News @ M-Media

Tag: Israel

  • အစ္စရေးထံမှ ဖုန်းစောင့်ကြည့်ဆော့ဖ်ဝဲကို အိန္ဒိယက ဝယ်ယူအသုံးပြုနေ

    အစ္စရေးထံမှ ဖုန်းစောင့်ကြည့်ဆော့ဖ်ဝဲကို အိန္ဒိယက ဝယ်ယူအသုံးပြုနေ

    ဇန်နဝါရီ ၃၀၊ ၂၀၂၂
    M-Media

    -၂၀၁၇ ခုနှစ် အိန္ဒိယအစိုးရက အစ္စရေးနဲ့ ချုပ်ဆိုတဲ့ လက်နက်ဝယ်ယူရေး သဘောတူညီချက်မှာ ဖုန်းတွေကို စောင့်ကြည့်တဲ့ စပိုင်ဝဲ Pegasus ဝယ်ယူဖို့လည်း ပါဝင်ခဲ့တယ်လို့ နယူးယောက်တိုင်းမ်း သတင်းဌာနက သောကြာနေ့မှာ ဖော်ပြပါတယ်။

    ဝန်ကြီးချုပ်မိုဒီဦးဆောင်တဲ့ ဟိန္ဒူအမျိုးသားရေးပါတီ BJP အစိုးရဟာ အစ္စရေးထံကနေ Pegasus စပိုင်ဝဲ ဝယ်ယူပြီး အတိုက်အခံတွေ၊ တက်ကြွလှုပ်ရှားသူတွေရဲ့ဖုန်းကို စောင့်ကြည့်အမြတ်ထုတ်နေတယ်ဆိုတဲ့သတင်း အရင်ကတည်းက ထွက်နေတာပါ။ မိုဒီအစိုးရက ဒါကို အစောပိုင်းမှာ ငြင်းဆိုထားပါတယ်။

    နယူးယေက်တိုင်းမ်သတင်းဌာနရဲ့ ဖော်ပြချက်မှာ မိုဒီရဲ့ ၂၀၁၇ ခုနှစ် အစ္စရေးခရီးစဉ်အတွင်း ကန်ဒေါ်လာ ၂ ဘီလီယံတန် လက်နက်ဝယ်ယူရေးစာချုပ် ချုပ်ဆိုမှုမှာ ဒုံးခွင်းစနစ်နဲ့ Pegasus စပိုင်ဝဲတို့ ဝယ်ယူမှု အဓိကဖြစ်ခဲ့ပြီး အခြား အဆင့်မြင့်လက်နက်တွေနဲ့ ထောက်လှမ်း​ရေးကိရိယာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

    ကမ္ဘာ့နိုင်ငံတစ်ချို့က အစိုးရတွေဟာ အစ္စရေးထုတ် Pegasus စပိုင်ဝဲကို အသုံးပြုပြီး အတိုက်အခံတွေ၊ တက်ကြွလှုပ်ရှားသူတွေရဲ့ ဖုန်းတွေကို စောင့်ကြည့်ကာ နှိပ်ကွပ်မှုတွေ လုပ်နေတယ်လို့ ပြီးခဲ့တဲ့နှစ်မှာ ကမ္ဘာ့မီဒီယာတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက စုံစမ်းဖော်ထုတ်ခဲ့ကြပါတယ်။

    Pegasus စပိုင်ဝဲထုတ်လုပ်တဲ့ NSO Group ကုမ္ပဏီက ဖောက်သည်တွေ ပစ်မှတ်ထားစောင့်ကြည့်နေတယ်လို့ ယူဆရတဲ့ ဖုန်းနံပါတ် ၅ သောင်းနီးပါးကိုလည်း မီဒီယာတွေက ဖော်ထုတ်ခဲ့ကြပြီး အဲဒီအထဲမှာ အိန္ဒိယက ဖုန်းနံပါတ် ၁ ထောင်ကျော် ပါဝင်ပါတယ်။ အဓိကအားဖြင့် အတိုက်အခံနိုင်ငံရေးသမားတွေ၊ BJP ပါတီကို ဝေဖန်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ ဖုန်းနံပါတ်တွေ ဖြစ်ပါတယ်။

    အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက NSO Group ကနေ ​နည်းပညာဝယ်ယူမှု မရှိဘူးလို့ ပြီးခဲ့တဲ့နှစ် လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။ နယူးယောက်တိုင်းမ်ရဲ့ သောကြာနေ့က ဖော်ပြချက်ကို အိန္ဒိယအစိုးရက တုန့်ပြန်မှု မရှိသေးပါဘူး။

    အဓိကအတိုက်အခံပါတီဖြစ်တဲ့ ကွန်ဂရက်ပါတီက BJP အစိုးရရဲ့ ဒီလုပ်ရပ်ဟာ နိုင်ငံတော် သစ္စာဖောက်မှုဖြစ်တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

    Ref: New York Times

  • ခရစ်ယာန်များတည်ရှိမှုကို အစ္စရေးအစွန်းရောက်အဖွဲ့များက ခြိမ်းခြောက်နေဟု အော်သိုဒေါ့စ် ခရစ်ယာန်အကြီးအကဲ ပြော

    ခရစ်ယာန်များတည်ရှိမှုကို အစ္စရေးအစွန်းရောက်အဖွဲ့များက ခြိမ်းခြောက်နေဟု အော်သိုဒေါ့စ် ခရစ်ယာန်အကြီးအကဲ ပြော

    ဇန်နဝါရီ ၁၀၊ ၂၀၂၂
    M-Media

    -မြင့်မြတ်ရာ ဂျေရုစလင်မြို့မှာ ခရစ်ယာန်ဘာသာဝင်တွေ တည်ရှိမှုကို အစ္စရေးမှာရှိတဲ့ ဂျူးအစွန်းရောက်အဖွဲ့တွေက ခြိမ်းခြောက်နေတယ်လို့ ဂရိအော်သိုဒေါ့စ် ခရစ်ယာန်အသင်းတော်ရဲ့ အကြီးအကဲ ရဟန်းမင်း သီယိုဖီလော့စ် ၃ က ပြောကြားလိုက်ပါတယ်။

    အစ္စရေးဟာ ဂျေရုစလင်အပါအဝင် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်တို့ကို ၁၉၆၇ ခုနှစ် စစ်ပွဲမှာ ကျူးကျော်သိမ်းပိုက်ခဲ့ပြီး နောက်ပိုင်းမှာတော့ အရှေ့ဂျေရုစလင်ကို သူတို့ပိုင်နက်ထဲ ထည့်သွင်းခဲ့ပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒီလုပ်ရပ်ကို အသိအမှတ်မပြုပါဘူး။

    Times of London သတင်းစာမှာ စနေနေ့ကဖော်ပြတဲ့ သီယိုဖီလော့စ် ၃ ရဲ့ ဆောင်းပါးမှာ အစ္စရေးက ဂျူးအစွန်းရောက်တွေဟာ ဂျေရုစလင်မြို့ဟောင်းမှာရှိတဲ့ ခရစ်ယာန်လူ့အဖွဲ့အစည်းကို ဖယ်ရှားရေး ရည်ရွယ်လုပ်ဆောင်နေတယ်လို့ ​ပြောကြားခဲ့ပါတယ်။

    “ဂျေရုစလင်မှာ ကျွန်တော်တို့ရဲ့တည်ရှိမှု ခြိမ်းခြောက်ခံနေရတယ်။ အစ္စရေးက အစွန်းရောက်အဖွဲ့အစည်းတွေဟာ ခရစ်ယာန်အသင်းတော်တွေကို ခြိမ်းခြောက်နေကြပါတယ်။ ဇိုင်ယွန်အစွန်းရောက်တွေရဲ့ လက်မှာ ဂျေရုစလင်က ခရစ်ယာန်လူ့အဖွဲ့အစည်းဟာ ဆိုးဆိုးရွားရွား ထိခိုက်ခံစားနေရပါတယ်”

    ခရစ်ယာန်ဘာသာဝင်တွေဟာ အမုန်းရာဇဝတ်မှုတွေကို ခံစားနေရပြီး၊ ဘုရားကျောင်းတွေ၊ ခရစ်ယာန်တွေရဲ့ မြင့်​မြတ်ရာနေရာတွေ ပုံမှန်လိုလို တိုက်ခိုက်ဖျက်ဆီး ခံနေရကာ ခရစ်ယာန်ဘုန်းကြီးတွေလည်း ခြိမ်းခြောက်ခံနေရတယ်လို့ ရဟန်းမင်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ခရစ္စမတ်မတိုင်ခင် ဂျေရုစလင်က ခရစ်ယာန်အသင်းတော်တွေ စုပေါင်းထုတ်ပြန်တဲ့ ကြေငြာချက်မှာလည်း ခရစ်ယာန်တွေဟာ အစွန်းရောက်အဖွဲ့တွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကို ပုံမှန်လိုလို ခံစားနေရကြောင်း ဖော်ပြထားပါတယ်။

    အစ္စရေးအစိုးရ တာဝန်ရှိသူတစ်ဦးက အော်သိုဒေါ့စ်ရဟန်းမင်း သီယိုဖီလော့စ် ၃ ရဲ့ ပြောဆိုမှုဟာ မြေပြင် အခြေအနေတွေနဲ့ ကွဲပြားခြားနားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    သီယိုဖီလော့စ် ၃ က သူဝေဖန်တဲ့ အစွန်းရောက်အဖွဲ့တွေဟာ အစ္စရေးနိုင်ငံနဲ့ ဂျူးလူမျိုးတွေကို ကိုယ်စားပြုသူတွေ မဟုတ်ဘူးလို့လည်း ဆောင်းပါးမှာ ထည့်သွင်းရေးသားခဲ့ပါတယ်။

    Ref: Middle East Eyes

  • ဆီးရီးယားပိုင်နက် ဂိုလန်ကုန်းမြင့်တွင် အစ္စရေးက တရားမဝင်အိမ်ယာများ ထပ်တိုးဆောက်မည်

    ဆီးရီးယားပိုင်နက် ဂိုလန်ကုန်းမြင့်တွင် အစ္စရေးက တရားမဝင်အိမ်ယာများ ထပ်တိုးဆောက်မည်

    ဒီဇင်ဘာ ၂၇၊ ၂၀၂၁
    M-Media

    -ကျူးကျော်သိမ်းပိုက်ထားတဲ့ ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ဒေသမှာ တရားမဝင် အခြေချအိမ်ယာတွေ ၂ ဆ တိုး တည်ဆောက်သွားမယ်လို့ အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက်က ပြောကြားလိုက်ပါတယ်။

    အစ္စရေးက အီဂျစ်ကို စတင်ကျူးကျော်တိုက်ခိုက်ရာကနေ စတင်ခဲ့တဲ့ ၁၉၆၇ ခုနှစ် ၆ ရက်စစ်ပွဲမှာ ဂိုလန်ကုန်းမြင့်ဒေသကို ဆီးရီးယားထံကနေ သိမ်းခဲ့ပြီး အဲဒီနောက် ၁၉၈၁ ခုနှစ်မှာ ပိုက်နက်ထဲထည့်တယ်လို့ အစ္စရေးက ကြေငြာခဲ့ပါတယ်။

    နိုင်ငံတကာဥပဒေအရ ဒါဟာ တရားမဝင်တဲ့အတွက် ကမ္ဘာ့နိုင်ငံအများစုက လက်မခံပါဘူး။

    ၂၀၁၉ ခုနှစ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေးပိုင်အဖြစ် သတ်မှတ်မှုက ဒီဒေသမှာ တိုးချဲ့မှုတွေ ပိုလုပ်ဖို့ မိမိတို့ကို တွန်းအားဖြစ်စေခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘန်းနက်က မနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောပါတယ်။

    ဂိုလန်ကုန်းမြင့်က အစ္စရေးရဲ့ တရားမဝင်အိမ်တွေမှာ ဂျူးအခြေချသူ ၂၅၀၀၀ လောက် နေထိုင်ကြပြီး ဘန်းနက်က ဒီပမာဏကို ၂ ဆတိုးချင်နေတာ ဖြစ်ပါတယ်။

    ဆီးရီးယားစစ်ပွဲကြောင့် ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေးကစိုးမိုးရေးဆိုတဲ့ အယူအဆကို နိုင်ငံတကာ မဟာမိတ်တွေက ပိုမိုလက်ခံလာကြပြီး၊ ဒီလိုမဟုတ်ရင် အခြေအနေက ပိုဆိုးမယ်လို့လည်း ဘန်းနက်က ပြောပါတယ်။

    ဘန်းနက်ရဲ့ ဒီအစီအစဉ် အကောင်အထည်ဖော်ဖို့အတွက် အစိုးရအဖွဲ့ရဲ့ သဘောတူညီချက် လိုအပ်မှာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • အီရန်ကို ချက်ခြင်းတိုက်ခိုက်နိုင်စွမ်းရှိသည်ဟု အစ္စရေး ခြိမ်းခြောက်

    အီရန်ကို ချက်ခြင်းတိုက်ခိုက်နိုင်စွမ်းရှိသည်ဟု အစ္စရေး ခြိမ်းခြောက်

    ဒီဇင်ဘာ ၂၃၊ ၂၀၂၁
    M-Media

    -အီရန်က နျူကလီးယားနဲ့ သက်ဆိုင်တဲ့နေရာတွေကို အောင်အောင်မြင်မြင်နဲ့ ချက်ခြင်းတိုက်ခိုက်နိုင်စွမ်း မိမိတို့မှာ ရှိတယ်လို့ ဧပြီလမှာ အစ္စရေးလေတပ်အကြီးအကဲဖြစ်လာမယ့် ဗိုလ်ချုပ် တိုမာရ် ဘားက ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။

    အမေရိကန်ဦးဆောင်တဲ့ အင်အားကြီးနိုင်ငံတွေဟာ အီရန်နဲ့ နျူကလီးယားသဘောတူညီချက် ပြန်လည်ရရှိဖို့ ကြိုးပမ်းနေတဲ့အချိန်မှာ အစ္စရေးဖက်က ဒီလိုခြိမ်းခြောက်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

    ဗိုလ်ချုပ် တိုမာရ်ဘားက သူ လေတပ်ကို တာဝန်ယူနေတဲ့အချိန်မှာ အီရန်ကို တိုက်ခိုက်ရတာမျိုး ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

    “လိုအပ်ရင် မနက်ဖြန်တောင် အစ္စရေးက အီရန်ရဲ့ နျူကလီးယားစီမံကိန်းကို အောင်မြင်အောင် တိုက်ခိုက်နိုင်ပါတယ်။ ကျွန်တော် တာဝန်ယူတဲ့အချိန်မှာ ဒါမျိုးဖြစ်လာမယ်လို့ ကျွန်တော်ယူဆတယ်။ ဒီတာဝန်ကြီးလေးမှုကိုလည်း ကျွန်တော် နားလည်ပါတယ်”

    အီရန်ရဲ့ နျူစီမံကိန်းနဲ့ပတ်သက်ပြီး အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်ကို ၂၀၁၅ ခုနှစ်မှာ သဘောတူညီချက် ရခဲ့ပေမယ့် ၂၀၁၈ ခုနှစ် သမ္မတထရမ့်လက်ထက်မှာ အမေရိကန်က နှုတ်ထွက်သွားခဲ့ပါတယ်။ လက်ရှိသမ္မတ ဘိုင်ဒန်လက်ထက်မှာ ဒီသဘောတူညီချက် ပြန်လည်ရရှိအောင် ကြိုးပမ်းနေပါတယ်။

    Ref: Alarabiya

  • အစ္စရေးဝန်ကြီးချုပ် ယူအေအီးသို့ သမိုင်းဝင်အလည်အပတ်ခရီးရောက်ရှိ

    အစ္စရေးဝန်ကြီးချုပ် ယူအေအီးသို့ သမိုင်းဝင်အလည်အပတ်ခရီးရောက်ရှိ

    ဒီဇင်ဘာ ၁၃၊ ၂၀၂၁
    M-Media

    -အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက် မနေ့က အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) နိုင်ငံကို အလည်အပတ်ရောက်လာခဲ့ပြီး ဒါဟာ သမိုင်းဝင် အလည်အပတ်ခရီးလည်း ဖြစ်ပါတယ်။

    အစ္စရေးနိုင်ငံ့ခေါင်းဆောင်တစ်ဦး ယူအေအီးကို ပထမဆုံး လာရောက်မှုပါ။

    ဘန်းနက်ဟာ ဒီကနေ့မှာ ယူအေအီးအိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇယဒ် အလ် နဟ်ယန်နဲ့ တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေး နက်ရှိုုင်းဖို့ အထူးသဖြင့် စီးပွားရေးနဲ့ ဒေသတွင်းကိစ္စကို ဆွေးနွေးသွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အစ္စရေးနဲ့ ယူအေအီးတို့ဟာ အမေရိကန်ရဲ့ ကြားဝင်​ညှိနှိုင်းပေးမှုကြောင့် ပြီးခဲ့တဲ့နှစ်မှာ တရားဝင်ဆက်ဆံရေး ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ခရီးသွားကဏ္ဍ၊ နည်းပညာတို့အပါအဝင် စီးပွားရေးမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပိုမို မြင့်တက်လာခဲ့ပါတယ်။

    မနေ့က ဘန်းနက်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ယူအေအီးဖက်က ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

    ၂၀၂၀ ခုနှစ်မှာ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တဲ့ အာရပ်၊ မွတ်စလင်နိုင်ငံ ၅ နိုင်ငံ ရှိပြီး ယူအေအီး၊ ဘာရိန်း၊ မော်ရိုကို၊ ဆူဒန်နဲ့ အိုမန်တို့ဖြစ်ပါတယ်။ ပါလက်စတိုင်းတွေကတော့ သူတို့နယ်မြေကို ကျူးကျော်သိမ်းပိုက်ထားတဲ့ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်တာဟာ နောက်ကျောကို ဓားနဲ့ထိုးတာလို့ ရှုတ်ချခဲ့ပါတယ်။

    Ref: Aljazeera