News @ M-Media

Tag: Iran

  • နျူသဘောတူညီချက်ကိစ္စ လမ်းကြောင်းမှန်ပေါ် ရောက်လာသည်ဟု အီရန်ပြော

    နျူသဘောတူညီချက်ကိစ္စ လမ်းကြောင်းမှန်ပေါ် ရောက်လာသည်ဟု အီရန်ပြော

    သြဂုတ် ၂၄၊ ၂၀၁၉
    M-Media

    -နျူကလီးယား သဘောတူညီချက်နဲ့ပတ်သက်ပြီး တင်းမာမှုလျှော့ချရေး ပြင်သစ်သမ္မတ အီမန်နျူယဲလ် မာခရွန်ရဲ့ အကြံပြုချက်တွေဟာ မှန်ကန်တဲ့ လမ်းကြောင်း ဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က ပြောကြားလိုက်ပါတယ်။

    ၂၀၁၅ ခုနှစ်က ရရှိခဲ့တဲ့ အဲဒီ နျူသဘောတူညီချက်ကနေ အမေရိကန် ပြီးခဲ့တဲ့နှစ် မေလမှာ နှုတ်ထွက်ခဲ့ပါတယ်။ အီရန်ကတော့ ဒီသဘောတူညီချက် ဆက်လက်တည်တံ့ရေး ဥရောပသမဂ္ဂနဲ့ အခြား လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေက ထိထိရောက်ရောက် ဆောင်ရွက်မှု မရှိဘူးလို့ ဝေဖန်ထားတာပါ။

    ပြင်သစ်သမ္မတ မာခရွန်က ပြီးခဲ့တဲ့တစ်ပတ်မှာ အီရန်သမ္မတ ဟာဆန်ရူဟာနီနဲ့တွေ့ဆုံပြီး ဒီကိစ္စကို ဆွေးနွေးခဲ့ပါတယ်။

    “ပြီးခဲ့တဲ့တစ်ပတ်က သမ္မတမာခရွန်ဟာ သမ္မတ ရူဟာနီကို အကြံပြုတာမျိုးတွေ လုပ်ခဲ့တယ်။ သူတို့ဟာ မှန်ကန်တဲ့လမ်းကြောင်းအတိုင်း သွားနေတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ကတော့ ဒီလမ်းကြောင်းပေါ် မရောက်သေးပါဘူး” လို့ မနေ့က ပဲရစ်မှာ မာခရွန်နဲ့တွေ့ဆုံပြီးတဲ့နောက် အီရန်နိုင်ငံခြားရေးဝန်ကြီး ဇာရစ်ဖ်က ပြောကြားခဲ့ပါတယ်။

    သူနဲ့ မာခရွန်တို့ရဲ့ တွေ့ဆုံမှုဟာ ကောင်းမွန်ခဲ့ပြီး ဖြစ်နိုင်ချေတွေကို ဆွေးနွေးခဲ့ကြောင်း၊ အခြား ဥရောပနိုင်ငံတွေ၊ အခြားမိတ်ဖက်နိုင်ငံတွေနဲ့ မာခရွန် ဒီကိစ္စကို ဆွေးနွေးမှာဖြစ်ကြောင်း ဇာရစ်ဖ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အမေရိကန်ဟာ နျူသဘောတူညီချက်ကနေ နှုတ်ထွက်ပြီးနောက်ပိုင်း အီရန်အပေါ် ပိတ်ဆို့မှုတွေ ပိုမို ပြုလုပ်လာခဲ့ပါတယ်။ ဒီပိတ်ဆို့မှုတွေကို ကျော်လွှားပြီး အီရန်နဲ့ ကုန်သွယ်မှု ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်တို့က INSTEX လို့ခေါ်တဲ့ ဘဏ္ဍာရေးလမ်းကြောင်းတစ်ခုကို ဖော်ဆောင်ခဲ့ပေမယ့် သိသိသာသာ ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခြင်း မရှိပါဘူး။

    မာခရွန်အပါအ၀င် G7 ခေါင်းဆောင်တွေဟာ မနက်ဖြန် ပြင်သစ်မှာ တွေ့ဆုံဖို့ရှိနေပါတယ်။

    Ref: Aljazeera

  • ပြည်တွင်းဖြစ် အဆင့်မြင့် ဒုံးခွင်းစနစ်ကို အီရန် ထုတ်ပြ

    ပြည်တွင်းဖြစ် အဆင့်မြင့် ဒုံးခွင်းစနစ်ကို အီရန် ထုတ်ပြ

    သြဂုတ် ၂၃၊ ၂၀၁၉
    M-Media

    အီရန် ပြည်တွင်းဖြစ် Bavar ဒုံးခွင်းစနစ်

    -ပြည်တွင်းဖြစ် အဆင့်မြင့် ဒုံးခွင်းစနစ်တစ်ခုကို အီရန်နိုင်ငံက မနေ့မှာ ထုတ်ပြလိုက်ပြီး ရုရှားရဲ့
    S-300 ဒုံးခွင်းစနစ်ကို ယှဉ်နိုင်တယ်လို့ ဆိုပါတယ်။

    Bavar လို့ အမည်ပေးထားပြီး ‘ယုံကြည်မှု’ လို့ အဓိပ္ပါယ်ရတဲ့ အဲဒီဒုံးခွင်းစနစ်ဟာ နိုင်ငံရဲ့ ပထမဆုံး ပြည်တွင်းဖြစ် တာဝေး ဒုံးခွင်းစနစ်လို့ အီရန်အာဏာပိုင်တွေက ပြောကြားထားတာပါ။

    ရုရှားနိုင်ငံက S-300 ဒုံးခွင်းစနစ် ၀ယ်ယူမှု တားဆီးခံရပြီးတဲ့နောက် ၂၀၁၀ ခုနှစ်မှာ အီရန်ဟာ ဒီဒုံးခွင်းစနစ်ကို စတင် ဖန်တီးတည်ဆောက်ခဲ့တ ဖြစ်ပါတယ်။ နှောင့်နှေးမှုများစွာကြုံတွေ့ခဲ့ပြီး နျူသဘောတူညီချက်လည်း ရရှိခဲ့ပြီးတဲ့နောက် ၂၀၁၆ ခုနှစ်ခုနှစ်မှာတော့ အီရန်ဟာ S-300 ဒုံးခွင်းစနစ်ကိုပါ ရရှိခဲ့ပါတယ်။

    သမ္မတ ဟာဆန်ရူဟာနီက သူတို့ရဲ့ Bavar ဒုံးခွင်းစနစ်ဟာ ရုရှားရဲ့ S-300 ထက် ပိုကောင်းပြီး
    S-400 နီးနီးလောက် ရှိတယ်လို့ မိတ်ဆက်ပွဲအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    အလွယ်တကူ ရွေ့လျား အသုံးပြုနိုင်တဲ့ Bavar ဒုံးခွင်းစနစ်ဟာ ကီလိုမီတာ ၃၀၀ အကွာအဝေးအထိ ရောက်ရှိနိုင်ပါတယ်။ ပစ်မှတ် ၃၀၀ ကို တစ်ချိန်တည်း သိရှိနိုင်ပြီး၊ ၆၀ ကို တစ်ချိန်တည်း နောက်ယောင် ခံနိုင်ကာ ပစ်မှတ် ၆ ခုကို တစ်ပြိုင်တည်း ပစ်ခတ်နိုင်ပါတယ်။

    ဒုံးခွင်းစနစ်မှာ အီရန်ပြည်တွင်းထုတ် Sayyad အမျိုးအစား ဒုံးကျည်တွေကို အသုံးပြုနိုင်မှာဖြစ်ပြီး ဒေါင်လိုက် လောင်ချာအမျိုးအစားကို တပ်ဆင်ထားပါတယ်။ ရှာဖွေရေးနဲ့ ကြားဖြတ်ပစ်ချရေးအတွက် ရေဒါ ၂ ခုကို အသုံးပြုထားပြီး အီလက်ထရောနစ် စစ်ပွဲတွေ၊ လျှပ်စစ်သံလိုက် ဗုံးတွေကို ခုခံကာကွယ်နိုင်ပါတယ်။

    Bavar ဒုံးခွင်းနစ်စက ရေဒါတွေဟာ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကို ကျော်လွှားရာမှာ အသုံးပြုတဲ့ ARM ဒုံးကျည်တွေကိုလည်း သိရှိနိုင်တယ်လို့ ဆိုပါတယ်။

    အားကို အားဖြင့် တုန့်နှင်းမည်

    အီရန်သမ္မတ ရူဟာနီက နျူအရေးနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ အသုံးမ၀င်ဘူးလို့ မနေ့က ဒုံးခွင်းစနစ် မိတ်ဆက်ပွဲ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    “အခုဆိုရင် ကျွန်တော်တို့ရဲ့ ရန်သူတွေက ဆွေးနွေးတာကို လက်မခံနိုင်တော့ဘူး။ ဒါ့ကြောင့်
    ကျွန်တော်တို့ကလည်း ဆွေးနွေးတာမျိုးနဲ့ မတုန့်ပြန်တော့ပါဘူး။ ရန်သူတွေက ကျွန်တော်တို့ကို
    ဒုံးကျည်နဲ့ဆော်ရင် ကျွန်တော်တို့က ရွှေပြည်အေးတရားတွေ ဟောနေလို့မရပါဘူး”

    အီရန်ဟာ ဇူလိုင်လအတွင်းက အမေရိကန် ထောက်လှမ်းရေးဒရုန်းတစ်စီးကို ပစ်ချခဲ့ပြီး သူတို့ပိုင်နက်ထဲကို ၀င်လာတဲ့အတွက်ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန်ကတော့ ဒရုန်းဟာ နိုင်ငံတကာ လေပိုင်နက်မှာ ရှိနေစဉ် ပစ်ချခံလိုက်ရတာလို့ ဆိုပါတယ်။

    Ref: Aljazeera, Press TV

  • အမေရိကန်က ကန့်ကွက်သော်လည်း အီရန်ရေနံတင်သင်္ဘောကို ဗြိတိန် ပြန်လွှတ်ပေး

    အမေရိကန်က ကန့်ကွက်သော်လည်း အီရန်ရေနံတင်သင်္ဘောကို ဗြိတိန် ပြန်လွှတ်ပေး

    သြဂုတ် ၁၉၊ ၂၀၁၉
    M-Media

    -ဂျီဘရော်တာ ရေလက်ကြားမှာ ရက်ပေါင်း ၄၀ ကျော်ကြား ဖမ်းဆီးထိန်းသိမ်းထားတဲ့ အီရန် ရေနံတင်သင်္ဘောကို ဗြိတိန်အာဏာပိုင်တွေက တနင်္ဂနွေနေ့ ညပိုင်းမှာ လွှတ်ပေးလိုက်ပါတယ်။

    ကန်ဒေါ်လာ သန်း ၁၃၀ တန်ဖိုးရှိတဲ့ ရေနံစိမ်းတွေ တင်ဆောင်ထားတဲ့ အဲဒီသင်္ဘောကို ဇူလိုင်လ ၄ ရက်နေ့မှာ ဗြိတိန်အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာပါ။ ရေနံတွေကို ဆီးရီးယားအစိုးရထံ ပေးပို့မှာ ဖြစ်တဲ့အတွက် ဒါဟာ ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့မှုကို ချိုးဖောက်တာလို့ ဗြိတိန်က ပြောပါတယ်။

    ဒီကိစ္စကြောင့် ဗြိတိန်နဲ့ အီရန်တို့ကြားမှာ သံတမန်ရေးရာ တင်းမာမှု ဖြစ်ပွားခဲ့ပြီး အီရန်ကလည်း
    ဟော်မုဇ်ရေလက်ကြားမှာ ဗြိတိန် ရေနံတင်သင်္ဘောကို ဖမ်းဆီးခဲ့ပါတယ်။

    ကြာသာပတေးနေ့မှာတော့ ဂျီဘရော်တာ တရားရုံးချုပ်က အီရန် ရေနံတင်သင်္ဘောကို ပြန်လွှတ်ပေးဖို့ အမိန့်ချခဲ့ပြီး၊ ရေနံတွေကို ဘယ်နိုင်ငံကိုမှ ပို့ဆောင်ခြင်းမပြုဘူးဆိုတဲ့ အာမခံစာကို အီရန်အစိုးရထံကနေ ရတဲ့အတွက် လွှတ်ပေးလိုက်တာဖြစ်တယ်လို့ တရားရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    စပိန်နိုင်ငံ တောင်ဘက်ကမ်းရိုးတန်းနားမှာရှိတဲ့ ဂျီဘရော်တာ ကျွန်းဆွယ်ကို ဗြိတိန်က အုပ်ချုပ်နေတာပါ။ အီရန်ကတော့ သူတို့ဖမ်းဆီးထားတဲ့ ဗြိတိန်ရေနံတင်သင်္ဘောကို ပြန်လွှတ်ပေးခြင်း မရှိသေးပါဘူး။

    ပင်လယ်ရေကြောင်း လုပ်ထုံးလုပ်နည်းအရ သင်္ဘောအမည်ပြောင်းမှု၊ အလံပြောင်းမှု ပြုလုပ်ပြီးတဲ့နောက် ဂျီဘရော်တာ ရေလက်ကြားရဲ့ နိုင်ငံတကာ သင်္ဘောလမ်းကြောင်းကို တနင်္ဂနွေနေ့ညပိုင်းက ထွက်ခွာသွားတယ်လို့ ရေကြောင်း စောင့်ကြည့်ရေးဝဘ်ဆိုက် Marine Traffic က ဖော်ပြခဲ့ပါတယ်။

    အမေရိကန်က ကန့်ကွက်

    သင်္ဘောကိုလွှတ်ပေးဖို့ ဗြိတိန်အာဏာပိုင်တွေက ကြာသာပတေးနေ့မှာ အမိန့်ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အမေရိကန် တရားရုံးတစ်ခုက ဒီသင်္ဘောကို ဖမ်းဆီးဖို့ သောကြာနေ့မှာ ၀ရမ်းထုတ်ခဲ့ပါတယ်။

    သင်္ဘောဟာ အမေရိကန်က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC နဲ့ ဆက်နွယ်နေတာကြောင့် ဖမ်းဆီးဖို့ ၀ရမ်းထုတ်ရတာဖြစ်ကြောင်း
    တရားရုံးက ပြောကြားခဲ့ပြီး သင်္ဘောကို ဆက်ဖမ်းထားဖို့လည်း ဂျီဘရော်တာ အာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။

    ဂျီဘရော်တာအစိုးရကတော့ အမေရိကန်ရဲ့ တောင်းဆိုမှုဟာ ဥရောပသမဂ္ဂရဲ့ ဥပဒေနဲ့ ဆန့်ကျင်နေပြီး အမေရိကန်နဲ့ ဥရောပရဲ့ အီရန်အပေါ် ပိတ်ဆို့မှုတွေဟာ မတူညီတဲ့အတွက် သင်္ဘောကို ဆက်လက်ဖမ်းထားမှာ မဟုတ်ဘူးလို့ တနင်္ဂနွေနေ့မှာ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera

  • အမေရိကန်ရှိနေသမျှ အရှေ့အလယ်ပိုင်း မတည်ငြိမ်နိုင်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ပြော

    အမေရိကန်ရှိနေသမျှ အရှေ့အလယ်ပိုင်း မတည်ငြိမ်နိုင်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး ပြော

    သြဂုတ် ၁၂၊ ၂၀၁၉
    M-Media

    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်

    -အရှေ့အလယ်ပိုင်းဒေသမှာ လက်နက်ပြိုင်ဆိုင်မှု ပြင်းထန်လာတာအတွက် အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က သတိပေးလိုက်ပြီး၊ အမေရိကန်ရဲ့ လက်နက်ရောင်းချမှုတွေကြောင့် ‘ပေါက်ကွဲလုဆဲဆဲ ယမ်းအိုးကြီး’ ဖြစ်လာတယ်လို့လည်း ပြောကြားလိုက်ပါတယ်။

    ကာတာနိုင်ငံကို ရောက်ရှိနေတဲ့ ဇာရစ်ဖ်ဟာ ဒီကနေ့ အလ်ဂျာဇီးရား သတင်းဌာနနဲ့ အင်တာဗျူးမှာ အခုလို ပြောကြားလိုက်တာပါ။ ပင်လယ်ကွေ့မှာ အမေရိကန်ရဲ့ စစ်သင်္ဘောတွေ ပိုမိုချထားမှုဟာ မတည်ငြိမ်မှုတွေဆီ ပိုမို ဦးတည်သွားနိုင်တယ်လို့လည်း ဆိုပါတယ်။

    ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်က အရှေ့အလယ်ပိုင်းဒေသကို လက်နက် ကန်ဒေါ်လာ ဘီလီယံ ၅၀ ဖိုး ရောင်းချခဲ့တာ၊ လူဦးရေ တစ်သန်းသာရှိတဲ့ ယူအေအီးက ၂၀၁၈ ခုနှစ်မှာ ကာကွယ်ရေးအသုံးစားရိတ် ဒေါ်လာ ၂၂ ဘီလီယံ ရှိခဲ့ပြီး၊ အီရန် လူဦးရေရဲ့ ၃ ပုံ ၁ ပုံလောက်သာရှိတဲ့ ဆော်ဒီက ဒေါ်လာ ၈၇ ဘီလီယံ သုံးစွဲခဲ့တာတွေကို ဇာရစ်ဖ်က ထောက်ပြခဲ့ပါတယ်။

    စစ်အင်အား တစ်သန်းသာရှိတဲ့ အီရန်ဟာ ပြီးခဲ့တဲ့နှစ်က စစ်ရေးအသုံးစားရိတ် ၁၆ ဘီလီယံသာ ရှိတယ်လို့ ဇာရစ်ဖ်က ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    “အရှေ့အလယ်ပိုင်းက ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ဆိုရင် အဲဒီခြိမ်းခြောက်မှုဟာ ဒေသတွင်းမှာ လက်နက်တွေ တောင်ပုံရာပုံ စုဆောင်းထားတဲ့ အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်တွေထံကနေသာ လာတာဖြစ်မှာပါ။ ဒါ့ကြောင့် အရှေ့အလယ်ပိုင်းဟာ ပေါက်ကွဲလုဆဲဆဲ ယမ်းအိုးကြီး ဖြစ်နေပါပြီ”

    ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း ထရမ့်က ပြီးခဲ့တဲ့နှစ်မှာ ကြေငြာခဲ့ပြီးတဲ့နောက် အမေရိကန်နဲ့ အီရန်တို့အကြား တင်းမာမှုဟာ အခုနှစ် မေလနဲ့ ဇွန်လတို့မှာ ပိုမိုဆိုရွားလာခဲ့ပြီး၊ ပင်လယ်ကွေ့ဒေသမှာ အမေရိကန်က တပ်အင်အား ထပ်ဖြည့်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

    လုံခြုံရေးကို ထိခိုက်

    ပါရှန်ပင်လယ်ကွေ့မှာ အမေရိကန် ရေတပ်သင်္ဘောတွေ ရှိနေတာဟာ မလုံခြုံမှုကို ပိုမိုဖြစ်ပွားစေပြီး၊ နိုင်ငံခြား စစ်သင်္ဘောတွေကြောင့် ပင်လယ်ကွေ့ လုံခြုံတယ်ဆိုတဲ့ သမိုင်းကြောင်းမျိုး မရှိခဲ့ဘူးလို့ အီရန် နိုင်ငံခြားရေးဝန်ကြီးက အင်တာဗျူးမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    “၁၉၈၈ ခုနှစ်က အီရန် ခရီးသည်တင်လေယာဉ်ကို အမေရိကန် စစ်သင်္ဘောက ပစ်ချခဲ့တာကြောင့် လူ ၂၉၀ သေဆုံးခဲ့တဲ့ သမိုင်းဆိုးမျိုးလည်း ရှိထားပါတယ်။ ရေကြောင်းသွားလာရေးကို ကာကွယ်ဖို့ အမေရိကန်တွေ လုပ်ဆောင်နိုင်တာက ဒေသအတွင်းကနေ ထွက်သွားဖို့ပဲဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ၀င်မစွက်ပါနဲ့။ ဒီလိုလုပ်တာမျိုးက အီရန်အပေါ် ရန်စတာမျိုးဖြစ်ပြီး မလုံခြုံတာကလွဲလို့ တစ်ခြား ကောင်းတာ ဘာမှ မရှိပါဘူး”

    Ref: Aljazeera

  • ပြည်တွင်းဖြစ် အဆင့်မြင့် ဒုံးခွင်းစနစ်တစ်ခုကို အီရန်က မကြာမီ ထုတ်ပြမည်

    ပြည်တွင်းဖြစ် အဆင့်မြင့် ဒုံးခွင်းစနစ်တစ်ခုကို အီရန်က မကြာမီ ထုတ်ပြမည်

    သြဂုတ် ၉၊ ၂၀၁၉
    M-Media


    အီရန်၏ Talash ဒုံးခွင်းစနစ်

    -အဆင့်မြင့် ဒုံးခွင်းစနစ်တစ်ခု အပါအ၀င် ပြည်တွင်းဖြစ် စစ်လက်နက်ပစ္စည်းတွေကို သြဂုတ်လ ၂၂ ရက်နေ့မှာ ကျရောက်မယ့် ‘ကာကွယ်ရေး ထုတ်ကုန်များနေ့’ မှာ ထုတ်ပြသွားမယ်လို့ အီရန် ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် အမီရ် ဟာတာမီက ပြောကြားလိုက်ပါတယ်။

    စစ်လက်နက်ပစ္စည်း ပြပွဲအခမ်းအနားကို နိုင်ငံအလယ်ပိုင်း အစ္စဖာဟန်မြို့မှာ ပြုလုပ်မှာဖြစ်ပြီး
    ပြည်တွင်းဖြစ် Bavar-373 ဒုံးခွင်းစနစ်၊ သံချက်ကာယာဉ်တွေနဲ့ အခြားစစ်လက်နက်ပစ္စည်းတွေလည်း ပါဝင်မှာဖြစ်ပါတယ်။

    ဟာတာမီက ဒီစစ်လက်နက်ပစ္စည်းတွေဟာ တိုင်းပြည်ရဲ့ ကာကွယ်ရေးစွမ်းရည်ကို တိုးတက်ကောင်းမွန်စေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    Bavar-373 ဒုံးခွင်းစနစ်ဟာ အလွယ်တကူ ရွှေ့ပြောင်းနိုင်တဲ့ မြေပြင်က ဝေဟင်ပစ် တာဝေး ဒုံးခွင်းစနစ် ဖြစ်ပြီး ရုရှားရဲ့ S-300 ဒုံးခွင်းကို ယှဉ်ပြိုင်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ ဒုံးကျည်မျိုးစုံလည်း သယ်ဆောင်ပစ်ခတ်နိုင်ပါတယ်။

    အီရန်ဟာ ၂၀၁၃ ခုနှစ်မှာ Talash၊ ၂၀၁၆ ခုနှစ်မှာ ပထမမျိုးဆက် Bavar-373 စတဲ့ တာဝေးပစ် ဒုံးခွင်းစနစ်တွေကို ထုတ်ပြခဲ့ပြီး ၂ ခုစလုံးဟာ ပြည်တွင်းဖြစ်တွေ ဖြစ်ပါတယ်။

    စမတ်ဗုံးသစ်

    အီရန်ဟာ သြဂုတ်လ ၅ ရက်နေ့မှာလည်း Yasin၊ Balaban နဲ့ Ghaem လို့ အမည်ရတဲ့ ပြည်တွင်းဖြစ် စမတ်ဗုံးတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။

    Balaban ဟာ ခေါက်နိုင်တဲ့ တောင်ပံတွေပါဝင်ပြီး၊ GPS နဲ့ ဆင်ဆာတွေ တပ်ဆင်ထားကာ
    တိုက်လေယာဉ်မှာ တပ်ဆင် ပစ်ခတ်နိုင်တဲ့ ဗုံးအမျိုးအစား ဖြစ်ပါတယ်။

    Yasin ကတော့ တာဝန်ပစ် စမတ်ဗုံးအမျိုးအစားဖြစ်ပြီး လူလိုက်ပါတဲ့ လေယာဉ်တွေ၊ လူမဲ့ လေယာဉ်တွေမှာ တပ်ဆင်ကာ ကီလိုမီတာ ၅၀ အကွာမှာရှိတဲ့ ပစ်မှတ်တွေကို မှန်အောင် ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

    အခုမိတ်ဆက်လိုက်တဲ့ Ghaem ကတော့ ၅၀ စင်တီမီတာလောက်အထိ သေးငယ်တဲ့ ပစ်မှတုတွေကို တိတိကျကျထိအောင် ပစ်ခတ်နိုင်တဲ့ စမတ်ဗုံးအမျိုးအစား ဖြစ်ပါတယ်။ ပစ်မှတ်ကို အလိုအလျောက် ခြေရာခံတဲ့စနစ်တွေ တပ်ဆင်ထားသလို လူပါ၊ လူမဲ့ လေယာဉ်တွေ၊ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ စသဖြင့် ဘယ်လို လေယာဉ်မျိုးမှာမဆို တပ်ဆင်ပစ်ခတ်နိုင်ပါတယ်။

    ပြည်ပက ပိတ်ဆို့မှုတွေကို ခံနေရတဲ့ အီရန်ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကာကွယ်ရေးကဏ္ဍမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားလာခဲ့ပြီး အောင်မြင်မှုတွေလည်း ရရှိထားပါတယ်။

    Ref: Press TV