News @ M-Media

Tag: Israel

  • အီရန်များကို မိမိတို့တစ်နိုင်ငံတည်းကသာ သတ်နိုင်သည်ဟု အစ္စရေးဝန်ကြီး ဂုဏ်ယူပြောဆို

    အီရန်များကို မိမိတို့တစ်နိုင်ငံတည်းကသာ သတ်နိုင်သည်ဟု အစ္စရေးဝန်ကြီး ဂုဏ်ယူပြောဆို

    ဇူလိုင် ၂၂၊ ၂၀၁၉
    M-Media

    အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု

    -ကမ္ဘ္ဘာပေါ်မှာ အီရန်တွေကို သတ်နိုင်တဲ့ နိုင်ငံဟာ မိမိတို့တစ်နိုင်ငံတည်းသာ ရှိတယ်လို့ အစ္စရေး ၀န်ကြီးတစ်ဦးက ပြောကြားလိုက်ပြီး အီရန်နဲ့ အနောက်နိုင်ငံတွေအကြား တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန် ဒီမှတ်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေအတွင်း အစ္စရေးဟာ ဆီးရီးယားက အီရန်တပ်စခန်းတွေ၊ လက်ဘနွန်က အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့တွေကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။

    “အီရန်တွေကို ၂ နှစ်လုံးလုံး သတ်ဖြတ်နိုင်တဲ့ တိုင်းပြည်ဟာ ကမ္ဘ္ဘာပေါ်မှာ အစ္စရေးတစ်နိုင်ငံတည်းသာ ရှိပါတယ်။ ဆီးရီးယားမှာ အီရန်တွေကို အကြိမ်ရာနဲ့ချီ တိုက်ခိုက်ခဲ့ပြီး တစ်ချို့တိုက်ခိုက်မှုတွေကို ကျွန်တော်တို့က အတည်ပြုကာ၊ တစ်ချို့တွေကိုတော့ နိုင်ငံခြားမီဒီယာတွေက ဖော်ပြကြပါတယ်” လို့ အစ္စရေး ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Tzachi Hanegbi က အစ္စရေးရေဒီယို Kan Bet နဲ့ မနေ့က အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

    အီရန်ဟာ ပဋိပက္ခတွေဖြစ်ပွားအောင် လုပ်ဆောင်နေသလို၊ လွတ်လပ်စွာ ရေကြောင်းသွားလာမှုကိုလည်း နှောက်ယှက်နေကြောင်း၊ မိမိတို့ရဲ့ အဓိကရန်သူဖြစ်ကြောင်း ၀န်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အီရန် နိုင်ငံပိုင်သတင်းဌာန Press TV က “အီရန်တွေကို သတ်ဖြတ်တာကို အစ္စရေးတွေက ဒီလို လူသိရှင်ကြား ဂုဏ်ယူပြောဆိုကြပါတယ်။ တကယ့်အခြေအနေမှန်ကို စဉ်းစားသာ ကြည့်ကြတော့” လို့ ရေးသားကာ Hanegbi ရဲ့စကားကို ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

    အီရန်နဲ့ ပဋိပက္ခဖြစ်ရင် အမေရိကန်က အစ္စရေးကို မထောက်ပံ့မှာ မစိုးရိမ်ဘူးလားလို့ မေးမြန်းရာမှာ အီရန်က ဒီလိုအနေအထားမျိုးကို ရှောင်ကျဉ်မှာဖြစ်ကြောင်း၊ တိုက်နိုင်စွမ်းမရှိတာကြောင့်မဟုတ်ဘဲ အစ္စရေးဟာ စီးပွားရေးဆိုတာ သိနေလို့ဖြစ်ကြောင်း Hanegbi က ပြန်လည်ဖြေကြားခဲ့ပါတယ်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကလည်း ပြီးခဲ့တဲ့တစ်ပတ် ဗိုလ်သင်တန်းဆင်းပွဲ မိန့်ခွန်းမှာ အီရန်ကို တိုက်နေတဲ့ စစ်တပ်ဟာ ကမ္ဘ္ဘာပေါ်မှာ အစ္စရေးစစ်တပ်တစ်ခုပဲ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ အစ္စရေး တိုက်လေယာဉ်တွေဟာ အီရန်အပါအ၀င် အရှေ့အလယ်ပိုင်းက ဘယ်နေရာကိုမဆို ရောက်နိုင်တယ်လို့လည်း ပြီးခဲ့တဲ့လမှာ ၀န်ကြီးချုပ်က ပြောကြားခဲ့ဖူးပါတယ်။

    Ref: Aljazeera

  • အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားတွင် အရပ်သား ၁၆ ဦး သေဆုံး

    အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီးရီးယားတွင် အရပ်သား ၁၆ ဦး သေဆုံး

    ဇူလိုင် ၂၊ ၂၀၁၉
    M-Media

    ဆီးရီးယား၏ လေကြောင်းရန် ကာကွယ်ရေးစနစ်မှ တုန့်ပြန်မှု

    -ဆီးရီးယားနိုင်ငံအတွင်းမှာ အစ္စရေးက လေကြောင်းကနေ ကျူးကျော်တိုက်ခိုက်မှုကြောင့်
    ကလေးငယ် ၁ ဦး အပါအ၀င် အရပ်သား ၁၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    အစ္စရေးတိုက်လေယာဉ်တွေဟာ ဟုမ်းစ်မြို့နဲ့ မြို့တော် ဒမတ်စကတ် ဆင်ခြေဖုံးဒေသတွေကို လက်ဘနွန် လေပိုင်နက်ကနေ မနေ့က ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ အစ္စရေးကတော့ ဆီးရီးယားနိုင်ငံအတွင်းက အီရန်ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

    တိုက်ခိုက်မှုအတွင်း ၂၁ ဦး ဒဏ်ရာရခဲ့ပြီး နိုင်ငံရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေက ဒုံးကျည် တော်တော်များများကို ပစ်ချနိုင်ခဲ့တယ်လို့ ဆီးရီးယား အစိုးရသတင်းဌာနတွေက ထုတ်ပြန်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေအတွင်း အစ္စရေးဟာ ဆီးရီးယားဖက်ကို အကြိမ်ကြိမ် ကျူးကျော်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး အီရန်စစ်စခန်းတွေ၊ ဟစ်ဇ်ဘိုလာ စခန်းတွေ၊ ဆီးရီးယားသမ္မတ အာဆတ်ရဲ့ တပ်ဖွဲ့တွေကို ပစ်မှတ်ထား တိုက်ခိုက်တာလို့ ဆိုပါတယ်။

    Ref: Reuters

  • ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ဒေသမှ တရားမ၀င်အိမ်ယာကို အစ္စရေးက ထရမ့်အမည်ပေး

    ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ဒေသမှ တရားမ၀င်အိမ်ယာကို အစ္စရေးက ထရမ့်အမည်ပေး

    ဇွန် ၁၇၊ ၂၀၁၉
    M-Media

    – ဆီးရီးယားပိုက်နက် ဂိုလန်ကုန်းမြင့်ဒေသက တရားမ၀င်အိမ်ယာတစ်ခုကို အစ္စရေးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့အမည် ပေးလိုက်ပြီး၊ ဂိုလန်တောင်ကုန်းကို အစ္စရေးပိုင်နက်အဖြစ် ထရမ့်က အသိအမှတ်ပြုမှုအတွက် ကျေးဇူးတုန့်ပြန်တာ ဖြစ်ပါတယ်။

    မနေ့က အမည်ပေးပွဲအခမ်းအနားကို တက်ရောက်ခဲ့တဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ထရမ့်ဟာ အစ္စရေးရဲ့ ‘ကြီးကျယ်တဲ့မိတ်ဆွေ’ ဖြစ်တယ် လို့ပြောကြားခဲ့ပြီး အစ္စရေးမြောက်ပိုင်းမှာရှိနေတဲ့ ဂိုလန်တောင်ကုန်းဟာ မဟာဗျူဟာကျတဲ့ နေရာတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

    “ဂိုလန်ကုန်းမြင့်ဒေသဟာ ကျွန်တော်တို့တိုင်းပြည် အမိမြေနဲ့ အမြဲတမ်း ယှဉ်တွဲတည်ရှိနေတဲ့ ဒေသ ဖြစ်ပါတယ်”

    လူဦးရေ ၁၀ ဦးရှိပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က စတင်ပေါ်ပေါက်လာခဲ့တဲ့ အဲဒီ တရားမ၀င်အိမ်ယာကို အစ္စရေးက ဟီဘရူးဘာသာစကားနဲ့ ‘Ramat Trump’ လို့ အမည်ပေးထားပြီး ‘Trump Heights’ လို့ အဓိပ္ပါယ်ထွက်ပါတယ်။ အခုလို အမည်ပေးခြင်းအားဖြင့် အဲဒီအိမ်ယာမှာ လူတွေ ပိုမိုနေထိုင်ကာ ချဲ့ထွင်နိုင်ဖို့ အစ္စရေးက မျှော်လင့်နေပါတယ်။

    ထရမ့်ကတော့ သူ့ကို ဒီလိုဂုဏ်ပြုတဲ့အတွက် နေတန်ယာဟုနဲ့ အစ္စရေးနိုင်ငံကို ကျေးဇူးတင်တယ်လို့ မနေ့က Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အမည်ပေးပွဲအခမ်းအနားကို တက်ရောက်ခဲ့တဲ့ အစ္စရေးဆိုင်ရာ အမေရိကန်သံအမတ် ဒေးဗစ် ဖရီးဒ်မန်က ‘အရမ်းလှပတဲ့အမည်’ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကျူးကျော်မှု

    အစ္စရေးဟာ ၁၉၆၇ ခုနှစ် စစ်ပွဲမှာ ဆီးရီးယားနိုင်ငံကို ကျူးကျော်ကာ ဂိုလန်တောင်ကုန်းကို သိမ်းပိုက်ခဲ့ပြီး ၁၉၈၁ ခုနှစ်မှာ သူတို့ရဲ့ပိုင်နက်ထဲ သွတ်သွင်းခဲ့ပါတယ်။ ဒီလိုသွတ်သွင်းမှုဟာ နိုင်ငံတကာ ဥပဒေနဲ့ မညီညွတ်ဘူးလို့ ကမ္ဘ္ဘာ့နိုင်ငံအများစုက သတ်မှတ်ထားပါတယ်။

    ပြီးခဲ့တဲ့မတ်လ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုရဲ့ အမေရိကန်ခရီးစဉ်အတွင်း သမ္မတ ဒေါ်နယ်ထရမ့်က ဂိုလန်ကုန်းမြင့်ဒေသကို အစ္စရေးပိုင်နက်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ၁၀ စုနှစ်ချီ ရှိခဲ့တဲ့ အမေရိကန်ရဲ့ ပေါ်လစီကို ပြောင်းလဲလိုက်တာလည်း ဖြစ်ပါတယ်။

    အစ္စရေးရဲ့ မှတ်တမ်းတွေအရ ဂိုလန်ကုန်းမြင့်ဒေသမှာ လူ ၅ သောင်းနေထိုင်ပြီး အစ္စရေးက ဂျူးလူမျိုး ၂၂၀၀၀ နဲ့ ဒေသခံ အာရပ် ဒရုဇ်လူမျိုး ၂၅၀၀၀ လောက် ရှိနေပါတယ်။

    Ref: Aljazeera

  • ဂျေရုစလင်ရှိ အလ်-အက္ကဆွာဗလီ၏ ဂေါပကဥက္ကဌကို အစ္စရေးက ခေတ္တ ဖမ်းဆီးထိန်းသိမ်း

    ဂျေရုစလင်ရှိ အလ်-အက္ကဆွာဗလီ၏ ဂေါပကဥက္ကဌကို အစ္စရေးက ခေတ္တ ဖမ်းဆီးထိန်းသိမ်း

    ဖေဖော်ဝါရီ ၂၄၊ ၂၀၁၉
    M-Media

    – ဂျေရုစလင်က အစ္စလာမ့် သာသနိကအဆောက်အဦးတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့ ဂေါပကအဖွဲ့ အကြီးအကဲကို အစ္စရေးက ဒီကနေ့မနက်ပိုင်းမှာ ခေတ္တဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

    အစ္စရေးက တစ်စိတ်တစ်ပိုင်း သိမ်းပိုက်ကာ ပိတ်ဆို့ထားတဲ့ ဂျေရုစလင်မြို့က အစ္စလာမ်နဲ့ ခရစ်ယာန် သာသနိက အဆောက်အဦးတွေကို ဂျော်ဒန်က တာဝန်ယူ ထိန်းသိမ်းနေတာဖြစ်ပြီး သက်ဆိုင်ရာ ဂေါပကအဖွဲ့ကိုလည်း ဂျော်ဒန်က ဖွဲ့စည်းတာဝန်ပေးထားတာ ဖြစ်ပါတယ်။

    အစ္စလာမ့် သာသနိကဆိုင်ရာ ဂါပကအဖွဲ့ဥက္ကဌ ရှိခ် အဘ်ဒီလာဇင် ဆာလ်ဟဘ်ကို အစ္စရေးက ဖမ်းဆီးထိန်းသိမ်းမှုအတွက် ဂျော်ဒန်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပါတယ်။ ဂျော်ဒန် အစ္စလာမ့်ရေးရာ ၀န်ကြီး အဘ်ဒူလ် နဆာရ် အဘူလ် အလ်-ဘာဆာလ်က အစ္စရေးရဲ့ ဒီလုပ်ရပ်ဟာ ‘အန္တရာယ်ရှိကာ လက်မခံနိုင်စရာ ဖြစ်ပြီး’ ဂျေရုစလင်က အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားရာနေရာကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ ဂျော်ဒန်ရဲ့ အခန်းကဏ္ဍကို ထိခိုက်စေတယ်လို့ ပြောကြားခဲ့ပါတယ်။

    အစ္စရေးရဲတပ်ဖွဲ့က ဆာလ်ဟဘ်ကို ဖမ်းဆီးကြောင်း အတည်ပြုခဲ့ပါတယ်။ ဂေါပကအဖွဲ့က ဥက္ကဌဟာ နောက်ပိုင်းမှာ ပြန်လွတ်လာခဲ့ပြီး အလ်-အက္ကဆွာ ဗလီထဲကို ၀င်ရောက်ခွင့် တစ်ပတ် ပိတ်ပင်ခံခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းများ ဆန္ဒပြ

    အလ်-အက္ကဆွာဗလီ ပရ၀ုဏ်ထဲက သမိုင်းအမွေအနှစ်အဖွဲ့ ရုံးခန်းဖွင့်ထားတဲ့ နေရာတစ်ခုကို အစ္စရေးက ၂၀၀၃ ခုနှစ်ကစလို့ ၀င်ရောက်ခွင့်ပိတ်ထားပြီး အမွေအနှစ်အဖွဲ့ဟာ လက်နက်ကိုင်အုပ်စုတစ်ခုနဲ့ ဆက်သွယ်မှုရှိတယ်လို့ စွပ်စွဲခဲ့ပါတယ်။

    ဂျေရုစလင်က အစ္စလာမ်နဲ့ ခရစ်ယာန်တွေရဲ့ သာသနိကအဆာက်အဦးတွေကို ထိန်းသိမ်းစောင့်ရှောက်နေတဲ့ Religious Endowments Authority အဖွဲ့က ပိတ်ထားတဲ့ အစိတ်အပိုင်းကို သောကြာနေ့မှာ ဖွင့်ပေးခဲ့ပြီး ပါလက်စတိုင်းတွေက အဲဒီနေရာမှာ ၀င်ရောက် ၀တ်ပြုခဲ့ပါတယ်။

    အစ္စရေးရဲတပ်ဖွဲ့က ဂေါပကအဖွဲ့ဟာ ထိလွယ်ရှလွယ်တဲ့နေရာကို ၀င်ရောက်ခွင့်ပေးပြီး လက်ရှိအနေအထားကို ပြောင်းလဲအောင်လုပ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

    အလ်-အက္ကဆွာ ဗလီထဲက ပိတ်ထားတဲ့နေရာကို ပြန်လည်ဖွင့်ပေးရေးအတွက် ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ပါလက်စတိုင်းပြည်သူတွေ ဆန္ဒပြခဲ့ကြပြီး အစ္စရေးရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အစ္စရေးက လူ ၆၀ လောက်ကို ဖမ်းဆီးထားပါတယ်။

    Ref: Aljazeera

  • မြန်မာ-အစ္စရေး ပညာရေးသဘောတူညီချက်ကို ဖျက်သိမ်းရန် အစ္စရေးပညာရှင်များ တောင်းဆို

    မြန်မာ-အစ္စရေး ပညာရေးသဘောတူညီချက်ကို ဖျက်သိမ်းရန် အစ္စရေးပညာရှင်များ တောင်းဆို

    စက်တင်ဘာ ၁၀၊ ၂၀၁၈
    M-Media

    နှစ်နိုင်ငံ သဘောတူညီချက်ကို လက်မှတ်ရေးထိုးစဉ်က

    – မြန်မာနိုင်ငံနဲ့ လက်မှတ်ရေးထိုးထားတဲ့ ပညာရေးသဘောတူညီချက်ကို ပယ်ဖျက်ဖို့အတွက် အစ္စရေးပညာရှင်တွေနဲ့ ကျောင်းဆရာတွေက အစ္စရေးအစိုးရကို မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။

    အစ္စရေးနိုင်ငံခြားရေးဝန်ကြီး တဇီပီ ဟိုတိုဗီလီဟာ မေလက မြန်မာနိုင်ငံနဲ့ ပညာရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

    “လူမျိုးတုန်းသတ်ဖြတ်မှုတွေ၊ စစ်ရာဇ၀တ်မှုတွေ၊ လူသားထုအပေါ် ကျူးလွန်မှုတွေနဲ့ အလုပ်ရှုပ်နေတဲ့ မြန်မာအုပ်ချုပ်သူတွေက အစ္စရေးရဲ့ သင်ရိုးညွှန်းတမ်းမှာ ၀င်ရောက်စွက်ဖက်ဖို့ အခွင့်ရသွားတာဟာ လုံးဝ မယုံကြည်နိုင်စရာပါပဲ” လို့ ကျောင်းဆရာတွေ ပညာရှင်တွေက ၀န်ကြီးချုပ် နေတန်ယာဟုဆီ လိပ်မူတဲ့ အဲဒီ တိုက်တွန်းစာမှာ ရေးသားထားပါတယ်။

    ဒီအဖွဲ့ကို အစ္စရေးလူ့အခွင့်အရေးရှေ့နေ အီတေး မက်ခ်က ဦးဆောင်တာ ဖြစ်ပါတယ်။

    “အစ္စရေးကျောင်းတွေက မြန်မာနိုင်ငံပတ်သက်တဲ့ အစီအစဉ်တိုင်းမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း အဲဒီတိုင်းပြည်ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ၊ စစ်ရာဇ၀တ်မှုတွေ၊ အခြေခံလူ့အခွင့်အရေး မပေးမှုတွေ၊ စစ်တပ်ရဲ့ သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု၊ ညှင်းပမ်းမှု၊ နိုင်ငံသားတွေကို မောင်းထုတ်မှု၊ တိုင်းရင်းသားလူနည်းစုတွေအပေါ် တိုက်ရိုက် ရာဇ၀တ်မှုကျူးလွန်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ ဖြစ်ရပ်မှန်တွေကို ထည့်သွင်းရပါလိမ့်မယ်” လို့ တိုက်တွန်းစာမှာ ရေးသားထားပါတယ်။

    ပညာရေးဌာနကိုကျော်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက လက်မှတ်ရေးထိုးခဲ့တဲ့ ဒီ သဘောတူညီချက်ဟာ အစ္စရေးရဲ့ ပညာရေးစနစ်တစ်ခုလုံး၊ နိုင်ငံသားတွေ၊ ပညာရှင်တွေကို အရှက်ရစေကြောင်း လက်မှတ်ရေးထိုးသူတွေက သူတို့ရဲ့ သဘောထားကို ထည့်သွင်းဖော်ပြထားပါတယ်။

    Ref: Haaretz