News @ M-Media

Tag: Iran

  • နျူသဘောတူညီချက် ရသော်လည်း အမေရိကန်အပေါ် အီရန်၏သဘောထား ပြောင်းမည်မဟုတ်

    နျူသဘောတူညီချက် ရသော်လည်း အမေရိကန်အပေါ် အီရန်၏သဘောထား ပြောင်းမည်မဟုတ်

    ဇူလိုင် ၁၈၊ ၂၀၁၅
    M-Media

    iran

    – နိုင်ငံ၏ အငြင်းပွားဖွယ် နျူကလီးယားအစီစဉ်နှင့်ပတ်သက်၍ အင်အားကြီးနိုင်ငံများနှင့် ယခုတစ်ပတ်အစောပိုင်းက သဘောတူညီချက် ရရှိခဲ့သော်လည်း အမေရိကန်၏ အရှေ့အလယ်ပိုင်း ပေါ်လစီများအား မိမိတို့နိုင်ငံက ထင်ထင်ရှားရှားဆန့်ကျင်မှုကို ပြောင်းလဲသွားမည်မဟုတ်ဟု အီရန်အဓိပတိ အယာတိုလာ အလီခါမေနီက ပြောကြားလိုက်သည်။

    အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန်ဥပုသ်လ ကုန်လွန်ခြင်းအထိမ်းအမှတ်အဖြစ် ယနေ့တွင်ပြုလုပ်သော မိန့်ခွန်း၌ ခါမေနီက ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး အမျိုးသား အကျိုးစီးပွားအား ကာကွယ်စောင့်ရှောက်မှုကို သေချာစေရေးနှင့် နိုင်ငံရေး စည်းမျဉ်းစည်းကမ်းများ
    သို့မဟုတ် စစ်ဘက်ဆိုင်ရာ ပေါ်လစီများအား နှောက်ယှက်မှုကို တားဆီးရေးတို့ သေချာစေရန်အတွက် အင်္ဂါနေ့က ရရှိခဲ့သော သမိုင်းဝင်သဘောတူညီချက်အား အီရန်အာဏာပိုင်များက စေ့စေ့စပ်စပ်ဖတ်ရှုစေချင်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ဒေသတွင်းက ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေကို အားပေးထောက်ခံမှု၊ ပါလက်စတိုင်း၊ ယီမင်၊ ဆီးရီးယား၊ အီရတ်၊ ဘာရိန်းနဲ့ လက်ဘနွန်နိုင်ငံက ပြည်သူတွေအတွက် အားပေးထောက်ခံမှုတွေကို ကျွန်တောတို့ ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ဒီသဘောတူညီချက် ရရှိခဲ့ပေမယ့်လည်း စိတ်ကြီးဝင်နေတဲ့အမေရိကန်အပေါ် ကျွန်တော်တို့ရဲ့ ပေါ်လစီက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး” ဟု ခါမေနီက ဆိုသည်။

    အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့၏ သဘောတူညီချက်အရ နျူးကလီယားဗုံး ထုတ်လုပ်ရန် ရည်ရွယ်သည်ဟု အနောက်နိုင်ငံများက သံသယရှိနေသော အီရန်၏ နျူးကလီးယားအစီအစဉ်အား ရပ်တန့်ရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အီရန်အပေါ် ပိတ်ဆို့ထားမှုကိုလည်း တစ်ဖြည်းဖြည်းခြင်း ဖယ်ရှားပေးရမည်ဖြစ်သည်။ အီရန်ကမူ မိမိတို့အနေဖြင့် နျူကလီးယားဗုံးထုတ်လုပ်ရန်
    ဆောင်ရွက်နေမှု မရှိဟု ငြင်းဆိုခဲ့သည်။

    “အမေရိကန်တွေက သူတို့ဟာ အီရန် နျူးကလီးယားလက်နက် ရရှိခြင်းကို ရပ်တန့်လိုက်တယ်လို့ ပြောကြပါတယ်။ အဲဒါ (အီရန်က နျူကလီးယားလက်နက် ထုတ်လုပ်မယ်ဆိုတာ) ဟာ တကယ်မဟုတ်ဘူးဆိုတာကို သူတို့ သိပါတယ်။ နျူကလီးယားလက်နက်တွေကို
    အစ္စလာမ့်ဥပဒေအောက်မှာ ဘာသာရေးအရ ပိတ်ပင်တားမြစ်ထားတယ်လို့ ကြေညာထားတဲ့ ဖသ်ဝါဓမ္မသတ် ကျွန်တော်တို့မှာ ရှိပါတယ်”

    နျူအရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် အီရန်ပြည်သူများမှာ နိုင်ငံတစ်ဝှမ်း အောင်ပွဲခံခဲ့ကြသည်။ သို့သော်လည်း သောကြာနေ့ ၀တ်ပြုဆုတောင်းမှုပြီးနောက် သဘောထားတင်းမာသူများမှာ တီဟီရန်တက္ကသိုလ်တွင် ဆန္ဒပြခဲ့ကြပြီး အမေရိကန်ဆန့်ကျင်ရေး ကျွေးကျော်သံများကိုလည်း ကျွေးကြော်ခဲ့ကြသည်။

    ခါမေနီကမူ ထိုဆန္ဒပြမှုတွင် အီရန်ပြည်သူများက “အမေရိကန် ကျဆုံးပါစေ” “အစ္စရေးကျဆုံးပါစေ” ဟု ကျွေးကြော်မှုများမှာ ပြည်သူများ၏ သဘောထားကို ထင်ဟပ်ခြင်းဖြစ်ပြီး နျူအရေးသဘောတူညီချက်မှာမူ ချွင်းချက်ဖြစ်သည်ဟု ဆိုသည်။

    “ဒေသတွင်း ဒါမှတ်မဟုတ် နိုင်ငံတကာအရေးကိစ္စတွေမှာ အမေရိကန်နဲ့ ဆွေးနွေးညှိနှိုင်းမှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ ထပ်ပြောပါတယ်။ နှစ်နိုင်ငံ ပြဿနာတွေကိုတောင်မှ ဆွေးနွေးမှာမဟုတ်ပါဘူး။ နျူကလီးယားအစီအစဉ်လိုမျိုးမှာတော့ ချွင်းချက်အချို့ ရှိပါတယ်။ ဒါကို အမေရိကန်နဲ့ ဆွေးနွေးတာဟာ ကျွန်တော်တို့ရဲ့အကျိုးစီးပွားကို ဆောင်ကျဉ်းဖို့ပါ။ ဒေသတွင်းက အမေရိကန်ရဲ့ ပေါ်လစီတွေဟာ အီရန်ရဲ့ ပေါ်လစီတွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်” ဟု ခါမေနီက ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါမိန့်ခွန်း၌ ခါမေနီက အမေရိကန်မှာ အီရန်အား အခြေပျက်စေရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲပြောကြားခဲ့သည်။

    “အီရန်က စစ်ပွဲကို မကြိုဆိုပါဘူး။ ဒါပေမယ့် ဖြစ်လာရင်တော့ အမေရိကန်ဟာ အရှက်တကွဲဖြစ်ပါလိမ့်မယ်”

    Ref: Aljazeera

  • အီရန်၏ နျူအရေးသဘောတူညီချက်အတွက် အီရန်ပြည်သူများ အောင်ပွဲခံ

    အီရန်၏ နျူအရေးသဘောတူညီချက်အတွက် အီရန်ပြည်သူများ အောင်ပွဲခံ

    ဇူလိုင် ၁၅၊ ၂၀၁၅
    M-Media

    iran

    – အီရန်နိုင်ငံအပေါ် ထားရှိသည့် ပိတ်ဆို့မှုများနှင့် ဆယ်စုနှစ်များကြာ နိုင်ငံတကာအသိုင်းအ၀ိုင်းမှ သီးသန့်ဖြစ်နေမှုကို အဆုံးသတ်သွားမည်ဟု မျှော်လင့်ရသော ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် နျူအရေးသဘောတူညီချက်အတွက် အီရန်ပြည်သူများက ယမန်နေ့က လမ်းများပေါ်သို့ထွက်၍ အောင်ပွဲခံခဲ့ကြသည်။

    လပေါင်းများစွာ ကြာမြင့်ခဲ့သည့် အဆိုပါဆွေးနွေးပွဲကို အီရန်ပြည်သူ သန်းပေါင်းများစွာက မျှော်လင့်ချက်ဖြင့် အနီးကပ် စောင့်ကြည်ခဲ့ကြပြီး ယမန်နေ့က သဘောတူညီချက်ကို တရားဝင်ကြေညာပြီးနောက် မြို့တော်တီဟီရန်အတွင်း ထောင်ပေါင်းများစွာသော ပြည်သူများမှာ လမ်းပေါ်သို့ထွက်၍ ကားဟွန်းများတီးကာ၊ သီချင်းများဖွင့်၍ အောင်ပွဲခံခဲ့ကြခြင်းဖြစ်သည်။

    အချို့မှာ သကြားလုံးများကို လမ်းသွားလမ်းလာများထံ ဝေငှခဲ့ကြပြီး လူငယ်များမှာ နိုင်ငံတော်အလံကို ၎င်းတို့၏ ပုခုံးပေါ်၌ ရစ်ပတ်ကာ “သမ္မတရူဟာနီရေ – ကျေးဇူးပါ” ဆိုသည့် ပိုစတာများကိုလည်း ကိုင်ဆောင်ခဲ့ကြသည်။

    သဘောတူညီချက်အတွက် သတင်းစာရှင်းလင်းပွဲနှင့် သမ္မတအိုဘားမား၏ မိန့်ခွန်းများကို အီရန်နိုင်ငံပိုင်ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင်ပြသခဲ့ပြီး ပြည်သူများကလည်း ၎င်းတို့၏ အိမ်များ၊ ဈေးဆိုင်များတွင် ကြည့်ရှုခဲ့ကြသည်။

    အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့၏ အဆိုပါ သဘောတူညီချက်အတွက် အစ္စရေးမှလွဲ၍ ကမ္ဘာ့ခေါင်းဆောင်များကလည်း ချီးကျူးခဲ့ကြပြီး အမေရိကန်သမ္မတ ဘာရက်အိုဘားမားကမူ ထိုသဘောတူညီချက်မှာ တီဟီရန်နှင့် တင်းမာသော ဆက်ဆံရေးကို ပြန်လည်သတ်မှတ်ရန်အတွက် အခွင့်အရေးတစ်ခုဖြစ်သည်ဟု ဆိုသည်။

    “နျူကလီးယားလက်နက်ဆီသွားတဲ့ လမ်းကြောင်းတိုင်းကို ဖျက်တောက်လိုက်ပါပြီ” ဟု အိုဘားမားက ပြောကြားခဲ့ပြီး လားရာအသစ်သို့ ရွေ့လျားရန် အခွင့်အရေးတစ်ခုဖြစ်ကာ မိမိတို့အနေဖြင့် ထိုအခွင့်အရေးအား ဖမ်းဆုပ်သင့်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အီရန်၏ နျူကလီးယားအစီအစဉ်ကို ရပ်တန့်ပြီး အပြန်အလှန်အားဖြင့် နိုင်ငံတကာမှ ပိတ်ဆို့မှုများကို ဖယ်ရှားပေးရမည့် အဆိုပါ သဘောတူညီချက်ကို အမေရိကန်ကွန်ဂရက်က အတည်ပြုရန် လိုအပ်နေပြီး အိုဘားမားကမူ ထိုသဘောတူညီချက်အား မည်သည့်ဆန့်ကျင်မှုမျိုးမဆို ဗီတိုသုံး၍ ပယ်ချသွားမည်ဟု ပြောကြားခဲ့သည်။

    ရုရှားသမ္မတ ပူတင်ကမူ အဆိုပါ သဘောတူညီချက်မှာ သက်သာရာရမှုကြီးဖြစ်သည်ဟု ဆိုပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကမူ သမိုင်းဝင်အမှားတစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အီရန်၏အဓိပတိ အယာတိုလာခါမေနီက နိုင်ငံ၏ ဆွေးနွေးညှိနှိုင်းမှုအဖွဲ့မှာ ရိုသား၍ ပြင်းထန်သည့် အားထုတ်ကြိုးပမ်းမှုများ ဆောင်ရွက်ခဲ့သည်ဟု Twitter စာမျက်နှာမှတစ်ဆင့် ချီးကျူးခဲ့သည်။

    အီရန်၏ သဘောတူညီချက်မှာ အပြုသဘောဆောင်သည့် စေ့စပ်ညှိနှိုင်းမှု ဆောင်ရွက်ချက်များကို ပြသနေကြောင်း၊ မလိုအပ်သော ပြဿနာကိုဖြေရှင်းခြင်းနှင့်အတူ အလင်းရောင်သစ် ပေါ်ထွက်လာခြင်းဖြစ်ကြောင်း သမ္မတ ဟာဆန်ရူဟာနီက Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    “ကျွန်တ်ာတို့ အလှူခံတာမဟုတ်ပါဘူး။ တရား၊ မျှတပြီး နှစ်ဖက်စလုံးမနာရတဲ့ ဆွေးနွေးညှိနှိုင်းမှုမျိုးကို တောင်းဆိုခဲ့တာပါ”

    အမေရိကန်အပါအ၀င် အနောက်နိုင်ငံများက အီရန်၏ နျူကလီးယားအစီအစဉ်မှာ လက်နက်ထုတ်လုပ်ရန်အတွက်ဖြစ်သည်ဟု စွပ်စွဲထားသော်လည်း အီရန်ကမူ အရပ်ဘက်အတွက်သာဖြစ်သည်ဟု အကြိမ်ကြိမ်ပြောကြားခဲ့သည်။

    Ref: Reuters, Aljazeera

  • အီရန်နျူအရေး သဘောတူညီချက်ရပြီ

    အီရန်နျူအရေး သဘောတူညီချက်ရပြီ

    ဇူလိုင် ၁၄၊ ၂၀၁၅
    M-Media

    iran

    – ၁၀ စုနှစ်တစ်ခုကြာ လိပ်ခဲတည်းလည်း ဖြစ်နေခဲ့သည့် နျူကလီးယားအရေးအတွက် အင်အားကြီးနိုင်ငံများနှင့် သဘောတူညီချက်ရရှိခဲ့သည်ဟု အီရန်သံတမန်များက ယနေ့တွင် ပြောကြားလိုက်သည်။

    အဆိုပါ သဘောတူညီချက်အရ အီရန်၏ နျူကလီးယားအစီစဉ်ကို ၁၀ စုနှစ် တစ်ခုကျော် ကန့်သတ်ထားမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် အီရန်၏ ရေနံတင်ပို့မှုနှင့် နိုင်ငံ၏ စီးပွားရေးကို ထိုခိုက်စေသော ပိတ်ဆို့မှုများအားလုံးကို တစ်ဖြည်းဖြည်း ဖယ်ရှားပေးမည်ဖြစ်သည်။

    “အလုပ်တွေအားလုံး အောင်မြင်ခဲ့ပြီး ကျွန်တော်တို့ သဘောတူညီချက် ရရှိခဲ့ပါပြီ။ ကျွန်တော်တို့ရဲ့ ပြည်သူတွေအားလုံးကို ဘုရားသခင် ကောင်းချီးမင်္ဂလာ ပေးသနားတော်မူပါစေ” ဟု အမည်မဖော်လိုသည့် အီရန်သံတမန်တစ်ဦးက ပြောကြားခဲ့ပြီး အခြား အီရန်တာဝန်ရှိသူ
    တစ်ဦးကလည်း သဘေတူညီချက် ရရှိခဲ့သည်ဆိုခြင်းကို အတည်ပြုခဲ့သည်။

    အီရန်နှင့် အင်အားကြီး ၆ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများမှာ ဗီယင်နာရှိ ကုလရုံးချုပ်တွင် ဒေသစံတော်ချိန် ယနေ့နံနက် ၁၀ နာရီခွဲ၌ တွေ့ဆုံမည်ဖြစ်ပြီး၊ သဘောတူညီချက်အတွက် သတင်းစာရှင်းလင်းပွဲကို ကျင်းပသွားမည်ဟု ဥရောပသမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားခဲ့သည်။

    အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်နှင့် ဥရောပနိုင်ငံရေးရာပေါ်လစီ အကြီးအကဲ ဖက်ဒရီကာ မော့ဂ်ဟီရီနီတို့မှာ ပူးပေါင်း၍ ကြေညာချက်တစ်ခု ထုတ်ပြန်ရန်လည်း ရှိနေသည်ဟု သံတမန်များက ပြောကြားခဲ့သည်။

    အဆိုပါ သဘောတူညီချက်ရရန် လပေါင်း ၂၀ ကြာ အကြိတ်အနယ် ဆွေးနွေးခဲ့ရပြီး ဇွန်လ ၃၀ ရက်နေ့က နောက်ဆုံးရက်အဖြစ် သတ်မှတ်ခဲ့သော်လည်း မပြီးပြတ်သဖြင့် ဆက်လက်ဆွေးနွေးခဲ့ရခြင်း ဖြစ်သည်။

    Ref: Channelnewsasia

  • အီရန် နျူကလီးယား သဘောတူညီချက် ကွဲလွဲမှုများ ရှိနေဆဲ

    အီရန် နျူကလီးယား သဘောတူညီချက် ကွဲလွဲမှုများ ရှိနေဆဲ

    ဇူလိုင် ၆၊ ၂၀၁၅
    M-Media

    iran

    – မနက်ဖြန်တွင် ကုန်ဆုံးမည့် နောက်ဆုံးရက်မတိုင်ခင် နိုင်ငံ၏ နျူအရေး သဘောတူညီချက်အတွက် အီရန်နှင့် အင်အားကြီး ၆ နိုင်ငံတို့အကြား ကွဲလွဲမှုအချို့ ရှိနေဆဲဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်က ပြောကြားခဲ့သည်။

    “ဘာမှ ရှင်းရှင်းလင်းလင်း မဖြစ်သေးပါဘူး။ ကွဲလွဲချက်အချို့ ကျန်ရှိနေသေးပြီး ကျွန်တော်တို့ ကြိုးစားပြီး အားထုတ်လုပ်ဆောင်နေပါတယ်” ဟု ဇာရစ်ဖ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

    နောက်ဆုံးအဆင့် သဘောတူညီချက်ရရေးအတွက် နောက်ဆုံးရက်ကို ဇွန်လ ၃၀ ရက်နေ့ သတ်မှတ်ခဲ့သော်လည်း အပြီးမသတ်နိုင်ခဲ့သောကြောင့် တစ်ပတ်တာ သက်တမ်းထပ်တိုးခဲ့ပြီး ထိုသတ်မှတ်ရက်မှာ မနက်ဖြန်တွင် ကုန်ဆုံးမည်ဖြစ်သည်။

    အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီကမူ အဆိုပါသဘောတူညီချက် ရရှိနိုင်သကဲ့သို့ ပျက်ပြယ်သွားနိုင်ပြီး အမေရိကန်မှာလည်း ထိုဆွေးနွေးပွဲမှ ထွက်သွားရန် အဆင်သင့်ရှိနေသည်ဟု ယမန်နေ့က ပြောကြားခဲ့သည်။

    အနောက်နိုင်ငံများမှ သံတမန်အချို့နှင့် အီရန်အစိုးရ တာဝန်ရှိသူတစ်ဦးကမူ အဆိုပါဆွေးနွေးပွဲမှာ ဇူလိုင်လ ၉ ရက်နေ့အထိ ဆက်သွားနိုင်သည်ဟု ပြောကြားထားသော်လည်း ကယ်ရီက ညှိနှိုင်းဆွေးနွေးသူများမှာ မနက်ဖြန် နောက်ဆုံးရက်ကိုသာ ရည်ရွယ်ထားသည်ဟု ပြောကြားခဲ့သည်။

    ကယ်ရီနှင့် ဇာရစ်ဖ်တို့မှာ ပြီးခဲ့သည့် တစ်ပတ်လုံး အကြိတ်အနယ် ဆွေးနွေးခဲ့ကြပြီး ယမန်နေ့ကလည်း ကုလမှ အီရန်အပေါ် ပိတ်ဆို့ထားမှုများ ဖယ်ရှားရေးတို့အပါအ၀င် ကျန်ရှိနေသည့် သဘောထားကွဲလွဲမှုများအား ကျော်ဖြတ်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။

    အီရန်တာဝန်ရှိသူတစ်ဦးကမူ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA မှ ကိုယ်စားလှယ်အဖွဲ့မှာ ယနေ့တွင် အီရန်တာဝန်ရှိသူများနှင့် ဆွေးနွေးမှု ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Reuters

  • အီရန်၏ နျူလုပ်ငန်းတစ်ခုလုံးကို အမေရိကန်က ဖျက်ဆီးချင်နေသည်ဟု ခါမေနီပြော

    အီရန်၏ နျူလုပ်ငန်းတစ်ခုလုံးကို အမေရိကန်က ဖျက်ဆီးချင်နေသည်ဟု ခါမေနီပြော

    ဇွန် ၂၄၊ ၂၀၁၅
    M-Media

    iran

    – အမေရိကန်မှာ မိမိတို့၏ နျူကလီးယားကဏ္ဍကို လုံးဝဖျက်ဆီးချင်နေသည်ဟု အီရန်နိုင်ငံ၏ အဓိပတိ အယာတိုလာ ခါမေနီက နိုင်ငံပိုင် ရုပ်သံမှတစ်ဆင့် ယမန်နေ့တွင် ပြောကြားခဲ့ပြီး အီရန်၏ စစ်ဘက်ဆိုင်ရာနေရာများကို နိုင်ငံတကာ စုံစမ်းရေးမှူးများက စစ်ဆေးခြင်း ဖြစ်လာမည်မဟုတ်ဟု ဆိုသည်။

    “အမေရိကန်က ငါတို့ရဲ့ နျူကလီးယားကဏ္ဍကြီးတစ်ခုလုံးကို ဖျက်ဆီးချင်နေတာပါ။ ငါတို့ရဲ့ ညှိနှိုင်းဆွေးနွေးသူတွေရဲ့ ရည်ရွယ်ချက်က အီရန်ရဲ့ ဂုဏ်သိက္ခာကို အန္တရာယ်ကင်းစေဖို့ပါ။ ပြီးတော့ ဆွေးနွေးနေစဉ်အတွင်းမှာ နျူးအရေး အောင်မြင်မှုရဖို့ပါ” ဟု ခါမေနီက ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    အီရန်က ၎င်းတို့၏ နျူကလီးယားလုပ်ငန်းစဉ်မှာ အရပ်ဖက်တွင် အသုံးပြုရန်အတွက် ဖြစ်သည်ဟု အခိုင်အမာ ပြောကြားထားပြီး ခါမေနီကမူ အဆိုပါလုပ်ငန်းစဉ်များကို ၁၀ နှစ်၊ ၁၂ နှစ်ကဲ့သို့ ကာလရှည် ရပ်ဆိုင်းသွားမည်မဟုတ်ဟု အဆိုပါမိန့်ခွန်းတွင် ပြောကြားခဲ့သည်။ ခါမေနီမှာ အီရန်၏ စစ်ဘက်ဆိုင်ရာနေရာများအား နိုင်ငံခြား စုံစမ်းစစ်ဆေးရေးမှူးများက ၀င်ရောက် စစ်ဆေးခြင်းကို ယခင်ကလည်း ဆန့်ကျင်ခဲ့သည်။

    တနင်္လာနေ့က အီရန်ပါလီမန်မှာ နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ နေရာများနှင့် သိပ္ပံပညာရှင်အား ကုလသမဂ္ဂမှ စုံစမ်းရေးမှူးများ ၀င်ရောက်စစ်ဆေးမှုကို ပိတ်ပင်သည့် ဥပဒေကို အတည်ပြုခဲ့ပြီးနောက် နိုင်ငံ၏ အဓိပတိဖြစ်သော ခါမေနီ၏ ထိုမှတ်ချက်များ
    ထွက်ပေါ်လာခြင်း ဖြစ်သည်။

    နျူအရေး သဘောတူညီချက်ရရှိရေး နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားသည့် ဇွန်လ ၃၀ ရက်နေ့မှာ နီးကပ်လာပြီး အင်အားကြီး ၆ နိုင်ငံနှင့် နျူအရေး ဆွေးနွေးမှုများ ပြုလုပ်နေသည့် အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ်ဇာရစ်ဖ်ကမူ “ဆွေးနွေးပွဲတွင် ပါဝင်သူအားလုံးမှာ လွန်ကဲသော တောင်းဆိုမှုများကို ရှောင်ရှားသင့်သည်” ဟု တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

    “ဒီသဘောတူညီချက်ကို နောက်ဆုံးရက် ဒါမှမဟုတ် နောက်ထပ်ရက်အနည်းငယ်အကြာမှာ ကျွန်တော်တို့ အဆုံးသတ်ဖို့ ဖြစ်နိုင်ချေရှိပါတယ်”

    Ref: Aljazeera