News @ M-Media

အီရန်ကို ချက်ခြင်းတိုက်ခိုက်နိုင်စွမ်းရှိသည်ဟု အစ္စရေး ခြိမ်းခြောက်

ဒီဇင်ဘာ ၂၃၊ ၂၀၂၁
M-Media

-အီရန်က နျူကလီးယားနဲ့ သက်ဆိုင်တဲ့နေရာတွေကို အောင်အောင်မြင်မြင်နဲ့ ချက်ခြင်းတိုက်ခိုက်နိုင်စွမ်း မိမိတို့မှာ ရှိတယ်လို့ ဧပြီလမှာ အစ္စရေးလေတပ်အကြီးအကဲဖြစ်လာမယ့် ဗိုလ်ချုပ် တိုမာရ် ဘားက ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။

အမေရိကန်ဦးဆောင်တဲ့ အင်အားကြီးနိုင်ငံတွေဟာ အီရန်နဲ့ နျူကလီးယားသဘောတူညီချက် ပြန်လည်ရရှိဖို့ ကြိုးပမ်းနေတဲ့အချိန်မှာ အစ္စရေးဖက်က ဒီလိုခြိမ်းခြောက်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ် တိုမာရ်ဘားက သူ လေတပ်ကို တာဝန်ယူနေတဲ့အချိန်မှာ အီရန်ကို တိုက်ခိုက်ရတာမျိုး ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

“လိုအပ်ရင် မနက်ဖြန်တောင် အစ္စရေးက အီရန်ရဲ့ နျူကလီးယားစီမံကိန်းကို အောင်မြင်အောင် တိုက်ခိုက်နိုင်ပါတယ်။ ကျွန်တော် တာဝန်ယူတဲ့အချိန်မှာ ဒါမျိုးဖြစ်လာမယ်လို့ ကျွန်တော်ယူဆတယ်။ ဒီတာဝန်ကြီးလေးမှုကိုလည်း ကျွန်တော် နားလည်ပါတယ်”

အီရန်ရဲ့ နျူစီမံကိန်းနဲ့ပတ်သက်ပြီး အင်အားကြီး ၆ နိုင်ငံနဲ့ အီရန်ကို ၂၀၁၅ ခုနှစ်မှာ သဘောတူညီချက် ရခဲ့ပေမယ့် ၂၀၁၈ ခုနှစ် သမ္မတထရမ့်လက်ထက်မှာ အမေရိကန်က နှုတ်ထွက်သွားခဲ့ပါတယ်။ လက်ရှိသမ္မတ ဘိုင်ဒန်လက်ထက်မှာ ဒီသဘောတူညီချက် ပြန်လည်ရရှိအောင် ကြိုးပမ်းနေပါတယ်။

Ref: Alarabiya