြန်သော ဒုံးကျည်ကို အီရန်ထုတ်ပြ

    နို၀င်ဘာ ၂၀၊ ၂၀၂၃

    M-Media 


    -အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့က တီထွင်ထုတ်လုပ်ထားတဲ့ လက်နက်အသစ်အဆန်းတွေကို အဓိပတိ အယာတိုလာ အလီ ခါမေနီက နို၀င်ဘာ ၁၉ ရက်နေ့မှာ သွားရောက်ကြည့်ရှုခဲ့ပါတယ်။  

    အဲဒီအခမ်းအနားမှာ ပြည်တွင်းဖြစ် အသံထက်မြန်တဲ့ဒုံးကျည် Fattah ကို အဆင့်မြှင့်တင်ထားတဲ့ ဒုံးကျည်အပါအ၀င်၊ ဒရုန်းအသစ်၊ လေကြောင်းရန် ကာကွယ်ရေးစနစ် အသစ်တွေကို အီရန်က ထုတ်ပြခဲ့ပါတယ်။ 

    Fattah ဒုံးကျည်ကို အခုနှစ်ဇွန်လမှာ အီရန်က ထုတ်ပြခဲ့ပြီး တစက္ကန့်ကို ၃ ဒဿမ ၂ မိုင်အထိ သွားနိုင်တယ်လို့ ဆိုပါတယ်။ တရုတ်၊ ရုရှားတို့လို အသံထက်မြန်တဲ့ဒုံးကျည် ပိုင်ဆိုင်တဲ့ လက်တစ်ဆုပ်စာ နိုင်ငံတွေစာရင်းမှာ အီရန်က ပါ၀င်လာတာပါ။ 

    မနေ့ကပြသတဲ့ Fattah II ဒုံးကျည်နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို အီရန်က မထုတ်ပြန်ပါဘူး။ 

    အရင်ထုတ်ထားတဲ့ Shahed ဒရုန်းကို အဆင့်မြှင့်တင်ထားတဲ့ ‘Gaza’ ဒရုန်း၊ တာတိုနဲ့ တာလတ်ပစ် ဒုံးခွင်းစနစ် 9-Dey ကို အဆင့်မြှင့်တင်ထားမှုတွေကိုလည်း တော်လှန်ရေးအစောင့်တပ်ဖွဲ့က အဓိပတိ ခါမေနီကို ပြသခဲ့ပါတယ်။ 

    မနေ့က ပြပွဲမှာ ဒုံးခွင်းစနစ်အသစ် Mehran ကိုလည်း အီရန်က ထုတ်ပြပါတယ်။ ဒီစနစ်ဟာ လောင်စာတောင့်အသုံးပြုတဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ်နိုင်ပါတယ်။ 

    ခါမေနီဟာ မနေ့က အခမ်းအနားမှာ တစ်လအတွင်း ဂါဇာက ပါလက်စတိုင်းပြည်သူ ၁၃၀၀၀ ကျော်ကို သတ်ဖြတ်ထားတဲ့ အစ္စရေးနဲ့ သူတို့ကိုထောက်ခံတဲ့ အနောက်နိုင်ငံတွေကို ၀ေဖန်ရှုတ်ချခဲ့ပါတယ်။ 

    Ref: Aljazeera 

  • နိုဘယ်ငြိမ်းချမ်ရေးဆုကို အီရန် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ရရှိ

    အောက်တိုဘာ ၆၊ ၂၀၂၃
    M-Media

     

    -၂၀၂၃ ခုနှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကို အီရန်အမျိုးသမီး နာဂက်စ် မိုဟာမာဒီက ရရှိသွားပါတယ်။

    အသက် ၅၁ နှစ်အရွယ် နာဂက်စ်ရဲ့ အီရန်မှာ အမျိုးသမီးတွေ ဖိနှိပ်ခံရမှုကို ဆန့်ကျင်တိုက်ဖျက်ခဲ့တာကို ဂုဏ်ပြုတဲ့ အနေနဲ့ အခုလို နိုဘယ်ငြိမ်းချမ်းဆု ချီးမြှင့်ရတာဖြစ်တယ်လို့ ဆုရွေးချယ်ရေး ကော်မတီက ထုတ်ပြန်ပါတယ်။ 

    အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်အရေး  လှုပ်ရှားဆောင်ရွက်ခဲ့တဲ့ နာဂက်စ်ဟာ လက်ရှိ အီရန်မှာ စွဲချက်ပေါင်းများစွာနဲ့ ထောင်ဒဏ် ၃၁ နှစ် ချခံထားရပါတယ်။

    အော်စလိုမြို့က ဆုကြေငြာပွဲအခမ်းအနားမှာ ကော်မတီအကြီးအကဲ ဘရစ် ရက်စ် အန်ဒါဆန်က နာဂက်စ်ဟာ အီရန်မှာ အမျိုးသမီးတွေ ဖိနှိပ်ခံရမှုကို ဆန့်ကျင်ခဲ့သလို လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့် အားလုံးတန်းတူ ရရှိရေး ကြိုးပမ်းပေးခဲ့တယ်လို့ ပြောပါတယ်။ 

    ဒီဆုဟာ အီရန်အစိုးရရဲ့ ခွဲခြားမှု၊ ဖိနှိပ်ချုပ်ချယ်မှုတို့ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြတဲ့ သိန်းပေါင်းများစွာသော အီရန်ပြည်သူတွေကို အသိအမှတ် ပြုလိုက်တာလို့လည်း အန်ဒါဆန်က ဆိုပါတယ်။ 

    ဒီဇင်ဘာမှာပြုလုပ်မယ့် ဆုပေးပွဲအခမ်းအနားကို တက်ရောက်နိုင်ရေးအတွက် နာဂက်စ်ကို လွှတ်ပေးဖို့လည်း အီရန်အစိုးရကို အန်ဒါဆန်က တောင်းဆိုခဲ့ပါတယ်။ 

    Ref: BBC

  • ဥရောပနိုင်ငံတစ်ချို့မှ သူလျှိုများကို အီရန် ဖမ်းဆီးထား

    ဥရောပနိုင်ငံတစ်ချို့မှ သူလျှိုများကို အီရန် ဖမ်းဆီးထား

    သြဂုတ် ၂၀၊ ၂၀၂၃

    M-Media 


    -ပြင်သစ်၊ ဆွီဒင်နဲ့ ဗြိတိန်တို့က သူလျှိုတွေကို ဖော်ထုတ်ဖမ်းဆီးထားနိုင်တယ်လို့ အီရန် ထောက်လှမ်းရေး အကြီးအကဲက မိုဟာမက် အလာဗီက ပြောပါတယ်။ 

    နိုင်ငံခြားသား အကျဥ်းသားအချို့ကို ကွပ်မျက်ခဲ့တာကိုလည်း သူက အတည်ပြုပါတယ်။  

    အီရန်ဟာ လက်ရှိမှာ အမေရိကန်နိုင်ငံ အကျဥ်းသား လဲလှယ်ရေးကိစ္စကို ဆွေးနွေးနေတာပါ။ အိုမန်နဲ့ ကာတာနိုင်ငံတို့က ဒီကိစ္စမှာ ကြား၀င်ဆောင်ရွက်ပေးနေပါတယ်။ 

    အီရန်က အမေရိကန်အကျဥ်းသား ၅ ဦးကို ပြန်လွှတ်ပေးမှာဖြစ်ပြီး အပြန်အလှန်အားဖြင့် အမေရိကန်က သိမ်းဆည်းထားတဲ့ အီရန်ပိုင်ငွေ ဒေါ်လာသန်းထောင်ချီကို ပြန်ပေးရမှာ ဖြစ်ပါတယ်။ 

    သမ္မတအိုဘားမားအစိုးရလက်ထက် ၂၀၁၆ တုန်းကလည်း ဒီလိုလဲလှယ်မှု ပြုလုပ်ခဲ့ပြီး အမေရိကန်က ဒေါ်လာ သန်း ၄၀၀ ပြန်ပေးခဲ့ပါတယ်။ 

    Ref: Al Arabiya