News @ M-Media

Tag: Iran

  • COVID-19 ဗိုင်းရပ်စ်အန္တရာယ်ကို WHO က အမြင့်ဆုံးအဆင့်အထိမြှင့် (နောက်ဆုံးရသတင်းများ)

    COVID-19 ဗိုင်းရပ်စ်အန္တရာယ်ကို WHO က အမြင့်ဆုံးအဆင့်အထိမြှင့် (နောက်ဆုံးရသတင်းများ)

    ဖေဖော်ဝါရီ ၂၉၊ ၂၀၂၀ (ညနေ ၅ နာရီခွဲ)
    M-Media

    အီရန်နိုင်ငံရှိ ဘတ်စ်ကားပေါ်တွင်‌ ကြိုတင်ကာကွယ်ရေးအစီအမံများ ဆောင်ရွက်နေစဉ်
    • တောင်ကိုရီးယားနိုင်ငံမှာ မနေ့က COVID-19 ဗိုင်းရပ်စ် ကူးစက်သူ အရေအတွက်ဟာ ၅၉၄ ဦးရှိခဲ့ပြီး တစ်နေ့တာအတွင်း စံချိန်ကူးစက်မှုလည်း ဖြစ်ပါတယ်။ နိုင်ငံတစ်ဝှမ်း စုစုပေါင်းကူးစက်မှုအရေအတွက်ဟာ ၂၉၃၁ ဦးအထိ ရှိလာတာပါ။ အာဏာပိုင်တွေကတော့ မိမိတို့တိုင်းပြည်ဟာ အရေးပါတဲ့အချိန်ကာလတစ်ခုကို ရောက်ရှိနေပြီး ပြည်သူတွေအနေနဲ့ အိမ်ထဲမှာသာနေကြဖို့ တိုက်တွန်းထားပါတယ်။ တောင်ကိုရီးယားမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၇ ဦးအထိ ရှိလာပါတယ်။
    • တရုတ်နိုင်ငံမှာတော့ မနေ့က ကူးစက်မှု ၄၂၇ ခု ရှိခဲ့‌ပြီး သေဆုံးကတော့ ၄၇ ဦး ရှိပါတယ်။ ဒါ့ကြောင့် စုစုပေါင်း ကူးစက်မှု ၇၉၂၅၁ ဦး၊ သေဆုံးသူ ၂၈၃၅ ဦး ရှိလာပါပြီ။
    • ထိုင်းနိုင်ငံမှာ မနေ့က လူတစ်ဦး ထပ်မံကူးစက်ခဲ့တာကြောင့် ကူးစက်သူအရေအတွက် ၄၂ ဦးအထိ ရှိလာပါတယ်။ စင်ကာပူမှာတော့ မနေ့က ၂ ဦးထပ်တွေ့ပြီး စုစုပေါင်း ကူစက်မှု ၉၈ ဦး ရှိလာတာပါ။ ၆၉ ဦးက ဗိုင်းရပ်စ်ကင်းစင်သွားတဲ့အတွက် ဆေးရုံကနေ ဆင်းသွားပြီး ၂၉ ဦးက ဆက်လက်ကုသမှု ခံယူနေပါတယ်။
    • COVID-19 ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၄၃ ဦးရှိလာပြီး နိုင်ငံတစ်ဝှမ်း ကူးစက်မှုကတော့ ၅၉၃ ဦးရှိတယ်လို့ အီရန်အာဏာပိုင်တွေက ဒီကနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ မနေ့ကတစ်ရက်တည်းမှာ လူ ၉ ဦးသေဆုံးပြီး ၂၀၅ ဦး ထပ်မံကူးစက်ခဲ့တာဖြစ်ပါတယ်။ ‌အီရန်ဟာ တရုတ်နိုင်ငံပြီးတဲ့နောက် သေဆုံးသူအများဆုံးနိုင်ငံ ဖြစ်လာပါတယ်။
    • အမေရိကန်ပြည်ထောင်စုအနောက်ပိုင်း အော်ရီဂွန်ပြည်နယ်မှာ ဗိုင်းရပ်စ်ပြန့်နေတဲ့နိုင်ငံကို ခရီးသွားတာ၊ ကူးစက်နေသူတွေနဲ့ ဆက်သွယ်ပြောတာတွေ မရှိတဲ့ လူတစ်ဦးမှာ ဗိုင်းရပ်စ်ပိုးကူးစက်နေတာတွေကို မနေ့က တွေ့ခဲ့ရတာပါ။ ဒါဟာ ပြည်နယ်အတွင်း ပထမဆုံး တွေ့ရှိမှုဖြစ်ပြီး ဘာ့ကြောင့် ကူးစက်တယ်ဆိုတာ မသိရသေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။ သောကြာနေ့က အိမ်နီးချင်း ကယ်လီဖိုးနီးယားပြည်နယ်မှာ တွေ့ရတဲ့ ဒုတိယမြောက်ကူးစက်မှုကိုလည်း ဘာ့ကြောင့်လဲဆိုတာ အာဏာပိုင်တွေက မဖော်ထုတ်နိုင်သေးပါဘူး။
    • မတ်လ ၁၄ ရက်နေ့မှာ အာဆီယံခေါင်းဆောင်တွေနဲ့ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ထိပ်သီးအစည်းအဝေးကို အမေရိကန်က ရပ်ဆိုင်းလိုက်ပါတယ်။ နိုဝင်ဘာလ ဘန်ကောက်မှာလုပ်တဲ့ ထိပ်သီးအစည်းအဝေးကို မတက်ရောက်နိုင်တာ‌ကြောင့် သမ္မတဒေါ်နယ်ထရမ့်ဟာ အာဆီယံခေါင်းဆောင်တွေကို လက်စ်ဗီးဂက်စ်မှာတွေ့ဖို့ ဖိတ်ခဲ့တာပါ။ ဒီ ထိပ်သီးအစည်းအဝေးကို ဘယ်တော့ပြန်ကျင်းပမလဲဆိုတာကိုတော့ အမေရိကန်က မထုတ်ပြန်ခဲ့ပါဘူး။
    • အာဖရိကရဲ့ ဆဟာရဒေသအထိ ကူးစက်လာတာ၊ ကမ္ဘာ့ဘဏ္ဍာရေးစျေးကွက်တွေ သိသိသာသာ ကျဆင်းသွားတာတွေ ဖြစ်လာပြီးတဲ့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က COVID-19 ဗိုင်းရပ်အန္တရာယ်ကို အမြင့်ဆုံးအဆင့်အထိ မြှင့်လိုက်ပါတယ်။ လက်ရှိမှာ ဗိုင်းရပ်စ်ဟာ အန်တာတိကတိုက်ကလွဲပြီး ကမ္ဘာ့တိုက်ကြီးအားလုံးကို ပြန့်နှံ့သွားပြီဖြစ်ပါတယ်။ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က လက်ရှိအနေအထားမှာ လူ့အဖွဲ့အစည်းအတွင်း အလွယ်တကူ ပြန့်နှံ့တာမျိုးမဟုတ်သေးတဲ့အတွက် တားဆီးဖို့ အခွင့်အရေး ရှိသေးကြောင်း၊ အဓိကပြဿနာက ဗိုင်းရပ်စ်ပြန့်နှံမှုမဟုတ်ဘဲ ကောလဟာလတွေ ကြောက်ရွံ့မှုတွေသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera, CNA

  • COVID-19 ဗိုင်းရပ်စ်က ကမ္ဘာ့ကပ်ရောဂါ ဖြစ်တော့မည်ဟု ဩဇီဝန်ကြီးချုပ် သတိပေး (နောက်ဆုံးရသတင်းများ)

    COVID-19 ဗိုင်းရပ်စ်က ကမ္ဘာ့ကပ်ရောဂါ ဖြစ်တော့မည်ဟု ဩဇီဝန်ကြီးချုပ် သတိပေး (နောက်ဆုံးရသတင်းများ)

    ဖေဖော်ဝါရီ ၂၇၊ ၂၀၂၀ (ညနေ ၄ နာရီ)
    M-Media

    • တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒုန်ပြည်နယ်မှာ COVID-19 ပျောင်းကင်းပြီဆိုကာ ဆေးရုံးကဆင်းခွင့်ပေးခဲ့သူတွေရဲ့ ၁၄ ရာခိုင်နှုန်းလောက်မှာ ဗိုင်းရပ်စ်ရှိကြောင်း ပြန်တွေ့ရတယ်လို့ တရုတ်အာဏာပိုင်တွေက ပြောကြားလိုက်ပါတယ်။ ဘာ့ကြောင့် ဒီလိုဖြစ်လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိသေးပါဘူး။ လည်ချောင်းနဲ့ နှာခေါင်းတို့ဖတ်နမူနာ ၂ ကြိမ်ဆက် စမ်းသပ်မှုအတွင်း ဗိုင်းရပ်စ်ရှိကြောင်း မတွေ့ရင်၊ CT စကန်ဖတ်မှုအရ အဆုတ်မှာ ဒဏ်ရာမတွေ့ရင်၊ အဖျားတက်တာလို ရောဂါက္ခဏာမျိုး မရှိတော့ရင် ဗိုင်းရပ်စ်မရှိဘူးလို့ ယူဆတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလူနာတွေဟာ နောက်ဆက်တွဲ ကျန်းမာရေးစစ်ဆေးမှုတွေကို ခံယူရပါတယ်။
    • ဥရောပနိုင်ငံတွေဖြစ်တဲ့ ရိုမေးနီးယား၊ အက်စ်တိုးနီးယားနဲ့ ဒိန်းမတ်နိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုး ကူးစက်နေသူတွေကို မနေ့က ပထမဆုံးအကြိမ် တွေ့ခဲ့ရပါတယ်။ အီတလီမှာတော့ မနေ့က ကူးစက်သူအရေအတွက်ဟာ ၂၅ ရာခိုင်နှုန်းအထိ မြင့်တက်ကာ စုစုပေါင်း ၄၀၀ အထိ ရောက်လာပါတယ်။ သေဆုံးသူကတော့ ၁၂ ဦးအထိ ရှိနေပါတယ်။
    • အီရန်နိုင်ငံမှာ ကူးစက်မှုဟာ စုစုပေါင်း ၁၄၁ ဦးအထိ ရှိလာပြီး သေဆုံးသူကတော့ ၂၂ ဦး ရှိလာပြီဖြစ်ပါတယ်။ အီရန်နဲ့ကပ်နေတဲ့ အီရတ်နိုင်ငံမှာလည်း ဗိုင်းရပ်စ် ကူးစက်နေသူအရေအတွက်ဟာ ၆ ဦးအထိ ရှိလာပါပြီ။ အရှေ့အလယ်ပိုင်းက လက်ဘနွန်၊ ဘာရိတ်း၊ ကူဝိတ်တို့မှာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေ ရှိနေပါတယ်။
    • တောင်ကိုရီးယားနိုင်ငံမှာ မနေ့က ဗိုင်းရပ်စ်ကူးစက်နေသူ ရာနဲ့ချီ ထပ်တွေ့ခဲ့ရပြီး စုစုပေါင်း ကူးစက်သူ ၁၇၆၆ ဦး ရှိလာပြီဖြစ်ပါတယ်။ သေဆုံးသူကတော့ စုစုပေါင်း ၁၃ ဦးအထိ ရှိလာပါတယ်။ ဗိုင်းရပ်စ်ပြန့်နှံ့နေမှုကြောင့် မူလက စီစဉ်ထားတဲ့ ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုကိုလည်း ရပ်ဆိုင်းလိုက်ပါတယ်။
    • တရုတ်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က လူ ၄၃၃ ဦး ထပ်မံ ကူးစက်ခဲ့ပြီး သေဆုံးသူ ၂၉ ဦး ရှိခဲ့ပါတယ်။ တစ်ရက်အတွင်း သေဆုံးမှုဟာ ဇန်နဝါရီ ၂၈ ရက်နောက်ပိုင်း အနည်းဆုံးဖြစ်လာတာပါ။ တရုတ်မှာ စုစုပေါင်း ကူးစက်မှုဟာ ၇၈၄၉၇ ဦး ရှိကာ သေဆုံးသူက ၂၇၄၄ ဦး ရှိလာပြီ ဖြစ်ပါတယ်။ ရောဂါအကြီးအကျယ်ပြန့်နှံ့နေတဲ့ ဟူဘေးပြည်နယ်က ကျင်ကျန်းမြို့မှာ ရောဂါလက္ခဏာဖြစ်နေကြောင်း အာဏာပိုင်တွေကို လာရောက်အကြောင်းကြားတဲ့သူတွေကို ရောဂါရှိကြောင်းတွေ့ရရင် ယွမ်တစ်သောင်း (ဒေါ်လာ ၁၄၀၀) ဆုချမယ်လို့ ထုတ်ပြန်ထားပါတယ်။
    • သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်ဟာ COVID-19 ဗိုင်းရပ်စ်ကို တုန့်ပြန်နိုင်ရေး အဆင့်သင်အနေအထားမှာ ရှိနေတယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ ဒုတိယသမ္မတ မိုက်ပန့်စ်ကို တာဝန်ပေးထားပြီး နိုင်ငံအတွင်း အကြီးအကျယ် ပြန့်နှံ့တာမျိုး မဖြစ်နိုင်ဘူးလို့လည်း ထရမ့်က ဆိုပါတယ်။ ကယ်လီဖိုးနီးယာမှာ ထပ်တွေ့ရတဲ့ ရောဂါကူးစက်မှုတစ်ခုဟာ နိုင်ငံရပ်ခြားကို ခရီးသွားတာမျိုးကနေတစ်ဆင့် ကူးတာမျိုးမဟုတ်ဘဲ နိုင်ငံအတွင်းမှာတင် ပထမဆုံး ကူးစက်တာ ဖြစ်နိုင်တယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။
    • ကမ္ဘာကြီးဟာ COVID-19 ဗိုင်းရပ်စ် ကပ်ဘေးဆိုက်မယ့်အနေအထားကို ရောက်ရှိနေပြီလို့ ဩစတေးလျဝန်ကြီးချုပ် မောရစ်ဆန်က သတိပေးလိုက်ပါတယ်။ ဒီရောဂါဟာ တရုတ်နိုင်ငံအပြင် တောင်ကိုရီးယား၊ အီတလီနဲ့ အီရန်တို့မှာ သိသိသာသာ ပြန့်နှံ့လာပြီး အခြား ဥရောပနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေကိုလည်း ပြန့်နှံ့ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ နိုင်ငံအတွင်း အရေးပေါ်စီမံကိန်းကို စတင်ထားပြီး ဗိုင်းရပ်စ်ကာကွယ်ရေးနဲ့ ကုသရေးကိစ္စတွေကို အာရုံစိုက်လုပ်ဆောင်သွားမယ်လို့လည်း မော်ရစ်ဆန်က ပြောပါတယ်။

    Ref: Strait Times, Aljazeera, BBC

    (ပုံ-တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့ မြင်ကွင်း)

  • အရှေ့အလယ်ပိုင်းနှင့် ဥရောပနိုင်ငံတစ်ချို့သို့ COVID-19 ဗိုင်းရပ်စ် ထပ်မံ ပြန့်နှံ့ (နောက်ဆုံးရသတင်းများ)

    အရှေ့အလယ်ပိုင်းနှင့် ဥရောပနိုင်ငံတစ်ချို့သို့ COVID-19 ဗိုင်းရပ်စ် ထပ်မံ ပြန့်နှံ့ (နောက်ဆုံးရသတင်းများ)

    ဖေဖော်ဝါရီ ၂၆၊ ၂၀၂၀
    M-Media

    • COVID-19 ဗိုင်းရပ်စ်ဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြန့်နှံ့သွားနိုင်တဲ့အန္တရာယ်ရှိတယ်လို့ အီရန် ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မနေ့မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။ ဗိုင်းရပ်စ် ကူးစက်သူအရေအတွက်ဟာ အီရန်မှာ အနည်းဆုံး ၉၅ ဦးရှိပြီး သေဆုံးသူက ၁၁ ဦး ရှိနေတာပါ။ ကူးစက်ခံရသူတွေထဲမှာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးလည်း ပါဝင်ပါတယ်။ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာတော့ အီရတ်၊ အိုမန်၊ ယူအေအီး၊ အာရှက အာဂဖန်နစ္စတန်နိုင်ငံတွေမှာ ရောဂါကူးစက်နေသူတွေကို ပထမဆုံး တွေ့ခဲ့ရပါတယ်။
    • တောင်ကိုရီးယားနိုင်ငံမှာ မနေ့က လူတစ်ဦး သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးသူ ၁၁ ဦးအထိ ရှိလာပါတယ်။ အင်္ဂါနေ့မှာ ကူးစက်မှု ၁၆၉ ခုကို ထပ်တွေ့ခဲ့ရတာကြောင့် စုစုပေါင်း ကူးစက်သူ ၁၁၄၆ ဦး ရှိလာပြီ ဖြစ်ပါတယ်။ တောင်ကိုရီးယားက အမေရိကန်စစ်စခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတစ်ဦးမှာ ဗိုင်းရပ်စ်ပိုးရှိနေကြောင်း တွေ့ရတယ်လို့ အမေရိကန် စစ်ဖက်တာဝန်ရှိသူတွေက ဒီကနေ့မှာ အတည်ပြုလိုက်ပါတယ်။
    • အီတလီနိုင်ငံမှာလည်း အင်္ဂါနေ့က အသက် ၇၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး စုစုပေါင်း သေဆုံးမှုက ၁၁ ဦး ရှိလာပြီ ဖြစ်ပါတယ်။ ကူးစက်မှုက ၃၀၀ ကျော် ရှိနေပြီး အများစုဟာ နိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပါတယ်။ ဥရောပမှာ ဩစ‌တြီးယား၊ ခရိုအေးရှားနဲ့ စပိန်က ကနေရီကျွန်းတို့မှာ ရောဂါကူးစက်နေသူတွေကို အင်္ဂါနေ့က ပထမဆုံး တွေ့ခဲ့ရပါတယ်။
    • တရုတ်နိုင်ငံမှာ မနေ့က ကူးစက်မှု ၄၀၆ ခု ရှိခဲ့ပြီး စုစုပေါင်း ၇၈၀၆၄ ဦး ရှိလာတာပါ။ သေဆုံးသူကတော့ ၅၂ ဦး ရှိပြီး စုစုပေါင်း ၂၇၁၅ ဦး ရှိလာပါတယ်။ ‌နိုင်ငံအနောက်မြောက်ပိုင်း ဒေသတွေဖြစ်တဲ့ အတွင်းမွန်ဂိုလီးယား၊ ရှင်ကျန်း၊ အနောက်တောင်ဘက်က ဆီချွမ်ပြည်နယ်တွေမှာ ဗိုင်းရပ်စ်ပိုး ပြန့်နှံ့နိုင်ချေ ကျဆင်းလာတဲ့အတွက် အရေးပေါ်တုန့်ပြန်မှုအဆင့်ကို လျော့ချလိုက်ပါတယ်။
    • အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့မှာ COVID-19 ဗိုင်းရပ်စ်အတွက် အရေးပေါ်အခြေအနေ ကြေငြာလိုက်ပါတယ်။ ကူးစက်မှုမရှိသေးပေမယ့် ရောဂါပြန့်နှံ့နိုင်ချေအတွက် ပြင်ဆင်ထားကြဖို့ အာဏာပိုင်တွေက ပြည်သူတွေကို တိုက်တွန်းထားပါတယ်။ ဘရာဇီးလ်နိုင်ငံမှာ အီတလီကပြန်လာတဲ့ အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦး ရောဂါလက္ခဏာပြတဲ့ အနေအထားရှိတာကြောင့် စောင့်ကြည့်စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ ဒီအမျိုးသားမှာသာ COVID-19 ဗိုင်းရပ်ရှိကြောင်း အတည်ပြုနိုင်ရင် တောင်အမေရိကရဲ့ ပထမဆုံး ဗိုင်းရပ်စ်ကူးစက်မှု ဖြစ်လာမှာ ဖြစ်ပါတယ်။
    • ယိုကိုဟားမားမှာ ဆိုက်ကပ်ထားတဲ့ ကမ္ဘာလှ‌ည့် သင်္ဘောကနေ ဗိုင်းရပ်စ်မရှိဘူးဆိုပြီး ဆင်းခွင့်ပေးလိုက်တဲ့ လူ ၉၇၀ ထဲက ၅၀ လောက်မှာ COVID-19 ဗိုင်းရပ်စ် ကူးစက်တဲ့လက္ခဏာမျိုး တွေ့ရတာကြောင့် ရောဂါ ရှိ၊ မရှိ စစ်ဆေးသွားမယ်လို့ ဂျပန် ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။ လူ ၃၇၀၀ လောက် လိုက်ပါလာတဲ့ အဲဒီသင်္ဘောမှာ ၆၀၀ ကျော်လောက်က ဗိုင်းရပ်စ် ကူးစက်နေတာပါ။ ဟိုကိုင်းဒိုးပြည်နယ်က စာသင်ကျောင်းအားလုံးကို ပိတ်ထားဖို့လည်း ဂျပန်က စီစဉ်နေပါတယ်။
    • ထိုင်းနိုင်ငံမှာ ဗိုင်းရပ်စ်ရှိသူ ၃ ဦး မနေ့က ထပ်တွေ့ပြီး စုစုပေါင်း ကူးစက်သူ ၄၀ အထိ ရှိလာပြီ ဖြစ်ပါတယ်။

    Ref: Aljazeera

  • အီရန်အပေါ် စစ်ဆင်နိုင်မည့် သမ္မတအာဏာကို ကန်လွှတ်တော် ကန့်သတ်

    အီရန်အပေါ် စစ်ဆင်နိုင်မည့် သမ္မတအာဏာကို ကန်လွှတ်တော် ကန့်သတ်

    ဖေဖော်ဝါရိ ၁၄၊ ၂၀၂၀
    M-Media

    -အီရန်ကို စစ်တိုက်တာနဲ့ပတ်သက်ပြီး သမ္မတထရမ့်ရဲ့ အခွင့်အာဏာကို ကန့်သတ်တဲ့ ဥပဒေတစ်ခုကို ရီပက်ဘလစ်ကန်ကြီးစိုးတဲ့ အမေရိကန်အထက်လွှတ်တော်က မနေ့မှာ အတည်ပြုလိုက်ပါတယ်။

    အခုဥပဒေအရ အီရန်ကို စစ်ရေးအရ အရေးယူမယ်ဆိုရင် သမ္မတထရမ့်ဟာ လွှတ်တော်ရဲ့ အတည်ပြုချက်ကို ရယူရတော့မှာ ဖြစ်ပါတယ်။

    အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က တပ်မှူး ကာစင် ဆိုလိုင်မာနီကို ထရမ့်ရဲ့ အမိန့်နဲ့ ပြီးခဲ့တဲ့လမှာ အမေရိကန်က လုပ်ကြံသတ်ဖြတ်ခဲ့ပြီး အီရန်ကလည်း အီရတ်က အမေရိကန်စစ်စခန်း ၂ ခုကို လက်တုန့်ပြန် တိုက်ခိုက်ခဲ့တာကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ ပဋိပက္ခတွေ ပိုမိုကျယ်ပြန့်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့တာပါ။

    မူကြမ်းတင်သွင်းတဲ့ လွှတ်တော်အမတ် တင်မ်ကိုင်နီက ဒီမူကြမ်းကို ထရမ့်ကြောင့် ဒါမှမဟုတ် သမ္မတအာဏာကြောင့် အတည်ပြုတာမျိုးမဟုတ်ဘဲ လွှတ်တော်ရဲ့ စစ်ကြေငြာခွင့် အခွင့်အာဏာကို ပိုမိုခိုင်မာအောင် ဆောင်ရွက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    တိုင်းပြည် တိုက်ခိုက်ခံရမယ့် အနေအထားမျိုး ကြုံလာရင် တိုင်းပြည်ကို ကာကွယ်ဖို့ သမ္မတမှာ အာဏာအပြည့်အ၀ရှိပေမယ့် ထိုးစစ်ဆင်မှုအတွက်တော့ လွှတ်တော်မှာဆွေးနွေးမှု၊ လွှတ်တော်ရဲ့အတည်ပြုမှု ရယူရမယ်လို့လည်း သူက ဆိုပါတယ်။

    ဒီမိုကရက်တွေကြီးစိုးတဲ့ အောက်လွှတ်တော်မှာ ပြီးခဲ့တဲ့လက ထရမ့်ရဲ့ စစ်ကြေငြာခွင့်အာဏာကို ကန့်သတ်တဲ့ ဆုံးဖြတ်ချတ်ချက်တစ်ခု အတည်ပြုခဲ့ပါတယ်။

    ဇန်နဝါရီ ၃ ရက်နေ့က အီရန်ဗိုလ်ချုပ် ကာစင် ဆိုလိုင်မာနီကို ဒရုန်းနဲ့လုပ်ကြံမှုကိစ္စမှာ ထရမ့်အစိုးရကို ရီပက်ဘလစ်ကန်နဲ့ ဒီမိုကရက်အမတ်တွေက ဝေဖန်ခဲ့ကြပါတယ်။ အီရန်က တိုက်ခိုက်မှု ပြုလုပ်လာနိုင်တယ်ဆိုတဲ့ သတင်းကို အမေရိကန်အာဏာပိုင်တွေက အသေးစိတ်မဟုတ်ဘဲ အပေါ်ယံသာ ပေးခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    ဒေါ်နယ်ထရမ့်ကတော့ တင်မ်ကိုင်နီရဲ့ ဒီမူကြမ်းကို ဆန့်ကျင်တာဟာ နိုင်ငံတော်လုံခြုံရေးအတွက် အရေးကြီးတယ်လို့ ဗုဒ္ဓဟူးနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    Ref: Aljazeera

  • တာတိုပစ် ဒုံးကျည်သစ်တစ်စင်းကို အီရန် ထုတ်ပြ

    တာတိုပစ် ဒုံးကျည်သစ်တစ်စင်းကို အီရန် ထုတ်ပြ

    ဖေဖော်ဝါရီ ၁၀၊ ၂၀၂၀
    M-Media

    -မျိုးဆက်သစ် အင်ဂျင်တွေကို သုံးထားပြီး ဂြိုဟ်တုတွေ လွှတ်တင်ရာမှာ အသုံးပြုနိုင်မယ့် ပြည်တွင်းဖြစ် ဒုံးကျည်အသစ်တစ်စင်းကို အီရန်က မနေ့မှာ ထုတ်ပြလိုက်ပြီး ဂြိုဟ်တု တစ်လုံးကိုလည်း လွှတ်တင်ခဲ့ပါတယ်။

    အစ္စလာမ့်တော်လှန်ရေးအစောင့်တပ် IRGC ရဲ့ စီမံကိန်းကနေ ပေါ်ထွက်လာပြီး Raad-500 လို့ အမည်ပေးထားတဲ့ အဲဒီ ဒုံးကျည်ဟာ တာတိုပစ်ဖြစ်ကာ မိုင် ၃၁၀ လောက်အထိ ရောက်ရှိနိုင်ပါတယ်။ ၂၀၀၂ ခုနှစ်က ထုတ်ပြန်ခဲ့ပြီး ၁၂၄ မိုင်အထိသွားနိုင်တဲ့ Fateh-110 ဒုံးကျည်ထက် ပိုမိုပေါ့ပါးပြီး စွမ်းဆောင်ရည် ပိုမိုမြင့်မားပါတယ်။

    အဲဒီဒုံးကျည်အသုံးပြုထားတဲ့ Simorgh ဒုံးပျံဟာ Zafar 1 ဆက်သွယ်ရေးဂြိုဟ်တုကို မနေ့ညပိုင်းက လွှတ်တင်ခဲ့ပေမယ့် ဂြိုဟ်တုဟာ လိုအပ်တဲ့အရှိန် မရတာကြောင့် ကမ္ဘာပတ်လမ်းထဲ မရောက်ခဲ့ပါဘူး။ အီရန် ဆက်သွယ်ရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် အဇာရီ ဂျာရိုမီက ယခု ဂြိုဟ်တုလွှတ်တင်မှု မအောင်မြင်ပေမယ့် မိမိတို့ကို မရပ်တန့်နိုင်ကြောင်း၊ နောက်ထပ် အီရန်ရဲ့ ဂြိုဟ်တုတွေ လာတော့မာဖြစ်ကြောင်း Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ၁၉၇၉ ခုနှစ် အစ္စလာမ့်မစ်တော်လှန်ရေး နှစ်ပတ်လည်နေ့မတိုင်ခင် ၁ ရက်မှာ အီရန်က အခုလို တာတိုပစ် ဒုံးကျည်သစ်ကို ထုတ်ပြလိုက်တာပါ။ အီရန်ဟာ တော်လှန်ရေးနှစ်ပတ်လည်နေ့တွေမှာ ကာကွယ်ရေးဆိုင်ရာ နည်းပညာသစ်တွေကို ထုတ်ပြလေ့ ရှိပါတယ်။

    ပြီးခဲ့တဲ့ ၁၀ စုနှစ်တွေအတွင်း အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် အီရန်ဟာ ကာကွယ်ရေးနယ်ပယ်မှာ ကိုယ့်ခြေထော်ပေါ်ကိုယ် ရပ်တည်ခဲ့ရပြီး တိုးတက်မှုတွေလည်း ရခဲ့ပါတယ်။ ပိတ်ဆို့မှုတွေကြောင့် လေတပ်အင်အားတောင့်တင်းအောင် မလုပ်ဆောင်နိုင်တော့ဘဲ ကာကွယ်ရေးအတွက် ဒုံးကျည်စီမံကိန်းကို စတင်မယ်လို့ အီရန်က ၂၀၀၉ ခုနှစ်မှာ ကြေငြာခဲ့ပါတယ်။

    အမေရိကန်ကတော့ ဒီ အီရန်ရဲ့ ဒုံးကျည်အစီအစဉ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။

    Ref: Aljazeera