News @ M-Media

Tag: Iran

  • မည်သည့်ကျူးကျော်သူကိုမဆို ချေမှုန်းမည်ဟု အီရန်ပြော

    မည်သည့်ကျူးကျော်သူကိုမဆို ချေမှုန်းမည်ဟု အီရန်ပြော

    စက်တင်ဘာ ၂၂၊ ၂၀၁၉
    M-Media


    တ်ာလှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် ဆာလာမီ

    -အီရန်အနေနဲ့ ဘယ်လိုကျူးကျော်သူမျိုးကိုမဆို လိုက်လံတိုက်ခိုက်မှာဖြစ်ပြီး၊ တစ်ဖက်က အကန့်အသတ်နဲ့ တိုက်ခိုက်လာရင်တောင် မိမိတို့က အပြီးတိုင် ချေမှုန်းသွားမယ်လို့ တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် ဆာလာမီက ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့တစ်ပတ် ဆော်ဒီက ရေနံထုတ်လုပ်ရာနေရာတွေ တိုက်ခိုက်ခံရပြီးတဲ့နောက် ဆော်ဒီ၊ အမေရိကန်နဲ့ အီရန်တို့အကြား တင်းမာမှုတွေ မြင့်တက်လာတာပါ။ ယီမင်က ဟူသီသူပုန်အဖွဲ့က တိုက်ခိုက်မှုကို သူတို့လုပ်ဆောင်တာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး၊ အမေရိကန်နဲ့ ဆော်ဒီက အီရန်လက်ချက်မကင်းဘူးလို့ ဆိုပါတယ်။ အီရန်ကတော့ ဒီစွပ်စွဲမှုတွေကို ငြင်းဆိုခဲ့ပါတယ်။

    တုန့်ပြန်ဖို့အတွက် အဆင့်သင်ပြင်ထားတယ်လို့ အမေရိကန်ကပြောထားသလို၊ ဆော်ဒီကလည်း စုံစမ်းစစ်ဆေးမှုတွေပြီးရင် လုပ်ဆောင်တဲ့သူကို ချေမှုန်းမယ်လို့ ထုတ်ပြန်ထားပါတယ်။

    “သတိထားကြပါ။ အကန့်အသတ်နဲ့ ကျူးကျော်မှု ဆိုပေမယ့်လည်း တုန့်ပြန်မှုက အကန့်အသတ်ရှိမှာ မဟုတ်ပါဘူး။ ကျူးကျော်သူ လုံးဝပျက်သုဉ်းသွားတဲ့အထိ ကျွန်တော်တို့ လိုက်လံချေမှုန်းသွားမှာပါ” လို့ ဆာလာမီက မနေ့က ရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

    အီရန်က ဆော်ဒီရေနံစက်ရုံတွေ တိုက်ခိုက်ခံရမှုမှာ ပါဝင်မှုမရှိဘူးလို့ ပြောဆိုထားပါတယ်။

    ဆော်ဒီကို အမေရိကန်စစ်တပ်တွေ၊ ဒုံးခွင်းစနစ်တွေ စေလွှတ်ဖို့အတွက် သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့မှာ အတည်ပြုခဲ့ပါတယ်။

    တော်လှန်ရေးအစောင့်တပ်ဖွဲ့ လေကြောင်းဌာန အကြီးအကဲ အမီရာလီ ဟာဂျီဇာဒါဟ်ကလည်းအီရန်အပေါ် လုပ်ဆောင်လာတဲ့ ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို ထိထိရောက်ရောက် တုန့်ပြန်သွားမယ်လို့ IRNA သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    Ref: Reuters

  • စစ်ပွဲစလျှင် မဆုံးနိုင်ဖြစ်မည်ဟု အမေရိကန်နှင့် ဆော်ဒီကို အီရန် သတိပေး

    စစ်ပွဲစလျှင် မဆုံးနိုင်ဖြစ်မည်ဟု အမေရိကန်နှင့် ဆော်ဒီကို အီရန် သတိပေး

    စက်တင်ဘာ ၂၀၊ ၂၀၁၉
    M-Media

    -အမေရိကန်နဲ့ ဆော်ဒီတို့က တိုက်ခိုက်မှုတွေ ပြုလုပ်လာရင် မဆုံးနိုင်တဲ့စစ်ပွဲ ဖြစ်ပွားမယ်လို့
    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်က မနေ့မှာ သတိပေးလိုက်ပါတယ်။

    ပြီးခဲ့တဲ့စနေနေ့က ဆော်ဒီက ရေနံထုတ်လုပ်ရာနေရာတွေ တိုက်ခိုက်ခံရမှုအပြီး ဆော်ဒီ၊ အမေရိကန်နဲ့ အီရန်တို့အကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် ကမ္ဘ္ဘာရေနံထုတ်လုပ်မှုရဲ့ ၅ ရာခိုင်နှုန်းလောက် ရပ်ဆိုင်းခဲ့ရပါတယ်။

    ယီမင် ဟူသီသူပုန်အဖွဲ့က တိုက်ခိုက်မှုဟာ သူတို့လက်ချက်လို့ ပြောပေမယ့် အမေရိကန်ကတော့ ဒီနောက်ကွယ်မှာ အီရန်က ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲထားပါတယ်။

    ကျူးလွန်သူတွေကို တုန့်ပြန်ဖို့အတွက် လက်နက်တွေ အသင့်ပြင်ထားပြီလို့လည်း အမေရိကန်က ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ စစ်ကိုမလိုလားဘူး။ စစ်လည်းမတိုက်ချင်ဘူး။ ဒါပေမယ့် တိုင်းပြည်ကို ကာကွယ်ဖို့အတွက်ဆိုရင်တော့ မျက်စိမှိတ်နေမှာ မဟုတ်ပါဘူး” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဇာရစ်ဖ်က CNN သတင်းဌာနနဲ့ မနေ့ကအင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

    အမေရိကန် ဒါမှမဟုတ် ဆော်ဒီက အီရန်အပေါ် တိုက်ခိုက်လာမယ်ဆိုရင် ဘယ်လိုလုပ်မလဲလို့ မေးမြန်းရာမှာတော့ မဆုံးနိုင်တဲ့စစ်ပွဲ ဖြစ်သွားလိမ့်မယ်လို့ ဇာရစ်ဖ်က ပြန်လည်ဖြေကြားခဲ့ပါတယ်။

    ဆော်ဒီကတော့ တိုက်ခိုက်မှုကို အီရန်က စပွန်ဆာပေးတာဖြစ်ပြီး၊ လက်နက်တွေဟာ အီရန်လုပ် လက်နက်တွေ ဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် တိုက်ရိုက် အပြစ်တင်တာမျိုးတော့ မလုပ်ခဲ့ပါဘူး။

    ဇာရစ်ဖ်က ဒါတွေဟာ စစ်ပွဲစတင်ချင်လို့ မုသားတွေ၊ လှည့်ဖျားမှုတွေနဲ့ လုပ်ကြံဖန်တီးထားတာ ဖြစ်တယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: CNN

  • ဆော်ဒီရေနံစက်ရုံများ တိုက်ခိုက်ခံရမှု ကန်၏ စွပ်စွဲချက်ကို အီရန်ငြင်း

    ဆော်ဒီရေနံစက်ရုံများ တိုက်ခိုက်ခံရမှု ကန်၏ စွပ်စွဲချက်ကို အီရန်ငြင်း

    စက်တင်ဘာ ၁၆၊ ၂၀၁၉
    M-Media

    တိုက်ခိုက်မှုပြီးနောက် မီးလောင်မှုကို အာကာသမှ မြင်ရစဉ်

    -ဆော်ဒီကရေ ရေနံစက်ရုံနှစ်ခုကို တိုက်ခိုက်မှုမှာ နောက်ကွယ်ကနေ ပါဝင်ခဲ့တယ်ဆိုတဲ့ အမေရိကန်ရဲ့ စွပ်စွဲမှုကို အီရန်က ငြင်းဆိုလိုက်ပါတယ်။

    စနေနေ့က ကမ္ဘ္ဘာ့အကြီးဆုံး ရေနံထုတ်လုပ်မှုစက်ရုံဖြစ်တဲ့ Abqaiq နဲ့ ရေနံတွင်း Khurais တို့မှာ ဒရုန်းနဲ့တိုက်ခိုက်မှုတွေကြောင့် မီးလောင်ခဲ့ပါတယ်။ ယီမင်ဟူသီသူပုန်အဖွဲ့က ဒါဟာ သူတို့လက်ချက်လို့ ပြောကြားထားပါတယ်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက တိုက်ခိုက်မှုအတွက် အီရန်ကို အပြစ်တင်ခဲ့ပြီး ကမ္ဘ္ဘာ့ စွမ်းအင်ထောက်ပံ့မှုကို မကြုံစဖူး တိုက်ခိုက်လာတာလို့ ဆိုပါတယ်။

    အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်ရဲ့ ဒီစွပ်စွဲမှုဟာ အဓိပ္ပါယ်မရှိဘဲ အီရန်အပေါ် ထပ်တိုးဆောင်ရွက်ချက်တွေအတွက် အကြောင်းရှာတာလို့ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။

    “ဒီလိုပြောကြားမှုတွေဟာ တိုင်းပြည်တစ်ခုရဲ့ဂုဏ်သိက္ခာ ကျဆင်းအောင်လုပ်ဖို့၊ နောက်ထပ် ခြေလှမ်းတွေ လှမ်းဖို့ ထောက်လှမ်းရေးနဲ့ လျှို့ဝှက်အဖွဲ့အစည်းတွေက လီဆယ်တဲ့ စကားမျိုးတွေပါ” လို့ ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အဘတ်စ် မူဆာဗီက ပြောကြားခဲ့ပါတယ်။

    ရေနံစက်ရုံတွေ တိုက်ခိုက်ခံရမှုကြောင့် ဆော်ဒီရဲ့ ရေနံထုတ်လုပ်မှုဟာ ထက်ဝက်လောက် ကျဆင်းသွားပြီး ကမ္ဘ္ဘာ့ဈေးကွက်မှာလည်း ရေနံဈေးတွေ ထိုးတက်လာပါတယ်။

    Ref: Aljazeera

  • အီရန်က လျှို့ဝှက်နေရာတစ်ခုတွင် နျူထုတ်နေသည်ဟု အစ္စရေးပြော

    အီရန်က လျှို့ဝှက်နေရာတစ်ခုတွင် နျူထုတ်နေသည်ဟု အစ္စရေးပြော

    စက်တင်ဘာ ၁၀၊ ၂၀၁၉
    M-Media

    -လျှို့ဝှက်နေရာတစ်ခုမှာ အီရန်က နျူလက်နက် ထုတ်လုပ်နေတယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက မနေ့မှာ ပြောကြားလိုက်ပြီး အီရန်ကတော့ ဒါဟာ စစ်တိုက်ဖို့အတွက် အကြောင်းပြချက်ရှာတာလို့ ပြန်လည်တုန့်ပြန်လိုက်ပါတယ်။

    အစ္စဖာဟန်မြို့တောင်ဘက် အဘာဒါဟ်ဆိုတဲ့မြို့မှာ လျှို့ဝှက်နျူစက်ရုံတည်ရှိကာ အစ္စရေးက တွေ့ရှိပြီးတဲ့နောက် အီရန်ဖက်က ဖျက်ဆီးလိုက်တယ်လို့လည်း နေတန်ယာဟုက ဆိုပါတယ်။ နေတန်ယာဟုဟာ အရင်ကလည်း ဒီလိုစွပ်စွဲပြောဆိုဖူးပြီး နေရာအတိအကျကို ထုတ်ဖော်ပြောဆိုမှုကတော့ ပထမဆုံးဖြစ်ပါတယ်။

    ဒါပေမယ့် အသေးစိတ်အချက်အလက်တွေတော့ မပါဝင်ဘူး။

    အီရန်က ဘယ်အချိန်၊ ဘယ်နေရာမှာ ဘာတွေလုပ်နေလဲဆိုတာ အစ္စရေးက သိနေတယ်လို့လည်း အီရန်အာဏာပိုင်တွေကို ရည်ညွှန်းပြီး နေတန်ယာဟုက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ပယ်ချ

    အီရန်ကတော့ နေတန်ယာဟုရဲ့ ဒီပြောကြားမှုကို ပယ်ချခဲ့ပြီး စစ်တိုက်ဖို့အတွက် အကြောင်းရှာနေတာ ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    “နျူလက်နက်ကို ပိုင်ဆိုင်ထားတဲ့ ၀ံပုလွေက သိုးရေခြုံပြီး ငိုပြနေတာပါ” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အီရန်နဲ့ ကမ္ဘ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့ ၂၀၁၅ ခုနှစ်မှာ ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကို အစ္စရေးက တစ်စိုက်မတ်မတ်ကန့်ကွက်လာခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ကလည်း တီဟီရန်မြို့စွန်က ကောဇောစက်ရုံးတစ်ခုမှာ ရေဒီယိုသတ္တုကြွပစ္စည်းတွေ လျှို့ဝှက် သိမ်းဆည်းထားတယ်လို့ နေတန်ယာဟုက ထုတ်ပြန်ပြောကြားဖူးပါတယ်။

    Ref: Aljazeera

  • နျူအရေးဆွေးနွေးရန် IAEA အကြီးအကဲ အီရန်သွားမည်

    နျူအရေးဆွေးနွေးရန် IAEA အကြီးအကဲ အီရန်သွားမည်

    စက်တင်ဘာ ၇၊ ၂၀၁၉
    M-Media

    -အီရန်ရဲ့ နျူအရေး ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် နိုင်ငံတကာ အနုမြူအေဂျင်စီ (IAEA) အကြီးအကဲဟာ ဒီကနေ့မှာ အီရန်နိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။

    IAEA က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အထွေထွေဒါရိုက်တာ ကိုနဲလ် ဖီရူတာဟာ မြို့တော် တီဟီရန်ကို သွားရောက်ပြီး အီရန် အဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံမှာဖြစ်ကြောင်း၊ ဒီသွားရောက်မှုဟာ IAEA နဲ့ အီရန်တို့အကြား ဆက်သွယ်ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။

    ၂၀၁၅ ခုနှစ်က အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံတို့ ရရှိထားတဲ့ နျူသဘောတူညီချက်မှာ အချက်အလက်တွေကို အီရန်က ဘယ်လောက်လိုက်နာမှုရှိလဲဆိုတာ လေ့လာသုံးသပ်မှုလည်း ဒီခရီးစဉ်မှာ လုပ်ဆောင်မှာပါ။

    အီရန်သမ္မတ ဟာဆန်ရူဟာနီက အီရန်ဟာ နျူသုတေသနလုပ်ငန်းနဲ့ပတ်သက်တဲ့ စာချုပ်ပါ အချက်အလက်တွေကို လိုက်နာတော့မှာမဟုတ်ဘူးလို့ အခုတစ်ပတ်အတွင်း ကြေငြာခဲ့ပါတယ်။ အမေရိကန်က နျူသဘောတူညီချက်ကနေ နှုတ်ထွက်ကြောင်း ပြီးခဲ့တဲ့နှစ် မေလမှာ ကြေငြာခဲ့ပြီး ပိတ်ဆို့မှုတွေ ထပ်မံ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် အီရန်ဟာ စာချုပ်ပါ အချက်အလက်တွေ လိုက်နာမှုကို တစ်ဖြည်းဖြည်း လျှော့ချနေတာ ဖြစ်ပါတယ်။

    ဇူလိုင်လအတွင်းက ယူရေနီယံသန့်စင်မှု၊ ပြည့်ဝယူရေနီယံပမာဏတို့နဲ့ပတ်သက်တဲ့ စာချုပ်ပါ အချက်အလက်တွေကို လိုက်နာမှာမဟုတ်ကြောင်း အီရန်က ကြေငြာခဲ့ပါတယ်။

    အမေရိကန်က အီရန်နဲ့ နျူသဘောတူညီချက်တစ်ခု ပြန်ရဖို့ ဆွေးနွေးချင်နေပြီး ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စ်ပါက ဆွေးနွေးညှိနှိုင်းလို့ရမယ့် အခြေအနေတစ်ခုအထိရောက်ဖို့ နီးစပ်လာနေပြီလို့၊ မနေ့က ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera