News @ M-Media

Tag: Iran

  • အမေရိကန်ရှိနေသမျှ အရှေ့အလယ်ပိုင်း မတည်ငြိမ်နိုင်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ပြော

    အမေရိကန်ရှိနေသမျှ အရှေ့အလယ်ပိုင်း မတည်ငြိမ်နိုင်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ပြော

    သြဂုတ် ၁၂၊ ၂၀၁၉
    M-Media

    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်

    -အရှေ့အလယ်ပိုင်းဒေသမှာ လက်နက်ပြိုင်ဆိုင်မှု ပြင်းထန်လာတာအတွက် အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က သတိပေးလိုက်ပြီး၊ အမေရိကန်ရဲ့ လက်နက်ရောင်းချမှုတွေကြောင့် ‘ပေါက်ကွဲလုဆဲဆဲ ယမ်းအိုးကြီး’ ဖြစ်လာတယ်လို့လည်း ပြောကြားလိုက်ပါတယ်။

    ကာတာနိုင်ငံကို ရောက်ရှိနေတဲ့ ဇာရစ်ဖ်ဟာ ဒီကနေ့ အလ်ဂျာဇီးရား သတင်းဌာနနဲ့ အင်တာဗျူးမှာ အခုလို ပြောကြားလိုက်တာပါ။ ပင်လယ်ကွေ့မှာ အမေရိကန်ရဲ့ စစ်သင်္ဘောတွေ ပိုမိုချထားမှုဟာ မတည်ငြိမ်မှုတွေဆီ ပိုမို ဦးတည်သွားနိုင်တယ်လို့လည်း ဆိုပါတယ်။

    ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်က အရှေ့အလယ်ပိုင်းဒေသကို လက်နက် ကန်ဒေါ်လာ ဘီလီယံ ၅၀ ဖိုး ရောင်းချခဲ့တာ၊ လူဦးရေ တစ်သန်းသာရှိတဲ့ ယူအေအီးက ၂၀၁၈ ခုနှစ်မှာ ကာကွယ်ရေးအသုံးစားရိတ် ဒေါ်လာ ၂၂ ဘီလီယံ ရှိခဲ့ပြီး၊ အီရန် လူဦးရေရဲ့ ၃ ပုံ ၁ ပုံလောက်သာရှိတဲ့ ဆော်ဒီက ဒေါ်လာ ၈၇ ဘီလီယံ သုံးစွဲခဲ့တာတွေကို ဇာရစ်ဖ်က ထောက်ပြခဲ့ပါတယ်။

    စစ်အင်အား တစ်သန်းသာရှိတဲ့ အီရန်ဟာ ပြီးခဲ့တဲ့နှစ်က စစ်ရေးအသုံးစားရိတ် ၁၆ ဘီလီယံသာ ရှိတယ်လို့ ဇာရစ်ဖ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “အရှေ့အလယ်ပိုင်းက ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ဆိုရင် အဲဒီခြိမ်းခြောက်မှုဟာ ဒေသတွင်းမှာ လက်နက်တွေ တောင်ပုံရာပုံ စုဆောင်းထားတဲ့ အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေထံကနေသာ လာတာဖြစ်မှာပါ။ ဒါ့ကြောင့် အရှေ့အလယ်ပိုင်းဟာ ပေါက်ကွဲလုဆဲဆဲ ယမ်းအိုးကြီး ဖြစ်နေပါပြီ”

    ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း ထရမ့်က ပြီးခဲ့တဲ့နှစ်မှာ ကြေငြာခဲ့ပြီးတဲ့နောက် အမေရိကန်နဲ့ အီရန်တို့အကြား တင်းမာမှုဟာ အခုနှစ် မေလနဲ့ ဇွန်လတို့မှာ ပိုမိုဆိုရွားလာခဲ့ပြီး၊ ပင်လယ်ကွေ့ဒေသမှာ အမေရိကန်က တပ်အင်အား ထပ်ဖြည့်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    လုံခြုံရေးကို ထိခိုက်

    ပါရှန်ပင်လယ်ကွေ့မှာ အမေရိကန် ရေတပ်သင်္ဘောတွေ ရှိနေတာဟာ မလုံခြုံမှုကို ပိုမိုဖြစ်ပွားစေပြီး၊ နိုင်ငံခြား စစ်သင်္ဘောတွေကြောင့် ပင်လယ်ကွေ့ လုံခြုံတယ်ဆိုတဲ့ သမိုင်းကြောင်းမျိုး မရှိခဲ့ဘူးလို့ အီရန် နိုင်ငံခြားရေးဝန်ကြီးက အင်တာဗျူးမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    “၁၉၈၈ ခုနှစ်က အီရန် ခရီးသည်တင်လေယာဉ်ကို အမေရိကန် စစ်သင်္ဘောက ပစ်ချခဲ့တာကြောင့် လူ ၂၉၀ သေဆုံးခဲ့တဲ့ သမိုင်းဆိုးမျိုးလည်း ရှိထားပါတယ်။ ရေကြောင်းသွားလာရေးကို ကာကွယ်ဖို့ အမေရိကန်တွေ လုပ်ဆောင်နိုင်တာက ဒေသအတွင်းကနေ ထွက်သွားဖို့ပဲဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ၀င်မစွက်ပါနဲ့။ ဒီလိုလုပ်တာမျိုးက အီရန်အပေါ် ရန်စတာမျိုးဖြစ်ပြီး မလုံခြုံတာကလွဲလို့ တစ်ခြား ကောင်းတာ ဘာမှ မရှိပါဘူး”

    Ref: Aljazeera

  • ပြည်တွင်းဖြစ် အဆင့်မြင့် ဒုံးခွင်းစနစ်တစ်ခုကို အီရန်က မကြာမီ ထုတ်ပြမည်

    ပြည်တွင်းဖြစ် အဆင့်မြင့် ဒုံးခွင်းစနစ်တစ်ခုကို အီရန်က မကြာမီ ထုတ်ပြမည်

    သြဂုတ် ၉၊ ၂၀၁၉
    M-Media


    အီရန်၏ Talash ဒုံးခွင်းစနစ်

    -အဆင့်မြင့် ဒုံးခွင်းစနစ်တစ်ခု အပါအ၀င် ပြည်တွင်းဖြစ် စစ်လက်နက်ပစ္စည်းတွေကို သြဂုတ်လ ၂၂ ရက်နေ့မှာ ကျရောက်မယ့် ‘ကာကွယ်ရေး ထုတ်ကုန်များနေ့’ မှာ ထုတ်ပြသွားမယ်လို့ အီရန် ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် အမီရ် ဟာတာမီက ပြောကြားလိုက်ပါတယ်။

    စစ်လက်နက်ပစ္စည်း ပြပွဲအခမ်းအနားကို နိုင်ငံအလယ်ပိုင်း အစ္စဖာဟန်မြို့မှာ ပြုလုပ်မှာဖြစ်ပြီး
    ပြည်တွင်းဖြစ် Bavar-373 ဒုံးခွင်းစနစ်၊ သံချက်ကာယာဉ်တွေနဲ့ အခြားစစ်လက်နက်ပစ္စည်းတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

    ဟာတာမီက ဒီစစ်လက်နက်ပစ္စည်းတွေဟာ တိုင်းပြည်ရဲ့ ကာကွယ်ရေးစွမ်းရည်ကို တိုးတက်ကောင်းမွန်စေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    Bavar-373 ဒုံးခွင်းစနစ်ဟာ အလွယ်တကူ ရွှေ့ပြောင်းနိုင်တဲ့ မြေပြင်က ဝေဟင်ပစ် တာဝေး ဒုံးခွင်းစနစ် ဖြစ်ပြီး ရုရှားရဲ့ S-300 ဒုံးခွင်းကို ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ ဒုံးကျည်မျိုးစုံလည်း သယ်ဆောင်ပစ်ခတ်နိုင်ပါတယ်။

    အီရန်ဟာ ၂၀၁၃ ခုနှစ်မှာ Talash၊ ၂၀၁၆ ခုနှစ်မှာ ပထမမျိုးဆက် Bavar-373 စတဲ့ တာဝေးပစ် ဒုံးခွင်းစနစ်တွေကို ထုတ်ပြခဲ့ပြီး ၂ ခုစလုံးဟာ ပြည်တွင်းဖြစ်တွေ ဖြစ်ပါတယ်။

    စမတ်ဗုံးသစ်

    အီရန်ဟာ သြဂုတ်လ ၅ ရက်နေ့မှာလည်း Yasin၊ Balaban နဲ့ Ghaem လို့ အမည်ရတဲ့ ပြည်တွင်းဖြစ် စမတ်ဗုံးတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။

    Balaban ဟာ ခေါက်နိုင်တဲ့ တောင်ပံတွေပါဝင်ပြီး၊ GPS နဲ့ ဆင်ဆာတွေ တပ်ဆင်ထားကာ
    တိုက်လေယာဉ်မှာ တပ်ဆင် ပစ်ခတ်နိုင်တဲ့ ဗုံးအမျိုးအစား ဖြစ်ပါတယ်။

    Yasin ကတော့ တာဝန်ပစ် စမတ်ဗုံးအမျိုးအစားဖြစ်ပြီး လူလိုက်ပါတဲ့ လေယာဉ်တွေ၊ လူမဲ့ လေယာဉ်တွေမှာ တပ်ဆင်ကာ ကီလိုမီတာ ၅၀ အကွာမှာရှိတဲ့ ပစ်မှတ်တွေကို မှန်အောင် ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

    အခုမိတ်ဆက်လိုက်တဲ့ Ghaem ကတော့ ၅၀ စင်တီမီတာလောက်အထိ သေးငယ်တဲ့ ပစ်မှတုတွေကို တိတိကျကျထိအောင် ပစ်ခတ်နိုင်တဲ့ စမတ်ဗုံးအမျိုးအစား ဖြစ်ပါတယ်။ ပစ်မှတ်ကို အလိုအလျောက် ခြေရာခံတဲ့စနစ်တွေ တပ်ဆင်ထားသလို လူပါ၊ လူမဲ့ လေယာဉ်တွေ၊ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ စသဖြင့် ဘယ်လို လေယာဉ်မျိုးမှာမဆို တပ်ဆင်ပစ်ခတ်နိုင်ပါတယ်။

    ပြည်ပက ပိတ်ဆို့မှုတွေကို ခံနေရတဲ့ အီရန်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကာကွယ်ရေးကဏ္ဍမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားလာခဲ့ပြီး အောင်မြင်မှုတွေလည်း ရရှိထားပါတယ်။

    Ref: Press TV

  • အီရန်များကို မိမိတို့တစ်နိုင်ငံတည်းကသာ သတ်နိုင်သည်ဟု အစ္စရေးဝန်ကြီး ဂုဏ်ယူပြောဆို

    အီရန်များကို မိမိတို့တစ်နိုင်ငံတည်းကသာ သတ်နိုင်သည်ဟု အစ္စရေးဝန်ကြီး ဂုဏ်ယူပြောဆို

    ဇူလိုင် ၂၂၊ ၂၀၁၉
    M-Media

    အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု

    -ကမ္ဘ္ဘာပေါ်မှာ အီရန်တွေကို သတ်နိုင်တဲ့ နိုင်ငံဟာ မိမိတို့တစ်နိုင်ငံတည်းသာ ရှိတယ်လို့ အစ္စရေး ၀န်ကြီးတစ်ဦးက ပြောကြားလိုက်ပြီး အီရန်နဲ့ အနောက်နိုင်ငံတွေအကြား တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန် ဒီမှတ်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေအတွင်း အစ္စရေးဟာ ဆီးရီးယားက အီရန်တပ်စခန်းတွေ၊ လက်ဘနွန်က အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့တွေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။

    “အီရန်တွေကို ၂ နှစ်လုံးလုံး သတ်ဖြတ်နိုင်တဲ့ တိုင်းပြည်ဟာ ကမ္ဘ္ဘာပေါ်မှာ အစ္စရေးတစ်နိုင်ငံတည်းသာ ရှိပါတယ်။ ဆီးရီးယားမှာ အီရန်တွေကို အကြိမ်ရာနဲ့ချီ တိုက်ခိုက်ခဲ့ပြီး တစ်ချို့တိုက်ခိုက်မှုတွေကို ကျွန်တော်တို့က အတည်ပြုကာ၊ တစ်ချို့တွေကိုတော့ နိုင်ငံခြားမီဒီယာတွေက ဖော်ပြကြပါတယ်” လို့ အစ္စရေး ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Tzachi Hanegbi က အစ္စရေးရေဒီယို Kan Bet နဲ့ မနေ့က အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

    အီရန်ဟာ ပဋိပက္ခတွေဖြစ်ပွားအောင် လုပ်ဆောင်နေသလို၊ လွတ်လပ်စွာ ရေကြောင်းသွားလာမှုကိုလည်း နှောက်ယှက်နေကြောင်း၊ မိမိတို့ရဲ့ အဓိကရန်သူဖြစ်ကြောင်း ၀န်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အီရန် နိုင်ငံပိုင်သတင်းဌာန Press TV က “အီရန်တွေကို သတ်ဖြတ်တာကို အစ္စရေးတွေက ဒီလို လူသိရှင်ကြား ဂုဏ်ယူပြောဆိုကြပါတယ်။ တကယ့်အခြေအနေမှန်ကို စဉ်းစားသာ ကြည့်ကြတော့” လို့ ရေးသားကာ Hanegbi ရဲ့စကားကို ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

    အီရန်နဲ့ ပဋိပက္ခဖြစ်ရင် အမေရိကန်က အစ္စရေးကို မထောက်ပံ့မှာ မစိုးရိမ်ဘူးလားလို့ မေးမြန်းရာမှာ အီရန်က ဒီလိုအနေအထားမျိုးကို ရှောင်ကျဉ်မှာဖြစ်ကြောင်း၊ တိုက်နိုင်စွမ်းမရှိတာကြောင့်မဟုတ်ဘဲ အစ္စရေးဟာ စီးပွားရေးဆိုတာ သိနေလို့ဖြစ်ကြောင်း Hanegbi က ပြန်လည်ဖြေကြားခဲ့ပါတယ်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း ပြီးခဲ့တဲ့တစ်ပတ် ဗိုလ်သင်တန်းဆင်းပွဲ မိန့်ခွန်းမှာ အီရန်ကို တိုက်နေတဲ့ စစ်တပ်ဟာ ကမ္ဘ္ဘာပေါ်မှာ အစ္စရေးစစ်တပ်တစ်ခုပဲ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ အစ္စရေး တိုက်လေယာဉ်တွေဟာ အီရန်အပါအ၀င် အရှေ့အလယ်ပိုင်းက ဘယ်နေရာကိုမဆို ရောက်နိုင်တယ်လို့လည်း ပြီးခဲ့တဲ့လမှာ ၀န်ကြီးချုပ်က ပြောကြားခဲ့ဖူးပါတယ်။

    Ref: Aljazeera

  • ဗြိတိန်ရေနံတင်သင်္ဘောကို အီရန်က ဖမ်းဆီးပြီးနောက် ဘာတွေဖြစ်လာလဲ

    ဗြိတိန်ရေနံတင်သင်္ဘောကို အီရန်က ဖမ်းဆီးပြီးနောက် ဘာတွေဖြစ်လာလဲ

    ဇူလိုင် ၂၁၊ ၂၀၁၉
    M-Media

    အီရန်နှင့် အိုမန်နိုင်ငံအကြားရှိ ဟော်မုဇ်ရေလက်ကြား

    -ဟော်မုဇ်ရေလက်ကြားမှာ မဟာမိတ်တွေ ‘လွတ်လပ်ပြီး၊ အန္တရာယ်ကင်းတဲ့လမ်းကြောင်း’ ရရှိစေဖို့အတွက် စောင့်ကြည့်ရေးနဲ့ ထောက်လှမ်းရေး အစီအမံတစ်ခု လုပ်ဆောင်သွားမယ်လို့ အမေရိကန်က မနေ့မှာ ကြေငြာလိုက်ပြီး အီရန်က ဗြိတိန် ရေနံတင်သင်္ဘောတစ်စင်းကို ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ဒီလိုပြောကြားမှု ပေါ်ထွက်လာတာပါ။

    Stena Impero ရေနံတင်သင်္ဘောကို အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC က သောကြာနေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ သင်္ဘောဟာ နိုင်ငံတကာ ရေကြောင်းဥပဒေတွေကို လိုက်နာမှု မရှိဘူးလို့ ဆိပ်ကမ်းက တိုင်ကြားတဲ့အတွက် ဖမ်းဆီးရတာဖြစ်ပြီး စစ်ဆေးပြီးတာနဲ့ ပြန်လွှတ်ပေးမယ်လို့ အီရန်က ထုတ်ပြန်ထားပါတယ်။

    သင်္ဘောကို ရဟတ်ယာဉ်တွေ၊ ရှပ်ပြေးဘုတ်တွေနဲ့ ဝိုင်းပိတ် သိမ်းဆည်းခဲ့ပုံ ဗီဒီယိုကိုလည်း IRGC က ထုတ်ပြန်ခဲ့ပါတယ်။ သင်္ဘောပေါ်မှာ သင်္ဘောသား ၂၃ ဦး လိုက်ပါသွားပြီး ဗြိတိန်နိုင်ငံသား ပါဝင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

    အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက တာဝန်ရှိသူ ဂျွန်ရုဒ်က ဟော်မုဇ် ရေလက်ကြားနဲ့ ပါရှန်ပင်လယ်ကွေ့မှာ လွတ်လပ်ပြီး အန္တရာယ်ကင်းတဲ့ လမ်းကြောင်းတစ်ခုပေါ်လာရေး ကင်းလှည့်မယ့် အစီအစဉ်တစ်ခုကို လုပ်ဆောင်ဖို့ ရှိတယ်လို့ မနေ့ကပြုလုပ်တဲ့ Aspen Security ဖိုရမ်မှာ ပြောကြားခဲ့ပါတယ်။

    လက်ရှိမှာ နေတိုးအဖွဲ့၊ ပင်လယ်ကွေ့က အခြားနိုင်ငံတွေနဲ့ ဒီကိစ္စကို ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

    “ဒီအစီအစဉ်ဟာ ပါရှန် ပင်လယ်ကွေ့က အခြေအနေကို ထောက်လှမ်းစောင့်ကြည့်နိုင်ရေး ထပ်တိုး လုပ်ဆောင်သွားမယ့် အစီအစဉ်ပါ။ တည်ငြိမ်ဖို့နဲ့ ပြန်လည်တုန့်ပြန်နိုင်စွမ်းရှိဖို့အတွက် ရေတပ်နဲ့ လေတပ်အင်အားတွေ ချထားတာလည်း ပါဝင်မှာ ဖြစ်ပါတယ်”

    အမေရိကန်ဟာ အီရန်နဲ့ ပဋိပက္ခမဖြစ်ချင်ပေမယ့် မိမိတို့တပ်ဖွဲ့တွေ၊ ပြည်သူတွေကို ကာကွယ်ရေး အသေအချာလုပ်ဆောင်သွားမယ်ဆိုတာ အီရန်က သိထားရမှာဖြစ်ကြောင်း၊ အီရန်ဟာ ခြေလှမ်းအမှားတွေ လှမ်းလာနိုင်တဲ့အခြေအနေမျိုး မြင့်မားနေပြီး၊ ဗြိတိန်သင်္ဘောကို ဖမ်းဆီးလိုက်တာက ဟော်မုဇ်ရေလက်ကြားမှာ မရည်ရွယ်တဲ့ ပဋိပက္ခ ဖြစ်နိုင်ခြေကို မြင့်တက်စေတယ်လို့ ရုဒ်က သတိပေးခဲ့ပါတယ်။

    ရှုတ်ချ

    ရေနံတင်သင်္ဘော ဖမ်းဆီးတဲ့လုပ်ရပ်ကို ယူကေနဲ့ ဥရောပနိုင်ငံတွေက ရှုတ်ချလိုက်ပြီး၊ ရေလက်ကြားမှာ တင်းမာမှုတွေ လျော့ကျဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့်က ဒီကိစ္စကို ထိထိရောက်ရောက် တုန့်ပြန်သွားဖို့ စဉ်းစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။ အီရန်နိုင်ငံခြားရေး ၀န်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး တင်းမာမှုတွေ လျော့ချမယ်လို့ အီရန်က ပြောကြားခဲ့ပေမယ့် လက်တွေ့မှာ ဆန့်ကျင်ဘက်လုပ်နေတာကြောင့် စိတ်ပျက်မိတယ်လို့လည်း ဟန့်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    “ပြေလည်မယ့် နည်းလမ်းတစ်ခု ရှာချင်တယ်ဆိုရင် အပြောထက်၊ အလုပ်က အဓိက ကျပါတယ်။ ဗြိတိန် သင်္ဘောလိုင်းတွေကို ကာကွယ်ရမှဖြစ်ပြီး၊ ကာလည်းကာကွယ်သွားမှာပါ”

    ဟော်မုဇ်ရေလက်ကြားဟာ ကုန်သွယ်ရေးမှာ အရေးပါတဲ့ ရေလမ်းကြောင်းတစ်ခုဖြစ်ပြီး ကမ္ဘ္ဘာ့
    ရေနံတင်ပို့မှုရဲ့ ၅ ပုံ ၁ ပုံဟာ ဒီလမ်းကြောင်းက သွားနေတာ ဖြစ်ပါတယ်။

    ဟန့်ကတော့ ရေနံတင်သင်္ဘောကို အီရန်က သိမ်းဆည်းလိုက်တာဟာ အန္တရာယ်ရှိတဲ့၊ မတည်ငြိမ်မယ့် လမ်းကြောင်းကို ရွေးနေတယ်ဆိုတဲ့ စိုးရိမ်ဖွယ်ရာ လက္ခဏာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဂျီဘရော်တာ ရေလက်ကြားမှာ အီရန် ရေနံတင်သင်္ဘောကို ဗြိတိန်က ဖမ်းဆီးထိန်းသိမ်းခဲ့တာဟာ တရားနည်းလမ်းကျပြီး ဥရောပရဲ့ ပိတ်ဆို့မှုတွေကို ချိုးဖောက်ကာ ဆီးရီးယားကို ရေနံတင်ပို့တဲ့အတွက် ဖြစ်တယ်လို့လည်း သူက ကာကွယ်ပြောကြားခဲ့ပါတယ်။

    အီရန်ကတော့ ဗြိတိန်ရဲ့ ဒီလုပ်ရပ်ဟာ ပင်လယ်ဓားပြလုပ်ရပ် ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

    မနေ့က အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ရဲ့ Twitter မှတ်ချက်မှာ၊ အီရန်က ဗြိတိန်ရေနံတင်သင်္ဘောကို သိမ်းပိုက်တာဟာ ဗြိတိန်လို ပင်လယ်ဓားပြလုပ်ရပ်ကို လုပ်ဆောင်တာမဟုတ်ဘဲ ရေကြောင်းသွားလာရေး စည်းကမ်းတွေကို လိုက်နာအောင် ဆောင်ရွက်တာဖြစ်ကြောင်း၊
    ဟော်မုဇ်ရေလက်ကြား လုံခြုံရေးကို အီရန်က အပြည့်အ၀ အာမခံကြောင်း ဖော်ပြထားပါတယ်။

    အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ရေနံတင်သင်္ဘောနဲ့အတူ ဗြိတိန် စစ်သင်္ဘောတစ်စင်း လိုက်ပါလာပြီး မိမိတို့ရဲ့ ဖမ်းဆီးမှုကို နှောက်ယှက်ခဲ့ကြောင်း၊ တရားနည်းလမ်းကျတဲ့ လုပ်ငန်းတွေပြီးရင် သင်္ဘောကို လွှတ်ပေးမှာဖြစ်ကြောင်း အလ်ဂျာဇီးရား သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • ဒရုန်းပစ်ချခံရသည့်သတင်း မဟုတ်ကြောင်း သက်သေပြမည်ဟု အီရန်ပြော

    ဒရုန်းပစ်ချခံရသည့်သတင်း မဟုတ်ကြောင်း သက်သေပြမည်ဟု အီရန်ပြော

    ဇူလိုင် ၁၉၊ ၂၀၁၉
    M-Media


    အမေရိကန်၏ USS Boxer သင်္ဘော

    -ဟော်မုဇ်ရေလက်ကြားမှာ အီရန် မောင်းသူမဲ့ ဒရုန်းလေယာဉ်တစ်စင်းကို ပစ်ချခဲ့တယ်လို့ အမေရိကန်ရဲ့ ထုတ်ပြန်မှုဟာ မမှန်ကန်ဘဲ အဲဒီဒရုန်းက ရိုက်လာတဲ့ ပုံရိပ်ကို ထုတ်ပြသွားမယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC က ကြေငြာလိုက်ပါတယ်။

    တိုက်သင်္ဘော USS Boxer နားကို ကပ်လာတဲ့ အီရန်ဒရုန်းလေယာဉ်ဟာ အကြိမ်ကြိမ် သတိပေးမှုကို နားမထောင်တာကြောင့် ဒုံးကျည်နဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မနေ့မှာ ပြောကြားခဲ့ပါတယ်။ ဒါဟာ အီရန်ရဲ့ ရန်စတဲ့လုပ်ရပ်တွေထဲက တစ်ခု ဖြစ်တယ်လို့လည်း ထရမ့်က ဆိုပါတယ်။

    အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အေရက်ချီက ဟော်မုဇ်ရေလက်ကြားမှာရော၊ တစ်ခြား ဘယ်ဒေသမှာမှ မိမိတို့ ဒရုန်းလေယာဉ် ဆုံးရှုံးမှုမကြောင်း၊ USS Boxer ဟာ အမေရိကန်ဒရုန်းကိုပဲ မှားယွင်းပစ်ချတာ ဖြစ်နိုင်ကြောင်း ဒီကနေ့မနက် Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ကုလအစည်းအဝေးတက်ဖို့ နယူးယောက်ကို ရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်ကလည်း မိမိတို့စစ်တပ်က ဒရုန်းဆုံးရှုံးသွားတယ်ဆိုတဲ့ သတင်းမျိုး မကြားရဘူးလို့ ပြောကြားခဲ့ပါတယ်။

    USS Boxer တိုက်သင်္ဘောဟာ အာရေဗျပင်လယ်မှာ တပ်ဖြန့်ချထားတဲ့ အမေရိကန်ရေတပ်အုပ်စုက တစ်စီးဖြစ်ပြီး၊ လေယာဉ်တင်သင်္ဘော USS Abraham Lincoln လည်း အဲဒီဒေသမှာ လှုပ်ရှားနေပါတယ်။

    ဗီဒီယို ထုတ်ပြန်မည်

    အီရန် တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ကလည်း အမေရိကန်ရဲ့ ထုတ်ပြန်မှုကို ငြင်းဆိုခဲ့ပြီး ဒေသတွင်းမှာ လှုပ်ရှားနေတဲ့ ဒရုန်းလေယာဉ်တွေအားလုံး တပ်စခန်းကို အန္တရယ်ကင်းကင်း ပြန်ရောက်တယ်လို့ ထုတ်ပြန်ပါတယ်။

    ဒါ့အပြင် အမေရိကန်က ပစ်ချလိုက်တယ်လို့ပြောတဲ့ ဒရုန်းလေယာဉ်က ရိုက်ကူးရယူခဲ့တဲ့ USS Boxer တိုက်သင်္ဘော ပုံရိပ်တွေကို မကြာခင် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

    “USS Boxer ကို ဒရုန်းက ရိုက်ယူလာတဲ့ ပုံရိပ်ကို မကြာခင် ထုတ်ပြသွားမှာပါ။ ဟော်မုဇ်ရေလက်ကြားမှာ အဲဒီသင်္ဘောက အီရန်ဒရုန်းကို ပစ်ချလိုက်တယ်ဆိုတဲ့ ထရမ့်ရဲ့ပြောကြားမှုဟာ အခြေအမြစ်မရှိတဲ့ လိမ်လည်မှုဆိုတာ ကမ္ဘ္ဘာ့ပြည်သူလူထု သိရှိစေဖို့အတွက် ထုတ်ပြန်မှာ ဖြစ်ပါတယ်။ အမေရိကန်စစ်သင်္ဘော ဟော်မုဇ်ရေလက်ကြားကို မ၀င်ခင်ကတည်းက IRGC ရဲ့ ဒရုန်း ဆောင်ရွက်နေတဲ့ လှုပ်ရှားမှုတွေကို ဒီဗီဒီယိုမှာ တွေ့ရမှာပါ” လို့ IRGC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အမေရိကန်က ပစ်ချလိုက်တယ်လို့ မထုတ်ပြန်ခင်နဲ့ ထုတ်ပြန်ပြီးအချိန်တွေမှာ ရိုက်ကူးထားတဲ့ ပုံရိပ်တွေလည်း ပါဝင်မယ်လို့ IRGC က ဆိုပါတယ်။

    နိုင်ငံတကာ စည်းမျဉ်းဥပဒေတွေကို ချိုးဖောက်ပြီး ကျူးကျော်ရန်စတဲ့ ဘယ်လို နိုင်ငံခြားတပ်ဖွဲ့မျိုးကိုမဆို သင့်တော်တဲ့ တုန့်ပြန်မှုတွေ လုပ်ဆောင်ဖို့ သန္ဓိဌာန်ချထားကြောင်းလည်း IRGC ရဲ့ ကြေငြာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

    အီရန်ဟာ ဇွန်လအတွင်းက အမေရိကန် ထောက်လှမ်းရေး ဒရုန်းလေယာဉ်တစ်စင်းကို ပစ်ချခဲ့ပြီး မိမိတို့လေပိုင်နက်ထဲ ၀င်လာတဲ့အတွက်
    ပစ်ချခဲ့တာလို့ ထုတ်ပြန်ခဲ့ပါတယ်။ သမ္မတထရမ့်က ဒီအတွက် အီရန်ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ပေမယ့် နောက်ဆုံးမိနစ်ရောက်မှ
    ဒီအမိန့်ကို ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

    Ref: Ajazeera, Press TV