News @ M-Media

Tag: Israel

  • တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေး စိုးရိမ်မှုရှိသော်လည်း မြန်မာသို့ အစ္စရေးက လက်နက်ပို့မည်

    တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေး စိုးရိမ်မှုရှိသော်လည်း မြန်မာသို့ အစ္စရေးက လက်နက်ပို့မည်

    ဇန်ဝါရီ ၁၀၊ ၂၀၁၇
    M-Media

    is
    အစ္စရေးသို့ သွားရောက်လည်ပတ်စဉ် တွေ့ရသည့် ကာကွယ်ရေးဦးစီးချုပ်

    – နိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိနေသောကြောင့် မြန်မာနိုင်ငံသို့ လက်နက်တင်ပို့မှုကို ရပ်ဆိုင်းရန် တက်ကြွလှုပ်ရှားသူများက တောင်းဆိုမှုကို အစ္စရေးက ပယ်ချလိုက်သည်ဟု သိရသည်။

    ဇန်န၀ါရီ ၈ ရက်နေ့က ပေးပို့ခဲ့သော အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၏ စာတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ သဘောတူထားပြီး၊ နိုင်ငံတကာ ဥပဒေနှင့် ကိုက်ညီသည့် စစ်လက်နက်ပစ္စည်းများ တင်ပို့မှုကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖော်ပြထားကြောင်း ဂျေရုစလင်အခြေစိုက် လူ့အခွင့်အရေး ဥပဒေအကျိုးဆောင် အစ်တေး မက်ခ်က ဧရာဝတီ သတင်းဌာနသို့ အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

    ထိုကဲ့သို့ ကာကွယ်ရေးဝန်ကြီးဌာနက ပယ်ချမှုကြောင့် မိမိအနေဖြင့် တရားရုံးချုပ်တက်ကာ အသနားခံစာ တင်သွားမည်ဟုလည်း မက်ခ်က ဆိုသည်။

    မြန်မာအစိုးရစစ်တပ်မှာ နိုင်ငံမြောက်ပိုင်းနှင့် အရှေ့ပိုင်းတွင် လူနည်းစု တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ခိုက်မှုများ ဖြစ်ပွားနေပြီး၊ နိုင်ငံအနောက်ပိုင်းတွင် ရိုဟင်ဂျာလူနည်းစုများအပေါ် ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည့်အတွက် မြန်မာစစ်တပ်က ၀ယ်ယူထားသည့် လက်နက်တင်ပို့ရေး လိုင်စင်များကို ပြန်လည်သုံးသပ်ရန် မက်ခ်နှင့် အခြားတက်ကြွလှုပ်ရှားသူများက ကာကွယ်ရေးဝန်ကြီးဌာန၏ လက်နက်ရောင်းချမှု ဌာနခွဲကို ဒီဇင်ဘာလအတွင်း စာရေးတောင်းဆိုခဲ့ခြင်းဖြစ်သည်။

    “အီရန်အပေါ် ပိတ်ဆို့မှုတွေကို ဆက်လက်ပြုလုပ်ဖို့ အသည်းအသန်ဖြစ်နေတဲ့ အစ္စရေးက အဆိုးရွားဆုံး ရာဇ၀တ်မှုတွေကို ကျူးလွန်နေမှုကြောင့် အမေရိကန်ရဲ့ အီးယူတို့က ပိတ်ဆို့ထားတဲ့ မြန်မာနိုင်ငံအပေါ် လိပ်ပြာသန့်သန့်နဲ့ လက်နက်ရောင်းနိုင်တာ အံ့သြစရာကောင်းပါတယ်” ဟု ဒီဇင်ဘာ ၁၁ ရက်နေ့က ပေးပို့ခဲ့သည့် အဆိုပါစာတွင် ဖော်ပြထားသည်။

    ၂၀၁၅ ခုနှစ် စက်တင်ဘာလအတွင်းက မြန်မာနိုင်ငံ၏ ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့တို့ အစ္စရေးသို့ သွားရောက်စဉ် အစ္စရေးအခြေစိုက် လက်နက်ကုမ္ပဏီဖြစ်သော Elbit Systems၊ လေကြောင်းလုပ်ငန်း Israeli Aerospace Industries နှင့် ၎င်း၏ လက်ခွဲ Elta Systems Ltd သို့ သွားရောက်လည်ပတ်ခဲ့သည်။

    အစ်တေး မက်ခ်က Elbit Systems နှင့် အခြားလက်နက်ကုမ္ပဏီ TAR Ideal တို့မှာ မြန်မာစစ်တပ်အား လက်နက်ရောင်းချရန် သဘောတူစာချုပ် ချုပ်ခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

    ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့မှာ အစ္စရေး ရေတပ်စခန်း၊ တဲလ်အဗီးရှိ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ဂါဇာကမ်းမြှောင်ရှိ ဗိမာန်တို့အား သွားရောက်လည်ပတ်ခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်၏ Facebook စာမျက်နှာတွင် ၎င်းအနေဖြင့် အစ္စရေးမှ စစ်လက်နက်ပစ္စည်းများ ၀ယ်ယူရန်နှင့် လေ့ကျင့်သင်ကြားပေးရန် အစ္စရေးကိုယ်စားလှယ်အဖွဲ့များနှင့် ဆွေးနွေးခဲ့သည်ဟု ဖော်ပြခဲ့သည်။

    အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနကမူ အစ်တေးမက်ခ်သို့ ပေးပို့သည့်စာတွင် နိုင်ငံခြားတိုင်းပြည်များနှင့် စစ်လက်နက် ရောင်းဝယ်ရေး သဘောတူညီချက်နှင့်ပတ်သက်၍ မည်သည့်ဖော်ပြချက်မှ မပါဝင်ပေ။

    “မြန်မာစစ်တပ် အကြီးအကဲကတောင် ၂၀၁၅ စက်တင်ဘာက အစ္စရေးကို လည်ပတ်မှု၊ ၂၀၁၆ သြဂုတ်လမှာ အစ္စရေး လက်နက်တင်ပို့မှုအကြီးအကဲတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံမှုတွေကို အသေးစိတ် ထုတ်ပြန်ခဲ့သေးတာပဲ။ (အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနရဲ့) ဒီလျှို့ဝှက်မှုက ထူးဆန်းနေတယ်ဗျ” ဟု မက်ခ်က ပြောကြားခဲ့သည်။

    Ref: Irrawaddy

  • နောက်ကျောဓားနဲ့ထိုးမယ့် အစ္စရေးအကြံကို ယူကေလွှတ်တော်အမတ်များ ရှုတ်ချ

    နောက်ကျောဓားနဲ့ထိုးမယ့် အစ္စရေးအကြံကို ယူကေလွှတ်တော်အမတ်များ ရှုတ်ချ

    ဇန်န၀ါရီ ၁၀၊ ၂၀၁၇
    M-Media

    uk
    အလ်ဂျာဇီးရားမှ လျှို့ဝှက် ရိုက်ကူးနိုင်ခဲ့သည့် ဗီဒီယိုမှ အစ္စရေးသံရုံးတာဝန်ရှိသူ မာဆွတ်။ ၎င်းမှာ ဗြိတိန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးကို ဖြုတ်ချရန် ကြံစည်သူဖြစ်သည်။

    – ပါလက်စတိုင်းပိုင်နက်မှာ အစ္စရေးက ကျူးကျော်ဆောက်လုပ်နေတဲ့ အိမ်ယာတွေနဲ့ပတ်သက်ပြီး ဝေဖန်တဲ့ ယူကေ ဒုတိယနိုင်ငံခြားရေးဝန်ကြီးကို ‘ပြုတ်သွားအောင်’ ပြုလုပ်ဖို့ စီစဉ်ချင်တဲ့ အစ္စရေး သံတမန်တစ်ဦးရဲ့ စကားကို ယူကေ ပါလီမန်ရဲ့ အကြီးတန်းတာဝန်ရှိသူတွေက ရှုတ်ချ ပြောဆိုလိုက်ပါတယ်။

    လန်ဒန်က အစ္စရေးသံရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံရေးအကြီးတန်းတာဝန်ရှိသူ ရှာအီ မာဆွတ်က လောဘာပါတီရဲ့ နိုင်ငံခြားရေးရာအတွက် အရေးပါသူ အီမီလီ သွန်ဘာရီကို ဖြုတ်ချပစ်မယ်လို့ ပြီးခဲ့တဲ့ တစ်ပတ်မှာ ကြုံးဝါးခဲ့တာပါ။ ဒါဟာ ‘အင်မတန် ခံပြင်းစရာကောင်းတဲ့’ စကားဖြစ်ပြီး အစ္စရေးက ယူကေနိုင်ငံရေးစနစ်မှာ ဒီလို ၀င်ရောက်နှောက်ယှက်မှု အတိုင်းအတာကို စုံစမ်းစစ်ဆေးဖို့ ပါလီမန်အမတ်တွေက တောင်းဆိုခဲ့ပါတယ်။

    မာဆွတ်ရဲ့ ဒီလိုခြိမ်းခြောက်ပြောကြားမှုကို အစ္စရေးသံအမတ်နဲ့ ဗြိတိန် အစိုးရ၀န်ထမ်းပေါင်းပြီး နိုင်ငံရေးသမားကြီးတွေကို ဘ၀ပျက်စေဖို့ ဆောင်ရွက်မယ့် အစီအစဉ်ကို ဖော်ထုတ်ခဲ့တဲ့ အလ်ဂျာဇီးရားသတင်းဌာန စုံစမ်းရေးအဖွဲ့ရဲ့ ၆ လကြာ လုပ်ငန်းအတွင်း လျှို့ဝှက်ဗီဒီယို ရိုက်ကူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

    “နိုင်ငံခြားရေးဝန်ကြီးဌာအနေနဲ့ ဒီကိစ္စကို ဒီအတိုင်းထားလိုက်လို့ ပြောလိုက်တာနဲ့ မလုံလောက်ပါဘူး။ ဒါဟာ အမျိုးသားလုံခြုံရေးပြဿနာပါ။ ဒီကိစ္စမှာပါဝင်တဲ့ အာဏာပိုင်တွေဟာ နှုတ်ထွက်သင့်ပါတယ်။ ပြီးတော့ မရိုးမသား နှောက်ယှက်မှုတွေ ဘယ်လောက်ရှိတယ်ဆိုတာကို အစိုးရက ချက်ခြင်းစုံစမ်းစစ်ဆေးသင့်ပြီး၊ ဒါမျိုးတွေကို အဆုံးသတ်ဖို့ အစ္စရေးအစိုးရကိုလည်း တောင်းဆိုပါတယ်” လို့ သွန်ဘာရီက ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အလ်ဂျာဇီးရားအဖွဲ့က ရိုက်ကူးနိုင်ခဲ့တဲ့ ဗီဒီယိုမှာ အာဏာရ ကွန်ဆာဗေးတစ်ပါတီရဲ့ ဒုတိယဥက္ကဌဖြစ်တဲ့ လွှတ်တော်အမတ် ရောဘာ့တ် ဟဲလ်ဖွန်ရဲ့ ကိုယ်ရေးအရာရှိ မာရီယာ ထရစ်ဇိုလိုနဲ့တွေ့စုံစဉ်မှာ မာဆွတ်က သူတို့ပြုတ်သွားစေချင်တဲ့ လွှတ်တော်အမတ် အမည်စာရင်းတွေကို ပေးမယ်လို့ မာရီယာကို ပြောခဲ့တာပါ။

    အဲဒီနောက်မှာတော့ ပါလက်စတိုင်းပိုင်နက်မှာ အစ္စရေးက ပြုလုပ်နေတဲ့ တရားမ၀င်အိမ်ယာ ဆောက်လုပ်မှုတွေဟာ နိုင်ငံတကာမှာ အစ္စရေးပုံရိပ်ကို စွန်းထင်းမှု ပိုကြီးစေတယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့တဲ့ ယူကေ ဒုတိယနိုင်ငံခြား ရေးဝန်ကြီး ဆာ အလန် ဒွန်ကန်ရဲ့ အမည်ကို ပေးခဲ့ပါတယ်။ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း ဟီဘရွန်မြို့က အစ္စရေးရဲ့ လုပ်ရပ်တွေကို လူမျိုးရေး ခွဲခြားဆက်ဆံမှုအဖြစ် ဝေဖန်ခဲ့တဲ့ ဒွန်ကန်ဟာ အစ္စရေးရဲ့ တည်ရှိခွင့်ကို လုံးဝထောက်ခံတယ်လို့ ၂၀၁၄ ခုနှစ်မှာ ပြောဆိုခဲ့ဖူးပါတယ်။

    မာရီယာက ဒွန်ကန် ပြုတ်ကျသွားဖို့အတွက် နည်းနည်းပါးပါး လှည့်ကွက်ဆင်ရမယ်လို့လည်း မာဆွတ်ကို အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

    အဲဒီတွေ့ဆုံမှုအတွင်းမှာ မာဆွတ်ဟာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီ ဘောရစ် ဂျွန်ဆင်ကို ‘အသုံးမကျသူ’ ‘တာဝန်ယူမှု မရှိသူလို့လည်း’ လည်း ပြောကြာခဲ့ပြီး မာရီယာကတော့ ၀န်ကြီးဟာ ‘အစ္စရေးအမာခံ’ ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။ အလ်ဂျာဇီးရားက ဒီတွေ့ရှိချက်တွေကို ထုတ်ပြန်ခဲ့ပြီး၊ နိုင်ငံတကာမီဒီယာတွေကလည်း ထပ်ဆင့်ဖော်ပြခဲ့ပြီးတဲ့နောက်မှာ အစ္စရေးသံရုံးက မာဆွတ်ဟာ မကြာခင်မှာ ‘သက်တမ်း အဆုံးသတ်တော့မှာ’ ဖြစ်တယ်လို့ Twitter စာမျက်နှာကနေ တုန့်ပြန် ပြောကြားခဲ့ပြီး၊ ယူကေဆိုင်ရာ အစ္စရေးသံအမတ် မာ့က် ရီဂျီဗ်ကလည်း ယူကေ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဒွန်ကန်ကို တောင်းပန်ကြောင်း၊ မာဆွတ်ရဲ့ ဒီမှတ်ချက်တွေဟာ လုံးဝ လက်ခံနိုင်စရာမရှိကြောင်း ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

    တနင်္ဂနွေနေ့မှာတော့ မာရီယာ စထရစ်ဇိုလိုကလည်း သူမရဲ့ ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

    စကော့တစ်ရှ်အမျိုးသားပါတီက လွှတ်တော်အမတ် အဲလက် ဆဲလ်မွန်က မာဆွတ်ကို တိုင်းပြည်ကနေ နှင်ထုတ်ဖို့ တနင်္ဂနွေနေ့မှာ တောင်းဆိုခဲ့ပါတယ်။

    နောက်ပြီး ရွေးကောက်ခံထားရတဲ့ လွှတ်တော်အမတ်တွေ သူတို့ရဲ့ အလုပ်တွေကို အကောင်းဆုံး စွမ်ရည်တွေနဲ့ လွတ်လပ်စွာ လုပ်ကိုင်နိုင်ဖို့၊ အမြင်မတူတဲ့ တခြားနိုင်ငံသံရုံး တာဝန်ရှိသူတွေက သူတို့ရဲ့ ဂုဏ်သိက္ခာကို ညှိုးနွှမ်းအောင် လုပ်မလားဆိုတဲ့ စိုးရိမ်မှုမျိုး အမတ်တွေမှာ ရှိမလာဖို့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီးတရားဝင် စုံစမ်းစစ်ဆေးမှု ပြု လုပ်ဖို့ ထောက်ခံတယ်လို့လည်း ဆဲလ်မွန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအကြောင်းရေးသားခဲ့တဲ့ သုတေသနပညာရှင် ဂျာနယ်လစ် ဘန်ဝှိုက်က ဗြိတိန်နိုင်ငံရေးသမားတွေပေါ်မှာ အစ္စရေးက ဒီလို လွှမ်းမိုးဖို့ ကြိုးစားတာဟာ အံ့သြစရာမဟုတ်ပေမယ့်၊ ဒီလို လျှို့ဝှက်ဗီဒီယို လူသိရှင်ကြား ထွက်လာတာက ထူးခြားတယ်လို့ ဆိုပါတယ်။

    “မာဆွတ်လိုလူမျိုး အလုပ်လုပ်နေတဲ့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အစ္စရေးရဲ့ မဟာဗျူဟာရေးရာ ၀န်ကြီးဌာနလို့ ပြောလို့ရပြီး အစ္စရေးဆန့်ကျင်ရေးလှုပ်ရှားမှု Boycott Divest and Sanctions ကို လမ်းကြောင်းပြောင်းဖို့၊ ဖျက်ဆီးဖို့အတွက် သူတို့ရဲ့ မျက်စိထဲမှာ အန္တရာယ်ရှိတယ်၊ ဒီလှုပ်ရှားမှုအပေါ်မှာ အလေးထားပြီး တက်တက်ကြွကြွလှုပ်ရှားတယ်လို့ ယူဆသူတွေကို တိုက်ခိုက်ဖို့ တော်တော်လေး အားစိုက်ဆောင်ရွက်ပါတယ် ” လို့ ၀ှိုက်က ပြောကြားခဲ့ပါတယ်။

    ဒီအဖြစ်အပျက်ဟာ The Lobby လို့အမည်ပေးထားပြီး ဇန်န၀ါရီ ၁၁ ရက်နေ့ကနေ နေ့စဉ်ပြသသွားမယ့် အပိုင်းလေးပိုင်းပါ ဗီဒီယိုစီးရီးမှာ အလ်ဂျာဇီးရား စုံစမ်းဖော်ထုတ်ရေးအဖွဲ့ရဲ့ တွေရှိမှုများစွာထဲက တစ်ခုသာ ဖြစ်ပါတယ်။

    အဲဒီဗီဒီယိုတွေမှာ အစ္စရေးအစိုးရအနေနဲ့ ဗြိတိန်နိုင်ငံရေးလောကမှာ ဘယ်လို ၀င်ရောက်လှုပ်ရှားနေသလဲဆိုတာကို ဖော်ထုတ်ထားပါတယ်။

    အလ်ဂျာဇီးရား စုံစမ်းဖော်ထုတ်မှုအဖွဲ့နဲ့ အလုပ်အလုပ်နေတဲ့ လျှို့ဝှက် သတင်းသမား ရော်ဘင် (အမည်လွှဲ) ဟာ ၆ လတာ ကာလအတွင်းမှာ လန်ဒန် အစ္စရေးသံရုံးကနေတစ်ဆင့် အစ္စရေးအစိုးကနေ ထောက်ပံ့ပေးနေတဲ့ ဗြိတိန်က ၀ါဒဖြန့်ချီရေးကွန်ယက် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

    နိုင်ငံရေး ပေါ်လစီတွင် ၀င်ရောက်လွှမ်းမိုးခြင်း

    ရော်ဘင်နဲ့ တွေ့ဆုံစဉ်အတွင်းမှာ မာရီယာ စထရစ်ဇိုလိုက သူမအနေနဲ့ ယူကေရဲ့ နိုင်ငံခြားရေးပေါ်လစီမှာ အစ္စရေးက ထိပ်ဆုံးမှာ ရှိနေဖို့အတွက် ကိုယ်တွယ်ဆောင်ရွက်တဲ့ မဟာဗျူဟာ ရှိနေတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    “အနည်းဆုံး လွှတ်တော်အမတ် တစ်စုလောက်ကို ကိုင်ထားနိုင်ရင် သူတို့ကို ဦးတည်လှုပ်ရှားလို့ရတယ်ဆိုတာ ရှင်လည်းသိမှာပါ။ လွှတ်တော်မှာ ပြဿနာတစ်ခုရောက်လာရင် ‘ရှင်တို့ ဘာမှ လုပ်စရာမလိုဘူး၊ ရှင်တို့ ဘာပြောရမလဲဆိုတာ ကျွန်မတို့ပေးမယ်၊ သတင်းအချက်အလက်အားလုံး၊ လိုတာအားလုံးပေးမယ်’ လို့ ကျွန်မတို့က လမ်းကြောင်းချပေးတာပါ” လို့ မာရီယာက ပြောကြားခဲ့ပါတယ်။

    အပတ်စဉ်ပြုလုပ်တဲ့ လွှတ်တော်အမတ်တွေနဲ့ ၀န်ကြီးချုပ် အမေးအဖြေအစီအစဉ်အတွက် မေးခွန်းတွေကို ချဉ်းကပ်ရယူဖို့လည်း သူမက အကြံပြုခဲ့ပါတယ်။ အဲဒီ အစီအစဉ်ကို တီဗီကနေ တိုက်ရိုက်လွှင့်တာ ဖြစ်ပါတယ်။

    နောက်ပြီး နိုင်ငံတော်အဆင့် အဲဒီဆွေးနွေးမှုမှာ ဗြိတိန်အစိုးရက အစ္စရေးကို ပစားပေးဖို့အတွက် သူမ လုပ်နိုင်ခဲ့မမှုကိုလည်း မာရီယာက ရော်ဘင်ကို ကြွားဝါပြောပြခဲ့ပါသေးတယ်။

    ဒါကတော့ ၂၀၁၄ ခုနှစ်က ဗြိတိန်လွှတ်တော်က အစ္စရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ Conservative Friends of Israel နဲ့အတူ အစ္စရေးကို သူမ ရောက်ရှိနေချိန်မှာ ဗြိတိန်လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဟဲလ်ဖွန်ကို ပျောက်ဆုံးပြီး အသတ်ခံလိုက်ရတယ်လို့ ယူဆရတဲ့ အစ္စရေး လူငယ် ၃ ဦးအတွက် အစိုးရရဲ့ တုန့်ပြန်ဆောင်ရွက်မှုတွေကို မေးမြန်းခိုင်းခဲ့တာဖြစ်ပါတယ်။ ဟဲလ်ဖွန်ဟာ ဒီမေးခွန်းကိုမေးခဲ့ပြီးတဲ့နောက် ‘ဟားမက်အကြမ်းဖက်ကွန်ယက်တွေကို ချေမှုန်းဖို့ ဘာမဆိုလုပ်ရမယ့်’
    အစ္စရေးအစိုးရကို အပြည့်အ၀ထောက်ခံဖို့လည်း ၀န်ကြီးချုပ်ဒေးဗစ်ကင်မရွန်းကို တိုက်တွန်းခဲ့ပါတယ်။

    အဲဒီမေးမြန်မှုအတွက် ၀န်ကြီးချုပ်ကင်မရွန်းဟာ အစ္စရေးဖက်က ရပ်တည်ပေးမယ်လို့ ပြန်လည်ဖြေကြားခဲ့ရပါတယ်။

    Ref: Aljazeera

    (အလ်ဂျာဇီးရားသတင်းဌာနမှ UK MPs urge probe into Israeli plot against politicians ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • ပါလက်စတိုင်းတစ်ဦးက ကားဖြင့်ဝင်တိုက်သောကြောင့် အစ္စရေးစစ်သား ၄ ဦး သေဆုံး

    ပါလက်စတိုင်းတစ်ဦးက ကားဖြင့်ဝင်တိုက်သောကြောင့် အစ္စရေးစစ်သား ၄ ဦး သေဆုံး

    ဇန်န၀ါရီ ၈၊ ၂၀၁၇
    M-Media

    pales

    – နိုင်ငံတကာက ပါလက်စတိုင်းပိုင်နက်ဖြစ်ရမည်ဟု သတ်မှတ်ထားသည့် ဂျေရုစလင်တွင် တပ်စွဲထားသော အစ္စရေး တပ်ဖွဲ့ဝင်များကို ပါလက်စတိုင်းတစ်ဦးက ကားဖြင့် ၀င်တိုက်မှုကြောင့် အနည်းဆုံး စစ်သား ၄ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    အဆိုပါ ထရပ်ကားဖြင့်တိုက်ခိုက်မှုမှာ ယနေ့တွင် ဖြစ်ပွားခဲ့ခြင်းပြီး ကားမောင်းသမားကို အသေပစ်သတ်ခဲ့သည်ဟု အစ္စရေးအာဏာပိုင်များက ပြောကြားခဲ့သည်။ ထရပ်ကားအောက်တွင် စစ်သား ၁၀ ဦး ညပ်နေခဲ့ပြီး နောက်ပိုင်းတွင် ကယ်ဆယ်နိုင်ခဲ့သော်လည်း ၃ ဦးမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့သည်။

    အစ္စရေးရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မစ်ကေး ရိုဆန်ဖဲလ်ဒ်ကမူ အတိုက်ခံရသည့်စစ်သားများမှာ ဘတ်စ်ကားတစ်ခုမှ ဆင်းလာစဉ် ထရပ်ကားသမားက ၀င်တိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုဖြစ်ရပ်မှာ မတော်တဆမှုမဟုတ်ဘဲ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ပါလက်စတိုင်းပိုင်နက်များတွင် ကျူးကျော်တပ်စွဲထားသော အစ္စရေးလုံခြုံရေးတပ်ဖွဲ့များ၊ ပါလက်စတိုင်းပိုင်နက်များတွင် ကျူးကျော်ဆောက်လုပ်ထားသော အစ္စရေး၏ တရားမ၀င်အခြေချအိမ်ယာများတွင် နေထိုင်သူများကို ပါလက်စတိုင်များက သေနတ်ဖြင့်ပစ်ခြင်း၊ ဓားဖြင့်ထိုးခြင်း၊ ယာဉ်များဖြင့် တိုက်ခိုက်ခြင်းတို့မှာ လွန်ခဲ့သည့် တစ်နှစ်ခန့်မှစ၍ အများအပြား ဖြစ်ပွားခဲ့ပြီး ဖြစ်ပွားမှုနှုန်းလျော့ကျလာချိန်တွင် ယခုတိုက်ခိုက်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။

    ၂၀၁၅ ခုနှစ် အောက်တိုဘာလက အစ္စရေးလုံခြုံရေးတပ်ဖွဲ့များနှင့် ပါလက်စတိုင်းပိုင်နက်ရှိ အစ္စရေး၏ တရားမ၀င်အိမ်ယာများတွင် နေထိုင်သူများက အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်ကို ၀င်ရောက်စီးနင်းခဲ့ပြီးနောက် ဖြစ်ပွားခဲ့သော နှစ်ဖက်တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၂၄၇ ဦး၊ လုံခြုံရေးတပ်ဖွဲ့ဝင်အများစုအပါအ၀င် အစ္စရေး ၄၀ ဦး၊ အမေရိကန် ၂ ဦး၊ ဂျော်ဒန်တစ်ဦး၊ အီရစ်ထရီယံတစ်ဦးနှင့် ဆူဒန်တစ်ဦးတို့ သေဆုံးခဲ့သည်။

    Ref: Aljazeera

  • ဒဏ်ရာရ ပါလက်စတိုင်းတစ်ဦးကို ပစ်သတ်ခဲ့သည့် စစ်သားမှာ လူသတ်မှုမြောက်သည်ဟု အစ္စရေးဆုံးဖြတ်

    ဒဏ်ရာရ ပါလက်စတိုင်းတစ်ဦးကို ပစ်သတ်ခဲ့သည့် စစ်သားမှာ လူသတ်မှုမြောက်သည်ဟု အစ္စရေးဆုံးဖြတ်

    ဇန်န၀ါရီ ၅၊ ၂၀၁၇
    M-Media

    soldier
    ဒဏ်ရာရနေသည့် ပါလက်စတိုင်းအမျိုးသားတစ်ဦးကို အနီးကပ် ပစ်သတ်ခဲ့သည့် အစ္စရေးစစ်သား အီလိုရ် အာဇာရီယာ

    – ဒဏ်ရာရနေသည့် လက်နက်မဲ့ ပါလက်စတိုင်းအမျိုးသားတစ်ဦးအား အနီးကပ်ပစ်သတ်ခဲ့သည့် အစ္စရေးစစ်သားမှာ လူသတ်မှုအတွက် အပြစ်ရှိသည်ဟု စစ်ခုံရုံးက ယမန်နေ့တွင် ဆုံးဖြတ်ခဲ့သည်။

    အဆိုပါစစ်သားမှာ အသက် ၂၀ အရွယ် အီလိုရ် အာဇာရီယာဖြစ်ပြီး ပြီးခဲ့သည့်နှစ် မတ်လ ၂၁ ရက်နေ့က ဒဏ်ရာရနေသည့် အသက် ၂၁ နှစ်အရွယ် ပါလက်စတိုင်း အမျိုးသား အဘ်ဒူလ် ဖာတာဟ် အလ်-ရှရစ်ဖ်ကို အနီးကပ် ပစ်သတ်ခဲ့သည်။

    ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါအဖြစ်အပျက်တွင် အလ်-ရှရစ်ဖ်မှာ အစ္စရေးလုံခြုံရေးတပ်ဖွဲ့များကို ဓားဖြင့်တိုက်ခိုက်သည်ဟူသော စွဲချက်ခြင့် သေနတ်ဖြစ့် အပစ်ခံရကာ ဒဏ်ရာဖြင့် မြေပြင်တွင် လဲကျနေစဉ် အာဇာရီယာ၏ သတ်ဖြတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်။

    အစ္စရေးလူ့အခွင့်အရေးအဖွဲ့ B’Tselem မှ တက်ကြွလှုပ်ရှားသူတစ်ဦးက ထိုအဖြစ်အပျက်အား ဗီဒီယိုမှတ်တမ်းတင်ကာ အင်တာနက်ပေါ်သို့ လွှင့်တင်ခဲ့ပြီးနောက် အစ္စရေးစစ်သားများက ပါလက်စတိုင်းပြည်သူများအပေါ် တရားလက်လွတ်သတ်ဖြတ်မှုများအတွက် ဝေဖန်မှုများစွာ ပေါ်ထွက်လာခဲ့သည်။

    အာဇာရီယာ၏ ရှေ့နေအဖွဲ့ကမူ ဒဏ်ရာဖြင့်လဲကျနေသည့် အလ်-ရှရစ်ဖ်တွင် ဓားရှိနေပြီး အသက်အန္တရာယ် ခြိမ်းခြောက်နိုင်သည့် အခြေအနေမျိုးဖြစ်သည်ဟု လျှောက်လဲခဲ့သည်။ သို့သော်လည်း ဗီဒီယိုအရ ဓားမှာ အလ်-ရှရစ်ဖ်နှင့် အတော်ဝေးဝေးတွင် တည်ရှိနေသည်။

    ထို့ပြင် အာဇာရီယာမှာ စိတ်ဖိစီးမှုရှိနေသည်ဟုလည်းကောင်း၊ အာဇာရီယာ ကိုယ်တိုင်ကလည်း အလ်-ရှရစ်ဖ်တွင် အသေခံဗုံးခွဲခါးပတ်ရှိနေသည်ဟု ယူဆခဲ့ကြောင်း ထွက်ဆိုခဲ့ကြသည်။

    ယမန်နေ့က ၂ နာရီကြာမြင့်ခဲ့သည့် ကြားနားမှုတွင် တရားသူကြီးအဖွဲ့က အာဇာရီယာဘက်မှ တင်ပြမှုများအားလုံးကို ပယ်ချခဲ့ပြီး ‘မြေပြင်ပေါ်တွင် လဲကျနေသူမှာ အကြမ်းဖက်သမား ဖြစ်နေလျှင်ပင် မသင့်လျော်သည့် တုန့်ပြန်မှုမျိုး မပြုလုပ်ရ’ ဟု ပြောကြားခဲ့ကာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ အမိန့်ကိုမူ ဇန်န၀ါရီ ၁၅ ရက်နေ့တွင် ချမှတ်ရန်ရှိနေပြီး အမြင့်ဆုံး ထောင်ဒဏ် နှစ် ၂၀ အထိ ကျခံရဖွယ် ရှိနေသည်။

    အာဇာရီယာ၏ ရှေ့နေအဖွဲ့ကမူ ၎င်းတို့အနေဖြင့် အယူခံဝင်သွားမည်ဟု ပြောကြားခဲ့သည်။

    ကြားနာမှုမပြုလုပ်ခင် အာဇာရီယာအား ထောက်ခံသူများနှင့် ရဲတပ်ဖွဲ့တို့အကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အများအပြား ဖမ်းဆီးခံခဲ့ရသည်။

    Ref: Aljazeera

  • ခြစားမှုကိစ္စအတွက် အစ္စရေးဝန်ကြီးချုပ်ကို ရဲတပ်ဖွဲ့ စစ်ဆေးမေးမြန်း

    ခြစားမှုကိစ္စအတွက် အစ္စရေးဝန်ကြီးချုပ်ကို ရဲတပ်ဖွဲ့ စစ်ဆေးမေးမြန်း

    ဇန်န၀ါရီ ၃၊ ၂၀၁၇
    M-Media

    naytan

    – စီးပွားရေးသမားများထံမှ လက်ဆောင်များ ရယူခဲ့သည်ဟု သံသယရှိမှုနှင့်ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုမှာ ရဲတပ်ဖွဲ့၏ ၃ နာရီကြာ စစ်ဆေးမေးမြန်းမှုကို ခံခဲ့ရပြီး၊ ခြစားသည်ဟူသော စွဲချက်အတွက် စုံစမ်းစစ်ဆေးမှုတစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

    ယမန်နေ့က ဂျေရုစလင်မြို့လယ်ကောင်ရှိ ၎င်း၏ ၀န်ကြီးချုပ်နေအိမ်တွင် စစ်ဆေးခံရခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ၀န်ကြီးချုပ်မှာ လက်ဆောင်များ ရယူခဲ့သည်ဟု သံသယရှိသည့်အတွက် မေးမြန်းခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း အသေစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

    အတိုက်အခံများက နေတန်ယာဟုမှာ ခြစားမှုများရှိခဲ့သည်ဟု စွပ်စွဲပြောဆိုထားပြီး၊ ၀န်ကြီးချုပ်ကမူ ထိုစွဲချက်အား ငြင်းဆိုခဲ့သည်။

    ယမန်နေ့ ရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းမှုကို အစ္စရေး တရားရေးဝန်ကြီးဌာနကလည်း အတည်ပြုခဲ့သည်။ နေတန်ယာဟုမှာ နိုင်ငံအတွင်းနှင့် နိုင်ငံပြင်ပရှိ စီးပွားရေးသမားများထံမှ ငွေကြေပမာဏများစွာ လာဘ်ယူခဲ့သည်ဆိုသည့် စွပ်စွဲမှုများမှာ ယခင်ကတည်းက ရှိနေခဲ့ခြင်းဖြစ်သည်။

    ရှေ့နေချုပ် အဗီချိုင် မန်ဒဲလ်ဘလစ်ကမူ လက်ရှိ စုံစမ်းမှုကို ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းမှုအဖြစ် တစ်ဆင့်မြှင့်ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားသည်ဟု ဖော်ပြမှုများလည်း ရှိနေသည်။

    နေတန်ယာဟု ခြစားသည်ဆိုသော စွဲချက်များအတွက် အစ္စရေးရဲတပ်ဖွဲ့က လွန်ခဲ့သည့် ၈ လ အရင်ကတည်းက စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေခြင်းဖြစ်ပြီး၊ မကြာသေးမီကာလအတွင်း ထိုကိစ္စကို အရှိန်မြှင့်ဆောင်ရွက်ခဲ့သည်။ ထို့ပြင် သက်သေ ၅၀ ခန့်ကိုလည်း မေးမြန်းစုံစမ်းခဲ့သည်။

    Ref: Aljazeera