News @ M-Media

Tag: Iran

  • အစ္စလာမ့်မစ်တော်လှန်ရေး နှစ် ၄၀ မြောက်အခမ်းအနားကို အီရန်ကျင်းပ

    အစ္စလာမ့်မစ်တော်လှန်ရေး နှစ် ၄၀ မြောက်အခမ်းအနားကို အီရန်ကျင်းပ

    ဖေဖော်ဝါရီ ၁၂၊ ၂၀၁၉
    M-Media

    ချီတက်ပွဲအခမ်းအနားတွင် တော်လှန်ရေးခေါင်းဆောင် အယာတိုလာ ရူဟွလ္လာ ခိုမေနီ၏ ပန်းချီကားကို အီရန်ပြည်သူတစ်ဦးက ကိုင်ဆောင်ထားစဉ်

    – အမေရိကန်ကျောထောက်နောက်ခံပြု အာဏာရှင် ရှားဘုရင်ကို ဖြုတ်ချပြီး အစ္စလာမ့်မစ်တော်လှန်ရေး အောင်မြင်ခဲ့တဲ့ နှစ် ၄၀ မြောက် အထိမ်းအမှတ်အဖြစ် သိန်းနဲ့ချီတဲ့ အီရန်ပြည်သူတွေဟာ မနေ့က နိုင်ငံတစ်ဝှမ်းမှာ အခမ်းအနားတွေ၊ ချီတက်ပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

    တီဟီရန်က လွတ်လပ်ရေးရင်ပြင်က သမ္မတ ဟာဆန်ရူဟာနီရဲ့ မိန့်ခွန်းမှာ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေက အီရန်အစ္စလာမ့်သမ္မတနိုင်ငံကို ပြိုကွဲစေမှာမဟုတ်ဘူးလို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “အီရန်နိုင်ငံရဲ့ လမ်းမတွေပေါ်မှာ ဒီကနေ့ ပြည်သူတွေ အောင်ပွဲခံနေကြတာဟာ ရန်သူတွေရဲ့ ယုတ်မာတဲ့အကြံအစည်တွေ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူးဆိုတာကို ပြသနေပါတယ်။ ကျွန်တော်တို့ရဲ့ ဒုံးလက်နက်ထုတ်လုပ်မှုအတွက် ဘယ်သူ့ဆီကမှ ခွင့်ပြုချက်တောင်းနေမှာမဟုတ်သလို၊ စစ်အင်အားကိုလည်း ဆက်လက်တည်ဆောက်သွားမှာ ဖြစ်ပါတယ်”

    ဘာသာရေးခေါင်းဆောင် အယာတိုလာ ရူဟွလ္လာ ခိုမေနီဦးဆောင်ခဲ့တဲ့ အစ္စလာမ့်မစ်တော်လှန်ရေးဟာ ၁၉၇၉ ခုနှစ်မှာ အောင်မြင်ခဲ့ပြီး အမေရိကန်ကျောထောက်နောက်ခံပြု အာဏာရှင် ရှားဘုရင်ကို ဖြုတ်ချနိုင်ခဲ့ပါတယ်။ ဒီလိုဖြုတ်ချမှုဟာ နှစ်ပေါင်း ၂၅၀၀ လောက် တည်တံ့ခဲ့တဲ့ ပါရှန်အင်ပါယာ အဆုံးသတ်သွားတာလည်း ဖြစ်ပါတယ်။

    ရူဟာနီက ဒီတော်လှန်ရေးဟာ ‘လူတစ်စုကောင်းစားရေးဝါဒ၊ ကိုလိုနီဝါဒနဲ့ သူတစ်ပါးအပေါ် မှီခိုနေရမှုတွေကနေ’ တိုင်းပြည်ကို ကယ်တင်နိုင်ခဲ့တာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “တိုင်းပြည်ဟာ အစ္စလာမ့်မစ် ပြည်သူ့နိုင်ငံစနစ်နဲ့ လွတ်လပ်တဲ့ အစိုးရတစ်ရပ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်”

    အီရန်မှာ နှစ်စဉ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ရောက်တိုင်း အစ္စလာမ့်မစ်တော်လှန်ရေး အောင်မြင်မှု အခမ်းအနားတွေကို ကျင်းပလေ့ရှိပါတယ်။

    အမေရိကန်ရဲ့ တစ်ကျော့ပြန်ပိတ်ဆို့မှုတွေကြောင့် အီရန်ဟာ လက်ရှိမှာ စီးပွားရေးနဲ့ နိုင်ငံရေးဖိအားဒဏ်တွေကို ခံနေရပါတယ်။ ၂၀၁၅ ခုနှစ်က အမေရိကန်အပါအ၀င် အင်အားကြီးနိုင်ငံတွေနဲ့ နျူသဘောတူညီချက်တစ်ခု ရရှိခဲ့ပေမယ့် စာချုပ်ပါ စည်းကမ်းတွေကို မလိုက်နာဘူးလို့ဆိုတာ အမေရိကန်က ပြီးခဲ့တဲ့နှစ်မှာ စာချုပ်ကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

    အီရန်ကဆောင်ရွက်နေတဲ့ ဒုံးကျည်ထုတ်လုပ်မှု စီမံကိန်းကို အမေရိကန်က အဓိကပစ်မှတ်ထားကာ ကန့်ကွက်နေတာဖြစ်ပြီး အီရန်က ဒီစီမံကိန်းဟာ နျူသဘောတူညီချက်ကို ချိုးဖောက်မှုမရှိဘူးလို့ ပြောကြားထားပါတယ်။

    Ref: Aljazeera

  • ဆီးရီးယားကို အစ္စရေးက ထပ်တိုက်လျှင် ထိထိရောက်ရောက် တုန့်ပြန်မည်ဟု အီရန်ပြော

    ဆီးရီးယားကို အစ္စရေးက ထပ်တိုက်လျှင် ထိထိရောက်ရောက် တုန့်ပြန်မည်ဟု အီရန်ပြော

    ဖေဖော်ဝါရီ ၆၊ ၂၀၁၉
    M-Media

    ဖေဖော်ဝါရီ ၂ ရက်နေ့က တီဟီရန်တွင် ပြုလုပ်ခဲ့သည့် လက်နက်ပြပွဲ

    – အစ္စရေးအနေနဲ့ ဆီးရီးယားကို ကျူးကျော်တိုက်ခိုက်မှု ဆက်လုပ်နေမယ်ဆိုရင် ထိထိရောက်ရောက်တုန့်ပြန်သွားမယ်လို့ အီရန်က ပြောကြားလိုက်ပါတယ်။

    ၈ နှစ်တာ ကြာမြင့်လာပြီဖြစ်တဲ့ ဆီးရီးယားစစ်ပွဲမှာ အစ္စရေးက တိုက်ရိုက် ပါဝင်ပတ်သက်ခြင်းမရှိပေမယ့် လေကြောင်းကနေ ကျူးကျော်တိုက်ခိုက်မှုတွေ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ပြီး ဆီးရီးယားအစိုးရပစ်မှတ်နဲ့ အီရန်ပစ်မှတ်တွေကို တိုက်ခိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ အစ္စရေးဟာ အီရန်ကို လုံခြုံရေးခြိမ်းခြောက်မှုအဖြစ် မှတ်ယူထားတာ ဖြစ်ပါတယ်။

    ပြည်တွင်းစစ်တစ်လျှောက်လုံးမှာ ဆီးရီးယားသမ္မတ ဘာရှာအလ်အာဆတ်ကို အီရန်က ကျောထောက်နောက်ခံပေးနေတာပါ။

    မနေ့က တီဟီရန်မှာ ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်အတွင်း အီရန် အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီ ရှက်ခါနီက ဆီးရီးယားရဲ့ပိုင်နက်ကို ကျူးကျော်တိုက်ခိုက်တဲ့ အစ္စရေးရဲ့လုပ်ရပ်ဟာ လက်မခံနိုင်စရာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒါမျိုးတွေ ဆက်ဖြစ်နေမယ်ဆိုရင် ကာကွယ်ရေးအတွက် စီစဉ်ထားတာတစ်ချို့ကို ထုတ်သုံးပြီး အစ္စရေးက ရာဇ၀တ်ကောင် လူလိမ်ခေါင်းဆောင်တွေကို မှတ်လောက်သားလောက်အောင် ပညာပေးသွားမှာ ဖြစ်ပါတယ်”

    လက်ဘနွန်နယ်စပ်မှာ အခြေစိုက်ထားတဲ့ ဟစ်ဇ်ဘိုလာလက်နက်ကိုင်အဖွဲ့ကို အီရန်က အဆင့်မြင့်လက်နက်တွေ ထောက်ပံ့နေတယ်လို့ အစ္စရေးက စွပ်စွဲထားပြီး ဆီးရီးယားက အီရန်ပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပြီးခဲ့တဲ့လမှာ ပြောကြားထားပါတယ်။

    Ref: Aljazeera

  • ပြည်တွင်းဖြစ် တာဝေး ခရုဇ်ဒုံးကျည်သစ်ကို အီရန်ထုတ်ပြ

    ပြည်တွင်းဖြစ် တာဝေး ခရုဇ်ဒုံးကျည်သစ်ကို အီရန်ထုတ်ပြ

    ဖေဖော်ဝါရီ ၄၊ ၂၀၁၉
    M-Media

    – ကီလိုမီတာ ၁၃၅၀ အကွာအဝေးအထိ ရောက်ရှိနိုင်မယ့် ခရုဇ်ဒုံးကျည်တစ်မျိုးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ မနေ့ကပြုလုပ်တဲ့ ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေး နှစ်ပတ်လည်အခမ်းအနားမှာ အီရန်က ကြေငြာလိုက်ပါတယ်။

    ဒုံးကျည်ကို Hoveizeh လို့ အမည်ပေးထားပြီး ၂၀၁၅ ခုနှစ်က ထုတ်ပြခဲ့ Soumar ခရုဇ်ဒုံးကျည်အုပ်စုက ဖြစ်ပါတယ်။ ကာကွယ်ရေးအောင်မြင်မှု နှစ် ၄၀ အထိမ်းအမှတ်အဖြစ် မနေ့က မြို့တော်တီဟီရန်မှာပြုလုပ်တဲ့ လက်နက်ပြပွဲ အခမ်းအနားမှာ ဒီဒုံးကျည်ကို ထုတ်ပြခဲ့တာပါ။

    အီရန်ကာကွယ်ရေးဝန်ကြီး အမီရ် ဟာတာမီက Hoveizeh ဒုံးကျည်ဟာ ကီလိုမီတာ ၁၂၀၀ မှာရှိတဲ့ ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အနိမ့်ပိုင်းကနေ ပျံသန်းနိုင်မယ့် ဒီဒုံးကျည်ဟာ သိပ်မကြာခင်အချိန်အတွင်းမှာ အဆင်သင့်သုံးနိုင်တဲ့အဆင့်ကို ရောက်မှာဖြစ်ပါတယ်”

    Hoveizeh ကို အီရန်နိုင်ငံကာကွယ်ရေးရဲ့ အားထားရမယ့် လက်နက်တစ်ခုအဖြစ် ဟာတာမီက သမုတ်ခဲ့ပါတယ်။

    အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ လေကြောင်းတပ်ဖွဲ့အကြီးအကဲ အမီရာလီ ဟာဂျီဇာဒါဟ်က အီရန်ဟာ ဒုံးကျည်တွေအတွက် ဂျက်အင်ဂျင်ဖန်တီးမှုမှာ အစပိုင်းက ပြဿနာတွေရှိခဲ့ပေမယ့် ကျော်လွှားနိုင်ခဲ့ပြီး အခုအချိန်မှာတော့ တာနီး၊ တာလတ်၊ တာဝေးပစ် ဒုံးကျည်အားလုံးကို ထုတ်လုပ်နိုင်ပြီလို့ လက်နက်ပြပွဲမှာ ပြောကြားခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ် အင်အားကြီးနိုင်ငံတွေနဲ့ နျူအရေး သဘောတူညီချက် ရရှိခဲ့ပြီးတဲ့နောက်ပိုင်း အီရန်ဟာ သူတို့ရဲ့ ဒုံးကျည်အစီအစဉ်ကို ပိုမိုချဲ့ထွင်လာခဲ့ပါတယ်။

    Ref: Aljazeera

  • ကိုယ်ပိုင် ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို အီရန်က မကြာခင် စတင်အသုံးပြုမည်

    ကိုယ်ပိုင် ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို အီရန်က မကြာခင် စတင်အသုံးပြုမည်

    ဇန်န၀ါရီ ၂၈၊ ၂၀၁၉
    M-Media

    – အစိုးရက ကျောထောက်နောက်ခံပြုထားတဲ့ ဒစ်ဂျစ်တယ်ငွေကြေးသစ်တစ်ခုကို အီရန်က မကြာခင်မှာ ကြေငြာဖို့ ရှိနေပြီး အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့် ငွေကြေးလွှဲပြောင်းမှု အခက်အခဲကို ကျော်လွှားမယ့် ပထမဆုံးခြေလှမ်းလည်း ဖြစ်ပါတယ်။

    ဒစ်ဂျစ်တယ်ငွေကြေးဟာ ငွေပေးသူနဲ့ လက်ခံမယ့်သူအကြား တိုက်ရိုက် ဆက်သွယ်လုပ်ဆောင်ရမယ့် စနစ်တစ်ခုဖြစ်ပြီး ကြားခံ တတိယလူတစ်ဦးလိုအပ်တဲ့ ငွေပေးချေမှုစနစ်ထက် ပိုမိုကောင်းမွန်မှာ ဖြစ်ပါတယ်။

    ဇန်န၀ါရီ ၂၉ ရက်နေ့ မြို့တော် တီဟီရန်မှာ ကျင်းပမယ့် Electronic Banking and Payment Systems ညီလာခံမှာ ဒစ်ဂျစ်တယ်ငွေကြေး စနစ်သစ်ကို အီရန်က ထုတ်ပြမယ်လို့ သတင်းတွေ ထွက်နေပါတယ်။

    အမေရိကန်ရဲ့ တစ်ကျော့ပြန် ပိတ်ဆို့မှုကြောင့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ အီရန်ဟာ SWIFT ငွေကြေးလွှဲပြောင်းမှုစနစ် အသုံးပြုခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ ဘယ်လ်ဂျီယံအခြေစိုက် SWIFT စနစ်ဟာ နိုင်ငံဖြတ်ကျော် ငွေပေးချေမှုကို ဆောင်ရွက်ပေးတာဖြစ်ပြီး ဒီစနစ်ကို အသုံးပြုခွင့်မရတဲ့ နိုင်ငံတွေဟာ သွင်းကုန်-ထုတ်ကုန် ငွေပေးချေမှု၊ လက်ခံမှုတွေအတွက် အခက်အခဲတွေ ဖြစ်ကြရပါတယ်။

    အီရန်က သူတို့ရဲ့ ကိုယ်ပိုင် ဒစ်ဂျစ်တယ်ငွေကြေးသစ် စီမံကိန်းအကြောင်းကို ပြီးခဲ့တဲ့နှစ်ကတည်းက လူသိရှင်ကြား ထုတ်ပြောခဲ့တာပါ။

    အခုစနစ်သစ် ပထမအဆင့်မှာ အီရန်ရီယဲလ်ကို အခြေပြုမှာဖြစ်ပြီး ပြည်တွင်းဘဏ်တွေနဲ့ အီရန်အစိုးရအေဂျင်စီတွေ၊ ပြည်သူလူထုတွေက ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ SWIFT လိုမျိုး နိုင်ငံတကာက အသုံးပြုလာနိုင်တဲ့ စနစ်အထိ တိုးချဲ့သွားဖို့လည်း အီရန်က အစီအစဉ် ရှိပါတယ်။

    ရုရှားနဲ့ ပူးပေါင်း

    ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း အာမေးနီးယားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ChainPoint 18 conference အစည်းအဝေးမှာ ရုရှား-အာမေးနီးယား-အီရန် ၃ နိုင်ငံ ဒစ်ဂျစ်တယ်ငွေကြေးစနစ်တစ်ခု ဖော်ဆောင်ဖို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

    ညီလာခံမှာ ရုရှားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တဲ့ ယူရီ ပရီပက်ခ်ျကင်က SWIFT ပုံစံ အီရန်အခြေပြု ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကို ဖော်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    နောက်ပိုင်းမှာ ရုရှားသမ္မတ ပူတင်ကလည်း SWIFT နဲ့ လုံးဝလွတ်ကင်းတဲ့ ငွေကြေးလွှဲပြောင်းမှု စနစ်သစ်ကို မိတ်ဖက်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပြီး ဘယ်နိုင်ငံတွေနဲ့လဲဆိုတာကိုတော့ ထုတ်ခြင်း မရှိခဲ့ပါဘူး။ အီရန်နဲ့ ရုရှားတို့ဟာ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုကို ခံထားရတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။

    အရှေ့အလယ်ပိုင်းဒေသအတွင်း ဆော်ဒီနဲ့ ယူအေအီးတို့ ပူးပေါင်းကာ ဒစ်ဂျစ်တယ်ငွေကြေးစနစ်သစ်တစ်ခုကို မကြာသေးခင်ကပဲ တည်ထောင်ခဲ့ပါတယ်။

    Ref: Aljazeera

  • နျူနည်းပညာတွင် အဆင့်တစ်ခုကို ထပ်မံတက်လှမ်းနိုင်ဟု အီရန် ကြေငြာ

    နျူနည်းပညာတွင် အဆင့်တစ်ခုကို ထပ်မံတက်လှမ်းနိုင်ဟု အီရန် ကြေငြာ

    ဇန်န၀ါရီ ၁၄၊ ၂၀၁၉
    M-Media

    အီရန်နိုင်ငံတောင်ပိုင်းရှိ နျူဓာတ်အားပေးစက်ရုံတစ်ခု

    – သိပ္ပံပညာရှင်တွေဟာ ယူရေနီယံ ၂၀ ရာခိုင်နှုန်းအထိ သန့်စင်တဲ့လုပ်ငန်းကို စတင်လုပ်ဆောင်နေပြီး နိုင်ငံရဲ့ နျူကလီးယားကဏ္ဍဟာ နောက်ထပ်အဆင့်တစ်ခုကို ရောက်ရှိသွားပြီလို့ အီရန် နျူစီမံကိန်းအကြီးအကဲ အလီ အက္ကဘာရ် ဆာလေဟီက မနေ့မှာ ကြေငြာလိုက်ပါတယ်။

    နိုင်ငံပိုင်သတင်းဌာန IRIB နဲ့ အင်တာဗျူးမှာ ဆာလေဟီက ဒီလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။

    “တီဟိရန်က ဓာတ်ပေါင်းဖိုလို အခြား ဘယ်လို ဓာတ်ပေါင်ဖိုမျိုးအတွက်မဆို ကျွန်တော်တို့ လောင်စာ ထုတ်ပေးနိုင်ပါပြီ။ အခုအချိန်မှာ ဓာတ်ပေါင်းဖို တည်ဆောက်တာမျိုးကိုတောင် ကျွန်တော်တို့ သိပ္ပံပညာရှင်တွေ လုပ်ဆောင်နိုင်ပါပြီ”

    ယူရေနီယံသတ္တုကို ၂၀ ရာခိုင်နှုန်းအထိ သန့်စင်ခြင်းဟာ ဓာတ်အားထုတ်လုပ်ဖို့ထက် ပိုမိုတဲ့ အနေအထားဖြစ်ပေမယ့် နျူဗုံးထုတ်လုပ်နိုင်တဲ့အဆင့်အထိ မရောက်သေးပါဘူး။ နျူလက်နက် ထုတ်လုပ်ဖို့အတွက်ဆိုရင် ယူရေနီယံကို ၈၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ သန့်စင်ရမှာ ဖြစ်ပါတယ်။

    အနောက်နိုင်ငံတွေက အီရန်ဟာ နျူလက်နက်ထုတ်လုပ်ဖို့ လုပ်ဆောင်နေတယ်လို့ စွပ်စွဲပြောဆိုထားပေမယ့် အီရန်ကတော့ ဒါကို ငြင်းဆိုထားပါတယ်။

    အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံနဲ့ ၂၀၁၅ ခုနှစ်မှာ ချုပ်ဆိုခဲ့တဲ့ နျူသဘောတူညီချက်မှာ အီရန်အနေနဲ့ ယူရေနီယံသန့်စင်မှုကို ၃.၅ ရာခိုင်နှုန်းသာ လုပ်ဆောင်ဖို့၊ အသုံးပြုတဲ့ ယူရေနီယံပမာဏ ၃၀၀ ကီလိုဂရမ်သာ ထားရှိဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။ အပြန်အလှန်အားဖြင့် အနောက်နိုင်ငံတွေက အီရန်အပေါ် ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးခဲ့ပါတယ်။

    ကုလရဲ့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA က နောက်ဆုံးထုတ်ပြန်တဲ့ ကြေငြာချက်မှာ အီရန်ဟာ သဘောတူညီချက်ကို လိုက်နာနေတယ်လို့ ဖော်ပြထားပါတယ်။

    ဒါပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့နှစ် မေလမှာ သဘောတူညီချက်ကနေ နှုတ်ထွက်ခဲ့ပြီး သြဂုတ်နဲ့ နိုဝင်ဘာလတွေမှာ အီရန်အပေါ် ပိတ်ဆို့မှုတွေ ပြန်လည်လုပ်ဆောင်ခဲ့ပါတယ်။

    ယူရေနီယံကို ၂၀ ရာခိုင်နှုန်းအထိ သန့်စင်နိုင်အောင် လုပ်ဆောင်နေတယ်လို့ အီရန်က ကြေငြာလိုက်ခြင်းဟာ နိုင်ငံတကာရဲ့ ဖိအားတွေကို ပိုမိုဖိတ်ခေါ်နေသလိုဖြစ်နေပြီး ရှေ့ဆက် အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ တီဟီရန်အခြေစိုက် ဂျာနယ်လစ်နဲ့ နိုင်ငံရေး လေ့လာစောင့်ကြည့်သူ မိုဟာမက် ဟာရှီမီက ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera