News @ M-Media

Tag: Iran

  • စစ်ဖြစ်နိုင်သည်ဆိုသည့် ဆော်ဒီအိမ်ရှေ့မင်းသား၏စကားကို အီရန် ရှုတ်ချ

    စစ်ဖြစ်နိုင်သည်ဆိုသည့် ဆော်ဒီအိမ်ရှေ့မင်းသား၏စကားကို အီရန် ရှုတ်ချ

    မတ် ၃၁၊ ၂၀၁၈
    M-Media

    – ၁၅ နှစ်အတွင်း အီရန်နဲ့ စစ်ဖြစ်နိုင်တယ်ဆိုတဲ့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့ စကားကို အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘဟ်ရမ် ကာစီမီက ဒီနေ့မှာ ရှုတ်ချလိုက်ပါတယ်။

    ကာစီမီက ဘင် ဆလ်မန်အနေနဲ့ သေခြင်းတရားနဲ့ မကစားဖို့ သတိပေးခဲ့ပြီး၊ အီရန်နိုင်ငံရဲ့ ပြတ်သားမှုကို စိန်ခေါ်ခဲ့တဲ့ အီရတ်ခေါင်းဆောင် ဆက်ဒမ် ဟူစိန်ရဲ့ကံကြမ္မာကို ဘင် ဆလ်မန် သင်ခန်းစာယူနိုင်စေရေး ပဲ့ပြင်ဆုံးမပေးဖို့လည်း ဆော်ဒီအာဏာပိုင်ဟောင်းတွေကို တိုက်တွန်းခဲ့ပါတယ်။

    “အတွေ့အကြုံနုပြီး လူမန်နေရာမှမဟုတ်ဘဲ ထင်တစ်လုံးဖြစ်နတဲ့ သူဟာ စစ်ဆိုတာဘာလဲ မသိသလို၊ သမိုင်းကိုလည်း မလေ့လာဖူးပါဘူး။ လူကြီးသူမတွေရဲ့ ပဲ့ပြင်ဆုံးမမှုကို မခံခဲ့ရတဲ့ သနားစရာပုဂ္ဂိုလ်ပါ” လို့ ကာစီမီရဲ့ ပြောကြားမှုကို ကိုကားပြီး အီရန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

    နောက်ပြီး ကာစီမီက တောင်ကြီးကိုဖြိုမယ်လို့ မာန်တင်းထားတဲ့ ခါခြင်ကောင်ဟာ အနှေးနဲ့အမြန် ပျက်ဆီးရလိမ့်မယ်လို့လည်း ဆိုပါတယ်။

    အမေရိကန်ကိုရောက်ရှိနေတဲ့ မိုဟာမက် ဘင် ဆလ်မန်က Wall Street ဂျာနယ်နဲ့ အခုတစ်ပတ် အင်တာဗျူးမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ အီရန်အပေါ် ပိတ်ဆို့မှုတွေ ထပ်ပြီး မပြုလုပ်ဘူးဆိုရင် ၁၀ နှစ်ကနေ နှစ် ၂၀ အတွင်း ဆော်ဒီနဲ့အီရန်တို့ စစ်ဖြစ်နိုင်တယ်လို့ ဖြေကြားခဲ့တာပါ။

    အီရန်က ဒေသအတွင်း သြဇာလွှမ်းမိုးအောင် လုပ်ဆောင်နေတယ်လို့ ဆော်ဒီက ရှုမြင်နေပြီး၊ အီရန်နဲ့ ကမ္ဘာ့နိုင်ငံတွေ ရရှိခဲ့တဲ့ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကိုလည်း ဝေဖန်ထားပါတယ်။

    ဘင် ဆလ်မန်ဟာ အီရန် ခေါင်းဆောင်ပိုင်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ ဝေဖန်ပြောဆိုမှုတွေ တော်တော်များများ ပြုလုပ်ထားပါတယ်။

    Ref: Aljazeera

  • ၁၅ နှစ်အတွင်း အီရန်နှင့် စစ်ဖြစ်နိုင်သည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    ၁၅ နှစ်အတွင်း အီရန်နှင့် စစ်ဖြစ်နိုင်သည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    မတ် ၃၀၊ ၂၀၁၈
    M-Media

    ဆော်ဒီစစ်သားများ

    – နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် အီရန်အပေါ် ပိတ်ဆို့မှုများ ထပ်မံဆောင်ရွက်မှု မပြုလျှင် နောက်ထပ် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း အီရန်နှင့် ဆော်ဒီတို့ စစ်ဖြစ်လာနိုင်သည်ဟု ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားလိုက်သည်။

    အမေရိကန်သို့ အလည်အပတ်ရောက်ရှိနေသည့် ဘင် ဆလ်မန်မှာ ယခုတစ်ပတ် Wall Street ဂျာနယ်နှင့် အင်တာဗျူးတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အီရန်အပေါ် ဖိအားပိုဖြစ်စေမည့် ကန့်သတ်မှုများ ပြုလုပ်ရန်လည်း တောင်းဆိုခဲ့သည်။

    “ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေတာတွေ မအောင်မြင်ဘူးဆိုရင် ၁၀ နှစ်ကနေ ၁၅ နှစ်အတွင်းမှာ ကျွန်တော်တို့ အီရန်နဲ့ စစ်ဖြစ်မယ့်အလားအလာ ရှိနေပါတယ်”

    အီရန်နှင့် ဆော်ဒီတို့မှာ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ကိစ္စရပ် အများအပြားတွင် ထိပ်တိုက်တွေ့ဆုံမှုများ ရှိခဲ့ပြီး အထူးသဖြင့် ဆီးရီးယား ပြည်တွင်းစစ်၊ ယီမင်ပြည်တွင်းစစ် ကိစ္စများတွင် ဖြစ်သည်။

    ဘင် ဆလ်မန်က ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီကို ဟစ်တလာနှင့် ခိုင်းနှိုင်းပြောဆိုခဲ့ပြီး၊ အီရန်က နျူလက်နက်ပိုင်ဆိုင်လာလျှင် မိမိတို့လည်း ပိုင်ဆိုင်အောင်ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။

    အီရန်ကမူ မိုဟာမက် ဘင် ဆလ်မန်မှာ နုံအသူ၊ အတွေးလွန်သူဖြစ်သည်ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။

    Ref: RT

  • အရှေ့အလယ်ပိုင်းရှိ မိမိတို့၏လှုပ်ရှားမှုအတွက် မည်သူနှင့်မှ မဆွေးနွေးဟု အီရန်အဓိပတိ ပြော

    အရှေ့အလယ်ပိုင်းရှိ မိမိတို့၏လှုပ်ရှားမှုအတွက် မည်သူနှင့်မှ မဆွေးနွေးဟု အီရန်အဓိပတိ ပြော

    မတ် ၉၊ ၂၀၁၈
    M-Media


    – အရှေ့အလယ်ပိုင်းတွင် မိမိတို့၏ တည်ရှိမှုနှင့်ပတ်သက်၍ အနောက်နိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးမည်မဟုတ်ဟု အီရန်အဓိပတိ အယာတိုလာ အလီခါမေနီက ပြောကြားလိုက်ပြီး ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး၏ မှတ်ချက်ကို ပြန်လည်တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

    “ဥရောပနိုင်ငံတွေက (တီဟီရန်ကို) လာပြီး ဒေသတွင်းမှာ အီရန်ရဲ့ တည်ရှိမှုအတွက် ဆွေးနွေးချင်တယ်လို့ ပြောကြတယ်။ ဒါခင်ဗျားတို့ကိစ္စ မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့ဒေသဖြစ်ပြီး ခင်ဗျားတို့က ဘာ့ကြောင့် လာပါတာလဲ” ဟု ခါမေနီ၏ ပြောကြားမှုကို ၎င်း၏ တရားဝင်ဝဘ်ဆိုက်၌ ယမန်နေ့တွင် လွှင့်တင်ခဲ့သည်။

    နိုင်ငံ၏ အရေးပါသော ကိစ္စတိုင်းတွင် အကြွင်းမဲ့အာဏာပိုင်ဖြစ်သော ခါမေနီက ထိုကိစ္စနှင့်ပတ်သက်၍ ဒေသတွင်း မည်သည့်နိုင်ငံနှင့်မှလည်း ဆွေးနွေးမည်မဟုတ်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

    အီရန်မှာ ဆီးရီးယားပြည်တွင်းစစ်တွင် သမ္မတ ဘာရှာအလ်အာဆတ်ဖက်မှ ၀င်ရောက်ကူညီ တိုက်ခိုက်ပေးနေသည်။

    ဒေသအတွင်း နေရာအများအပြား၌ အမေရိကန်တပ်များ ရှိနေခြင်းမှာ ရန်လိုမှုနှင့် မတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်မှုဖြစ်သည်ဟုလည်း ခါမေနီက ပြောကြားခဲ့သည်။

    “အမေရိကမှာ ကျွန်တော်တို့တပ်တွေ ရှိချင်ရင် အမေရိကန်နဲ့ ကျွန်တော်တို့ ဆွေးနွေးမှာပါ”

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုမှာ အရှေ့အလယ်ပိုင်း ဒေသအတွင်း အီရန်၏ စစ်ရေးလှုပ်ရှားမှုများနှင့် ပတ်သက်၍ ယခုတစ်ပတ်တွင် အမေရိကန်သမ္မတထရမ့်နှင့် ဆွေးနွေးခဲ့သည်။

    အီရန်မှာ အီရတ်အစိုးရကိုလည်း အကြမ်းဖက်တိုက်ဖျက်မှုကိစ္စတွင် ကူညီပေးနေသည်။ အီရန်ကာကွယ်ရေးဝန်ကြီး အမီရ် ဟာတာမီက မိမိတို့အနေဖြင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနှင့်ပတ်သက်၍ အာဖဂန်နစ္စတန်ကို ကူညီရန် အဆင်သင့်ရှိနေသည်ဟု ပြောကြားထားသည်။

    သမ္မတ ဟာဆန်ရူဟာနီက အီရန်၏ စစ်အင်အားမှာ ဒေသတွင်း မည်သည့်နိုင်ငံကိုမှ ခြိမ်းခြောက်မှုမရှိဟု ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အရှေ့အလယ်ပိုင်း မတည်ငြိမ်မှုမှာ အမေရိကန်နှင့် အပေါင်းအပါများကြောင့်ဟု အီရန်ပြော

    အရှေ့အလယ်ပိုင်း မတည်ငြိမ်မှုမှာ အမေရိကန်နှင့် အပေါင်းအပါများကြောင့်ဟု အီရန်ပြော

    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၈
    M-Media

    – အရှေ့အလယ်ပိုင်းကို မတည်ငြိမ်အောင်လုပ်နေတယ်ဆိုတဲ့ ဆော်ဒီနဲ့ အစ္စရေးတို့ရဲ့ စွပ်စွဲချက်တွေကို အီရန်က ပယ်ချလိုက်ပြီး ‘အမေရိကန်နဲ့ အပေါင်းအပါတွေက’ သူတို့ရဲ့ ‘မဟာဗျူဟာအမှားတွေ’၊ ‘ဘက်ရွေးမှားမှုတွေ’ ကို ဖုံးကွယ်ဖို့ ကြိုးစားနေတာသာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

    မနေ့က ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာလုပ်တဲ့ လုံခြုံရေးဆိုင်ရာ ညီလာခံမှာ အရှေ့အလယ်ပိုင်း ဒေသအတွင်း တင်းမာမှုတွေ မြင့်တက်လာမှုအတွက် အစ္စရေးနဲ့ ဆော်ဒီတို့က အီရန်ကို ပြစ်တင်ပြောဆိုခဲ့ကြတာပါ။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီရန်ဟာ ကမ္ဘာကြီးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုလို့ ပြောကြားခဲ့ပြီး၊ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ် အလ် ဂျူဘိုင်းရ်က အီရန်အစိုးရဟာ အခြေခံကျကျ ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်က သူ့နိုင်ငံရဲ့ အရှေ့အလယ်ပိုင်းပေါ်လစီနဲ့ပတ်သက်လို့ ဝေဖန်ပြောဆိုမှုဟာ လွန်လွန်းတယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပြီး ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ငြင်းဆိုခဲ့ပါတယ်။

    “အမေရိကန်နဲ့ ဒေသတွင်းက သူ့ရဲ့အပေါင်းအပါနိုင်ငံတွေဟာ ဘက်ရွေးမှားခဲ့တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားနေရတာပါ။ ဒါပေမယ့် ဒီကိစ္စနဲ့ အခြားအဖြစ်အပျက်တွေကို အသုံးပြုပြီး အီရန်ရဲ့ နိုင်ငံခြားရေးပေါ်လစီအပေါ် ကြောက်ရွံ့စိုးရိမ်လာအောင်၊ လက်တွေ့အခြေအနေတွေကို မှေးမှိန်သွားအောင် လုပ်နေတာပါ”

    ၁၉၈၀ ပြည့်နှစ်တွေမှာ အမေရိကန်ကိုယ်တိုင် ထောက်ခံအားပေးတဲ့ အီရတ်ခေါင်းဆောင် ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချဖို့ဆိုပြီး ၂၀၀၃ ခုနှစ်မှာ အီရတ်ကို ကျူးကျော်တိုက်ခိုက်မှု၊ အမေရိကန်မဟာမိတ် အစ္စရေးက ပါလက်စတိုင်းပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်မှု၊ ဆော်ဒီက ယီမင်ကို ဗုံးကြဲမှု စတာတွေကို ဇာရစ်ဖ်က ထောက်ပြခဲ့ပါတယ်။

    အီရန်က ဆီးရီးယားကနေ သူတို့လေပိုင်နက်ထဲကို ဒရုန်းလွှတ်တယ်ဆိုပြီး စွပ်စွဲကာ ဆီးရီးယားနိုင်ငံအတွင်းက အီရန်စခန်းတွေကို အစ္စရေးက ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ လေကြောင်းကနေတိုက်ခိုက်မှု အကြီးအကျယ်ပြုလုပ်ခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အစ္စရေးနဲ့ အီရန်တို့အကြား အပြင်းထန်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပါတယ်။

    အစ္စရေးက အီရန်ဟာ ဆီးရီးယားပိုက်နက်ကိုသုံးပြီး လက်ဘနွန်က ဟစ်ဇ်ဘိုလာအဖွဲ့ကို လက်နက်ထောက်ပံ့တာ၊ အစ္စရေးကို တိုက်ခိုက်ခိုင်းတာတွေ လုပ်မယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

    မနေ့က မြူးနစ်ညီလာခံမှာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီရန်ကို နာဇီဂျာမနီနဲ့ နှိုင်းယှဉ်ပြောဆိုသွား
    ပြီး၊ အီရန်နိုင်ငံခြားရေးဝန်ကြီး ဇာရစ်ဖ်က နေတန်ယာဟုရဲ့ ပြောဆိုချက်တွေဟာ ‘ကလေးတွေ စတန့်ထွင်ြေ
    ပာသလိုမျိုး’ ဖြစ်ပြီး တုန့်ပြန်ဖို့တောင် မထိုက်တန်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    Ref : Aljazeera

  • အီရန်ခရီးသည်တင်လေယာဉ် ပျက်ကျပြီး လိုက်ပါသူအားလုံး သေဆုံး

    အီရန်ခရီးသည်တင်လေယာဉ် ပျက်ကျပြီး လိုက်ပါသူအားလုံး သေဆုံး

    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၈
    M-Media

    – အီရန်လေကြောင်းလိုင်းတစ်ခုမှ ခရီးသည်တင် လေယာဉ်တစ်စင်းမှာ ယနေ့မနက်ပိုင်းတွင် ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် ခရီးသည် ၆၆ ဦးစလုံး သေဆုံးခဲ့သည်ဟု သိရသည်။

    Iran Aseman လေကြောင်းလိုင်းမှ လေယာဉ်ဖြစ်ပြီး မြို့တော်တီဟီရန်မှ ယာဆူဂ်ျမြို့သို့အသွား တောင်များထူထပ်သည့် ဒေသတွင်း ပျက်ခဲ့ခြင်းဖြစ်သည်ဟု ISNA သတင်းဌာနက ဖော်ပြခဲ့သည်။ အီရန် လခြမ်းနီအဖွဲ့က လေယာဉ်ပျက်ကျသည့်အချိန်တွင် မြူများဆိုင်းနေသည်ဟု ပြောကြားခဲ့သည်။

    အဆိုပါလေယာဉ်တွင် ခရီးသည် ၆၀ နှင့် လေယာဉ်အမှုထမ်း ၆ ဦး လိုက်ပါသွားသည်။

    စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် လေယာဉ်ပျက်ကျနိုင်ချေကို လေကြောင်းလိုင်းက ပယ်ချခဲ့ပြီး ဆိုးရွားသော ရာသီဥတုကြောင့် ပျက်ကျခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း အဆိုပါလေယာဉ်မှာ ပြီးခဲ့သည့် သီတင်းပတ်များတွင် စက်ပိုင်းဆိုင်ရာ ပြဿနာများကို ကြုံတွေ့ခဲ့ရသည်ဟု ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

    Ref: Aljazeera