News @ M-Media

Tag: Iran

  • ဘဏ္ဍာရေးထုတ်ပြန်မှုတွင် ဒေါ်လာအစား ယူရိုကို အစားထိုးမည်ဟု အီရန်ကြေငြာ

    ဘဏ္ဍာရေးထုတ်ပြန်မှုတွင် ဒေါ်လာအစား ယူရိုကို အစားထိုးမည်ဟု အီရန်ကြေငြာ

    ဧပြီ ၁၉၊ ၂၀၁၈
    M-Media

    – နိုင်ငံအတွင်း တရားဝင်ထုတ်ပြန်သည့် ဘဏ္ဍာရေးဆိုင်ရာ ကြေငြာချက်များတွင် အမေရိကန်ဒေါ်လာအစား ယူရိုဖြင့် အစားထိုးဖော်ပြသွားမည်ဟု အီရန်အစိုးရက ယမန်နေ့တွင် ကြေငြာလိုက်သည်။

    ယခုဆောင်ရွက်မှုမှာ အမေရိကန်နှင့် တင်းမာမှုများ မြင့်တက်လာပြီး အမေရိကန်ဒေါ်လာအား သုံးစွဲခွင့် ကန့်သတ်ခံလာရမှုကို ကျော်လွှားရန်၊ အီရန်ရီယဲလ်နှင့် အမေရိကန်ဒေါ်လာအကြား ငွေလဲနှုန်း အတက်အကျပြင်းမှုကြောင့် ဈေးကွက်အတွင်း မတည်ငြိမ်မှုကို တားဆီးရန် အီရန်အစိုးရ၏ ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

    အစိုးရအဖွဲ့ အစည်းအဝေးတွင် ၀န်ကြီးဌာနအားလုံး၊ နိုင်ငံပိုင်အဖွဲ့အစည်းများနှင့် ကုမ္ပဏီများမှာ ယူရို-ရီယဲလ် ငွေလဲနှုန်းကို အခြေခံကာ ကြေငြာချက်များ ထုတ်ပြန်ရမည်ဟု ဆုံးဖြတ်ခဲ့ပြီး အီရန်ဗဟိုဘဏ်ကလည်း ထိုကိစ္စအတွက် မကြာခဏ စစ်ဆေးမှု ပြုလုပ်သွားမည်ဟု ဆိုသည်။

    သို့သော်လည်း အဆိုပါဆုံးဖြတ်ချက် မည်သည့်အချိန်တွင် အသက်ဝင်မည်ဆိုသည်နှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

    အီရန် ဗဟိုဘဏ်အကြီးအကဲ ဗာလီအိုလာ စအစ်ဖ်က အမေရိကန်ဒေါ်လာ အပေါ် ပိတ်ဆို့မှုများ ပြုလုပ်ထားပြီး အီရန်၏ ကုန်သွယ်ရေးအကျိုးအမြတ်ကို များသောအားဖြင့် ယူရိုငွေကြေးနှင့်သာ ရရှိသောကြောင့် ဘဏ္ဍာရေးထုတ်ပြန်ချက်များတွင် ဒေါ်လာကို အသုံးပြုမှုမှာ ကျိုးကြောင်း သင့်လျော်မှုမရှိဟု စောစောပိုင်းတွင် ပြောကြားထားသည်။

    ၂၀၁၅ ခုနှစ် အင်အားကြီးနိုင်ငံများနှင့် နျူကိစ္စ သဘောတူညီမှု ရရှိခဲ့ပြီးနောက် အီရန်အပေါ် စီးပွားရေးပိတ်ဆို့မှုများကို ကမ္ဘာ့နိုင်ငံများက ဖယ်ရှားခဲ့သော်လည်း အမေရိကန်နှင့် တင်းမာမှု ဆက်လက်မြင့်တက်နေသည့်အတွက် အီရန်၏ အမေရိကန်ဒေါ်လာ သုံးစွဲမှုတွင် အကန့်အသတ်များ ရှိနေသည်။

    ပြီးခဲ့သည့် လများအတွင်း အီရန်ရီယဲလ်မှာ အမေရိကန်ဒေါ်လာနှင့် ယှဉ်ပါက သိသိသာသာ ကျဆင်းမှုကိုလည်း ကြုံတွေ့ခဲ့ရသည်။

    Ref: Aljazeera

  • လက်နက်ထုတ်လုပ်ရန် မည်သူ့ခွင့်ပြုချက်မှ စောင့်မနေဟု အီရန်ပြော

    လက်နက်ထုတ်လုပ်ရန် မည်သူ့ခွင့်ပြုချက်မှ စောင့်မနေဟု အီရန်ပြော

    ဧပြီ ၁၈၊ ၂၀၁၈
    M-Media

    စစ်ရေးပြအခမ်းအနားတွင် တွေ့ရှသည် ရူဟာနီ

    – နိုင်ငံကာကွယ်ရေး လိုအပ်သည့် လက်နက်များကို ထုတ်လုပ်ရန်အတွက် မည်သူ့ထံကမှ ခွင့်ပြုချက်ကို စောင့်နေမည်မဟုတ်ဟု အီရန်သမ္မတ ဟာဆန် ရူဟာနီက ယနေ့တွင် ကျင်းပပြုလုပ်သည့် အီရန်တပ်မတော်နေ့ အခမ်းအနား၌ ပြောကြားလိုက်သည်။

    “လိုအပ်တဲ့လက်နက်တွေ ရှိလာရင် ဖန်တီးတာ၊ ထုတ်လုပ်တာတွေ လုပ်သွားမှာပါ။ ကမ္ဘာကြီးရဲ့ခွင့်ပြုချက်ကို ကျွန်တော်တို့ စောင့်နေမှာ မဟုတ်ပါဘူး”

    ထို့ပြင် ပြည်တွင်းမှလုပ်နိုင်စွမ်းအပေါ် မှီခိုအားထားမှုသည်သာ တိုင်းပြည်၏ စစ်မှန်သော အချုပ်အခြာ အာဏာ၊ စစ်မှန်သောစွမ်းအားအဖြစ် ခံစားရသည်ဟုလည်း ရူဟာနီက ထည့်သွင်းပြောကြားခဲ့သည်။

    ၂၀၁၅ ခုနှစ်က အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့အကြား ရရှိခဲ့သည့် နျူသဘောတူညီချက်မှ အမေရိကန် ထွက်မသွားရေး ဆွဲဆောင်ရန်အတွက် အီရန်၏ တိုက်ချင်းပစ်ဒုံးကျည် စီမံကိန်းကို ပိတ်ဆို့တားဆီးရန် ဥရောပနိုင်ငံများက စဉ်းစားနေသည်ဟု ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

    အီရန်ကမူ ၎င်းတို့၏ ဒုံးကျည်စီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးမည်မဟုတ်ဟု ဆိုပြီး အဆိုပါစီမံကိန်းမှာ တိုင်းပြည်ကာကွယ်ရေးအတွက်ဖြစ်ကြောင်း၊ နျူထိပ်ဖူးသယ်ဆောင်ရန် မဟုတ်ကြောင်း ပြောကြားထားသည်။

    မြို့တော်တီဟီရန်၌ ယနေ့ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် အီရန်မှာ ပြည်တွင်းဖြစ်ဒုံးကျည် Kamin-2 ကို ပြသခဲ့သည်။ အဆိုပါဒုံးကျည်မှာ အနိမ့်ပျံဒရုန်းများကို ပစ်ချနိုင်ရန် ဖန်တီးထားခြင်းဖြစ်သည်။

    ထို့ပြင် အခြားဒုံးကျည်များ၊ ရေဒါစနစ်များ၊ တင့်ကားများ၊ စစ်သုံးယာဉ်များ၊ စနိုက်ပါရိုင်ဖယ်များကိုလည်း အီရန်က စစ်ရေးပြပွဲတွင် ပြသခဲ့သည်။

    ရူဟာနီက အီရန်စစ်တပ်မှာ ဒေသတွင်းနှင့် ကမ္ဘာတစ်ဝှမ်းတွင် မည်သည့်အခါကမှ လွှမ်းမိုးခဲ့ခြင်း မရှိကြောင်း၊ အနောက်နိုင်ငံများက အရှေ့အလယ်ပိုင်းသို့ လက်နက်များ ပိုမို ပေးပို့ကာ ပဋိပက္ခဖြစ်အောင် ဖန်တီးနေကြောင်း၊ ဒေသတွင်း ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသောလမ်းကြောင်းမှာ သံတမန်နှင့် ငြိမ်းချမ်းသော နည်းလမ်းများသာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • မိမိတို့နျူကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက်နေသည်ဟု အီရန်ပြော

    မိမိတို့နျူကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက်နေသည်ဟု အီရန်ပြော

    ဧပြီ ၉၊ ၂၀၁၈
    M-Media

    အခမ်းအနားတွင် ပြသထားမှုများကို ကြည့်ရှုနေသည့် ရူဟာနီ

    – နိုင်ငံရဲ့ နျူကလီးယားကဏ္ဍဟာ အရှိန်အဟုန်နဲ့ တိုးတက်နေပြီး အမေရိကန်အနေနဲ့ နျူသဘောတူညီချက်ကနေ နှုတ်ထွက်မယ်ဆိုရင် ရက်ပိုင်းအတွင်း ယူရေနီယံ ၂၀ ရာခိုင်နှုန်းကို သန့်စင်နိုင်စွမ်းရှိတယ်လို့ အီရန်က ပြောကြားလိုက်ပါတယ်။

    “ကျွန်တော်တို့ရဲ့ နျူကလီးယားကဏ္ဍဟာ အရင်ကထက်ပိုပြီး မြန်မြန်ဆန်ဆန် ရှေ့ဆက်နေတယ်ဆိုတာ တိုင်းပြည်ကို ပြောချင်ပါတယ်” လို့ သမ္မတရူဟာနီက ဒီနေ့ တီဟီရန်မှာလုပ်တဲ့ ‘အမျိုးသား နျူစွမ်းအင်နေ့’ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    မိမိတို့နိုင်ငံဟာ ကမ္ဘာကြီးနဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုကို လုပ်ရမှာဖြစ်သလို လက်နက်အင်အား၊ သံတမန်အင်အား နှစ်ခုစလုံး တောင့်တင်းနေဖို့ လိုအပ်တယ်လို့လည်း သမ္မတက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အီရန်ရဲ့ နျူအစီအစဉ်ကို လက်နက်ထုတ်လုပ်နိုင်တဲ့အထိ မရောက်ဖို့အတွက် ၂၀၁၅ ခုနှစ်မှာ အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်တို့ သဘောတူညီချက်ရခဲ့ပြီး အပြန်အလှန်အားဖြင့် အီရန်အပေါ် ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးခဲ့ကြပါတယ်။

    ဒါပေမယ့် အမေရိကန်သမ္မတ ထရမ့်က ဒီသဘောတူညီချက်အပေါ် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပြီး အမေရိကန်ဟာ စာချုပ်ကနေ နှုတ်ထွက်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

    ရူဟာနီက မိမိတို့အနေနဲ့ ဒီသဘောတူညီချက်ကို ဆက်လက် လေးစားလိုက်နာသွားမှာဖြစ်ပြီး ပထမဆုံး ချိုးဖောက်တဲ့တိုင်းပြည်မျိုး ဖြစ်လာမှာမဟုတ်ကြောင်း၊ တစ်ခြားနိုင်ငံတွေက အီရန်ကို ဒီသဘောတူညီချက် ချိုးဖောက်အောင် လှုံ့ဆော်နေကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဒီကနေ့ ကျင်းပတဲ့ အမျိုးသား နျူစွမ်းအင်နေ့အခမ်းအနားမှာ အီရန်နိုင်ငံက အောင်မြင်ထားတဲ့ နျူကလီးယားဆိုင်ရာ နည်းပညာ ၈၃ ခုကို ပြသခဲ့ပါတယ်။

    ရူဟာနီရဲ့ နျူဆိုင်ရာအကြီးအကဲ အလီ အက္ကဘာ ဆာလေဟီက အမေရိကန်အနေနဲ့ နျူသဘောတူညီချက်ကနေ ထွက်မယ်ဆိုရင် မိမိတို့ဟာ ယူရေနီယံ ၂၀ရာခိုင်နှုန်းအထိ သန့်စင်တာကို ၄ ရက်အတွင်း လုပ်သွားနိုင်တယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။

    ယူရေနီယံကို ၂၀ ရာခိုင်နှုန်အထိ သန့်စင်နိုင်တာဟာ နျူကလီးယားစွမ်းအင် ထုတ်လုပ်ရေး လိုအပ်ချက်ထက် ကျော်လွန်နေပေမယ့် ၈၀ ကနေ ၉၀ ရာခိုင်နှုန်းအထိ သန့်စင်နိုင်မှ နျူလက်နက် ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

    အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက အီရန်ရဲ့ နျူအစီအစဉ်ဟာ လက်နက်ထုတ်လုပ်ဖို့ဖြစ်တယ်လို့ အရင်က စွပ်စွဲပြောဆိုတာတွေ ရှိခဲ့ပြီး အီရန်ကတော့ ဒီပြောဆိုချက်တွေကို ငြင်းဆိုထားပါတယ်။

    Ref: Aljazeera

  • စစ်ဖြစ်နိုင်သည်ဆိုသည့် ဆော်ဒီအိမ်ရှေ့မင်းသား၏စကားကို အီရန် ရှုတ်ချ

    စစ်ဖြစ်နိုင်သည်ဆိုသည့် ဆော်ဒီအိမ်ရှေ့မင်းသား၏စကားကို အီရန် ရှုတ်ချ

    မတ် ၃၁၊ ၂၀၁၈
    M-Media

    – ၁၅ နှစ်အတွင်း အီရန်နဲ့ စစ်ဖြစ်နိုင်တယ်ဆိုတဲ့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ရဲ့ စကားကို အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘဟ်ရမ် ကာစီမီက ဒီနေ့မှာ ရှုတ်ချလိုက်ပါတယ်။

    ကာစီမီက ဘင် ဆလ်မန်အနေနဲ့ သေခြင်းတရားနဲ့ မကစားဖို့ သတိပေးခဲ့ပြီး၊ အီရန်နိုင်ငံရဲ့ ပြတ်သားမှုကို စိန်ခေါ်ခဲ့တဲ့ အီရတ်ခေါင်းဆောင် ဆက်ဒမ် ဟူစိန်ရဲ့ကံကြမ္မာကို ဘင် ဆလ်မန် သင်ခန်းစာယူနိုင်စေရေး ပဲ့ပြင်ဆုံးမပေးဖို့လည်း ဆော်ဒီအာဏာပိုင်ဟောင်းတွေကို တိုက်တွန်းခဲ့ပါတယ်။

    “အတွေ့အကြုံနုပြီး လူမန်နေရာမှမဟုတ်ဘဲ ထင်တစ်လုံးဖြစ်နတဲ့ သူဟာ စစ်ဆိုတာဘာလဲ မသိသလို၊ သမိုင်းကိုလည်း မလေ့လာဖူးပါဘူး။ လူကြီးသူမတွေရဲ့ ပဲ့ပြင်ဆုံးမမှုကို မခံခဲ့ရတဲ့ သနားစရာပုဂ္ဂိုလ်ပါ” လို့ ကာစီမီရဲ့ ပြောကြားမှုကို ကိုကားပြီး အီရန်မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

    နောက်ပြီး ကာစီမီက တောင်ကြီးကိုဖြိုမယ်လို့ မာန်တင်းထားတဲ့ ခါခြင်ကောင်ဟာ အနှေးနဲ့အမြန် ပျက်ဆီးရလိမ့်မယ်လို့လည်း ဆိုပါတယ်။

    အမေရိကန်ကိုရောက်ရှိနေတဲ့ မိုဟာမက် ဘင် ဆလ်မန်က Wall Street ဂျာနယ်နဲ့ အခုတစ်ပတ် အင်တာဗျူးမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ အီရန်အပေါ် ပိတ်ဆို့မှုတွေ ထပ်ပြီး မပြုလုပ်ဘူးဆိုရင် ၁၀ နှစ်ကနေ နှစ် ၂၀ အတွင်း ဆော်ဒီနဲ့အီရန်တို့ စစ်ဖြစ်နိုင်တယ်လို့ ဖြေကြားခဲ့တာပါ။

    အီရန်က ဒေသအတွင်း သြဇာလွှမ်းမိုးအောင် လုပ်ဆောင်နေတယ်လို့ ဆော်ဒီက ရှုမြင်နေပြီး၊ အီရန်နဲ့ ကမ္ဘာ့နိုင်ငံတွေ ရရှိခဲ့တဲ့ ၂၀၁၅ ခုနှစ် နျူသဘောတူညီချက်ကိုလည်း ဝေဖန်ထားပါတယ်။

    ဘင် ဆလ်မန်ဟာ အီရန် ခေါင်းဆောင်ပိုင်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ ဝေဖန်ပြောဆိုမှုတွေ တော်တော်များများ ပြုလုပ်ထားပါတယ်။

    Ref: Aljazeera

  • ၁၅ နှစ်အတွင်း အီရန်နှင့် စစ်ဖြစ်နိုင်သည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    ၁၅ နှစ်အတွင်း အီရန်နှင့် စစ်ဖြစ်နိုင်သည်ဟု ဆော်ဒီအိမ်ရှေ့မင်းသားပြော

    မတ် ၃၀၊ ၂၀၁၈
    M-Media

    ဆော်ဒီစစ်သားများ

    – နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် အီရန်အပေါ် ပိတ်ဆို့မှုများ ထပ်မံဆောင်ရွက်မှု မပြုလျှင် နောက်ထပ် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း အီရန်နှင့် ဆော်ဒီတို့ စစ်ဖြစ်လာနိုင်သည်ဟု ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောကြားလိုက်သည်။

    အမေရိကန်သို့ အလည်အပတ်ရောက်ရှိနေသည့် ဘင် ဆလ်မန်မှာ ယခုတစ်ပတ် Wall Street ဂျာနယ်နှင့် အင်တာဗျူးတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အီရန်အပေါ် ဖိအားပိုဖြစ်စေမည့် ကန့်သတ်မှုများ ပြုလုပ်ရန်လည်း တောင်းဆိုခဲ့သည်။

    “ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေတာတွေ မအောင်မြင်ဘူးဆိုရင် ၁၀ နှစ်ကနေ ၁၅ နှစ်အတွင်းမှာ ကျွန်တော်တို့ အီရန်နဲ့ စစ်ဖြစ်မယ့်အလားအလာ ရှိနေပါတယ်”

    အီရန်နှင့် ဆော်ဒီတို့မှာ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ကိစ္စရပ် အများအပြားတွင် ထိပ်တိုက်တွေ့ဆုံမှုများ ရှိခဲ့ပြီး အထူးသဖြင့် ဆီးရီးယား ပြည်တွင်းစစ်၊ ယီမင်ပြည်တွင်းစစ် ကိစ္စများတွင် ဖြစ်သည်။

    ဘင် ဆလ်မန်က ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီကို ဟစ်တလာနှင့် ခိုင်းနှိုင်းပြောဆိုခဲ့ပြီး၊ အီရန်က နျူလက်နက်ပိုင်ဆိုင်လာလျှင် မိမိတို့လည်း ပိုင်ဆိုင်အောင်ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။

    အီရန်ကမူ မိုဟာမက် ဘင် ဆလ်မန်မှာ နုံအသူ၊ အတွေးလွန်သူဖြစ်သည်ဟု ပြန်လည်တုန့်ပြန်ခဲ့သည်။

    Ref: RT