News @ M-Media

Tag: Iran

  • အီရန်နှင့် နျူသဘောတူညီချက်ကို ချိုးဖောက်သည့် မူကြမ်းတစ်ခုကို ကန်အတည်ပြု

    အီရန်နှင့် နျူသဘောတူညီချက်ကို ချိုးဖောက်သည့် မူကြမ်းတစ်ခုကို ကန်အတည်ပြု

    နိုဝင်ဘာ ၁၈၊ ၂၀၁၆
    M-Media

    – အီရန်နိုင်ငံအား ခရီးသည်တင်လေယာဉ်များ ရောင်းချမှုကို ပိတ်ပင်မည့် ဥပဒေမူကြမ်းတစ်ခုကို အမေရိကန် အောက်လွှတ်တော်က ယမန်နေ့တွင် အတည်ပြုလိုက်ပြီး အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့ကြား ရရှိထားသည့် သဘောတူညီချက်ကို ချိုးဖောက်ခြင်းလည်းဖြစ်သည်။

    ရီပက်ဘလစ်ကန်များ ကြီးစိုးသည့် အောက်လွှတ်တော်တွင် ထောက်ခံမဲ ၂၄၃၊ ကန့်ကွက်မဲ ၁၇၄ ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။ ဆိုပါ မူကြမ်းမှာ အိုဘားမားအစိုးရက Boeing နှင့် Airbus တို့ အီရန်ထံ စီးပွားရေးသုံးလေယာဉ်များ ရောင်းချရန် သဘောတူညီချက်ကို ပိတ်ပင်လိုက်ခြင်းလည်းဖြစ်သည်။

    ထိုကုမ္ပဏီ ၂ ခုမှာ အီရန်ကို လေယာဉ်အစင်းရေ ၂၀၀ ကျော် ရောင်းချရန် သဘောတူထားခြင်းဖြစ်ပြီး အီရန်နိုင်ငံ၏ လေကြောင်းလိုင်းကို အဆင့်မြှင့်ရန်ဖြစ်သည်။ Airbus မှာ ပြင်သစ်နိုင်ငံတွင် အခြေစိုက်သော်လည်း အမေရိကန်ထုတ် အစိတ်အပိုင်း ၁၀ ရာခိုင်နှုန်း ပါဝင်သည့်အတွက် အမေရိကန်ဘဏ္ဍာရေးဌာန၏ အတည်ပြုချက် လိုအပ်ခြင်းဖြစ်သည်။

    ယခုမူကြမ်းက စီးပွားရေးသုံး လေယာဉ်များ ရောင်းဝယ်ရာတွင် လိုအပ်မည့် ငွေကြေးဆိုင်ရာ ကိစ္စများအတွက် အမေရိကန်ဘဏ်များကို ဘဏ္ဍာရေးဌာနက လိုင်စင်ထုတ်ပေးမှုကို တားမြစ်ထားသည်။

    မူကြမ်းအတွက် အချို့သောအမတ်များက စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး ထိုသို့ ရောင်းချမှုပိတ်ပင်ခြင်းမှာ အလုပ်အကိုင် ဆုံးရှုံးနိုင်သည်ဟု သတိပေးခဲ့သည်။ သို့သော်လည်း အီရန်နှင့် နျူသဘောတူညီချက်ကို လုံးဝဆန့်ကျင်သည့် ရီပက်ဘလစ်ကန်အမတ်များကမူ အီရန်အနေဖြင့် အဆိုပါ ခရီးသည်တင်လေယာဉ်များကို အမေရိကန်စစ်သားများအား တိုက်ခိုက်ရန် သို့မဟုတ် ဆီးရီးယားရှိ မဟာမိတ်များကို တိုက်ခိုက်ရန်အတွက် စစ်သားများပို့ခြင်းကဲ့သို့ စစ်ဖက်ဆိုင်ရာ ရည်ရွယ်ချက်အတွက် အသုံးပြုနိုင်သည်ဟု ထောက်ပြခဲ့ကြသည်။

    အထက်လွှတ်တော်တွင် အတည်ပြုပြီးမှ အဆိုပါမူကြမ်းက ဥပဒေဖြစ်လာမည်ဖြစ်ပြီး အထက်လွှတ်တော်တွင်မူ ဒီမိုကရက်တစ်အမတ်များ၏ ဆန့်ကျင်မှုကို ပြင်းပြင်းထန်ထန် ခံရမည်ဖြစ်သည်။

    အိုဘားမားအစိုးရကမူ အဆိုပါဥပဒေမှာ အီရန်အနေဖြင့် နျူလုပ်ငန်းကို ရပ်ဆိုင်းပေးပါက စီးပွားရေး ပိတ်ဆို့မှုများ ဖယ်ရှားပေးမည်ဆိုသည့် နျူသဘောတူညီချက်ကို ချိုးဖောက်ရာကျသည်ဟု ယူဆနေပြီး အိုဘားမားကလည်း အထက်လွှတ်တော်မှ အတည်ပြုပါက ဗီတိုသုံး၍ ပယ်ချဖွယ် ရှိနေသည်။

    Ref: reuters

  • ဥရောပသို့ရောက်မည့် အီရန်၏ ရထားလမ်းစီမံကိန်းတွင် အိန္ဒိယပါဝင်ချင်

    ဥရောပသို့ရောက်မည့် အီရန်၏ ရထားလမ်းစီမံကိန်းတွင် အိန္ဒိယပါဝင်ချင်

    နိုဝင်ဘာ ၁၁၊ ၂၀၁၆
    M-Media

    india-rail

    – အီရန်တောင်ပိုင်း ဆိပ်ကမ်းတစ်ခုမှစတင်ပြီး အလယ်အာရှနိုင်ငံများကိုဖြတ်၍ ပင်လယ်မှတစ်ဆင့် ဥရောပကို ရောက်ရှိမည့် နိုင်ငံစုံဖြတ် ရထားလမ်းတစ်ခုတည်ဆောက်မည့် စီမံကိန်းတွင် ၀င်ရောက်ပူးပေါင်းရန် အိန္ဒိယ စိတ်ဝင်စားနေသည်ဟု အီရန်က ပြောကြားလိုက်သည်။

    အီရန်၏ ကားလမ်းနှင့် မြို့ပြဖွံ့ဖြိုးရေးဆိုင်ရာ ဒုတိယ၀န်ကြီးနှင့် လမ်းပြုပြင်ထိန်းသိမ်းရေးနှင့် သယ်ယူပို့ဆောင်ရေး ညွှန်ကြားရေးမှူးဖြစ်သူ ဒါဗူဒ် ကီရှာဗာဇီယန်က ထိုကဲသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အီရန်-ဥရောပ ကားလမ်းတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်မည့် ဂျော်ဂျီယာနိုင်ငံကမူ မြေပြင်လုပ်ငန်းများကို အလျင်အမြန် ဆောင်ရွက်ရန်အတွက် တိုက်တွန်းဆော်သြထားသည်ဟု ဆိုသည်။

    စီမံကိန်းအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မကြာမီကာလတွင် နည်းပညာပိုင်းဆိုင်ရာများ ဆွေးနွေးမည့် ကျွမ်းကျင်ပညာရှင်အဆင့် တွေ့ဆုံပွဲတစ်ခု ကျင်းပမည်ဟု ကီရှာဗာဇီယန်ကဆိုပြီး၊ ၀န်ကြီးအဆင့် နောက်ဆုံးသဘောတူညီချက် လက်မှတ်ရေးထိုးသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါ နိုင်ငံဖြတ်ကျော်လမ်းမှာ အီရန်နိုင်ငံ ဘန်ဒါရ်အဘတ်စ်ဆိပ်ကမ်းမှ စတင်ကာ အဇာဘိုင်ဂျန်၊ အာမေးနီးယားနှင့် ဂျော်ဂျီယာနိုင်ငံတို့ကို ဖြတ်သွားမည်ဖြစ်သည်။ ဂျော်ဂျီယာသို့ရောက်သည့်အခါ ဘာတူမီနှင့် ပိုတီဆိပ်ကမ်းများမှတစ်ဆင့် ကုန်ပစ္စည်းများကို သင်္ဘောဖြင့် ဘူဂေးရီးယာ၊ ရိုမေးနီးယားနှင့် အခြားသော ဥရောပနိုင်ငံများသို့ ပို့ဆောင်မည်ဖြစ်သည်။

    အီရန်နိုင်ငံမှာ တောင်-မြောက်ဖြတ်ကျော်လမ်း (NTSC) ဟု ခေါ်သည့် နိုင်ငံဖြတ်ကျော်လမ်းတစ်ခု ဖောက်လုပ်ရာတွင်လည်း ပါဝင်နေပြီး အဆိုပါစီမံကိန်းကို ရုရှားက လုပ်ဆောင်ခြင်းဖြစ်သည်။ စီမံကိန်းပြီးဆုံးပါက ဆူးအက်တူးမြောင်းနှင့် အပြိုင်ဖြစ်လာမည်ဖြစ်ပြီး ဥရောပမြောက်ပိုင်းမှ အာရှတောင်ပိုင်းကို သွားရောက်နိုင်မည်ဖြစ်သည်။

    Ref : Presstv

  • အီရန်နှင့် အီးယူတို့ ဆက်ဆံရေး တိုးမြှင့်မည်

    အီရန်နှင့် အီးယူတို့ ဆက်ဆံရေး တိုးမြှင့်မည်

    အောက်တိုဘာ ၂၅၊ ၂၀၁၆
    M-Media

    iran-discus

    – ဒုတိယ၀န်ကြီးများပါဝင်သော အီရန်ကိုယ်စားလှယ်အဖွဲ့မှာ လာမည့် ဒီဇင်ဘာလအတွင်း ဘရပ်ဆဲလ်၌ ဥရောပသမဂ္ဂ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် ရှိနေသည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

    ယမန်နေ့က ပြောကြားခဲ့ခြင်းဖြစ်ပြီး လူ့အခွင့်အရေးကိစ္စပါအ၀င် ကဏ္ဍများစွာအတွက် ဆွေးနွေးသွားမည်ဟု ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘာဟ်ရမ် ကွာဆီမီက ဆိုသည်။

    “ဥရောပနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ အခြေခံကျပြီး၊ ကြာညောင်းတဲ့ ဆက်ဆံရေးလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ကြားမှာ ဘုံတူညီမှု အမြောက်အများလည်း ရှိပါတယ်၊ တန်ဖိုးသတ်မှတ်ချက်တွေနဲ့ ဒေသတွင်းအရေးကိစ္စအချို့မှာတော့ ကွဲလွဲမှုတွေ ရှိနိုင်တာပေါ့လေ”

    အီရန်နှင့် သရောပသမဂ္ဂတို့မှာ ယခင်ကတည်းက တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့ပြီး ပိတ်ဆို့မှုများရှိခဲ့သော နှစ်များမှလွဲ၍ မိမိတို့နိုင်ငံအနေဖြင့် ဥရောပနိုင်ငံအများစုနှင့် ဆက်ဆံရေးကောင်းကို ထိန်းသိမ်းထားကြောင်း ကွာဆီမီက ထပ်လောင်း ပြောကြားခဲ့သည်။

    “ဒီနေ့မှာ ပိတ်ဆို့မှုတွေ ဖယ်ရှားလိုက်မှုနဲ့အတူ မတူညီတဲ့ ကဏ္ဍတွေမှာ နှစ်ဖက်စလုံးက ဆွေးနွေးမှုတွေ ပြလုပ်သွားမှာ ဖြစ်ပါတယ်”

    Ref : presstv

  • အင်အားကြီးနိုင်ငံများက ၀ါဒဖြန့်သော အီရန်ကြောက်ရောဂါကို ဖယ်ရှားနိုင်ခဲ့ပြီဟု ရူဟာနီပြော

    အင်အားကြီးနိုင်ငံများက ၀ါဒဖြန့်သော အီရန်ကြောက်ရောဂါကို ဖယ်ရှားနိုင်ခဲ့ပြီဟု ရူဟာနီပြော

    အောက်တိုဘာ ၂၁၊ ၂၀၁၆
    M-Media

    iran

    – အီရန်နိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံများနှင့်သာမက ကမ္ဘာတစ်ဝှမ်းလုံးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုသော ဆန္ဒရှိသည်ဟု သမ္မတဟာဆန်ရူဟာနီက ပြောကြားလိုက်သည်။

    ယမန်နေ့က တီဟီရန်တွင် ပြုလုပ်ခဲ့သည့် အမျိုးသားကုန်စည်နေ့ အထိမ်းအမှတ် အခမ်းအနားတစ်ခု၌ ပြည်ပစီးပွားရေး လုပ်ငန်းရှင်များကို ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ မိမိအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများကို လမ်းဖွင့်ပေးထားကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    “ကျွန်တော်တို့ရဲ့ ဦးတည်ဈေးကွက်တွေမှာ အရည်အသွေး၊ ဈေးနှုန်းနဲ့ ထုတ်ပိုးမှုတွေကို ယှဉ်ပြိုင်နိုင်စွမ်း ရှိရမှာဖြစ်ပြီး နိုင်ငံခြားပြိုင်ဘက်တွေကို ကျော်ဖြတ်နိုင်တဲ့ အခြေအနေအထိ ရောက်ရှိနိုင်ရပါမယ်။ အီရန်ကို လာရောက်ကြတဲ့ စီးပွားရေးသမားများနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ကျွန်တော်တို့အနေနဲ့ လှိုက်လှိုက်လှဲလှဲကြိုဆိုမှာပါ။ သူတို့အီရန်ကို အလွယ်တကူနဲ့ ၀င်ရောက်သွားလာနိုင်ရပါမယ်”

    ထို့ပြင် အီရန်နှင့်ပတ်သက်၍ အင်အားကြီးနိုင်ငံများ၏ မဟုတ်မမှန် ၀ါဒဖြန့်မှုများကိုလည်း တုန့်ပြန်သွားမည်ဟု ဆိုသည်။

    “ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က အီရန်ကြောက်ရောဂါကို ဖယ်ရှားဖို့ပါပဲ။ ဒါနဲ့ပတ်သက်ပြီး အစိုးရက အကောင်းဆုံးလုပ်ခဲ့ပြီးပါပြီ။ အီရန်ဟာ ဒေသတွင်းနဲ့ရော ကမ္ဘာတစ်ခုလုံးနဲ့ပါ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ လူသိရှင်ကြား ပြောနေတာပါ” ဟု အီရန်သမ္မတက ပြောကြားခဲ့သည်။

    Ref : Presstv

  • IS အဖွဲ့ နိုင်ငံထူထောင်မည့်အခြေအနေကို မိမိတို့ တားဆီးနိုင်ခဲ့ဟု အီရန်ပြော

    IS အဖွဲ့ နိုင်ငံထူထောင်မည့်အခြေအနေကို မိမိတို့ တားဆီးနိုင်ခဲ့ဟု အီရန်ပြော

    အောက်တိုဘာ ၉၊ ၂၀၁၆
    M-Media

    ruhani

    – အီရန်သမ္မတ ဟာဆန်ရူဟာနီက IS အကြမ်းဖက်အုပ်စုများမှာ အီရတ်နှင့် ဆီးရီးယားတို့တွင် နိုင်ငံတစ်ခုအသွင် ဖန်တီးမှုကို မိမိတို့အီရန်နိုင်ငံက တားဆီးနိုင်ခဲ့သည်ဟု ပြောကြားလိုက်သည်။

    “(အကြမ်းဖက်တိုက်ဖျက်ရေးမှာ ပါဝင်တဲ့) အီရန်ရဲ့ အခန်းကဏ္ဍနဲ့ အကူအညီကြောင့်သာမဟုတ်ရင် ခင်ဗျားတို့အနေနဲ့ဆီးရီးယားနဲ့ အီရတ်မှာ IS အကြမ်းဖက်သမားတွေကို အဖွဲ့တစ်ခုအနေနဲ့သာ မဟုတ်ဘဲ နိုင်ငံတစ်ခုအဖြစ် တွေ့မြင်ရမှာဖြစ်ပြီး အဲဒီမှာလည်း မဆုံးနိုင်တဲ့ စစ်ပွဲတွေနဲ့ ရင်ဆိုင်နေရမှာ ဖြစ်ပါတယ်” ဟု သမ္မတ ရူဟာနီက ယမန်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူ၌ မလေးရှားပညာရှင် အဖွဲ့တစ်ခုနှင့် မီဒီယာသမားများကို ပြောကြားခဲ့သည်။

    အီရန် အစ္စလာမ့်သမ္မတနိုင်ငံမှာ အီရတ်နှင့် ဆီးရီးယားအစိုးရတို့၏ အကူအညီတောင်းခံမှုကြောင့် IS အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ရန်အတွက် အစိုးရစစ်တပ်များကို အကူအညီပေးလျက်ရှိနေသည်။

    ရူဟာနီကမူ ဒေသတွင်း IS အကြမ်းဖက်အဖွဲ့ တိုက်ဖျက်ရေးအတွက် မိမိတို့က နည်းလမ်း ၄ သွယ် ချမှတ်ထားပြီး IS အဖွဲ့ကို မြေပြင်မှ တိုက်ခိုက်ရေး၊ ငြိမ်းချမ်းရေး၊ အပစ်ရပ်ရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ထိရောက်သည့် အကူအညီ ပေးအပ်ရေး၊ နိုင်ငံများ အစိတ်စိတ်အမွှာမွှာ မဖြစ်ရေးနှင့် ပထ၀ီနယ်ခြားများကို ထိန်းသိမ်းရေး၊ ရွေးကောက်ပွဲများ ပြန်လည်ကျင်းပရေးနှင့် ပြည်သူ့အုပ်ချုပ်မှု ပြန်လည်ထူထောင်ရေးတို့ ဖြစ်သည်ဟု ဆိုသည်။

    Ref : Presstv