News @ M-Media

Tag: Iran

  • နျူ ကိစ္စ ပြေလည်ရန် ပိတ်ဆို့မှုများ အားလုံး ဖယ်ရှားရန်လိုအပ်ဟု အီရန်သမ္မတပြော

    ဇွန်လ ၁၅ ရက်၊ ၂၀၁၄
    M-Media
    Hassan Rouhani
    – အီရန်နျူကိစ္စနှင့် ပတ်သက်၍ အလုံးစုံ သဘောတူညီချက်ရရန်အတွက် ပိတ်ဆို့မှုများအားလုံးကို ဖယ်ရှားပေးရန် လိုအပ်သည်ဟု အီရန်သမ္မတ ဟာဆန်ရူဟာနီက သမ္မတသက်တမ်း တစ်နှစ်ပြည့် မိန့်ခွန်းတွင် ပြောကြားလိုက်သည်။

    အနောက်နိုင်ငံများကမူ အီရန်၏ ယူရေနီယံကြွယ်ဝရေး လုပ်ဆောင်မှုများကို လျော့ချရန် တောင်းဆိုထားပြီး နျူလက်နက်ထုတ်လုပ်ရန်အတွက် ပစ္စည်းများကို ထုတ်ပေးနိုင်ဖွယ်ရှိသည့် Arak ဓာတ်ပေါင်းဖိုကြီးနှင့် ပတ်သက်၍လည်း စိုးရိမ်မှုများရှိနေသည်။ သို့သော်လည်း အီရန်နိုင်ငံက ထိုဓာတ်ပေါင်းဖိုမှာ နျူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရေးအတွက်ဟု အခိုင်အမာပြောဆိုထားပြီး ပိတ်ဆို့မှုများအားလုံးကို ရုပ်သိမ်းပေးရန် တိုက်တွန်းထားသည်။

    အီရန်နျူအရေး အချို့အကြောင်းအရာများနှင့် ပတ်သက်၍ မတူညီသောအမြင်များ ရှိနေသော်လည်း အင်အားကြီး ၆ နိုင်ငံနှင့် အီရန်နိုင်ငံတို့၏ နောက်ဆုံးအဆင့် ဆွေးနွေးမှုကို လာမည့် တနင်္လာနေ့တွင် ဗီယင်နာ၌ စတင်ပြုလုပ်သွားမည်ဖြစ်ပြီး ထိုဆွေးနွေးမှုမှတဆင့် ဇူလိုင် ၂၀ ရက်မတိုင်ခင် နောက်ဆုံး သဘောတူညီချက် ရနိုင်ဖွယ်ရှိနေသည်။

  • တူရကီနှင့် ပူးပေါင်းပြီး အကြမ်းဖက်ဝါဒတွန်းလှန်သွားမည်ဟု အီရန်သမ္မတ ပြော

    ဇွန်လ ၉ ရက်၊ ၂၀၁၄
    M-Media
    20146995859137734_20
    – အစ္စလာမ်ကမ္ဘာတွင် တူရကီနှင့် အီရန်တို့မှာ အရေးပါသောနိုင်ငံများဖြစ်ပြီး အရှေ့အလယ်ပိုင်းတွင် အကြမ်းဖက်မှုနှင့် အစွန်းရောက်ဝါဒအား တွန်းလှန်ရန် မိမိတို့ နှစ်နိုင်ငံက ဆုံးဖြတ်ထားသည်ဟု တူရကီသို့ အလည်အပတ်ရောက်ရှိနေသည့် အီရန် သမ္မတ ရူဟာနီက ပြောကြားလိုက်သည်။

    ၂ ရက်တာကြာမြင့်သည့် အဆိုပါလည်ပတ်မှုအတွင်း နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ နှစ်နိုင်ငံ ဆက်ဆံရေးကို ဆွေးနွေးခဲ့ကြသည်ဟု ရူဟာနီနှင့် တူရကီသမ္မတ အဘ်ဒူလာ ဂူလ်တို့ ပူးတွဲထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြထားသည်။ ထို့ပြင် ၎င်းတို့နှစ်နိုင်ငံ ဆက်ဆံရေးကို အေးခဲစေသည့် ဆီးရီးယား ပြဿနာကိုလည်း ဆွေးနွေးခဲ့ကြသည်။

    နှစ်နိုင်ငံကုန်သွယ်ရေးပမာဏမှာ ကန်ဒေါ်လာ ၁၅ ဘီလီယံရှိပြီး ၃၀ ဘီလီယံအထိ တိုးလာရန် ပစ်မှတ်ထားနေသည်ဟု အဘ်ဒူလာဂူလ်က ပြောကြားခဲ့သည်။ ထို့ပြင် အရှေ့အလယ်ပိုင်းဒေသအတွင်း နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးပြုခြင်းကို ထောက်ခံပြီး ဒေသတွင်း မည်သည့်နိုင်ငံမှ နျူလက်နက် ပိုင်ဆိုင်ရန် မသင့်ဟု ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

    ရူဟာနီကလည်း ထိုပြောကြားချက်ကို ထောက်ခံခဲ့ပြီး ဒေသတွင်း တည်ငြိမ်ရေးအတွက် ဆောင်ရွက်ရန် နိုင်ငံအားလုံးကို တိုက်တွန်းခဲ့သည်။ အီရန်မှာ ဆယ်စုနှစ် တစ်ခုအကြာ ကြာမြင့်နေသည့် နျူပြဿနာအား အဆုံးသတ်နိုင်ရန် အင်အားကြီး ၆ နိုင်ငံနှင့် နောက်ဆုံးအဆင့် ဆွေးနွေးမှုများကို မကြာမီ ပြုလုပ်သွားရန်ရှိနေသည်။

    Ref:  Al Jazeera and agencies

  • မိမိတို့ စစ်တပ်ကို အငိုက်ဖမ်း၍ မရဟု အီရန် စစ်တပ် အကြီးအကဲဆို

    မေ ၂၃ ၊ ၂၀၁၄
    M-Media
    363696_Iran-Army
    – မိမိတို့၏ စစ်တပ်မှာ အမြဲတမ်း အသင့်ရှိနေပြီး မည်သည့်ကျူးကျော်မှုများကိုမဆို ချက်ချင်း လက်တုံ့ပြန်နိုင်သည်ဟု အီရန်ကြည်းတပ် တပ်မှူး အဟ်မဒ် ရီဇာ ပေါ်ဒါစတန်က ယနေ့တွင် ပြောကြားလိုက်သည်။

    “အစ္စလာမ့်ပြည်သူ့သမ္မတနိုင်ငံရဲ့ စစ်တပ်ကို ဘယ်တော့မှ အငိုက်ဖမ်းလို့ရမှာမဟုတ်ပါဘူး။ ရန် သူက ကျူးကျော်ရန်စလာမယ်ဆိုရင်တော့ အီရစ်စစ်တပ်ရဲ့ တူညီတဲ့တုံ့ပြန်ချေမှုန်းမှုကို ရင်ဆိုင်ရပါလိမ့်မယ်။ ယနေ့အချိန်မှာ နည်းလမ်းပေါင်းစုံနဲ့ ပုံစုံမျိုးစုံနဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရပါတယ်” ဟု ပေါ်ဒါစတန်က ဆိုသည်။

    အီရန်ထောက်လှမ်းရေးများမှာ နယ်စပ်၊ ဒေသတွင်းနှင့် ဒေသအပြင်ဘက်သို့ထွက်ကာ ရန်သူ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေသည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    မကြာသေးမီနှစ်များအတွင်းကပင် အီရန်ကာကွယ်ရေးကဏ္ဍမှာ တိုးတက်လာခဲ့ပြီး အရေးပါသော စစ်လက်နက်ပစ္စည်းများနှင့် စနစ်များကို တီထွင်ထုတ်လုပ်နိုင်ခဲ့သည်။ မိမိတို့၏ စစ်တပ်မှာ အခြားသောတိုင်းပြည်များအား ခြိမ်းခြောက်ရန်မဟုတ်ဘဲ တိုင်းပြည်အားကာကွယ်ရန်အတွက်သာဖြစ်ကြောင်း အီရန်နိုင်ငံက မကြာခဏပြောကြားခဲ့သည်။

    YH/NN/HMV

  • အမေရိကန် ဒရုန်းကို အဆင့်မြှင့် ထားသည့် ပြည်တွင်းထုတ် ဒရုန်းလေယာဉ် အီရန်ပြသ

    အမေရိကန် ဒရုန်းကို အဆင့်မြှင့် ထားသည့် ပြည်တွင်းထုတ် ဒရုန်းလေယာဉ် အီရန်ပြသ

    မေ ၁၂၊ ၂၀၁၄
    M-Media

    11B

    – ၂၀၁၁ နှစ်က ရခဲ့သည့် အမေရိကန်ဒရုန်းလေယာဉ် RQ-170 အား အဆင့်မြှင့်တင်ထားပြီး ပြည်တွင်း၌ ထုတ်လုပ်ခဲ့သော ဒရုန်းလေယာဉ်အား အီရန်က ထုတ်ဖော် ပြသခဲ့သည်ဟု သိရသည်။

    စတီးဖြင့်ပြုလုပ်ထားသော အဆိုပါ ဒရုန်းလေယာဉ်ကို အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ် IRGC ၏ လေတပ် ဌာနချုပ်တွင် ပြုလုပ်သည့် IRGC လေတပ်၏ အောင်မြင်မှုများပြပွဲတွင် ပြသထားခြင်းဖြစ်ပြီး အစ္စလာမ်မစ်တော်လှန်ရေး ခေါင်းဆောင် အယာတိုလာ ခိုမေနီက တက်ရောက်ကြည့်ရှုခဲ့သည်။

    အဆိုပါ ပြပွဲတွင် အီရန်၏ အခြားသော ဒရုန်းလေယာဉ်များဖြစ်သည့် ရှာဟဒ် ၁၂၉ နှင့် ၁၂၅ တို့ကိုလည်း ပြသထားပြီး ဒရုန်းလေယာဉ်များ၏ ဒီဇိုင်းများနှင့် ဖွံ့ဖြိုး တိုးတက်မှုများ၊ ရေဒါနှင့် လေကြောင်းကာကွယ်ရေးစနစ်တို့အပြင် သင်္ဘောဖျက်နှင့် တိုက်ချင်းပစ်ဒုံးပျံဖျက် ဒုံးကျည် စနစ်များကိုလည်း ပြသထားသည်။

    အမေရိကန်၏ အဆိုပါ RQ-170 လေယာဉ်မှာ အာဖဂန်နယ်ခြားမှ ၂၂၅ ကီလိုမီတာအကွာ အီရန်၏ ကရှ်မာရ်မြို့တွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့က အသေးစား ယိုးယွင်းမှုကြောင့် ပျက်ကျခဲ့ခြင်းဖြစ်ပြီး အမေရိကန်ကမူ ထိုဒရုန်း၏ လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် အီရန်တွင် နည်းပညာမရှိဟု ပြောကြားခဲ့သည်။

    သို့သော်လည်း အီရန်ပညာရှင်များကမူ ထိုဒရုန်းလေယာဉ်မှ ကင်မရာအား အောင်မြင်စွာ ဖြည်ချနိုင်ခဲ့ပြီး ကန်ဒါဟာ အခြေစိုက်စခန်းပတ်ဝန်းကျင်ဒေသများကို ရိုက်ထားကူထားသော မှတ်တမ်းများကို ဖော်ထုတ်ခဲ့သည်။
    Ref : Press TV

  • နှလုံးရောဂါနှင့် သက်ဆိုင်သည့် ပညာရှင်အဆင့် နှီးနှောဖလှယ်ပွဲ အီရန်တွင်ပြုလုပ်

    မေ ၃ ၊ ၂၀၁၄
    M-Media

    – နိုင်ငံတကာမှ ပညာရှင်များပါဝင်သည့် နှလုံးရောဂါဆိုင်ရာ လေးကြိမ်မြောက် နှီးနှောဖလှယ်ပွဲတစ်ခုကို အီရန်နိုင်ငံ တီဟီရန်မြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သည်ဟု သိရသည်။
    International_Heart_Failure_Biennial_held_in_Tehran
    အဆိုပါနှီးနှောဖလှယ်ပွဲတွင် နှလုံးအထူးကု ဆရာဝန်များနှင့် ခွဲစိတ်ဆရာဝန်များက ၎င်းတို့၏ အတွေ့အကြုံများ၊ အောင်မြင်မှုများကို တင်ပြဆွေးနွေးခဲ့ကြသည်။ နှလုံး ပျက်ဆီးမှု အန္တရာယ်အား ရှောင်ရှားရန် နောက်ဆုံးပေါ် နည်းလမ်းများ အကြောင်းနှင့် ထိုပြဿနာအတွက် နှလုံး အစားထိုးကုသည့် နည်းလမ်း သစ်များအကြောင်းလည်း ပါဝင်သည်။

    ထို့ပြင် ရုတ်တရပ်နှလုံးရပ်တန့်ခြင်း၊ သွေတိုးခြင်းနှင့် ဆီးချိုရောဂါတို့ကြောင့် နှလုံးပျက်ဆီးသွားသူများအတွက် အစားထိုးကုသမှုမှာ နောက်ဆုံး နည်းလမ်း ဖြစ်ရမည် ဆိုခြင်းနှင့် ပတ်သက်၍လည်း အလေးထား ဖော်ပြခဲ့ကြသည်။

    ၎င်းတို့၏ ဆွေးနွေးမှုများ အရ နှလုံးသွေးကြောရောဂါ ခံစားနေရသည့် လူနာများ၏ ၁ ရာခိုင်နှုန်း၊ သို့မဟုတ် ၂ ရာခိုင်နှုန်းမှာ နှလုံး အစားထိုးကုသရန် လိုအပ်နေပြီး အများစုကို ဆေးဝါးများ အသုံးပြုဂါ ရောဂါတိုး မလာအောင် ထိန်းချုပ်ထားနိုင်ကြောင်း သိရှိခဲ့ရသည်။

    ကမ္ဘာပေါ်တွင် နှစ်စဉ်နှစ်တိုင်း လူ သန်း ၂၀ ခန့်မှာ နှလုံး ပျက်ဆီးမှုရောဂါကို ခံစားနေရသည်ဟု လေ့လာမှုများက ဖော်ပြသည်။ နှလုံးရောဂါ ကျွမ်းကျင်သူများကမူ အဆိုပါ နှလုံးပျက်ဆီးမှုမှာ ဖွံ့ဖြိုးပြီးနိုင်ငံများတွင်သာ အလေထားဆောင်ရွက်ရမည့်ုပြဿနာမဟုတ်ဘဲ တစ်ကမ္ဘာလုံးမှ တုံ့ပြန်ရန်လိုအပ်သည်ဟု ပြောကြားခဲ့သည်။

    အရှေ့အလယ်ပိုင်းဒေသတွင် နှလုံးအစားထိုးကုသမှု ပြုလုပ်ပေးနိုင်သည့် နိုင်ငံမှာ ၃ နိုင်ငံသာရှိပြီး အီရန်၊ တူရကီနှင့် ဆော်ဒီအာရေဗျတို့ဖြစ်သည်။