News @ M-Media

Tag: Israel

  • ပါလက်စတိုင်းမှာ ထန်းလျက်ခဲခွေးရက်သကဲ့သို့ ဖြစ်နေဟု ‌သမ္မတအဘတ်စ်ပြော

    ပါလက်စတိုင်းမှာ ထန်းလျက်ခဲခွေးရက်သကဲ့သို့ ဖြစ်နေဟု ‌သမ္မတအဘတ်စ်ပြော

    ဖေဖော်ဝါရီ ၁၂၊ ၂၀၂၀
    M-Media

    -အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ပါလက်စတိုင်း-အစ္စရေး ငြိမ်းချမ်းရေးအဆိုပြုချက်ဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ဆောင်ကျဉ်းပေးနိုင်မှာမဟုတ်ဘဲ ပါလက်စတိုင်းဟာ ‘ထန်းချက်ခဲခွေးရက်သလို’ လုံးပါးပါးမယ့် အခြေအနေမျိုးကိုသာ ဖြစ်စေမယ်လို့ ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်က ပြောကြားလိုက်ပါတယ်။

    ထရမ့်ရဲ့ ဒီအဆိုပြုချက်ကို လက်မခံကြောင်း ပါလက်စတိုင်းခေါင်းဆောင်ပိုင်းက အရင်ကတည်းက ပြောကြားထားပြီး မနေ့ကမိန့်ခွန်းမှာတော့ အဘတ်စ်က ထပ်မံပယ်ချခဲ့တာပါ။ အာရပ်လိဂ်၊ အိုအိုင်စီအဖွဲ့နဲ့ အာဖရိကသမ္မဂတို့ကလည်း မိမိတို့နဲ့အတူ ရပ်တည်နေတယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    “အစ္စရေး-အမေရိကန်တို့ရဲ့ အဆိုပြုချက်ကို ပါလက်စတိုင်းက လက်မခံဘူးဆိုတာ ဒီကနေ့ ထပ်လောင်း ပြောကြားလိုပါတယ်”

    ၁၉၆၇ ခုနှစ်မတိုင်ခင် နယ်နမိတ်ကိုအခြေခံတဲ့ ကုလရဲ့ ဆုံးဖြတ်ချက်တွေအတိုင်း ပြန်လည်ဆွေးနွေးဖို့ ထရမ့်ကို အဘတ်စ်က တိုက်တွန်းခဲ့သလို၊ ပြဿနာဖြေရှင်းရေး နိုင်ငံတကာညီလာခံတစ်ခု ကျင်းပဖို့လည်း ဆော်ဩခဲ့ပါတယ်။

    ပြီးခဲ့တဲ့လက ထရမ့်နဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုတို့ အတူတကွ ပူးတွဲထုတ်ပြန်ခဲ့တဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်မှာ ပါလက်စတိုင်းပိုင်နက်တွေမှာရှိနေတဲ့ အစ္စရေးရဲ့ တရားမဝင်အိမ်ယာအားလုံးကို အသိအမှတ်ပြုထားပါတယ်။ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ တည်ရှိရေး ပါဝင်ပေမယ့် ကုလနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက လက်ခံထားတဲ့ ၁၉၆၇ မတိုင်ခင် နယ်နမိတ်အတိုင်းမဟုတ်ဘဲ နယ်မြေအနည်းငယ်သာ ပါဝင်မှာ ဖြစ်ပါတယ်။

    သမ္မတ အဘတ်စ်ကတော့ ဒီအဆိုပြုချက်ဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုနဲ့ အာရပ်ငြိမ်းချမ်းရေးအစီအစဉ်တို့ကို ချိုးဖောက်တဲ့ တစ်ဖက်သတ်ဆောင်ရွက်မှုသာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကိုယ့်နိုင်ငံမှာ ကိုယ်နေပြီး ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေ၊ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ လွတ်လပ်ရေးနဲ့ ၊ လွတ်လပ်မှုကို ဒီအဆိုပြုချက်က ပျက်သုဉ်းစေခဲ့ပြီး အစ္စရေးရဲ့ တရားမဝင်အိမ်ယာတွေ၊ ပါလက်စတိုင်းတွေရဲ့နယ်မြေ သိမ်းပိုက်ခံရမှုကို တရားဝင်အောင် လုပ်လိုက်တာလည်း ဖြစ်ပါတယ်”

    Ref: Aljazeera

  • ပါလက်စတိုင်း လယ်ယာထွက်ကုန် တင်ပို့မှုကို အစ္စရေးက ပိတ်ပင်

    ပါလက်စတိုင်း လယ်ယာထွက်ကုန် တင်ပို့မှုကို အစ္စရေးက ပိတ်ပင်

    ဖေဖော်ဝါရီ ၁၁၊ ၂၀၂၀
    M-Media

    -ပါလက်စတိုင်းဒေသကနေထွက်တဲ့ လယ်ယာထွက်ကုန်တွေ ဂျော်ဒန်ကနေတစ်ဆင့် နိုင်ငံရပ်ခြားတင်ပို့မှုကို အစ္စရေးစစ်တပ်က ပိတ်ပစ်လိုက်ပြီး၊ ပါလက်စတိုင်းဒေသတွေမှာ တင်းမာမှုတွေ ပိုမိုမြင့်တက်လာဖွယ် ရှိနေပါတယ်။

    ဂျော်ဒန်ဟာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရဲ့ တစ်ခုတည်းသော ကုန်သွယ်ရေးလမ်းကြောင်း‌ ဖြစ်ပါတယ်။ တစ်ခြားလမ်းကြောင်းတွေကို အစ္စရေးက အရင်ကတည်း ပိတ်ဆို့ထားတာပါ။

    အစ္စရေးစစ်တပ်ကတော့ ကာကွယ်ရေးဝန်ကြီးရဲ့ ညွှန်ကြားချက်အရ ဂျော်ဒန်ကနေတစ်ဆင့် ပါလက်စတိုင်းကုန်ပစ္စည်း တင်ပို့မှုကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကလည်း အစ္စရေးစစ်သားတွေဟာ အဝင်အထွက်ဂိတ်တွေမှာ လယ်ယာထွက်ကုန် တင်ပို့မှုကို တားဆီးထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

    အစ္စရေးကနေ ပါလက်စတိုင်းပိုင်နက်တွေထဲ အသားတင်သွင်းမှု ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က ပိတ်ပင်မှုကို အစ္စရေးဖက်က လက်တုန့်ပြန်တာဖြစ်တယ်လို့ ပါလက်စတိုင်း ဒုတိယစီးပွားရေးဝန်ကြီး တာရစ် အဘူလာဘန်က ပြောကြားခဲ့ပါတယ်။

    အစ္စရေးဖက်က တင်သွင်းတဲ့ အသားတွေရဲ့ အများစုဟာ နိုင်ငံခြားကလာတာဖြစ်တာကြောင့်၊ မိမိတို့ကိုယ်တိုင် နိုင်ငံခြားကနေ တိုက်ရိုက်တင်သွင်းတော့မယ်လို့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ပြောကြားခဲ့ပါတယ်။

    စီးပွားရေးမှာ ပါလက်စတိုင်းက အစ္စရေးအပေါ် မှီခိုနေရမှုကို လျော့ချဖို့ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ရဲ့ ကြိုးစားမှုကို အစ္စရေးက မနှစ်မြို့ပါဘူး။

    ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြေရှင်းရေးဆိုတဲ့ခေါင်းစဉ်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်တဲ့ အဆိုပြုချက်နဲ့ပတ်သက်ပြီး ပါလက်စတိုင်းပိုင်နက်မှာ ဆန့်ကျင်မှုတွေ ဖြစ်ပေါ်နေတဲ့အချိန် အစ္စရေးက ဒီလိုပိတ်ဆို့လိုက်တာပါ။ ဒါ့ကြောင့် တင်းမာမှုတွေ ပိုမိုမြင့်တက်လာမယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    Ref: Aljazeera

  • အစ္စရေးလက်ချက်ကြောင့် ၂၄ နာရီအတွင်း ပါလက်စတိုင်း ၄ ဦး သေဆုံး

    အစ္စရေးလက်ချက်ကြောင့် ၂၄ နာရီအတွင်း ပါလက်စတိုင်း ၄ ဦး သေဆုံး

    ဖေဖော်ဝါရီ ၇၊ ၂၀၂၀
    M-Media

    အစ္စရေး၏သတ်ဖြတ်မှုခံရသည့် ပါလက်စတိုင်းတစ်ဦး၏ ဈာပန

    -ပါလက်စတိုင်းပိုင် အနောက်ဖမ်းကမ်းမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး တင်းမာမှုတွေလည်း ဆက်လက်မြင့်တက်နေပါတယ်။

    ဖေဖောဝါရီ ၆ ရက်နေ့က ဂျီနင်ရပ်ကွက်မှာ ပါလက်စတိုင်းတစ်ဦးရဲ့ နေအိမ်ကို ဖြိုချဖို့ အစ္စရေးစစ်သားတွေက ကြိုးစားချိန် ဆန္ဒပြမှုနဲ့ ကြုံတွေ့ခဲ့ရပြီး စစ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးနဲ့ အရပ်သား ၁ ဦး သေဆုံးခဲ့ပါတယ်။ ဆန္ဒပြမှုအတွင်း ဖောက်ခွဲရေးပစ္စည်းတွေကိုင်ထားတဲ့ အကြမ်းဖက်သမားတွေက တိုက်ခိုက်တာကြောင့် အဓိကရုဏ်းဖြေရှင်းရေး နည်းလမ်းတွေနဲ့ လုပ်ဆောင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

    ဂျီနင် အုပ်ချုပ်ရေးမှူး အက္ကရမ် ရာဂျုဘ်က အသတ်ခံလိုက်ရတဲ့ ပါလက်စတိုင်းရဲတပ်ဖွဲ့ဝင်ဟာ ဆန္ဒပြမှုအတွင်း ပါဝင်သူမဟုတ်ဘဲ အနီးအနားက ရဲစခန်းအပြင်ဘက်မှာ ရှိနေသူဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ စောင့်ကြည့်ကင်မရာ မှတ်တမ်းတွေအရလည်း ရဲတပ်ဖွဲ့ဝင် တာရစ် ဘဒ်ဝမ်ဟာ ဆန္ဒပြမှုမှာ ပါဝင်ခြင်းမရှိတာကို တွေ့ခဲ့ရပါတယ်။

    ဗုဒ္ဓဟူးနေ့ည အနောက်ဖက်ကမ်း ဟီဘရွန်က ဆန္ဒပြမှုတစ်ခုမှာ အသက် ၁၇ နှစ်အရွယ် ပါလက်စတိုင်းအမျိုးသားတစ်ဦးကို အစ္စရေးတပ်ဖွဲ့တွေက ပစ်သတ်ခဲ့သလို၊ ကြာသာပတေးနေ့မှာလည်း ‌ဂျေရုစလင်မြို့ဟောင်းက ရဲစခန်းကို သေနတ်နဲ့ဝင်ပစ်တယ်လို့ဆိုကာ အစ္စရေးနိုင်ငံသား ပါလက်စတိုင်းတစ်ဦး ပစ်သတ်ခံခဲ့ရပါတယ်။

    ကြာသာပတေးနေ့မနက်ပိုင်းက ပါလက်စတိုင်းတစ်ဦးဟာ အစ္စရေးတပ်ဖွဲ့ဝင်အုပ်စုတစ်ခုကို ကားနဲ့ဝင်တိုက်တာကြောင့် ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ၂ ရက်အတွင်း အနောက်ဖက်ကမ်းက နေရာတစ်ချို့မှာ ပါလက်စတိုင်းပြည်သူတွေနဲ့ အစ္စရေးတပ်ဖွဲ့တွေအကြား ထိပ်တိုက်တွေ့ဆုံမှုတွေ တစ်ခုထက်မက ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၈၀ လောက်ဒဏ်ရာရရှိခဲ့ပါတယ်။

    အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဖြေရှင်းရေးဆိုတဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ပြီးခဲ့တဲ့တစ်ပတ်က ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ပါလက်စတိုင်းပိုင်နက်တွေမှာ တင်းမာမှုတွေ မြင့်တက်လာတာပါ။

    ပါလက်စတိုင်းပိုင်နက်တွေက အစ္စရေးရဲ့ တရားမဝင်အခြေချအိမ်ယာတွေကို အသိအမှတ်ပြုထားပြီး ၁၉၄၇ ကုလရဲ့ နယ်မြေသတ်မှတ်ပေးမှုကို အခြေမခံတဲ့ အဲဒီအစီအစဉ်ကို ပါလက်စတိုင်းခေါင်းဆောင်ပိုင်းက လက်မခံသလို ကမ္ဘာ့နိုင်ငံ တော်တော်များများကလည်း ဝေဖန်ခဲ့ကြပါတယ်။

    Ref: Aljazeera

  • သမ္မထရမ့်၏ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ ဖြေရှင်းရေး တစ်ဖက်သတ်အစီအစဉ်ကို OIC ပယ်ချ

    သမ္မထရမ့်၏ အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခ ဖြေရှင်းရေး တစ်ဖက်သတ်အစီအစဉ်ကို OIC ပယ်ချ

    ဖေဖော်ဝါရီ ၄၊ ၂၀၂၀
    M-Media

    ၁၉၁၇ ခုနှစ်မှစ၍ ပါလက်စတိုင်းနိုင်ငံ တစ်ဖြည်းဖြည်း ကျူးကျော်သိမ်းပိုက်ခံရမှုမြေပုံ

    -ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခဖြေရှင်းရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်ကို ပယ်ချတယ်လို့ အဖွဲ့ဝင် ၅၇ နိုင်ငံ ပါဝင်တဲ့ အစ္စလာမ့်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က မနေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

    ပါလက်စတိုင်းရဲ့ တောင်းဆိုမှုကြောင့် ထရမ့်ရဲ့ ဒီအစီအစဉ်ကို ဆွေးနွေးဖို့အတွက် OIC ဟာ မနေ့က ဆော်ဒီအာရေဗျနိုင်ငံ ရီယာ့ဒ်မြို့မှာ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့တာပါ။ အမေရိကန်အစိုးရက ဒီအစီအစဉ်ကို အကောင်အထည်ဖော်တဲ့ ဘယ်လိုပုံစံမျိုးမှာမဆို မပါဝင်ဖို့လည်း အဖွဲ့ဝင်နိုင်ငံတွေကို OIC က တိုက်တွန်းခဲ့ပါတယ်။

    အာရပ်နိုင်ငံတွေကို စုပေါင်းထားတဲ့ အာရပ်လိဂ်က ထရမ့်ရဲ့ ဒီအဆိုပြုချက်ဟာ ပါလက်စတိုင်းတွေရဲ့ အနိမ့်ဆုံး ရပိုင်ခွင့်၊ တောင်းဆိုမှုတွေနဲ့ မကိုက်ညီတဲ့အတွက် လက်မခံဘူးလို့ ထုတ်ပြန်ထားပါတယ်။

    အမေရိကန်ရဲ့အစီအစဉ်မှာ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံဖြစ်တည်ရေး ပါဝင်ပေမယ့် ပါလက်စတိုင်းရဲ့ နယ်နမိတ်ကို သတ်မှတ်ထားရာမှာ ၁၉၄၇ ခုနှစ် ကုလက သတ်မှတ်ပေးထားတဲ့ နယ်နမိတ်အတိုင်းမဟုတ်ပါဘူး။ ပါလက်စတိုင်း ပိုင်နက်တွေမှာ နိုင်ငံတကာဥဒေကို ဖောက်ဖျက်ကာ အစ္စရေးက ကျူးကျော်တည်ဆောက်ထားတဲ့ တရားမဝင်အိမ်ယာတွေကိုလည်း အသိအမှတ်ပြုထားပါတယ်။

    ဂျေရုစလင်ဟာ အစ္စရေးရဲ့ ခွဲခြမ်းလို့မရတဲ့မြို့တော်ဖြစ်တယ်လို့ ‌အမေရိကန်ရဲ့ ဒီအဆိုပြုချက်မှာ ဖော်ပြထားသလို၊ ပါလက်စတိုင်းကိုတော့ ဂျေရုစလင်ဆင်ခြေဖုံးက အဘူဒစ်မြို့ကို မြို့တော်အဖြစ်သတ်မှတ်ဖို့ အဆိုပြုထားပါတယ်။ ပါလက်စတိုင်းဟာ အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထားကာ လွတ်လပ်တဲ့နိုင်ငံတစ်ခု တည်ဆောက်ချင်နေတာ ဖြစ်ပါတယ်။

    ပါလက်စတိုင်းခေါင်းဆောင်ပိုင်းက ဒီအစီအစဉ်ကို ပယ်ချခဲ့ပြီး၊ ဥရောပကနေ တရားမဝင်ဝင်ရောက်လာတဲ့ ဂျူးတွေက ပါလက်စတိုင်းပိုင်နက်တွေကို တိုက်ခိုက်သိမ်းပိုက်ကာ အစ္စရေးနိုင်ငံတည်ထောင်နိုင်ခဲ့တဲ့ ‘ဘဲလ်ဖိုးကြေငြာချက်’ လို့ အစီအစဉ်မျိုးသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : Aljazeera

  • အစ္စရေးနိုင်ငံသားများအား ဝင်ရောက်ခွင့်ပြုသည်ဆိုသည့် သတင်းကို ဆော်ဒီငြင်း

    အစ္စရေးနိုင်ငံသားများအား ဝင်ရောက်ခွင့်ပြုသည်ဆိုသည့် သတင်းကို ဆော်ဒီငြင်း

    ဇန်နဝါရီ ၂၈၊ ၂၀၂၀
    M-Media

    -အစ္စရေးနိုင်ငံသားတွေ ဆော်ဒီကို လာရောက်လည်ပတ်လို့ရမယ်ဆိုတဲ့ သတင်းတွေကို ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုက်ဇဲလ် ဘင် ဖာရ်ဟန်က ငြင်းဆိုလိုက်ပြီး အစ္စရေးနိုင်ငံသားတွေကို လက်ခံမှာမဟုတ်ဘူးလို့ မနေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

    ဆော်ဒီအာရေဗျဟာ အခြားအာရပ်နိုင်ငံတွေလိုပဲ အစ္စရေးနဲ့ သံတမန်အဆက်အသွယ် မရှိပါဘူး။ အစ္စရေးပြည်ထဲရေးဝန်ကြီးက နိုင်ငံသားတွေအနေနဲ့ ဆော်ဒီကို စီးပွားရေးကိစ္စ၊ ဘာသာရေးကိစ္စတွေအတွက် သွားရောက်လို့ရပြီလို့ တနင်္ဂနွေနေ့မှာ ပြောခဲ့တာပါ။

    ဝန်ကြီး ဖိုက်ဇဲလ်က မိမိတို့ပေါ်လစီဟာ အရင်အတိုင်းပဲ ဆက်ရှိသွားမှာဖြစ်ကြောင်း၊ အစ္စရေးနဲ့ သံတမန်အဆက်အသွယ် မရှိတဲ့အတွက် အစ္စရေးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေဟာ နိုင်ငံအတွင်းကို လာရောက်လည်ပတ်လို့ရမှာ မဟုတ်ကြောင်း CNN သတင်းဌာနရဲ့ အာရဘီဘာသာစကားဌာနကို မနေ့မှာ ပြောကြားခဲ့ပါတယ်။

    “အစ္စရေးနဲ့ ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိမှသာ ဒေသတွင်း အစ္စရေးရဲ့ ပါဝင်ပတ်သက်မှုကိစ္စက စားပွဲ၀ိုင်းပေါ် ရောက်လာမှာပါ”

    အစ္စရေးဟာ ဂျော်ဒန်၊ အီဂျစ် ၂ နိုင်ငံနဲ့သာ ငြိမ်းချမ်းရေးသဘောတူညီချက် ရရှိထားပြီး ပါလက်စတိုင်းပိုင်နက်တွေကို ဆက်လက်ကျူးကျော်သိမ်းပိုက်မှုက အခြားအာရပ်နိုင်ငံတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ အဟန့်အတား ဖြစ်နေပါတယ်။

    ဒါပေမယ့် ပြီးခဲ့တဲ့လအနည်းအငယ်အတွင်း ပင်လယ်ကွေ့နိုင်ငံတွေနဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်အောင် အစ္စရေးက ဆောင်ရွက်လာခဲ့ပါတယ်။

    Ref: Saudi Gazette