News @ M-Media

Tag: Iran

  • အီရန်ဒုံးကျည်ကိစ္စ လုံခြုံရေးကောင်စီသို့ရောက်

    အီရန်ဒုံးကျည်ကိစ္စ လုံခြုံရေးကောင်စီသို့ရောက်

    အောက်တိုဘာ ၂၂၊ ၂၀၁၅
    M-Media

    iran

    – အောက်တိုဘာ ၁၀ ရက်နေ့တွင် အီရန်က စမ်းသပ်ဖြစ်လွှတ်ခဲ့သည့် တိုက်ချင်းပစ် ဒုံးကျည်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနှင့် အမေရိကန်တို့က ကုလသမဂ္ဂ ပိတ်ဆို့မှုကော်မတီအား ယမန်နေ့တွင် တောင်းဆိုလိုက်သည်ဟု သိရသည်။

    အမေရိကန်ကမူ တာလတ်ပစ် အဆိုပါဒုံးကျည်မှာ နျူထိပ်ဖူးတပ်ဆင်နိုင်သည့် ဒုံကျည်အမျိုးအစားဖြစ်သည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ကောက်ချက်ချခဲ့သည်။ ယမန်နေ့က ပြုလုပ်ခဲ့သည့် လုံခြုံရေးကောင်စီ အစည်းဝေးတွင် ထိုကိစ္စနှင့်ပတ်သက်၍ အဆိုပါလေးနိုင်ငံက အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့ပြီး အီရန်မှာ ကုလ၏ ဆုံးဖြတ်ချက်အား ချိုးဖောက်သည်ဟု ဖော်ပြခဲ့သည်။

    ၂၀၁၀ ခုနှစ်တွင် အတည်ပြုခဲ့သည့် ကုလ၏ ဆုံးဖြတ်ချကတစ်ခုတွင် အီရန်အနေဖြင့် နျူကလီးယား ထိပ်ဖူး တပ်ဆင်အသုံးပြုနိုင်သော ဒုံးကျည်များကို ထုတ်လုပ်ခြင်းမပြုရန် တားမြစ်ထားသည်။ သို့သော်လည်း အီရန်ကမူ မိမိတို့မှာ ကုလ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခြင်းမရှိဟု စနေနေ့က ပြောကြားခဲ့ပြီး ထိုဒုံးကျည်မှာ နျူထိပ်ဖူး တပ်ဆင်နိုင်သည့် ဒုံးကျည်မျိုးမဟုတ်ဟု ဆိုသည်။

    Ref: Aljazeera

  • အီရန်အပေါ် ပိတ်ဆို့မှုများကို ဥရောပသမဂ္ဂက ဖယ်ရှားတော့မည်

    အီရန်အပေါ် ပိတ်ဆို့မှုများကို ဥရောပသမဂ္ဂက ဖယ်ရှားတော့မည်

    အောက်တိုဘာ ၁၇၊ ၂၀၁၅
    M-Media

    iran

    – နျူးကလီးယား အစီအစဉ်နှင့်ပတ်သက်၍ အီရန်အပေါ် ပြုလုပ်ထားသော ပိတ်ဆို့မှုများကို လာမည့် အောက်တိုဘာ ၁၈ ရက် တနင်္ဂနွေနေ့တွင် ဥရောပသမဂ္ဂက ကြေငြာတော့မည်ဟု အနောက်နိုင်ငံများ၏ သံတမန်ရင်းမြစ်များအရ သိရသည်။

    အီရန်မှာ ဇူလိုင်လက ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ချုပ်ဆိုထားသော နျူအရေးသဘောတူညီချက်တွင် ပါဝင်သော ကတိက၀တ်များကို အပြည့်အ၀ အကောင်အထည်ဖော်မှု ရှိခဲ့သည်ဟု နိုင်ငံတကာ အနုမြူအေဂျင်စီ IAEA က အသိအမှတ်ပြုခဲ့ပြီးနောက်ပိုင်း ဥရောပသမဂ္ဂက ထိုကဲ့သို့ ပိတ်ဆို့မှုများ ဖယ်ရှားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းတွင် အသက်ဝင်လာမည်ဟု ရင်းမြစ်များကဆိုသည်။

    အဆိုပါ နျူအရေးသဘောတူညီချက်ကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အီရန်ပါလီမန်မှ အတည်ပြုခဲ့ပြီး ထိပ်တန်းပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် အီရန် အခြေခံဥပေဒ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က ထိုအတည်ပြုချက်ကို လက်ခံခဲ့သောကြောင့် အီရန်အစိုးရက သဘောတူညီချက်ကို အကောင်အထည် ဖော်တော့မည်ဖြစ်သည်။

    အမေရိကန်ကလည်း အီရန်အပေါ် ပြုလုပ်ထားသည့် ပိတ်ဆို့မှုများကို ဖယ်ရှားပေးမည့် ကြေငြာချက်ကို တနင်္ဂနွေနေ့တွင် ကြေငြာရန် ရှိနေသည်။

    Ref: Channnelnewsasia

  • နျူအရေးသဘောတူညီချက်ကို အီရန်ပါလီမန် အတည်ပြု

    နျူအရေးသဘောတူညီချက်ကို အီရန်ပါလီမန် အတည်ပြု

    အောက်တိုဘာ ၁၃၊ ၂၀၁၅
    M-Media

    – နိုင်ငံ၏ စစ်ဖက်ဆိုင်ရာ အဆောက်အဦးများကို နိုင်ငံတကာ လေ့လာသူများက ကန့်သတ်ချက်ဖြင့်သာ ၀င်ရောက်ခွင့်ရမည်ဟူသော ခြွင်းချက်ဖြင့် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနှင့် ရရှိခဲ့သည့် နျူအရေးသဘောတူညီချက်ကို အီရန်အောက်လွှတ်တော် (မက်ဂ်ျလစ်) က ယနေ့တွင် အတည်ပြုလိုက်သည်ဟု နိုင်ငံပိုင်သတင်းဌာန IRNA က ကြေငြာခဲ့သည်။

    ထိုသဘောတူညီချက်ကို လက်မှတ်ထိုးထားသည့် အခြားအသော အဖွဲ့များမှ လက်မခံပါက တန်ပြန်ဆောင်ရွက်သွားမည့် ကိစ္စများကိုလည်း လွှတ်တော်အမတ်များက အတည်ပြုခဲ့ပြီး ပညာရှင်ကြီးများဖြင့် ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ စောင့်ရှောက်ရေးကောင်စီက နျူသဘောတူညီချက်ကို အတည်ပြုခဲ့ပါက ဥပဒေတစ်ခု ဖြစ်လာမည်ဖြစ်ကာ အီရန်အစိုးရမှာ သဘောတူညီချက်အတိုင်း အကောင်အထည် ဖော်ရမည်ဖြစ်သည်။

    ထိုသဘောတူညီချက်ကို အမေရိကန် အထက်လွှတ်တော် ဆီးနိတ်မှ အတည်ပြုရန်လည်း လိုအပ်ပြီး ရီပက်ဘလစ်ကန်များကမူ အတည်မပြုရန် ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြသည်။ သမ္မတအိုဘားမား အစိုးရကလည်း အတည်ပြုနိုင်ရန်အတွက် ကြိုးစားနေပြီး ထိရောက်မှုရှိနေသည်။

    Ref: RT

  • ဂျူးနှစ်သစ်အတွက် အီရန်သမ္မတ ရူဟာနီ ဆုမွန်ကောင်းတောင်း

    ဂျူးနှစ်သစ်အတွက် အီရန်သမ္မတ ရူဟာနီ ဆုမွန်ကောင်းတောင်း

    စက်တင်ဘာ ၁၄၊ ၂၀၁၅
    M-Media

    iran

    – စက်တင်ဘာ ၁၃ ရက်နေ့ နေ၀င်ပြီးနောက် ကျရောက်မည့် ဂျူးလူမျိုးများ၏ နှစ်သစ် (ရို့ရှ် ဟက်စ်ဟာနာ) တွင် နိုင်ငံအတွင်းနှင့် ကမ္ဘာတစ်ဝှမ်းရှိ ဂျူးလူမျိုးများအတွက် အီရန်သမ္မတ ဟာဆန် ရူဟာနီက ဆုမွန်ကောင်း တောင်းပေးခဲ့သည်။

    ယမန်နေ့က Twitter စာမျက်နှာမှတစ်ဆင့် ပျော်ရွှင်သော နှစ်သစ်မင်္ဂလာဖြစ်ပါစေဟု ဆုမွန်ကောင်း တောင်းပေးခဲ့ခြင်းဖြစ်ပြီး တီဟီရန်မြို့ရှိ ဂျူးဘုရားကျောင်းတွင် ဂျူလူမျိုးများ ၀တ်ပြုဆုတောင်းနေသည့် ဓာတ်ပုံဖြင့် အီဗရာဟီမစ် ယုံကြည်မှုများအတွင်း လေးစားမှု၊ ငြိမ်းချမ်းမှုနှင့် အပြန်အလှန်နားလည်မှု ရှိပါစေကြောင်း ဆန္ဒပြုခဲ့သည်။

    ထို့ပြင် ဟီဘရူးအသံထွက်ဖြစ်သော L’Shanah Tovah (အလ်ရှာနာဟ် တိုဗာဟ်) ဖြင့်လည်း ဆုတောင်းပေးခဲ့ပြီး “ကောင်းမွန်သော နှစ်သစ်ဖြစ်ပါစေ” ဟု အဓိပ္ပါယ်ရသည်။

    “အီဗရာဟီမစ် သဘောတရားရင်းမြစ်တွေ မျှဝေကြတဲ့ ကျွတော်တို့ လေးစားမှု နက်ရှိုင်းပါစေ။ ငြိမ်းချမ်းမှုနဲ့ အပြန်အလှန်နားလည်မှုကိုလည်း ဆောင်ကျဉ်းနိုင်ပါစေ။ အလ်ရှာနာဟ် သိုဗာဟ်” ဟု ရူဟာနီက ၎င်း Twitter
    စာမျက်နှာတွင် ရေးသားခဲ့သည်။

    အီရန်နိုင်ငံတွင် ဂျူးလူမျိုး ၉၀၀၀ ခန့် နေထိုင်နေပြီး အများစုမှာ မြို့တော် တီဟီရန်၊ အစ္စဖာဟန်နှင့် ရှီရက်ဇ်မြို့များ တွင်ဖြစ်သည်။ အီရန် အစ္စလာမ့်မစ်သမ္မတနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဂျူးလူမျိုးများမှာ ပါလီမန်တွင် ကိုယ်စားပြု ပါဝင်ခွင့် ရရှိသည်။

    Ref: Time, Press TV

  • ဆီးရီးယားပြဿနာ ဖြေရှင်းရန် အီရန် အဆင်သင့်ရှိနေ

    ဆီးရီးယားပြဿနာ ဖြေရှင်းရန် အီရန် အဆင်သင့်ရှိနေ

    စက်တင်ဘာ ၈၊ ၂၀၁၅
    M-Media

    iran

    – ဆီးရီးယားပြဿနာအား ဖြေရှင်းရေး လမ်းကြောင်းအတွက် အီရန်နိုင်ငံမှာ မည်သည့်နိုင်ငံနှင့်မဆို၊ မည်သည့်နေရာတွင်မဆို ဆွေးနွေးရန် အဆင်သင့်ဖြစ်နေသည်ဟု အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောကြားလိုက်သည်။

    အီရန်မှာ ဆီးရီးယားသမ္မတ ဘာရှာ အလ်အာဆတ်၏ အနီးကပ် မဟာမိတ်ဖြစ်ပြီး ဆော်ဒီနှင့် အမေရိကန်တို့က ဆီးရီးယားသူပုန်များအား ထောက်ပံ့ပေးသူများဖြစ်သည်။

    ရူဟာနီက ယနေ့တွင် သြစတြီးယားသမ္မတ ဟိန့်ဇ် ဖစ်ရှာနှင့် တွေ့ဆုံစဉ် အီရန်အနေဖြင့် အမေရိကန်နှင့် ဆော်ဒီတို့နှင့် ဆီးရီးပြဿနာပြေလည်ရေး ဆွေးနွေးသွားရန် အဆင်သင့်ရှိနေသည်ဟု ပြောကြားခဲ့သည်။

    “ထွက်လာမယ့်ရလဒ်က အန္တရာယ်ကင်းမယ်၊ တည်ငြိမ်မှုရှိပြီး ဆီးရီးယားအတွက် ဒီကရက်တစ်အနာဂတ် ရှိမယ်ဆိုရင် အီရန်ဟာ ဒေသတွင်းနိုင်ငံတွေ၊ ကမ္ဘာ့နိုင်ငံကြီးတွေနဲ့ ဘယ်မှာမဆို ဆွေးနွေးသွားမှာပါ” ဟု ရူဟာနီက ပြောကြားခဲ့သည်။

    ထို့ပြင် ထိုသို့ အဆင်သင့်ရှိမှုက အစ္စလာမ့်စံနှုန်း၊ နိုင်ငံတကာစံနှုန်းနှင့် လူသားချင်းစာနာမှုစံနှုန်းအတွက် မိမိတို့၏ ကတိက၀တ်ဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ဆီးရီးယားသမ္မတ အာဆတ်အား ဖြုတ်ချရန် အားထုတ်မှုကြောင့် ဖြစ်လာခဲ့သည့် ၄ နှစ်ကြာ ပြည်တွင်းစစ်အတွက် အီရန်မှာ အနောက်နိုင်ငံနှင့် ပင်လယ်ကွေ့နိုင်ငံများကို အမြဲတမ်း ဝေဖန်ပြစ်တင်လေ့ ရှိသည်။

    အဆိုပါ ပဋိ့ပက္ခတစ်လျှောက်လုံးတွင် အီရန်မှာ ဆီးရီးယားစစ်တပ်ကို ငွေကြေးနှင့် အကြံဥာဏ်ပိုင်းဆိုင်ရာ အကူအညီပေးမှုများ တောက်လျှောက်ပြုလုပ်ခဲ့သည်။ ထိုစစ်ပွဲကြောင့် လူပေါင်း ၂၄၀၀၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်သည်။

    Ref: Aljazeera