News @ M-Media

Tag: Iran

  • ဂျပန်-အီရန် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မည်

    ဂျပန်-အီရန် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မည်

    စက်တင်ဘာ ၆၊ ၂၀၁၆
    M-Media

    japan 5

    – ဂျပန်အစိုးရ၏ အကြီးတန်းအရာရှိတစ်ဦးမှာ အီရန်နိုင်ငံ တီဟီရန်မြို့သို့ သွားရောက်လည်ပတ်ပြီးနောက် အီရန်တွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့လုပ်ကိုင်ရန် သဘောတူညီခဲ့သည်ဟု ဂျပန်သတင်းဌာနစ်တစ်ခုဖြစ်သော Kyodo က ဖော်ပြခဲ့သည်။

    အီရန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီမှာ စနေနေ့တွင် ဂျပန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကင်တာရို ဆိုနူရာနှင့် တီဟီရန်၌ တွေ့ဆုံခဲ့ပြီး အမေရိကန်၏ တားမြစ်ချက်များကို မဖောက်ဖျက်ဘဲ နှစ်နိုင်ငံကြား မည်ကဲ့သို့ ကုန်သွယ်နိုင်မည့်အကြောင်းကို ဆွေးနွေးခဲ့ကြသည်။

    “ဒီနေ့တွေ့ဆုံမှုဟာ ကျွန်တော်တို့အတွက် အလွန်ကောင်းတဲ့ တွေ့ဆုံမှုပါပဲ။ အဓိက ကျွန်တော်တို့ ပြောကြတာကတော့ ပိတ်ဆို့မှုရုပ်သိမ်းပြီး နောက်ပိုင်းကာလမှာ စီးပွားရေးနဲ့ ဘဏ္ဍာရေးကိစ္စတွေမှာ ရည်မှန်းချက်တွေ ပြည့်မီဖို့အတွက် လိုအပ်တဲ့ အခြေခံအဆောက်အဦးတွေ ပြင်ဆင်ဖို့၊ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို ဘယ်လိုတိုးချဲ့မလဲဆိုတာတွေကို ဆွေးနွေးခဲ့ကြပါတယ်” ဟု အီရန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

    ထို့ပြင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အီရန်သို့ လာရောက်လည်ပတ်ရန် ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပြီး ထိုအစီအစဉ် ဖြစ်မြောက်ပါက ရှင်ဇိုဘာဘေးမှာ ၃၈ နှစ်အတွင်း အီရန်သို့ ပထမဆုံးသွားရောက်မည့် ဂျပန်ဝန်ကြီးချုပ် ဖြစ်လာမည်ဖြစ်သည်။

    အီရန်နှင့် ကမ္ဘာ့နိုင်ငံများအကြား နျူကလီးယားသဘောတူညီချက် ရရှိပြီးသည့်နောက် အီရန်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍများတွင် ဂျပန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန်အတွက် ဖေဖော်ဝါရီလတွင် ဂျပန်က အီရန်အပေါ် ပိတ်ပင်ထားမှုများကို ရုပ်သိမ်းပေးခဲ့သည်။

    Ref : Presstv

  • ပါပူအာနယူးဂီနီတွင် ထိန်းသိမ်းခံထားရသည့် အီရန်ဒုက္ခသည်တစ်ဦး နိုင်ငံတကာ ကာတွန်းဆုရ

    ပါပူအာနယူးဂီနီတွင် ထိန်းသိမ်းခံထားရသည့် အီရန်ဒုက္ခသည်တစ်ဦး နိုင်ငံတကာ ကာတွန်းဆုရ

    သြဂုတ် ၂၈၊ ၂၀၁၆
    M-Media

    အလီ၏ ကာတွန်းလက်ရာတစ်ခု

    – သြစတေးလျက ရန်ပုံငွေထောက်ပံ့ပေးထားပြီး ပါပူအာနယူးဂီနီကျွန်းတွင် ဖွင့်လှစ်ထားသည့် ထိန်းသိမ်းရေးစခန်းမှ အီရန်ဒုက္ခသည်တစ်ဦးမှာ စခန်းတွင်းဘ၀ကို သရုပ်ဖော်ထားသည့် ၎င်း၏ ကာတွန်းလက်ရာများအတွက် နိုင်ငံရေးကာတွန်းဆုတစ်ခုကို ဆွတ်ခူးရရှိခဲ့သည်ဟု သိရသည်။

    ကလောင်အမည် Eaten Fish ဖြင့် ကာတွန်းများရေးသည့် အသက် ၂၅ နှစ်အရွယ် အလီဆိုသူဖြစ်ပြီး မာနွတ်စ်ကျွန်းပေါ်၌ ၎င်း၏ သုံးနှစ်တာ ထိန်းသိမ်းခံရမှုအတွင်း မော်ကွန်းရေးထိုးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ၎င်းမှာ စွဲလမ်းမှုပြင်းထန်သည့်ရောဂါ၊ စိတ်ဒဏ်ရာဖိစီးမှုရောဂါနှင့် ကြောက်စိတ်မွှန်လောက်အောင် တိုက်ခိုက်မှုများကို ခံစားနေရသူဖြစ်သည်။

    သြစတေးလျ၏ တင်းကြပ်သော လူဝင်မှုကြီးကြပ်ရေးစနစ်အောက်တွင် နိုင်ငံတွင်းသို့ လှေဖြင့်ဝင်ရောက်ရန် ကြိုးစားသည့် မည်သူ့ကိုမဆို တောင်ပစိဖိတ်ရှိ မာနွတ်စ် သို့မဟုတ် နာအူရူကျွန်းများပေါ်ရှိ ထိန်းသိမ်းရေးစခန်းများသို့ ပို့ဆောင် ထိန်းသိမ်းလေ့ရှိပြီး၊ သြစတေးလျတွင် ပြန်လည်အခြေခွင့် မပေးတော့ချေ။

    ကာတွန်းပညာရှင်များ အခွင့်အရေးဆိုင်ရာ နိုင်ငံတကာကွန်ရက် (CRNI) က ထိုဆုကို ပေးအပ်ခြင်းမှာ သြစတေးလျ၏ ကမ်းလွန်ထိန်းသိမ်းရေးစခန်း စီမံချက်အောက်တွင် ဖြစ်ပျက်နေသည့်ဘ၀များကို မှတ်တမ်းတင်နိုင်ခဲ့သည့် အလီ၏ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ယင်းကဲ့သို့ ထိန်းသိမ်းရေးစီမံချက်အပေါ် မကျေနပ်သဖြင့် ဆန္ဒပြသူထောင်ပေါင်းများစွာက ၎င်းစခန်းအား ပိတ်ပစ်ရန် စနေနေ့က နိုင်ငံတစ်ဝှမ်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

    “Eaten Fish ဟာ ပြောပြလို့မရတဲ့ ညှင်းပမ်းမှုတွေ၊ စခန်းက အစောင့်တွေနဲ့ အုပ်ချုပ်သူတွေရဲ့ အင်အားအလွန်အကျွံသုံးမှုတွေကို ကာတွန်းပေါင်းများစွာနဲ့ မှတ်တမ်းတင် ဖော်ပြခဲ့ပါတယ်။ ဒီအတွက်ကြောင့် သူဟာ ရိုက်နှက်မှု၊ အစာအငတ်ထားမှု၊ လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းစေတဲ့ နှိပ်စက်မှုတွေကို ခံခဲ့ရပါတယ်” ဟု CRNI ၏ ဥက္ကဌဖြစ်သူ ဂျိုအီလ်ပတ်က ပြောကြားခဲ့သည်။

    အလီ၏ သြစတေးလျအခြေစိုက် ရှေ့နေဖြစ်သူ ဂျာနတ် ဂေါလ်ဘရစ်သ်ကမူ ထိုဆုက အလီအတွက် အလွန်အဓိပ္ပါယ်ရှိသော်လည်း သြစတေးလျ၏ ဖမ်းဆီးထိန်းသိမ်းမှုစနစ်အား ထိုးနှက်မှုတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။ အလီ၏ ကာတွန်းများကို Guardin သတင်းစာက ပုံမှန်လိုလို ဖော်ပြလေ့ရှိသည်။

    ထို့ပြင် အလီမှာ နေမကောင်းဖြစ်နေပြီး အထူးကျန်းမာရေးစောင့်ရှောက်မှုကို လိုအပ်နေသည်ဟု ဂေါလ်ဘရစ်သ်က ထည့်သွင်းပြောကြားခဲ့သည်။

    သြစတေးလျ လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်ဒေသ ထိန်းသိမ်းရေးဌာနကမူ CRNI ၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့ပြီး ထိန်းသိမ်းရေးစခန်းများတွင် အပြည့်အစုံ ဆောင်ရွက်ပေးထားသည်ဟု တုန့်ပြန်ခဲ့သည်။

    Ref; Reuter

  • အီကွေဒေါ ပြန်လည်တည်ဆောက်ရေး အီရန်က ဒေါ်လာ သန်း ၁၀၀ ချေးမည်

    အီကွေဒေါ ပြန်လည်တည်ဆောက်ရေး အီရန်က ဒေါ်လာ သန်း ၁၀၀ ချေးမည်

    သြဂုတ် ၂၆၊ ၂၀၁၆
    M-Media

    – ယခုနှစ်အစောပိုင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ပျက်ဆီးသွားသည့် ဒေသများအား ပြန်လည်တည်ဆောက်ပြုပြင်ရန်အတွက် အီရန်နိုင်ငံက အီကွေဒေါ်အား ကန်ဒေါ်လာ သန်း ၁၀၀ ချေးရန် သဘောတူညီခဲ့သည်ဟု သိရသည်။

    ထိုသဘောတူညီချက်ကို အီကွေဒေါနိုင်ငံသို့ ရောက်ရှိသည့် အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဇာရစ်ဖ်နှင့် အီကွေဒေါ နိုင်ငံခြားရေ၀န်ကြီး ဂူလာယူမီ လောင်းတို့ ယမန်နေ့က ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကြေငြာခဲ့ခြင်းဖြစ်သည်။

    အီကွေဒေါနိုင်ငံတွင် ဧပြီလက ရစ်ခ်ျတာစကေး ၇.၈ ပြင်းအားရှိသည့် အင်အားကြီးငလျင်တစ်ခုလှုပ်ခတ်သွားပြီး လူ ၃၀၀ နီးပါး သေဆုံးခဲ့သည်။

    ဇာရစ်ဖ်ကမူ အဆိုပါချေးငွေကို သိပ္ပံ၊ နည်းပညာနှင့် သုတေသနနယ်ပယ်များတွင် အသုံးပြုနိုင်ကြောင်း ပြောကြားခဲ့ပြီး အီကွေဒေါနိုင်ငံခြားရေးဝန်ကြီးကလည်း အီရန်နိုင်ငံ၏ နည်းပညာ၊ သိပ္ပံနှင့် ဇီဝနည်းပညာနယ်ပယ်များတွင် တိုးတက်မှုများကို လေးစားအားကျမိသည်ဟု ဖွင့်ဟခဲ့သည်။

    အီကွေဒေါနှင့် အီရန်တို့မှာ ဘဏ်လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် ၂ ခု ရရှိခဲ့သည်။

    “ကျွန်တော်တို့အနေနဲ့ ပြည်သူ့ရေးရာနဲ့ ပြည်သူ့ဝန်ဆောင်မှု အပိုင်းတွေနဲ့အတူ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်ရေးကဏ္ဍတွေနဲ့ပက်သက်လို့ အင်မတန် အကျိုးရှိတဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်” ဟု ဇာရစ်ဖ်က ပြောကြားခဲ့သည်။

    Ref : IINA

  • ကီမီယာ အလီဇာဒါ (သို့မဟုတ်) အီရန်တွင် သမိုင်းသစ်ရေးထိုးနိုင်ခဲ့သူ

    ကီမီယာ အလီဇာဒါ (သို့မဟုတ်) အီရန်တွင် သမိုင်းသစ်ရေးထိုးနိုင်ခဲ့သူ

    သြဂုတ် ၂၀၊ ၂၀၁၆
    M-Media

    – “သမီးလေး ကီမီယာ – သမီးဟာ အီရန်ပြည်သူအားလုံး-အထူးသဖြင့် အီရန်က အမျိုးသမီးတွေအားလုံးကို ပျော်ရွှင်စေခဲ့ပါတယ်။ ဘ၀သက်တမ်းတစ်လျှောက်လုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိပါစေ”

    ဒါကတော့ အီရန် အစ္စလာမ့်ပြည်သူ့သမ္မတနိုင်ငံရဲ့ သမ္မဖြစ်သူ ဟာဆန် ရူဟာနီက အိုလံပစ်ပြိုင်ပွဲဝင် အမျိုးသမီး တိုက်ကွမ်ဒိုကစားသမား ကီမီယာ အလီဇာဒါ ဇီနူရင်ကို ချီးကျူးပြောဆိုလိုက်တာ ဖြစ်ပါတယ်။

    အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ ကီမီယာဟာ လက်ရှိ ဘရာဇီးလ်မှာ ကျင်းပနေတဲ့ ရီယိုအိုလံပစ်မှာ ကြာသာပတေးနေ့က ၅၇ ကီလိုတန်းမှာ ဆွီဒင်က နီကီတာ ဂလက်စ်နိုဗစ်ကို ၅ ပွဲ ၁ ပွဲနဲ့ အနိုင်ရရှိခဲ့ပြီး တတိယကြေးတံဆိပ် ရခဲ့ပါတယ်။

    ရွှေတံဆိပ်မဟုတ်ပေမယ့် ဒီဆုဟာ ကီမီယာအတွက် သမိုင်းဝင်မယ့် ဆုတံဆိပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အီရန်ရဲ့ ပထမဆုံး အမျိုးသမီးအိုလံပစ်ဆုတံဆိပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့လို့ ဖြစ်ပါတယ်။

    “အီရန်အမျိုးသမီး တိုက်ကွမ်ဒိုအသင်းအတွက် သမီး အရမ်းပျော်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒါဟာ ပထမဆုံးဆုတံဆိပ်ဖြစ်ပြီး နောက်တစ်ကြိမ်အိုလံပစ်မှာ သမီးတို့ ရွှေတံဆိပ်ရဖို့ မျှော်လင့်ပါတယ်။ သမီး အရမ်းစိတ်လှုပ်ရှားခဲ့ပါတယ်။ မိဘနှစ်ပါးနဲ့ နည်းပြတွေကိုလည်း သမီး ကျေးဇူးတင်ပါတယ်။ သူတို့က သမီးနောက်မှာ မားမားမတ်မတ် ရပ်တည်ခဲ့တာပါ။ သိပ်ပျော်တာပဲရှင်” လို့ ကီမီယာက ပြောကြားခဲ့ပါတယ်။

    kima 2

    ဘရာဇီးလ်အိုလံပစ်မှာ နပန်း၊ အလေးမ၊ တိုက်ကွမ်ဒိုနဲ့ ပြေးခုန်ပစ်အားကစားတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အီရန်ဟာ အိုလံပစ်သမိုင်းမှာ ဆုတံဆိပ် ပေါင်း ၆၅ ခု သိမ်းပိုက်ထားနိုင်ပြီး၊ ကီမီယာရဲ့ ကြေးတံဆိပ်ဟာ ဒီအိုလံပစ် အီရန်ရဲ့ ၅ ခုမြောက် ဆုတံဆိပ်ဖြစ်ပါတယ်။

    အီရန်နိုင်ငံ ကာရာ့ဂ်ျမြို့မှာ ၁၉၉၈ ခုနှစ်က မွေးဖွားခဲ့တဲ့ ကီမီယာရဲ့ ကမ္ဘာ့အဆင့်အောင်မြင်မှုဟာ ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ် လူငယ်အိုလံပစ် ၆၃ ကီလိုတန်းမှာ ရွှေတံဆိပ်ရခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့ချန်ပီယံရှစ် တိုက်ကွမ်ဒိုပြိုင်ပွဲမှာလည်း ကြေးတံဆိပ် ရခဲ့ဖူးပါတယ်။

    သူမရဲ့ အောင်မြင်မှုကို အီရန်နိုင်ငံဆိုင်ရာ ကုလ ကိုယ်စားလှယ်အဖွဲ့ကလည်း တခုတ်တရ ချီးကျူးခဲ့ပြီး ဒီအောင်မြင်မှုဟာ အခြားသော အီရန်အမျိုးသမီးအားကစားသမားတွေအနေနဲ့ သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ တွန်းအားဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: PressTV, huffingtonpost

  • ရုရှားက ဆီးရီးယားပစ်မှတ်များကို အီရန်မြေမှ ပထမဆုံး တိုက်ခိုက်

    ရုရှားက ဆီးရီးယားပစ်မှတ်များကို အီရန်မြေမှ ပထမဆုံး တိုက်ခိုက်

    သြဂုတ် ၁၇၊ ၂၀၁
    M-Media

    iran

    – ပြည်တွင်းစစ်ဖြစ်ပွားနေသည့် ဆီးရီးယားနိုင်ငံအတွင်းရှိ ပစ်မှတ်များအား ရုရှားလေယာဉ်များက အီရန်စစ်အခြေစိုက်စခန်းများမှနေ၍ ယမန်နေ့တွင် ပထမဆုံး သွားရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

    ရုရှားမှာ ဆီးရီးယားနိုင်ငံအတွင်း စစ်ရေးလှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန် ဆောင်ရွက်နိုင်ရးအတွက် ၎င်းတို့၏ လေယာဉ်များကို အီရန်ရှိ လေတပ်စခန်းတွင် ချထားခဲ့ပြီးနောက် ယခုကဲ့သို့ ပထမဆုံး တိုက်ခိုက်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

    ယမန်နေ့ တိုက်ခိုက်မှုအတွင်း Tupolev-22M3 နှင့် Sukhoi-34 ဗုံးကြဲလေယာဉ်များမှာ အီရန်အနောက်ပိုင်း ဟာမာဒန် လေတပ်စခန်းမှ ပျံတက်ကာ အစ်ဒလစ်ဘ်နှင့် ဒီ အလ်-ဇိုရ်တို့ရှိ IS နှင့် အလ်နူဆရာတပ်ဦးတို့၏ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

    ရုရှားမှာ ပြီးခဲ့သည့်နှစ် စက်တင်ဘာမှစ၍ ဆီးရီးယားစစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    Ref : Aljazeera