News @ M-Media

Tag: Israel

  • ပါလက်စတိုင်းအား ကျူးကျော်သိမ်းပိုက်မှုကို အစ္စရေးက တစ်ဆင့်ထပ်တက်မည်

    ပါလက်စတိုင်းအား ကျူးကျော်သိမ်းပိုက်မှုကို အစ္စရေးက တစ်ဆင့်ထပ်တက်မည်

    စက်တင်ဘာ ၁၃၊ ၂၀၁၉
    M-Media

    -လာမယ့်ရွေးကောက်ပွဲမှာ ပြန်နိုင်ရင် ဂျော်ဒန်ချိုင့်ဝှမ်းနဲ့ ပင်လယ်သေမြောက်ဖက်က ပါလက်စတိုင်းပိုင်နက်တွေကို အစ္စရေးပိုင်နက်ထဲ တရားဝင်သွတ်သွင်းသွားမယ်ဆိုတဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုရဲ့ ပြောကြားမှုကို ကမ္ဘ္ဘာ့နိုင်ငံတွေက ရှုတ်ချလိုက်ပါတယ်။

    မြေဆီသြဇကောင်းတဲ့ အဲဒီဒေသတွေဟာ လက်ရှိမှာ အခြားသော ပါလက်စတိုင်းဒေသတွေလိုပဲ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက် ပိတ်ဆို့မှုကို ခံနေရတာ ဖြစ်ပါတယ်။

    စက်တက်ဘာ ၁၇ ရက်နေ့ကျရင် အစ္စရေးမှာ ရွေးကောက်ပွဲလုပ်ဖို့ရှိနေပြီး နေတန်ယာဟုက အင်္ဂါနေ့ ရွေးကောက်ပွဲအကြိုမိန့်ခွန်းမှာ သူပြန်အာဏာရရင် ဂျော်ဒန်ချိုင့်ဝှမ်းနဲ့ ပင်လယ်သေမြောက်ဖက်က ဒေသတွေကို အစ္စရေးပိုင်နက်ထဲ တရားဝင် သွတ်သွင်းမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

    ဒီကိစ္စသာ အမှန်တကယ်ဖြစ်လာမယ်ဆိုရင် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရဲ့ ၃၀ ရာခိုင်နှုန်းဟာ အစ္စရေးလက်အောက်ကို တရားဝင်ကျရောက်သွားမှာပါ။ လက်ရှိ အဲဒီဒေသတွေမှာ ပါလက်စတိုင်းပြည်သူ ၆၅၀၀၀ ခန့်ရှိနေပြီး အစ္စရေးရဲ့ ကျူးကျော်အိမ်ယာတွေမှာ နေထိုင်သူက ၁၁၀၀၀ လောက် ရှိနေပါတယ်။

    ပါလက်စတိုင်း

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က နေတန်ယာဟုရဲ့ ဒီပြောကြားမှုဟာ ကုလရဲ့ ဆုံးဖြတ်ချက်တွေ၊ နိုင်ငံတကာ ဥပဒေတွေနဲ့ ဆန့်ကျင်နေပြီး ဒီလိုသာ တကယ်လုပ်ဆောင်လာမယ်ဆိုရင် အစ္စရေးနဲ့ ရထားတဲ့ သဘောတူညီချက်အားလုံးကို အဆုံးသတ်ရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ PLO ရဲ့ အကြီးတန်းတာဝန်ရှိသူ ဟာနန် အက်ရှ်ရာဝီက သမိုင်းဝင် ပါလက်စတိုင်းဒေသမှာ ‘ဂရိတ်တားအစ္စရေး’ ဖန်တီးနေခြင်းဟာ လူမျိုးစုလိုက် ရှင်းလင်းသုတ်သင်မှု ရည်ရွယ်ချက်ဖြစ်တယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    မလေးရှား

    မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ နေတန်ယာဟုရဲ့ ဒီပြောကြားမှုကို ပြင်းပြင်းထန်းထန်ရှုတ်ချကြောင်း ဖော်ပြထားပြီး ဒီလို တာဝန်မဲ့တဲ့လုပ်ရပ်တွေဟာ အရှေ့အလယ်ပိုင်းမှာ ငြိမ်းချမ်းရေးရဖို့နဲ့ ရေရှည်အဖြေတစ်ခုရဖို့ ကြိုးပမ်းမှုကို ပျက်ဆီးစေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

    အစ္စရေးရဲ့ ဒီလုပ်ရပ်ဟာ နိုင်ငံတကာဥပဒေ၊ ဂျီနီဗာ သဘောတူညီချက်တွေ၊ ကုလရဲ့ ဆုံးဖြတ်ချက်တွေကို ပြေင် ချိုးဖောက်မှုဖြစ်တယ်လို့လည်း ဆိုပါတယ်။

    အနောက်ဖက်ကမ်းနဲ့ အရှေ့ဂျေရုစလင်တို့ကို နိုင်ငံတကာအသိုင်းအဝိုင်းက ပါလက်စတိုင်း ပိုင်နက်အဖြစ် သတ်မှတ်ထားပေမယ့် အစ္စရေးက အခုအချိန်အထိ ကျူးကျော်သိမ်းပိုက်ထားမှုကိုလည်း ကြေငြာချက်မှာ ထောက်ပြထားပါတယ်။

    “နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် ကုလ လုံခြုံရေးကောင်စီတို့ အနေနနဲ့ အစ္စရေးရဲ့ နိုင်ငံတကာဥပဒေတွေအပေါ် မထီမဲ့မြင်ပြုလုပ်မှုကို တစ်ညီတစ်ညွတ်တည်း တုန့်ပြန်ဖို့ မလေးရှားက တိုက်တွန်းလိုက်ပါတယ်”

    ဆော်ဒီအာရေဗျ

    အစ္စရေးဝန်ကြီးချုပ်ရဲ့ ဒီပြောကြားမှုကို ဆန့်ကျင်ရှုတ်ချကြောင်း ဆော်ဒီဘုရင် ဆလ်မန်က ကြာသာပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

    ဒါဟာ ပါလက်စတိုင်းတွေအပေါ် အန္တရာယ်ရှိတဲ့ ရန်လိုမှုဖြစ်ပြီး၊ အခွင့်အရေးကို ချိုးဖောက်တာဖြစ်ကြောင်း၊ ကုလရဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ နိုင်ငံတကာ စံချိန်စံညွှန်းတွေကို ချိုးဖောက်တာဖြစ်ကြောင်းလည်း ဘုရင်ဆလ်မန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ဘုရင် ဆလ်မန်ဟာ ပါလက်စတိုင်းသမ္မတ မဟ်မူဒ်းအဘတ်စ်ကို ဖုန်းခေါ်ခဲ့ပြီး ဒီကိစ္စအကြောင်း ဆွေးနွေးခဲ့ပါတယ်။

    အင်ဒိုနီးရှား

    အင်ဒိုနီးရှားနိုင်ငံက နေတန်ယာဟုရဲ့ ဒီပြောစကားဟာ ‘အန္တရာယ်’ ဖြစ်ပြီး OIC အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ တစ်ညီတစ်ညွတ်တည်း တုန့်ပြန်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

    ဗုဒ္ဓဟူးနေ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ နေတန်ယာဟုရဲ့ ဒီပြောကြးမှုဟာ နိုင်ငံတကာဥပဒေတွေ၊ ကုလရဲ့ ဆုံးဖြတ်ချက်တွေကို ဆန့်ကျင်နေပြီ ငြိမ်းချမ်းလုပ်ငန်းစဉ်ကို ခြိမ်းခြောက်နေတယ်လို့ ဖော်ပြထားပါတယ်။

    OIC အဖွဲ့က ဆော်ဒီအာရေဗျရဲ့တောင်းဆိုမှုကြောင့် တနင်္ဂနွေနေ့ကျရင် ဂျစ်ဒါမြို့မှာ အရေးပေါ်အစည်းအဝေး ကျင်းပသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    အခြားနိုင်ငံများ

    အိမ်ဖြူတော်အကြီးတန်းအကြံပေး ဂျရဒ် ကက်ရှ်နာက မကြာခင်ထွက်လာတော့မယ် သမ္မတထရမ့်ရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်ကို သေသေချာချာ လေ့လာသုံးသပ်ပြီးမှ၊ အနောက်ဖက်ကမ်းက အိမ်ယာတွေကို အစ္စရေးပိုင်နက်ထဲသွတ်သွင်းဖို့ ပြောသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်လို့ အာရပ်လိဂ်က အင်္ဂါနေ့မှာ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ပြီး နေတန်ယာဟုရဲ့ ပြောကြားမှုကို ဆန့်ကျင်ရှုတ်ချကြောင်း ကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

    ကာတာ၊ ဂျော်ဒန်နဲ့ တူရကီတို့ကလည်း နေတန်ယာဟုရဲ့ ဒီပြောကြားမှုဟာ အန္တရာယ်ရှိကြောင်း
    သတိပေးခဲ့ပြီး၊ ကုလကတော့ ဒီလုပ်ရပ်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြုမှု ရမှာမဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။

    Ref: New Straits Times, Arab, Aljazeera

  • အီရန်က လျှို့ဝှက်နေရာတစ်ခုတွင် နျူထုတ်နေသည်ဟု အစ္စရေးပြော

    အီရန်က လျှို့ဝှက်နေရာတစ်ခုတွင် နျူထုတ်နေသည်ဟု အစ္စရေးပြော

    စက်တင်ဘာ ၁၀၊ ၂၀၁၉
    M-Media

    -လျှို့ဝှက်နေရာတစ်ခုမှာ အီရန်က နျူလက်နက် ထုတ်လုပ်နေတယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက မနေ့မှာ ပြောကြားလိုက်ပြီး အီရန်ကတော့ ဒါဟာ စစ်တိုက်ဖို့အတွက် အကြောင်းပြချက်ရှာတာလို့ ပြန်လည်တုန့်ပြန်လိုက်ပါတယ်။

    အစ္စဖာဟန်မြို့တောင်ဘက် အဘာဒါဟ်ဆိုတဲ့မြို့မှာ လျှို့ဝှက်နျူစက်ရုံတည်ရှိကာ အစ္စရေးက တွေ့ရှိပြီးတဲ့နောက် အီရန်ဖက်က ဖျက်ဆီးလိုက်တယ်လို့လည်း နေတန်ယာဟုက ဆိုပါတယ်။ နေတန်ယာဟုဟာ အရင်ကလည်း ဒီလိုစွပ်စွဲပြောဆိုဖူးပြီး နေရာအတိအကျကို ထုတ်ဖော်ပြောဆိုမှုကတော့ ပထမဆုံးဖြစ်ပါတယ်။

    ဒါပေမယ့် အသေးစိတ်အချက်အလက်တွေတော့ မပါဝင်ဘူး။

    အီရန်က ဘယ်အချိန်၊ ဘယ်နေရာမှာ ဘာတွေလုပ်နေလဲဆိုတာ အစ္စရေးက သိနေတယ်လို့လည်း အီရန်အာဏာပိုင်တွေကို ရည်ညွှန်းပြီး နေတန်ယာဟုက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ပယ်ချ

    အီရန်ကတော့ နေတန်ယာဟုရဲ့ ဒီပြောကြားမှုကို ပယ်ချခဲ့ပြီး စစ်တိုက်ဖို့အတွက် အကြောင်းရှာနေတာ ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    “နျူလက်နက်ကို ပိုင်ဆိုင်ထားတဲ့ ၀ံပုလွေက သိုးရေခြုံပြီး ငိုပြနေတာပါ” လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗဒ် ဇာရစ်ဖ်က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    အီရန်နဲ့ ကမ္ဘ္ဘာ့အင်အားကြီး ၆ နိုင်ငံတို့ ၂၀၁၅ ခုနှစ်မှာ ရရှိခဲ့တဲ့ နျူသဘောတူညီချက်ကို အစ္စရေးက တစ်စိုက်မတ်မတ်ကန့်ကွက်လာခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ကလည်း တီဟီရန်မြို့စွန်က ကောဇောစက်ရုံးတစ်ခုမှာ ရေဒီယိုသတ္တုကြွပစ္စည်းတွေ လျှို့ဝှက် သိမ်းဆည်းထားတယ်လို့ နေတန်ယာဟုက ထုတ်ပြန်ပြောကြားဖူးပါတယ်။

    Ref: Aljazeera

  • လက်ဘနွန်နယ်စပ်တွင် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်

    လက်ဘနွန်နယ်စပ်တွင် အစ္စရေးနှင့် ဟစ်ဇ်ဘိုလာအဖွဲ့တို့ အပြန်အလှန် ပစ်ခတ်မှုဖြစ်

    စက်တင်ဘာ ၂၊ ၂၀၁၉
    M-Media

    နယ်စပ်မှ အစ္စရေးတင့်ကားများ

    -အစ္စရေး-လက်ဘနွန်နယ်စပ်မှာ ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့နဲ့ အစ္စရေးစစ်တပ်တို့အကြား မနေ့က အပြန်အလှပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။

    နယ်စပ်က စစ်စခန်းတစ်ခုကို ဟဇ်ဘိုလာက တင့်ဖျက်ဒုံးတွေနဲ့ ပစ်ခတ်တဲ့အတွက် လက်ဘနွန် တောင်ပိုင်းက ပစ်မှတ် ၁၀၀ လောက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အစ္စရေးက ထုတ်ပြန်ပါတယ်။

    ဟစ်ဇိုဘိုလာကလည်း ပြီးခဲ့တဲ့တစ်ပတ်မှာ အစ္စရေးက လက်ဘနွန်နိုင်ငံထဲကို ဒရုန်းတွေနဲ့ ကျူးကျော်ဝင်ရောက် ပစ်ခတ်မှုကို လက်တုန့်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း အစ္စရေးတင့်ကားတစ်စီး ပျက်ဆီးပြီး တင့်ကားထဲက စစ်သားတွေ သေဆုံး ဒဏ်ရာရမှုတွေ ရှိတယ်လို့လည်း ဟစ်ဇ်ဘိုလာ ပြောပါတယ်။

    အစ္စရေးကတော့ ထိခိုက်မှုရှိတယ်ဆိုတဲ့သတင်းကို ငြင်းဆိုခဲ့ပါတယ်။

    လက်ဘနွန်စစ်တပ်ကလည်း အစ္စရေးက တိုက်ခိုက်မှုပြုလုပ်တာကို အတည်ပြုခဲ့ပါတယ်။ အစ္စရေးမီဒီယာတွေက အစ္စရေးစစ်တပ်ဟာ အနည်းဆုံး လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

    ဒရုန်းနဲ့ တိုက်ခိုက်မှု

    ပြီးခဲ့တဲ့တစ်ပတ်အတွင်း အစ္စရေးဒရုန်းတွေဟာ ဆီးရီးယားနဲ့ လက်ဘနွန်ပိုင်နက်တွေကို ကျူးကျော်ဝင်ရောက်ပြီး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

    လက်ဘနွန်နိုင်ငံ မြို့တော်ဘေရွတ်အနီးက ဟစ်ဇ်ဘိုလာ မီဒီယာရုံးခန်းပေါ်ကို အစ္စရေး ဒရုန်းနှစ်စီး ပျက်ကျပေါက်ကွဲလို့ ပျက်ဆီးမှုတွေ ဖြစ်ခဲ့ပြီး၊ ဆီးရီးယားမှာတော့ အစ္စရေးရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ အဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပါတယ်။

    ဟစ်ဇ်ဘိုလာခေါင်းဆောင် နာဆာရွလ္လာဟ်က အစ္စရေးရဲ့ ဒီတိုက်ခိုက်မှုတွေအတွက် လက်တုန့်ပြန်သွားမယ်လို့ မနေ့က ရုပ်မြင်သံကြား မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    လက်ဘနွန်ဝန်ကြီးချုပ် ဆအဒ် ဟာရီရီက နယ်စပ်မှာဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေ လျော့ကျရေးအတွက် ကြားဝင်ဆောင်ရွက်ပေးဖို့ ပြင်သစ်နဲ့ အမေရိကန်တို့ကို ပန်ကြားခဲ့ပါတယ်။

    အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတို့ဟာ ၂၀၀၆ ခုနှစ်က စစ်ပွဲဖြစ်ပွားခဲ့ပြီး အခုအချိန်အထိ စစ်ဖြစ်နေဆဲနေအထားမှာ ရှိနေပါတယ်။ မနေ့က တိုက်ခိုက်မှုဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးအကြား ပထမဆုံး ထိပ်တိုက် တိုက်ခိုက်မှု ဖြစ်ပါတယ်။

    Ref: Aljazeera

  • အလ်-အက္ကဆွာဗလီ  စီးနင်းဝင်ရောက်မှုအတွက် ဂျော်ဒန်က အစ္စရေးသံအမတ်ကို ဆင့်ခေါ် သတိပေး

    အလ်-အက္ကဆွာဗလီ စီးနင်းဝင်ရောက်မှုအတွက် ဂျော်ဒန်က အစ္စရေးသံအမတ်ကို ဆင့်ခေါ် သတိပေး

    သြဂုတ် ၁၉၊ ၂၀၁၉
    M-Media

    အလ်-အက္ကဆွာ ဗလီပရဝုဏ်အတွင်းမှ အစ္စရေးစစ်သားများ

    -ဂျေရုစလင်က အလ်-အက္ကဆွာ ဗလီဝတ်ကျောင်းတော်မှာ အစ္စရေးရဲ့ ကျူးလွန်မှု၊ ဥပဒေချိုးဖောက်မှုတွေအတွက် အစ္စရေးသံအမတ်ကို ဆင့်ခေါ် ကန့်ကွက်ခဲ့တယ်လို့ ဂျော်ဒန် နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

    ဂျော်ဒန်ဟာ အစ္စရေးနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ တစ်ခုတည်းသော အာရပ်နိုင်ငံဖြစ်ပြီး အလ်-အက္ကဆွာ ဗလီဝတ်ကျောင်းတော် အပါအ၀င် ဂျေရုစလင်က အစ္စလာမ့် သာသနိက အဆောက်အဦးတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ယူထားတာပါ။

    ပြီးခဲ့တဲ့တစ်ပတ် အီဒွလ် အသွဟာ အီးဒ်နေ့မှာ အစ္စရေးတပ်ဖွဲ့တွေဟာ အလ်-အက္ကဆွာ ဗလီထဲ ၀င်ရောင်စီးနင်းကာ ၀တ်ပြုသူတွေကို ရာဘာကျည်နဲ့ပစ်တာ၊ မျက်ရည်ယိုဗုံးကြဲတာ၊ အသံဗုံး ကြဲတာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် လူတစ်ချို့ ဒဏ်ရာရရှိခဲ့ပါတယ်။

    ဂျော်ဒန်က အစ္စရေးသံအမတ် အေမီ ၀စ္စဘရော့ဒ်ကို တနင်္ဂနွေနေ့မှာ ဆင့်ခေါ်ခဲ့ပြီး ပြီးခဲ့တဲ့တစ်ပတ်က အစ္စရေးစစ်သားတွေရဲ့ လုပ်ရပ်အပြင်၊ အစ္စရေးတပ်ဖွဲ့တွေက ဗလီရဲ့ ဂိတ်ပေါက်တွေကို ပိတ်ထားတာ၊၀တ်ပြုသူတွေကို ၀င်ခွင့်မပေးတာတွေလို ကန့်သတ်ချုပ်ချယ်မှုတွေကိုလည်း ရှုတ်ချကြောင်း ပြောဆိုခဲ့ပါတယ်။

    ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး အေမန် ဆာဖာဒီကလည်း သူ့အနေနဲ့ တနင်္ဂနွေနေ့မနက်မှာ ဥရောပသမဂ္ဂ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီး အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ဂျေရုစလင်က မြင့်မြတ်ရာ အဆောက်အဦးတွေမှာ အစ္စရေးရဲ့ ဥပဒေ ချိုးဖောက်မှုတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက တားဆီးပေးဖို့ တောင်းဆိုခဲ့ကြောင်း Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆွဖ်ယန် ကူဒါက ၀န်ကြီးဌာနရဲ့ အထွေထွေ အတွင်းရေးမှူး ဇိုက် အလ်-လော်ဇီဟာ အစ္စရေးသံအမတ်ကို သတိထောက်လွှာ ပေးအပ်ခဲ့ပြီး အစ္စရေးအစိုးရထံ ချက်ခြင်း ပို့ဆောင်ပေးဖို့ ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    အလ်-အက္ကဆွာ ဗလီဝတ်ကျောင်းတော်တည်ရှိရာ အရှေ့ဂျေရုစလင်ကို အစ္စရေးက ၁၉၆၇ ခုနှစ်မှာ ကျူးကျော်သိမ်းပိုက်ခဲ့ပြီး သူတို့ပိုင်နက်အဖြစ် နောက်ပိုင်းမှာ ကြေငြာခဲ့ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းကတော့ အစ္စရေးရဲ့ ဒီလုပ်ရပ်ကို ဆန့်ကျင်ခဲ့ကြပါတယ်။

    အလ်-အက္ကဆွာ ဗလီဝတ်ကျောင်းတော်ကို တတိယမြောက် အမြင့်မြတ်ဆုံး ဗလီဝတ်ကျောင်းတော်အဖြစ် အစ္စလာမ်ဘာသာဝင်တွေက သတ်မှတ်ထားပါတယ်။

    အစ္စရေးက ဂျူးတွေကတော့ ဒီဗလီနေရာဟာ သမ္မကျမ်းစာထဲက ဂျူးဘုရားကျောင်း ၂ ခုရဲ့ နေရာဖြစ်တယ်လို့ဆိုကာ မကြာခဏ စီးနင်းဝင်ရောက်မှုတွေ ပြုလုပ်တဲ့အတွက် ပါလက်စတိုင်းတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပွားကြပါတယ်။

    Ref : Aljazeera

  • ပါလက်စတိုင်းနေအိမ် အများအပြားကို အစ္စရေးက ကျူးကျော်ဖြိုဖျက်

    ပါလက်စတိုင်းနေအိမ် အများအပြားကို အစ္စရေးက ကျူးကျော်ဖြိုဖျက်

    ဇူလိုင် ၂၃၊ ၂၀၁၉
    M-Media

    ပါလက်စတိုင်းအိမ်ယာတစ်ခုအား အစ္စရေးက ဖြိုချ ဖျက်ဆီးနေပုံ

    -နိုင်ငံတကာက ဝေဖန်ကန့်ကွက်မှုတွေရှိပေမယ့် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက လူနေအိမ်ယာ ၁၆ ခုကို အစ္စရေးတပ်ဖွဲ့တွေက မနေ့မှာ ဖြိုချဖျက်ဆီးလိုက်ပါတယ်။

    အစ္စရေးရဲ့ နယ်ခြားတံတိုင်းနဲ့ ကပ်နေတဲ့ ဝါဒီ အလ်-ဟမ်မက်စ် ရပ်ကွက်မှာ အစ္စရေးစစ်သားတွေက ဘူလ်ဒိုဇာတွေနဲ့ မနေ့ညပိုင်းမှာ လာရောက် ဖြိုဖျက်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၆၇ ခုနှစ်မှာ ကျူးကျော်သိမ်းပိုက်ထားတဲ့ အရှေ့ဂျေရုစလင်နဲ့ အနောကဖက်ကမ်းကို ခွဲခြားဖို့ ရည်ရွယ်တဲ့ အဲဒီတံတိုင်းတစ်လျှောက်က ပါလက်စတိုင်းအိမ်ယာတွေကို အစ္စရေးက လုံခြုံရေးခြိမ်းခြောက်မှုအဖြစ် ယူဆထားပါတယ်။

    ဝါဒီ အလ်-ဟမ်မက်စ်ရပ်ကွက်ကို မဖျက်ဆီးဖို့အတွက် ပါလက်စတိုင်းတွေက အစ္စရေးတရားရုံးမှာ ၇ နှစ်ကြာ တရားရင်ဆိုင်ခဲ့ရပေမယ့် ဖျက်ဆီးမယ့်အစီအစဉ်ကို တရားရုံးချုပ်က ပြီးခဲ့တဲ့လမှာ အတည်ပြုခဲ့ပါတယ်။

    အစ္စရေး ပြည်တွင်းလုံခြုံရေးဝန်ကြီး ဂီလဒ် အာရ်ဒန်က ပါလက်စတိုင်းတွေဟာ ဒီအဆောက်အဦးတွေကို သူတို့သဘောနဲ့သူတို့ ဆောက်လုပ်ထားတာဖြစ်ပြီး၊ လုံခြုံရေးတပ်ဖွဲ့တွေအတွက် ခြိမ်းခြောက်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းတွေက အစ္စရေးရဲ့ လုံခြုံရေးအကြောင်းပြချက်ဟာ ဆင်ခြေတစ်ခုသာဖြစ်ပြီး ပါလက်စတိုင်းပိုင်နက်မှာ ကျူးကျော်အိမ်ယာတွေဆောက်လုပ်ကာ သိမ်းပိုက်ဖို့ ရေရှည်စီမံကိန်း တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ တုန့်ပြန်ပြောဆိုထားပါတယ်။ ပါလက်စတိုင်းပိုင်နက်တွေမှာ ကျူးကျော်အိမ်ယာတွေ ဆောက်လုပ်တာဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်လုပ်ဆောင်တာဖြစ်ပြီး
    ကမ္ဘ္ဘာ့အသိုင်းအဝိုင်းက ရှုတ်ချထားပေမယ့် အစ္စရေးက မလိုက်နာပါဘူး။

    မနေ့က ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တဲ့ ဝါဒီ အလ်-ဟမ်မက်စ်ရပ်ကွက်ဟာ ၁၉၉၃ ခုနှစ်က အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား ချုပ်ဆိုခဲ့တဲ့ အော်စလိုစာချုပ်အရ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ရဲ့ စီမံမှုအောက်မှာ ရှိနေတာဖြစ်ပါတယ်။

    ပါလက်စတိုင်း လူ့အခွင့်အရေးအဖွဲ့ Al Haq က ရှေ့နေဖြစ်သူ ဒါလီယာ ကမ်ရှီက ကျူးကျော်သိမ်းပိုက်မှု စတင်လုပ်ဆောင်ကတည်းက အစ္စရေးဟာ ပါလက်စတိုင်းပိုင်နက်တွေမှာရှိတဲ့ အဆောက်အဦးတွေ၊ နေအိမ်တွေ ဖျက်ဆီးရှင်းလင်းတာကို တစ်စိုက်မတ်မတ် လုပ်ဆောင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းအာဏာပိုင်တွေကတော့ အခု ဖြိုချဖျက်ဆီးခံရတဲ့ အိမ်တွေဟာ ထိန်းချုပ်စည်းမျဉ်းအတွင်းမှာရှိပြီး ဆောက်လုပ်ဖို့ ပါမစ်တွေကို ပါလက်စတိုင်းအာဏာပိုင်တွေက တရားဝင်ထုတ်ပေးထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ PLO က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အစ္စရေးတရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ ကျူးကျော်တပ်ဖွဲ့တွေက ပါလက်စတိုင်းအိမ်ယာတွေကို ဖျက်ဆီးနိုင်ရေး လမ်းဖွင့်ပေးလိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    ဥရောပသမဂ္ဂကလည်း အစ္စရေးရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချခဲ့ပြီး ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ရဲ့ တရားစီရင်ရေးနယ်ပယ်အောက်မှာရှိတဲ့ အဆောက်အဦးတွေကို ဖျက်ဆီးတာဟာ နိုင်ငံတကာ ဥပဒေအရ တရားမ၀င်ဘူးလို့ ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

    ပြင်သစ်ကထုတ်ပြန်တဲ့ ကြေငြချက်မှာလည်း ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ စီမံမှုအောက်က အဆောက်အဦးတွေကို ဖြိုချဖျက်ဆီးတာဟာ အန္တရာယ်ရှိတဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး နှစ်နိုင်ငံတည်ရှိရေးအဖြေအပေါ် တိုက်ရိုက်ခြိမ်းခြောက်မှု ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    Ref: Aljazeera