News @ M-Media

Tag: Iran

  • နျူသဘောတူညီချက်ကြောင့် အမေရိကန်၏လွှမ်းမိုးမှုကို အီရန်က လက်ခံသွားမည်မဟုတ်

    နျူသဘောတူညီချက်ကြောင့် အမေရိကန်၏လွှမ်းမိုးမှုကို အီရန်က လက်ခံသွားမည်မဟုတ်

    သြဂုတ် ၁၇၊ ၂၀၁၅
    M-Media

    – အင်အားကြီးနိုင်ငံများနှင့် နျူအရေး သဘောတူညီချက် ရယူခဲ့သော်လည်း အဆိုပါ သဘောတူညီချက်က အီရန်နိုင်ငံအပေါ်သို့ အမေရိကန်၏ နိုင်ငံရေး သို့မဟုတ် စီးပွားရေး သြဇာလွှမ်းမိုးမှုကို ဖွင့်ပေးခြင်း ဖြစ်မည်မဟုတ်ဟု အီရန်အဓိပတိ အယာတိုလာ ခါမေနီက ယနေ့တွင် ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်လက ရရှိခဲ့သည့် အဆိုပါ နျူးကလီးယား သဘောတူညီချက်မှာ လက်ရှိအချိန်တွင် အမေရိကန် အထက်လွှတ်တော်မှ အတည်ပြုရန် လိုအပ်နေပြီး အတည်ပြုပြီးမှသာ အကျုံးဝင်မည်ဖြစ်သည်။ ခိုမေနီမှာ ထိုသဘောတူညီချက်နှင့်ပတ်သက်၍ အရေးပါသော ပြောကြားမှုများကို မပြုလုပ်ခဲ့ပေ။

    “အီရန် ဒါမှမဟုတ် အမေရိကန်တို့က လက်ခံမလားဆိုတာကို ရှင်းရှင်းလင်းမသိရသေးတဲ့ ဒီသဘောတူညီချက်ဟာ အီရန်အပေါ် အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှုကို လမ်းဖွင့်ပေးမယ်လို့ သူတို့က ထင်ကြပါတယ်။ အရင်ကလည်း ဒီလမ်းကြောင်းကို ပိတ်ခဲ့ပြီး အနာဂတ်မှာလည်း ဆက်လက် ပိတ်ဆို့သွားမှာပါပဲ။ အီရန်အပေါ် အမေရိကန်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုတွေ လွှမ်းမိုးခံမှာ မဟုတ်ပါဘူး” ဟု အစ္စလာမ့်မစ် ရေဒီယိုနှင့် တယ်လီဗီးရှင်းသမဂ္ဂ အဖွဲ့အ၀င်များနှင့် တွေ့ဆုံစဉ်အတွင်း ပြောကြားခဲ့သည်ဟု ခါမေနီက ၎င်း၏ ၀ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

    သဘောတူညီချက်ရရေး ဆွေးနွေးမှုအတွက် သမ္မတရူဟာနီအား နိုင်ငံအရေးအအရ ကာကွယ်ပေးခဲ့သည့် ရူဟာနီမှာ သဘောတူညီချက်ကို ပယ်ချရန် ဖြစ်နိုင်ချေနည်းသည်ဟု လေ့လာဆန်းစစ်သူ အများစုက ရှုမြင်ကြသည်။ သို့သော်လည်း ၎င်းကိုယ်တိုင်က “စာတန်ဆိုးကြီး” ဟု ရည်ညွှန်းထားသည့် အမေရိကန်အပေါ် မယုံသင်္ကာဖြစ်မှုမှာ နက်နက်ရှိုင်းရှိုင်း ဆက်ရှိမည်ဟု ဆိုသည်။

    အဆိုပါ နျူသဘောတူညီချက်ကို အကောင်အထည်ဖော်ပါက အီရန်အပေါ် ပြုလုပ်ထားသည့် နိုင်ငံတကာမှ ပိတ်ဆို့မှုများကို ဖယ်ရှားပေးမည်ဖြစ်ပြီး ဈေးကွက်လူဦးရေ သန်း ၈၀ နီးပါးအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံလမ်းလည်း ပွင့်သွားမည်ဖြစ်သည်။

    Ref: PressTV

  • အခိုးခံခဲ့ရသော အီရန်၏ အဖိုးတန် အနုပညာလက်ရာများကို အီတလီ လွှဲပြောင်းပေး

    အခိုးခံခဲ့ရသော အီရန်၏ အဖိုးတန် အနုပညာလက်ရာများကို အီတလီ လွှဲပြောင်းပေး

    သြဂုတ် ၁၊ ၂၀၁၅
    M-Media

    iran 3

    – လွန်ခဲ့သည့် ၁၀ နှစ်ခန့်က အခိုးခံရပြီး အီတလီနိုင်ငံသို့ မှောင်ခိုလမ်းကြောင်းမှ ရောက်ရှိခဲ့သည့် အီရန်တို့၏ အနုပညာလက်ရာ ၃၀ ခန့်ကို အီတလီက ပြန်လည်ပေးအပ်ခဲ့သည်ဟု သိရသည်။

    အဆိုပါ အနုပညာလက်ရာများ ပြန်လည်ရရှိရေးအတွက် အီတလီ အနုပညာဆိုင်ရာ တာဝန်ရှိသူများနှင့် အီရန်က နှစ်များစွာ တရားဥပဒေအရ တိုက်ပွဲဝင်ခဲ့ရပြီး အီတလီနိုင်ငံမြောက်ပိုင်း မီလန်မြို့ တရားရုံးမှ အီရန်အား အနိုင်ပေးခဲ့ခြင်းဖြစ်သည်ဟု အီရန်နိုင်ငံပိုင် သတင်းဌာနဖြစ်သော IRNA က ယမန်နေ့တွင် ကြေညာခဲ့သည်။

    အဆိုပါ အနုပညာလက်ရာများတွင် အီရန်နိုင်ငံ၏ အစ္စလာမ့်ခေတ်မတိုင်ခင်နှင့် အစ္စလာမ့်ခေတ်လွန် ပစ္စည်းများ ပါဝင်ပြီး ရောမရှိ အရှေ့တိုင်းအနုပညာဆိုင်ရာ အမျိုးသားပြတိုက်တွင် ပြုလုပ်သည့် အခမ်းအနား၌ အီတလီ အနုပညာဆိုင်ရာ ရဲတပ်ဖွဲ့က အီရန်သံရုံးမှ
    ကိုယ်စားလှယ်များသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။

    အဆိုပါ အခမ်းအနားသို့ ပြတိုက်၏ စီမံခန့်ခွဲရေးရုံးမှ ပါအိုလာ ပီယာဆန်တီနီနှင့် အီရန် ယဉ်ကျေးမှုအမွေအနှစ်အဖွဲ့၏ ဒုတိယအကြီးအကဲဖြစ်သူ မိုဟာမက် ဟာဆန် တာလီဘီယန်တို့လည်း တက်ရောက်ခဲ့ကြသည်။

    ယဉ်ကျေးမှုပစ္စည်းများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်အဖြစ် ၁၉၉၅ ခုနှစ်တွင် ရောမ၌ လက်မှတ်ရေးထိုးခဲ့ကြသော ကုလ၏ “ခိုးယူခံရသော သို့မဟုတ် တရားမ၀င်တင်ပို့ရောင်းချသော ယဉ်ကျေးမှုပစ္စည်းများဆိုင်ရာ သဘောတူညီချက်” ကြောင့် ၎င်းတို့၏ အနုပညာလက်ရာပစ္စည်းများကို အီရန်နိုင်ငံက ယခုကဲ့သို့ ပြန်လည် ရရှိခဲ့ခြင်းဖြစ်သည်ဟု
    တာလီဘီယန်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အဆိုပါ အနုပညာလက်ရာများအား အီရန်အမျိုးသားပြတိုက်သို့ လွှဲပြောင်းပို့ဆောင်ပေးရေး လုပ်ငန်းစဉ်ကို စက်တင်ဘာလ၌ ရောမရှိ အီရန်သံရုံးတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသော တရားဝင်အခမ်းအနားတွင် စတင်မည်ဖြစ်သည်။

    အီရန်သံရုံးအတွက် ဆောင်ရွက်ပေးခဲ့သည့် ရှေ့နေဖြစ်သူ ဒူအီလီယို ကော်တက်ဆာကမူ အဆိုပါ အနုပညာလက်ရာများကို ၂၀၀၇ ခုနှစ်က အီတလီမြောက်ပိုင်း မွန်ဇာမြို့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    Ref: PressTV

  • အစွန်းရောက်တိုက်ဖျက်ရေး အရှေ့အလယ်ပိုင်းနိုင်ငံများ ညီညွတ်ရန် အီရန်တိုက်တွန်း

    အစွန်းရောက်တိုက်ဖျက်ရေး အရှေ့အလယ်ပိုင်းနိုင်ငံများ ညီညွတ်ရန် အီရန်တိုက်တွန်း

    ဇူလိုင် ၂၇၊ ၂၀၁၅
    M-Media

    – ဒေသအတွင်း စစ်သွေးကြွဝါဒကို တိုက်ဖျက်ရေးအတွက် အရှေ့အလယ်ပိုင်းနိုင်ငံများအနေဖြင့် ပေါင်းစည်းကြရန် အီရန်နိုင်ငံခြားရေးဝန်ကြီးက ယမန်နေ့တွင် တိုက်တွန်း ဆော်သြလိုက်သည်။

    အင်အားကြီး ၆ နိုင်ငံနှင့် နျူကလီးယား သဘောတူညီချက် ရပြီးနောက်ပိုင်း ပထမဆုံး ဒေသတွင်း ခရီးစဉ်အဖြစ် ကူဝိတ်နိုင်ငံသို့ ရောက်ရှိနေသော ဂျာဗဒ်ဇာရစ်ဖ်က အီရန်သံရုံးတွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်လင်းပွဲ၌ ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    “နိုင်ငံတစ်နိုင်ငံအတွက် ဘယ်လိုခြိမ်းခြောက်မှုမျိုးမဆို အားလုံးအတွက် ခြိမ်းခြောက်မှုပါပဲ။ ဒေသတွင်းပြဿနာတွေကို အခြားနိုင်ငံတွေရဲ့ အကူအညီမပါဘဲနဲ့ ဘယ်နိုင်ငံကမှ မဖြေရှင်းနိုင်ပါဘူး” ဟု ဇာရစ်ဖ်က ဆိုသည်။

    ဇာရစ်ဖ်မှာ စောစောပိုင်းတွင် ကူဝိတ်ခေါင်းဆောင် အမီရ် ရှိခ်ဆာဘာဟ် အလ်-အဟ်မဒ် အလ်- ဆာဘာဟ်၊ ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးတို့နှင့် တွေ့ဆုံခဲ့သည်။

    ပင်လယ်ကွေ့နိုင်ငံများကမူ ဇူလိုင် ၁၄ ရက်နေ့တွင် ချုပ်ဆိုနိုင်ခဲ့သည့် နျူသဘောတူစာချုပ်က အီရန်နှင့် အမေရိကန်တို့အကြား တင်းမာမှုကို လျော့ကျစေပြီး၊ ပင်လယ်ကွေ့နိုင်ငံများနှင့် သဘောထားခြင်းမတူကြသည့် အရှေ့အလယ်ပိုင်းမဟာမိတ်များအတွက် အီရန်၏ ထောက်ခံအားပေးမှုကို ရဲဆေးတင်ပေးသကဲ့သို့ ဖြစ်မည်ကို စိုးရိမ်နေသည်။

    “အစွန်းရောက်ဝါဒ၊ အကြမ်းဖက်ဝါဒနဲ့ ဂိုဏ်းဂဏ၀ါဒတွေရဲ့ ခြိမ်းခြောက်မှုကို တိုက်ဖျက်ဖို့ ဒေသတွင်းက ပြည်သူတွေရဲ့နောက်မှာ အီရန်က ရပ်တည်နေပါတယ်။ ဒေသတွင်းနိုင်ငံတွေကို ကျွန်တော်တို့ပေးချင်တဲ့ သတင်းစကားကတော့ အားလုံး ညီတူမျှတူ ရင်ဆိုင်နေရတဲ့ ဒီစိန်ခေါ်မှုကို ကျွန်တော်တို့ အတူတကွ တွန်းလှန်သင့်တယ် ဆိုတာပါပဲ” ဟု ဇာရစ်ဖ်က ထည့်သွင်းပြောကြားခဲ့သည်။

    ပင်လယ်ကွေ့နိုင်ငံများသို့ သွားရောက်လည်ပတ်ခြင်းမပြုခင် ဇာရစ်ဖ်မှာ သောကြာနေ့နှောင်းပိုင်းက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ စစ်သွေးကြွအဖွဲ့ IS အား တွန်းလှန်တိုက်ခိုက်ရန် ဆီးရီးယားနှင့် အီရတ်ရှိ မဟာမိတ်များအား အီရန်က ဆက်လက်ကူညီပံ့ပိုးပေးသွားမည်ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

    “အီရန်ဟာ ဖိနှိပ်ခံနေရတဲ့နိုင်ငံအားလုံးကို ပံ့ပိုးသွားမှာပါ။ အီရန်ကြောင့်သာမဟုတ်ရင် အာရ်ဘီနဲ့ ဘဂ္ဂဒတ်တို့ဟာ (IS) အကြမ်းဖက်သမားတွေလက်ထဲ ကျရောက်ခဲ့ပြီးပါပြီ။ ဒါဟွက်၊ အာရ်ဘီလ်နဲ့ (အီရတ်ရှိ ကာ့ဒ်ဒေသမှ) ဆူလေမန်နီယာဟ်ဒေသတွေကို ကျွန်တော်တို့ ကာကွယ်ခဲ့သလို၊ ဒေသတွင်းက ဘယ်နိုင်ငံမဆို ကျူးကျော်ခံရရင်လည်း အီရန်နိုင်ငံဟာ ဖိနှိပ်ခံရသူတွေကို
    ကာကွယ်သွားမှာပါပဲ” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ၀ဘ်ဆိုက်တွင် လွှင့်တင်ထားသော အဆိုပါ ကြေညာချက်၌ ထည့်သွင်းဖော်ပြထားသည်။

    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်မှာ ကူဝိတ်ပြီးနောက် ကာတာနှင့် အီရတ်နိုင်ငံများသို့ သွားရောက်မည်ဖြစ်သည်။

    Ref: Reuters

  • အီရန်နှင့် နျူသဘောတူညီချက်ကို ဆန့်ကျင်ဆန္ဒပြမှု အမေရိကန်တွင်ပြုလုပ်

    အီရန်နှင့် နျူသဘောတူညီချက်ကို ဆန့်ကျင်ဆန္ဒပြမှု အမေရိကန်တွင်ပြုလုပ်

    ဇူလိုင် ၂၃၊ ၂၀၁၅
    M-Media

    iran

    – အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့ ရရှိခဲ့သော နျူကလီးယား သဘောတူညီချက်အား ဆန့်ကျင်သည့် အနေဖြင့် အစ္စရေးလိုလားသူများနှင့် ရီပက်ဘလစ်ကန်ပါတီကို ထောက်ခံသူများမှာ ယမန်နေ့တွင် နယူးယောက် တိုင်းမ်စကွဲ၌ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    ဆန္ဒပြမှုတွင် ပါဝင်ခဲ့သူများမှာ အဆိုပါသဘောတူညီချက်ကို အစ္စရေးနှင့် ကမ္ဘာ့လုံခြုံရေးအား ခြိမ်းခြောက်မှုအဖြစ် သမုတ်ခဲ့ကြပြီး အမေရိကန် အထက်လွှတ်တော်အနေဖြင့် ထို သဘောတူညီချက်ကို ပယ်ချရန် တောင်းဆိုခဲ့သည်။

    ပြီးခဲ့သည့် တစ်ပတ်က အီရန်နှင့် အင်အားကြီးနိုင်ငံ ၆ နိုင်ငံတို့ လက်မှတ်ရေးထိုးခဲ့သည့် ထို သဘောတူညီချက်အရ အီရန်မှာ ၎င်းတို့၏ နျူကလီးယားအစီအစဉ်ကို ရပ်တန့်ရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အမေရိကန်၊ ကုလနှင့် အနောက်နိုင်ငံများက အီရန်အပေါ်
    ပိတ်ဆို့ထားမှုများအား ဖယ်ရှားပေးရမည် ဖြစ်သည်။

    အမေရိကန်တွင် ယခုကဲ့သို့ ဆန္ဒပြမှုမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် အခြားသော အကြီးတန်း တာဝန်ရှိသူများက အထက်လွှတ်တော်အမတ်များကို သဘောတူညီချက်နှင့် စပ်လျဉ်း၍ ယမန်နေ့က တံခါးပိတ် ရှင်းလင်းတင်ပြနေစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ အထက်လွှတ်တော် အမတ်တစ်ချို့ကမူ ၎င်းတို့အနေဖြင့် ထိုသဘောတူညီချက်အား မယုံရဲသေးဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

    အဆိုပါဆန္ဒပြပွဲတွင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအား ထောက်ခံကြောင်းလည်း ပြသခဲ့သည်။ နေတန်ယာဟုမှာ အီရန်နျူအရေး သဘောတူညီချက်အကို ဝေဖန်ဆန့်ကျင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။

    အမေရိကန်ရှိ အစ္စရေးလိုလားသူနှင့် ရီပက်ဘလစ်ကန်ပါတီအား ထောက်ခံသူများမှာ အီရန်၏ နျူသဘောတူညီချက်ကို ရီပက်ဘလစ်ကန် အမတ်များကြီးစိုးသည့် အထက်လွှတ်တော်မှ လက်ခံခြင်းမပြုရန်အတွက် လှုပ်ရှားမှုများကို ဆက်လက်တိုးမြှင့် ပြုလုပ်သွားရန် ရှိနေသည်။

    သို့သော်လည်း သမ္မတအိုဘားမားအနေဖြင့် အဆိုပါသဘောတူညီချက်အား အထက်လွှတ်တော်မှ ကန့်ကွက်မှုအတွက် ဗီတိုသုံး၍ ပယ်ချရန် အခွင့်အာဏာလည်း ရှိနေသည်။

    Ref: Aljazeera

  • စက်ရုပ်ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် အီရန် ဒုတိယဆွတ်ခူး

    စက်ရုပ်ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် အီရန် ဒုတိယဆွတ်ခူး

    ဇူလိုင် ၂၂၊ ၂၀၁၅
    M-Media

    robo

    – တရုတ်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် ၁၉ ကြိမ်မြောက် စက်ရုပ်ဖလား ကမ္ဘာ့ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲတွင် အီရန်စက်ရုပ်အသင်းမှာ အံ့သြလောက်သည့် စွမ်းဆောင်ရည်များကို ပြသကာ ဒုတိယဆု ရရှိခဲ့သည်ဟု သိရသည်။

    တီဟီရန် အခြေစိုက် အမီရ်ကာဘီရ် နည်းပညာတက္ကသိုလ်မှ ဆယ်ကျော်သက်အရွယ်စားရှိသော စက်ရုပ်ဘောလုံးအသင်း၏ ဒါရိုက်တာဖြစ်သူ ဆိုရက်ရှ် ဆာဒက်နီဂျဒ်က မိမိတို့ကိုယ်တိုင် ဒီဇိုင်းထုတ် တီထွင်ဖန်တီးထားသော စက်ရုပ်ဘောလုံးအသင်းမှာ ထိုပြိုင်ပွဲ၏ နည်းပညာပိုင်းဆိုင်ရာ ယှဉ်ပြိုင်မှုတွင် အောင်မြင်မှုသရဖူ ဆောင်းနိုင်ခဲ့ပြီး နောက်ဆုံးတွင် ဒုတိယနေရာဖြင့်
    အဆုံးသတ်နိုင်ခဲ့သည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ၁၉ ကြိမ်မြောက် စက်ရုပ်ဖလား ကမ္ဘာ့ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို တရုတ်နိုင်ငံအရှေ့ပိုင်း ဟေဖီးမြို့တွင် ဇူလိုင် ၁၉ ရက်နေ့မှစတင်ကာ ကျင်းပခဲ့ခြင်းဖြစ်သည်။ ထိုပြိုင်ပွဲသို့ ဂျာမနီ၊ အိန္ဒိယ၊ ထိုင်ဝမ်နှင့် အမေရိကန်တို့အပါဝင် နိုင်ငံပေါင်း ၄၇ နိုင်ငံမှ စက်ရုပ်ပညာရှင် ၂၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

    ထိုပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် စက်ရုပ်များမှာ ပြင်ပထိန်းချုပ်မှုမပါဘဲ အလိုအလျောက် တုံ့ပြန် လှုပ်ရှားနိုင်ရမည်ဖြစ်ပြီး လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ဘောလုံးကန်ခြင်း၊ ဟန်ချက်ကိုထိန်းနိုင်ခြင်း၊ အမြင်အာရုံကောင်းမွန်ခြင်းနှင့် ကိုယ်တိုင်ကိုယ်ကျ နေရာယူနိုင်ခြင်း စသည့် ကျွမ်းကျင်မှုများနှင့် ပတ်သက်၍လည်း စီမံနိုင်ရမည် ဖြစ်သည်။

    အဆိုပါ စက်ရုပ်ဖလား ဘောလုံးပြိုင်ပွဲကို ၁၉၉၃ ခုနှစ်က ဂျပန်သုတေသနပညာရှင်များက စတင် ကျင်းပခဲ့ခြင်းဖြစ်ပြီး စက်ရုပ်သိပ္ပံနှင့် နည်းပညာတို့ ဖွံ့ဖြိုးတိုးတက်လာစေရန် ဘောလုံးအားကစားနည်းအား အသုံးပြုခြင်း ဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ၂၀၅၀ ခုနှစ်
    ကမ္ဘာ့ဖလားတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်မည့် စက်ရုပ်ဘောလုံးအသင်းတစ်ခု တည်ဆောက်ရေး ဖြစ်သည်။

    ထိုစီမံကိန်းက ဂျပန်နိုင်ငံအပြင်ဘက် နိုင်ငံများမှ သုတေသပညာရှင်များ၏ အာရုံစိုက်မှုကို မမျှော်လင့်ပဲ ရရှိခဲ့ပြီး ပြိုင်ပွဲကို နိုင်ငံတကာဆင့် ယှဉ်ပြိုင်ရန် တောင်းဆိုခဲ့ကြသည်။ ထို့ကြောင့် စက်ရုပ်ဖလား ကမ္ဘာ့ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို ၁၉၉၇ ခုနှစ်ကတည်းက နှစ်စဉ် ကျင်းပခဲ့ကြပြီး ထိုင်ပြိုင်ပွဲမှ အသိဥာဏ်အတု ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်နိုင်ခဲ့သည်။

    Ref: Press TV