News @ M-Media

Tag: Iran

  • အီရန် တရားရေး၏ Telegram ပိတ်ပင်မှုကို သမ္မတရူဟာနီ ရှုတ်ချ

    အီရန် တရားရေး၏ Telegram ပိတ်ပင်မှုကို သမ္မတရူဟာနီ ရှုတ်ချ

    မေ ၅၊ ၂၀၁၈
    M-Media

    – တရားရေးဘက်က မက်ဆေ့အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ Telegram ကို ပိတ်ပင်မှုအတွက် အီရန်သမ္မတ ရူဟာနီက ဝေဖန်လိုက်ပြီး ဒီကိစ္စမှာ အုပ်ချုပ်ရေးအဖွဲ့က ပါဝင်မှုမရှိဘူးလို့ ပြောကြားလိုက်ပါတယ်။

    ပြည်သူ သန်း ၄၀ လောက် အသုံးပြုနေတဲ့ Telegram ကို ပိတ်ပစ်ဖို့အတွက် အီရန်ရဲ့ ယဉ်ကျေးမှုနဲ့ မီဒီယာဆိုင်ရာတရားရုံးက ဧပြီလ ၃၀ ရက်နေ့မှာ ဆက်သွယ်ရေးကုမ္ပဏီတွေကို အမိန့်ပေးခဲ့တာပါ။

    ဝေဖန်သူတွေက Telegram ဟာ အီရန်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေပြီး အစိုးရဆန့်ကျင်သူတွေကို ထကြွစေတယ်လို့ စွပ်စွဲခဲ့ကြပါတယ်။

    ရူဟာနီကတော့ ဒီလိုပိတ်ပင်မှုဟာ သူ့အစိုးရက လုပ်တာမဟုတ်ဘဲ၊ ဒါကိုလည်း လက်မခံဘူးလို့ သောကြာနေ့က Instagram စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    “တိုင်းပြည်ရဲ့ တကယ့်ပိုင်ရှင်အစစ်အမှန်ဖြစ်တဲ့ ပြည်သူတွေရဲ့ဆက်သွယ်မှုကို ကန့်သတ်ဖို့၊ ပိတ်ပင်ဖို့ ဆုံးဖြတ်ချက်တစ်ခုကို လုပ်ဆောင်မယ်ဆိုရင် ဒီလို ဆုံးဖြတ်ချက် ချမှတ်မှုမျိုးမှာ ပြည်သူတွေ ပါဝင်ရပါမယ်”

    ဒီလိုပိတ်ပင်မှုဟာ ဒီမိုကရေစီကို ဆန့်ကျင်မှုဖြစ်တယ်လို့လည်း ရူဟာနီက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အီရန်နိုင်ငံရဲ့ တရားရေးစနစ်ကို ရှေးရိုးစွဲတွေက ထိန်းချုပ်ထားတာဖြစ်ပြီး တရားသူကြီးချုပ်ကို အီရန်အဓိပတိ အယာတိုလာ အလီခါမေနီက ခန့်အပ်တာ ဖြစ်ပါတယ်။

    Telegram ကို ပိတ်ဆို့မှုအတွက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကလည်း ရှုတ်ချခဲ့ပါတယ်။

    အီရန်မှာ Facebook နဲ့ Twitter တို့ကိုလည်း ပိတ်ပင်ထားပေမယ့် VPN ဆော့ဖ်ဝဲကိုအသုံးပြုကာ ၀င်ရောက်နိုင်ပါတယ်။

    Ref: Aljazeera

  • အရှေ့အလယ်ပိုင်း သိပ္ပံနယ်ပယ်ကို အီရန်ဦးဆောင်

    အရှေ့အလယ်ပိုင်း သိပ္ပံနယ်ပယ်ကို အီရန်ဦးဆောင်

    မေ ၃၊ ၂၀၁၈
    M-Media

    – အရှေ့အလယ်ပိုင်းက သိပ္ပံနဲ့ နည်းပညာဆိုင်ရာ သုတေသနပြုမှုတွေမှာ အီရန်ဟာ အစ္စရေးကို ကျော်တက်သွားတယ်ဆိုတာ သူတို့ပြုလုပ်ခဲ့တဲ့ စစ်တမ်းမှာတွေ့ရကြောင်း အစ္စရေး မီဒီယာ Haaretz က ဖော်ပြပါတယ်။

    အရင်က အစ္စရေးဟာ အရှေ့အလယ်ပိုင်း သိပ္ပံနယ်ပယ်မှာ ဦဆောင်နိုင်ခဲ့ပေမယ့် Haaretz ရဲ့ အခုတစ်ပတ်အတွင်း ထုတ်ပြန်ချက်မှာတော့ အစ္စရေးဟာ အီရန်၊ တူရကီနဲ့ ဆော်ဒီတို့ရဲ့နောက် စတုတ္ထနေရာမှာ ရှိနေပါတယ်။

    Haaretz က အီရန်ဟာ ရူပဗေဒ၊ ဇီဝဗေဒ၊ ဓာတုဗေဒနဲ့ စီးပွားရေး စီမံခန့်ခွဲမှုပိုင်းလို ကဏ္ဍတွေမှာ ဦးဆောင်နေပြီး အစ္စရေးက ယဉ်ကျေးမှု၊ အနုပညာနဲ့ လူသားဆိုင်ရာ ကိစ္စတွေမှာ ထိပ်တန်းက ရှိနေတယ်လို့ ဆိုပါတယ်။

    အချက်အလက်စုဆောင်းရာမှာ လူဦးရေကို အဓိကထားတာ မဟုတ်ပါဘူး။ အီရန်ဟာ လူဦးရေ သန်း ၈၀ ရှိပြီး၊ အစ္စရေးကတော့ ၉ သန်းအောက်သာ ရှိပါတယ်။

    “၁၉၉၆ ခုနှစ်မှာ အီရန်ဟာ သိပ္ပံဆိုင်ရာ စာတမ်းပေါင်း ၉၆၀ ရေးသားနိုင်ခဲ့ပြီး အစ္စရေးက အဲဒီအချိန်မှာ တစ်သောင်းလောက် ရေးသားနိုင်ပါတယ်။ အဲဒီနောက်ပိုင်း အီရန်ရဲ့ အရေအတွက်ဟာ တစ်နှစ်ကို ၄၁၀၀၀ လောက်အထိ မြင့်တက်လာပါတယ်။ ဒါပေမယ့် လူဦးရေအချိုးအစားနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ အစ္စရေးဟာ အခြားတိုင်းပြည်တွေထက် သိပ္ပံစာတမ်းတွေကို ပိုပြီး ရေးသားနိုင်ပါတယ်” လို့ Haaretz က ဖော်ပြခဲ့ပါတယ်။

    အီရန်၊ တူရကီနဲ့ ဆော်ဒီအာရေဗျတို့ဟာ သိပ္ပံသုတေသနပိုင်းမှာ ငွေကြေးအမြောက်အများ သုံးစွဲလာပြီး တိုင်းပြည်အတွင်း အရည်အချင်းပြည့်မီတဲ့ လုပ်သားအင်အား ဖြစ်လာရေးကိုလည်း ဆောင်ရွက်နေပါတယ်။

    ပညာရေးဆိုင်ရာ သုတေသနဒေတာဘေ့စ်တစ်ခုဖြစ်တဲ့ Scopus ဟာ နှစ်စဉ် ကမ္ဘာ့နိုင်ငံတိုင်းက ပညာရပ်ဆိုင်ရာ စာတမ်းတွကို စုဆောင်းကာ အဆင့်သတ်မှတ်လေ့ရှိပါတယ်။ ၂၀၁၃ ခုနှစ်အထိ အီရန်ဟာ သိပ္ပံသုတေသနနယ်ပယ်မှာ ကမ္ဘာ့အဆင့် ၁၇ ရှိနေပါတယ်။

    သုတေသန၀ဘ်ဆိုက်တစ်ခုဖြစ်တဲ့ IDG Connect က အီရန်အစိုးရဟာ သိပ္ပံဆိုင်ရာ သုတေသနတွေရဲ့ ကုန်ကျငွေ ၇၅ ရာခိုင်နှုန်းအထိ ထောက်ပံ့ပေးပြီး၊ အဆင့်မြင့်ပညာရေးနဲ့ လုပ်ငန်းခွင်နယ်ပယ်တွေမှာ ထဲထဲဝင်ဝင် ပတ်သက်မှုရှိတယ်လို့ ဆိုပါတယ်။

    နိုင်ငံတကာက ပိတ်ဆို့မှုတွေ အများအပြား ပြုလုပ်ထားပေမယ့် အီရန်နိုင်ငံရဲ့ သုတေသနလုပ်ငန်းဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ သိသိသာသာ တိုးတက်လာခဲ့ပြီး၊ အားလုံးထင်ထားတာထက် ပိုပြီး အံ့သြစရာကောင်းတာတွေ လုပ်ပြလာနိုင်တယ်လို့ Haaretz က သုံးသပ်ထားပါတယ်။

    Ref: Sputniknews

  • ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    ဗုဒ္ဓဟူးနေ့မနက် နိုင်ငံတကာသတင်းများ

    မေ ၂၊ ၂၀၁၈
    M-Media

    နိုက်ဂျီးရီးယားဗလီ ဗုံးခွဲခံရမှု

    နိုက်ဂျီးရီးယား ဗလီတစ်လုံးကို ဘိုကိုဟရမ်က ဗုံးခွဲတိုက်ခိုက်
    =================
    နိုက်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း မူဘီမြို့က ဗလီတစ်လုံးနဲ့ ဈေးတစ်ခုမှာ မနေ့က အသေခံဗုံးခွဲမှုနှစ်ခု ဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး ၂၄ ဦးသေဆုံးခဲ့ပြီး တစ်ဒါဇင်ကျော်လောက် ဒဏ်ရာရှိခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ မျက်မြင်သက်သေတွေကတော့ သေဆုံးသူ ၆၀ လောက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းကလည်း မူဘီက ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ အခုလို အသေခံဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅၀ လောက်သေဆုံးခဲ့ပါတယ်။

    မော်ရိုကိုက အီရန်နှင့် သံအဆက်အသွယ်ဖြတ်
    ==============
    ဆဟာရအနောက်ပိုင်း လွတ်မြောက်ရေးတပ်ဦး Polisario Front ကို ထောက်ပံ့မှုအတွက် အီရန်နဲ့ သံတမန်အဆက်အသွယ် ဖြတ်တောက်တယ်လို့ မော်ရိုကို နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ တီဟီရန်က သူတို့သံရုံးကို ပိတ်ပစ်မှာဖြစ်ပြီး သူတို့နိုင်ငံအတွင်းက အီရန်သံအမတ်ကိုလည်း နှင်ထုတ်သွားမယ်လို့ ဆိုပါတယ်။ အီရန်ဟာ လက်ဘနွန်က ဟစ်ဇ်ဘိုလာအဖွဲ့ကနေတစ်ဆင့် Polisrio Front တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးတာ၊ လက်နက်ထောက်ပံ့တာတွေ လုပ်တယ်လို့ မော်ရိုကိုက ပြောပါတယ်။

    မြောက်ကိုရီးယားကိစ္စ အတည်ပြုပေးရန် ကုလကို တောင်ကိုရီးယား တောင်းဆို
    ===============
    နျူစမ်းသပ်တဲ့နေရာကို ပိတ်ပစ်မယ်ဆိုတဲ့ မြောက်ကိုရီးယားရဲ့ အစီအစဉ်ကို အတည်ပြုပေးဖို့အတွက် တောင်ကိုရီးယားသမ္မတ မွယ်ဂျယ်အင်က ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကို တနင်္လာနေ့မှာ ဖုန်းဆက် တောင်းဆိုခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က သူ့အနေနဲ့ နျူစမ်းသပ်ရာနေရာကို ပိတ်ပစ်ပြီး နိုင်ငံတကာ ကျွမ်းကျင်သူတွေကို ခေါ်ပြမယ်လို့ ပြောကြားထားတာပါ။ မွန်ဂျယ်အင်က နှစ်နိုင်ငံ စစ်မဲ့ဇုန်ကို ငြိမ်းချမ်းရေးဇုန်အဖြစ်ပြောင်းလဲရေး ကုလက ပံ့ပိုးပေးဖို့လည်း ဂူတာရက်စ်ကို တောင်းဆိုခဲ့ပါတယ်။

    အစ္စရေးဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးတို့ စစ်ကြေငြာခွင့်အာဏာ ရရှိ
    ================
    အစ္စရေးပါလီမန်ဟာ စစ်ပွဲကြေငြာခွင့် အာဏာကို ၀န်ကြီးချုပ် နေတန်ယာဟုနဲ့ ကာကွယ်ရေးဝန်ကြီး လီဘာမန်တို့ဆီက တနင်္လာနေ့မှာ လွှဲပြောင်းပေးခဲ့ပါတယ်။ အရင်က အစိုးရအဖွဲ့ တစ်ခုလုံးရဲ့ ခွင့်ပြုချက်ကိုရမှ စစ်ကြေငြာနိုင်မှာဖြစ်ပေမယ့် အခုအချိန်မှာတော့ အစ္စရေးဝန်ကြီးချုပ်ဟာ စစ်ပွဲကြေငြာဖို့အတွက် ကာကွယ်ရေးဝန်ကြီးတစ်ယောက်တည်းရဲ့ သဘောတူညီချက်သာ လိုအပ်တော့မှာ ဖြစ်ပါတယ်။

    ချန်ပီယံလိဂ်မှ ထွက်ရခြင်းအတွက် ဘိုင်ယန်နည်းပြ စိတ်ပျက်
    =============
    အသင်းရဲ့ကစားပုံ ကောင်းပေမယ့် ပြိုင်ပွဲကထွက်ခဲ့ရတဲ့အတွက် စိတ်ပျက်မိတယ်လို့ ဘိုင်ယန်မြူးနစ်နည်းပြ ဂျပ် ဟန်းက်စ်က ပြောကြားလိုက်ပါတယ်။ ဒီနေ့မနက်က ရီးယဲလ်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ဘိုင်ယန်ဟာ ၂ ဂိုးစီသရေကျခဲ့ပြီး နှစ်ကျော့ပေါင်း ၄ ဂိုး ၃ ဂိုးနဲ့ ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။ ရီးယဲလ်နည်းပြ ဇီဒိန်းက မိမိတို့ဟာ နောက်ဆုံးမိနစ်အထိ တိုက်ပွဲဝင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera, CNA

  • အီရန်နှင့် ဆော်ဒီကို အမေရိကန်က ရန်တိုက်ပေးနေသည်ဟု အီရန်အဓိပတိ ပြော

    အီရန်နှင့် ဆော်ဒီကို အမေရိကန်က ရန်တိုက်ပေးနေသည်ဟု အီရန်အဓိပတိ ပြော

    မေ ၁၊ ၂၀၁၈
    M-Media

    အီရန်အဓိပတိ အယာတိုလာ ခါမေနီ

    – အမေရိကန်ဟာ ဆော်ဒီနဲ့ အီရန်ကို လှည့်တိုက်ပေးပြီး ဒေသတွင်းမှာ ပြဿနာတစ်ခု ထပ်ဖြစ်လာအောင် ဆောင်ရွက်နေတယ်လို့ အီရန်အဓိပတိ အယာတိုလာ ခါမေနီက ပြောကြားလိုက်ပါတယ်။

    မနေ့က ရုပ်သံမိန့်ခွန်းမှာ ခါမေနီက အရှေ့အလယ်ပိုင်းကနေ အမေရိကန်ထွက်သွားဖို့ ထပ်မံတောင်းဆိုခဲ့ပြီး အီရန်ကိုစိန်ခေါ်တဲ့ ဘယ်လိုအင်အားကြီးနိုင်ငံမျိုးမဆို အရှုံးနဲ့ရင်ဆိုင်ရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    “အီရန်ကိုရန်စဖို့ နည်းလမ်းတွေထဲကတစ်ခုဟာ ဒေသတွင်းက အတွေ့အကြုံမရှိတဲ့ အုပ်စိုးသူတွေကို မြှောက်ပေးတာမျိုးပါ။ အမေရိကန်ဟာ ဆော်ဒီနဲ့ အီရန်ကို ရန်တိုက်ပေးဖို့ ကြိုးစားနေပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ဒေသတွင်းမှာ နောက်ထပ် ပြဿနာတစ်ခုဖန်တီးကာ မွတ်စလင်အချင်းအချင်း တိုက်ပေးဖို့ ဖြစ်ပါတယ်။ အဲဒီ အစိုးရအနေနဲ့ အသိဉာဏ်သာရှိမယ်ဆို အီရန်ကို လာစမ်းမှာ မဟုတ်ပါဘူး။ လာစမ်းရင်တော့ အရှုံးနဲ့ ကြုံတွေ့ရပါလိမ့်မယ်”

    အတွေ့အကြုံမရှိတဲ့ အုပ်စိုးသူဆိုတာ ဆော်ဒီက အသက် ၃၂ နှစ်အရွယ် အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ကို ခါမေနီက ရည်ညွှန်းခဲ့တာဖြစ်ပါတယ်။

    အီရန်အနေနဲ့ အရှေ့အလယ်ပိုင်း သြဇာသက်ရောက်မှုကို ကန့်သတ်သွားမှာမဟုတ်ဘူးလို့လည်း ခါမေနီက ပြောပါတယ်။

    “အမေရိကန်ကသာ ထွက်သွားသင့်သူပါ။ အရှေ့အလယ်ပိုင်း၊ အနောက်အာရှနဲ့ ပါရှန်ပင်လယ်ကွေ့ဟာ ငါတို့မြေပါပဲ”

    ဆော်ဒီဟာ အမေရိကန်ရဲ့ အဓိကမဟာမိတ်ဖြစ်ပြီး ဒေသတွင်း ပဋိပက္ခတွေမှာ အီရန်နဲ့ အားပြိုင်မှုတွေ ရှိနေပါတယ်။

    အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘဟ်ရမ် ကာဆီမီက အမေရိကန်အနေနဲ့ အီရန်ရဲ့သြဇာကို တားဆီးဖို့ ကြိုးစားပေမယ့်လည်း ဒေသတွင်း မိတ်ဆွေတွေကို မိမိတို့က ဆက်လက် ပံ့ပိုးကူညီသွားမယ်လို့ ပြောကြားကြောင်း နိုင်ငံပိုင်သတင်းဌာနကနေ ဖော်ပြခဲ့ပါတယ်။

    Ref: Aljazeera

  • အီရန်နျူသဘောတူညီချက်ကို ထိန်းသိမ်းရန် အမေရိကန်ကို ပြင်သစ်သမ္မတ တိုက်တွန်း

    အီရန်နျူသဘောတူညီချက်ကို ထိန်းသိမ်းရန် အမေရိကန်ကို ပြင်သစ်သမ္မတ တိုက်တွန်း

    ဧပြီ ၂၆၊ ၂၀၁၈
    M-Media

    အမေရိကန်လွှတ်တော်တွင် မိန့်ခွန်းပြောနေသည့် မာခရွန်

    – အီရန်နဲ့ရရှိထားတဲ့ နျူသဘောတူညီချက်ကို ထိန်းသိမ်းဖို့နဲ့ အမျိုးသားရေးဝါဒကို လက်မခံဖို့ ပြင်သစ်သမ္မတ အီမန်နျူယဲလ်မာခရွန်က အမေရိကန်ကို တိုက်တွန်းလိုက်ပါတယ်။

    နိုင်ငံတော်ခရီးစဉ်အဖြစ် အမေရိကန်ကိုရောက်ရှိနေတဲ့ မာခရွန်ဟာ မနေ့က အမေရိကန်လွှတ်တော်မိန့်ခွန်းမှာ ဒီလိုပြောကြားလိုက်တာပါ။

    ၂၀၁၅ ခုနှစ်က အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်တို့ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်ကို ထရမ့်က ဆက်ပြီး လက်ခံမလားဆိုတာ မပြောတတ်ဘူးလို့ မာခရွန်ကဆိုပြီး အရှေ့အလယ်ပိုင်းကိစ္စမှာ အရင်အမှားတွေကို အနောက်နိုင်ငံတွေက ထပ်မလုပ်ကြဖို့လည်း သတိပေးခဲ့ပါတယ်။

    “ခင်ဗျားတို့သမ္မတ ဘယ်လိုဆုံးဖြတ်မလဲဆိုတာ မသိပေမယ့် ကျွန်တော်ကတော့ သူဟာ ပြည်တွင်းရေးတွေကြောင့် ဒီသဘောတူညီချက်ကနေ ထွက်လိမ့်မယ်လို့ မြင်ပါတယ်”

    မာခရွန် အမေရိကန်ကိုလာရောက်မှုမှာ အီရန်နျူကိစ္စက ထိပ်ဆုံးကဖြစ်ပြီး အီရန်ရဲ့ ဒုံးကျည်စီမံကိန်း တိုးတက်လာတာနဲ့ ဒေသတွင်း သြဇာလွှမ်းမိုးလာတာတွေကို ထပ်မံ ကန့်သတ်ဖို့အတွက်လည်း ခေါင်းဆောင်နှစ်ဦးက ဆွေးနွေးခဲ့ကြပါတယ်။

    တနေ့က အောက်လွှတ်တော်မိန့်ခွန်းမှာလည်း မာခရွန်က ၂၀၁၅ ခုနှစ် သဘောတူညီချက်ဟာ စိုးရိမ်မှုတွေအားလုံးကို မဖြေရှင်းပေးနိုင်ပေမယ့် ဒီထက်ပိုပြီးကောင်းတဲ့ နည်းလမ်းမျိုး မရှိဘဲနဲ့တော့ ဒီစာချုပ်ကို မဖျက်သိမ်းသင့်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

    လက်ရှိ နျူသဘောတူညီချက်မှာ ဆက်လက်ပါဝင်မလား၊ မပါဝင်ဘူးလားဆိုတာကို သမ္မတထရမ့်ဟာ မေလ ၁၂ ရက်နေ့ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

    တစ်ကိုယ်ကောင်းဝါဒကို သတိပေး

    မာခရွန်ဟာ ထရမ့်ရဲ့ အမေရိကန်သည်သာပထမဆိုတဲ့ ၀ါဒကို ဝေဖန်ခဲ့ပြီး၊ လူမျိုးစုံဝါဒကြောင့် အမေရိကန်ဟာ အောင်မြင်လာတာဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။

    “ဒါ(တံးခါးပိတ်ဝါဒ)ဟာ ကျွန်တော်တို့ရဲ့ စိုးရိမ်ကြောက်ရွံ့မှုတွေကို ခဏတာပြေပျောက်ကောင်း ပြေပျောက်နိုင်ပါတယ်။ ဒါပေမယ့် ဒီလို တံခါးပိတ်လိုက်တာနဲ့ဘဲ ကမ္ဘာကြီးရဲ့ အဆင့်အဆင့် ပြောင်းလဲမှုကို တားဆီးနိုင်မှာ မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့နိုင်ငံသားတွေရဲ့ ကြောက်ရွံ့မှုကို မီးထိုးပေးလိုက်သလိုသာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရှေ့မှာရှိနေတဲ့ စိန်ခေါ်မှုအသစ်တွေအတွက် ကျွန်တော်တို့ရဲ့မျက်လုံးကို ကျယ်ကျယ်ဖွင့်ထားဖို့ လိုပါတယ်” လို့ မာခရွန်က ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera