News @ M-Media

Tag: Israel

  • သတင်းမှားကို အခြေခံကာ နျူဖြင့် လက်စားချေမည်ဟု ပါကစ္စတန်က အစ္စရေးကို သတိပေး

    သတင်းမှားကို အခြေခံကာ နျူဖြင့် လက်စားချေမည်ဟု ပါကစ္စတန်က အစ္စရေးကို သတိပေး

    ဒီဇင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    paki
    ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မိုဟာမက် အာဆစ်ဖ်

    – အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သည့် သတင်းမှားတစ်ခုကို အမှန်ဟုယူဆ၍ ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးမှာ အစ္စရေးအား နျူလက်နက်ဖြင့် ခြိမ်းခြောက်ခဲ့သည်ဟု သိရသည်။

    ပါကစ္စတန်မှာ ဆီးရီးယားသို့ စစ်တပ်များ စေလွှတ်မည်ဆိုလျှင် မိမိတို့က နျူကလီးယားလက်နက်ဖြင့် ပါကစ္စတန်ကို တိုက်ခိုက်မည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီး မိုရှေး ယာလွန်က ပြောကြားသည်ဆိုသော သတင်းတစ်ပုဒ်ကို AWD ၀ဘ်ဆိုက်တွင် ဖော်ပြပြီးနောက်ပိုင်း ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မိုဟာမက် အာဆစ်ဖ်က ယခုကဲ့သို့ တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

    “ဆီးရီးယားက IS အကြမ်းဖက်တွေကို တိုက်ခိုက်မှုမှာ ပါကစ္စတန်ရဲ့ အခန်းကဏ္ဍအတွက် အစ္စရေးကာကွယ်ရေးဝန်ကြီးက နျူလက်နက်နဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ပါကစ္စတန်လည်း နျူလက်နက်ပိုင်ဆိုင်တယ်ဆိုတာ အစ္စရေးက မေ့နေလားမသိဘူး” ဟု အာဆစ်ဖ်က သောကြာနေ့နှောင်းပိုင်းတွင် ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားခဲ့သည်။

    သို့သော် AWD ၏ အဆိုပါသတင်းမှာ လုပ်ကြံသတင်းဖြစ်ပြီး မိုရှေးယာလွန်မှာလည်း အစ္စရေးကာကွယ်ရေးဝန်ကြီးအဖြစ်မှ မေလတွင် အနားယူသွားခဲ့သည်။

    အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါသတင်းမှာ မှားယွင်းပြီး၊ မိုရှေးယာလွန်အနေဖြင့် ထိုကဲ့သို့ မည်သည့်အခါကမှ ပြောကြာခဲ့ခြင်းမရှိဟု Twitter စာမျက်နှာမှတစ်ဆင့် ပြန်လည်ဖြေရှင်းခဲ့သည်။

    အစ္စရေးနှင့် ပါကစ္စတန် နှစ်နိုင်ငံစလုံးတွင် နျူလက်နက်များ ရှိသည်ဟု ယူဆရပြီး နျူလက်နက်မပြန့်ပွားရေးစာချုပ် NPT တွင် လက်မှတ်မထိုးထားချေ။

    အစ္စရေးမှာ ၁၉၆၀ ပြည့်နှစ်များကတည်းက နျူကလီးယားလက်နက်ကို ပိုင်ဆိုင်သည်ဟု အများစုက ယူဆကြသော်လည်း အစ္စရေးနိုင်ငံက တရားဝင် ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

    ပါကစ္စတန်နှင့် အစ္စရေးတို့မှာ သံတမန်အဆက်အသွယ်လည်းမရှိဘဲ ပါကစ္စတန်မှာ အစ္စရေးအား အသိအမှတ်မပြုပေ။

    အွန်လိုင်းအချက်အလက်စစ်ဆေးရေး ၀ဘ်ဆိုက်တစ်ခုဖြစ်သော Snopes က AWD သတင်းဝဘ်ဆိုက်မှာ ယုံကြည်စိတ်ချ၍မရသော ၀ဘ်ဆိုက်ဖြစ်သည်ဟု ပြောကြားခဲ့ပြီး ယခင်ကလည်း ဂျော်ဒန်ဘုရင် အဘ်ဒူလာမှာ ၎င်းမိဘုရား ရာနီယာကို သတ်ဖြတ်ခဲ့သည်ဟု လွှင့်တင်ခဲ့ဖူးသည်။ ရာနီယာမှာ ယခုအချိန်အထိ အသက်ထင်ရှား ရှိနေသေးသည်။

    Ref: RT

  • ပါလက်စတိုင်းမှ အစ္စရေး၏ကျူးကျော်အိမ်ယာများကို ဆန့်ကျင်သည့် ဆုံးဖြတ်ချက် ကုလ အတည်ပြု

    ပါလက်စတိုင်းမှ အစ္စရေး၏ကျူးကျော်အိမ်ယာများကို ဆန့်ကျင်သည့် ဆုံးဖြတ်ချက် ကုလ အတည်ပြု

    ဒီဇင်ဘာ ၂၄၊ ၂၀၁၆
    M-Media

    is

    – ပါလက်စတိုင်းပိုင်နက်များအတွင်း အစ္စရေးက တရားမ၀င်အိမ်ယာများ ဆောက်လုပ်မှုကို လုံးဝရပ်တန့်ရန် တောင်းဆိုထားသည့် မူကြမ်းတစ်ခုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ယမန်နေ့တွင် အတည်ပြုလိုက်သည်ဟု သိရသည်။

    အဆိုပါမူကြမ်းကို အီဂျစ်က ကြာသာပတေးနေ့တွင် တင်သွင်းရန် ရှိနေသော်လည်း အမေရိကန်သမ္မတသစ် ထရမ့်နှင့် အစ္စရေးမှ ဖိအားများကြောင့် တင်သွင်းခြင်းမပြုခဲ့ပေ။ သို့သော်လည်း နယူးဇီလန်၊ မလေးရှား၊ ဗင်နီဇွဲလားနှင့် ဆီနီဂေါလ်တို့က ယမန်နေ့တွင် တင်သွင်းခဲ့သည်။

    မဲခွဲရာတွင် လုံခြုံရေးကောင်စီ ၁၅ နိုင်ငံတွင် ၁၄ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုများအတွက် အစ္စရေးအား အရေးယူရန် ကုလတွင် ဆွေးနွေးသည့်အခါတိုင်း ဗီတိုသုံး၍ ပယ်ချခဲ့သည့် အမေရိကန်ကမူ ကြားနေခဲ့သည်။

    “ဒီနေ့ဟာ နိုင်ငံတကာဥပဒေ အောင်ပွဲနေ့၊ ယဉ်ကျေးတဲ့ အပြုအမူနဲ့ ဆွေးနွေးမှုတွေရဲ့ အောင်ပွဲနေ့၊ အစ္စရေးရဲ့ အစွန်းရောက် တပ်ဖွဲ့တွေကို ဆန့်ကျင်တဲ့နေ့ဖြစ်ပါတယ်။ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးဆိုတာ ကျူး ကျော်သိမ်းပိုက်မှုတွေကနေ ဖြစ်မလာနိုင်ဘဲ၊ ငြိမ်းချမ်းရေး၊ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှု အဆုံးသတ်ရေး၊ ၁၉၆၇ နယ်နမိတ်သတ်မှတ်ချက်အရ အစ္စရေးနဲ့ အတူရှိမယ့် ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေးကနေသာ ရလိမ့်မယ်လို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက အစ္စရေးပြည်သူတွေကို ပြောလိုက်တာပါပဲ” ဟု ပါလက်စတိုင်း ညှိနှိုင်းဆွေးနွေးရေးမှူး ဆအစ် အီရီကတ်က ပြောကြားခဲ့သည်။

    အဆိုပါဆုံးဖြတ်ချက်မှာ အစ္စရေးနှင့် ပါလက်စတိုင်းကိစ္စအတွက် ၈ နှစ်နီးပါးအတွင်း ပထမဆုံး အတည်ပြုသည့် ဆုံးဖြတ်ချက်လည်း ဖြစ်သည်။

    အနောက်ဖက်ကမ်း၊ အရှေ့ဂျေရုစလင်နှင့် ဂါဇာကမ်းမြှောင်တို့တွင် အစ္စရေးက ကျူးကျော်အိမ်ယာများ တည်ဆောက်နေခြင်းမှာ နိုင်ငံတကာဥပဒေများကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ကမ္ဘာ့နိုင်ငံများက ပြောကြားထားသော်လည်း အစ္စရေးက ရပ်တန့်ခြင်း မရှိပေ။

    ယခု ဆုံးဖြတ်ချက်ကိုလည်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ကန့်ကွက်ခဲ့သည်။

    “ကုလရဲ့ အစ္စရေးဆန့်ကျင်ရေး ဒီ ရှက်ဖွယ်လိလိ ဆုံးဖြတ်ချက်ကို အစ္စရေးက လက်မခံပါဘူး။ ပြီးတော့ ဒါကိုလည်း လိုက်နာမှာ မဟုတ်ပါဘူး”

    ယခုမဲခွဲမှုတွင် အစ္စရေး၏ အမာခံမဟာမိတ် အမေရိကန်က ကြားနေခြင်းမှာ သမိုင်းတွင် အစ္စရေးနှင့်ပတ်သက်၍ အကြီးမားဆုံး သဘောထားပြောင်းလဲမှုလည်း ဖြစ်သည်။ ဆုံးဖြတ်ချက်တွင် အစ္စရေး၏ ကျူးကျော်အိမ်ယာများကို လုံခြုံရေးကောင်စီက ရှုတ်ချထားပြီး ဆက်လက်ဆောက်လုပ်ပါက နိုင်ငံတကာ ဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

    ထို့ပြင် ထိုဆောက်လုပ်မှုအားလုံးကို ရပ်တန့်ရန်လည်း တောင်းဆိုထားပြီး ထိုသို့ရပ်တန့်ခြင်းကသာ နှစ်နိုင်ငံအဖြေ တည်တံ့ရေးအတွက် အရေးပါသည်ဟု ဆိုသည်။

    Ref : Aljazera

  • အစ္စရေးရှိ ဂျူးဘုန်းကြီးများ ခရစ္စမတ်ဆန့်ကျင်ရေးလှုပ်ရှားမှု စတင်

    အစ္စရေးရှိ ဂျူးဘုန်းကြီးများ ခရစ္စမတ်ဆန့်ကျင်ရေးလှုပ်ရှားမှု စတင်

    ဒီဇင်ဘာ ၂၃၊ ၂၀၁၆
    M-Media

    tree

    – အခုတစ်ပတ်အတွင်း ကျရောက်မယ့် ခရစ်တော်ရဲ့ မွေးနေ့အထိမ်းအမှတ် ကျင်းပဖို့အတွက် မြင့်မြတ်ရာ ဂျေရုစလင်နယ်မြေကို ကမ္ဘာတစ်ဝှမ်းက ခရစ်ယာန်ဘာသာဝင်တွေက စုရုံးလာကြတဲ့အချိန်မှာ အစ္စရေးက ဂျူးဘုန်းကြီးတွေဟာ ခရစ္စမတ်ပွဲတော်အပေါ် စစ်ဆင်နွှဲမှုတစ်ခု ပြုလုပ်လိုက်ပါတယ်။

    ဂျေရုစလင်က ဂျူးဘုန်းကြီးအဖွဲ့ဟာ မြို့ထဲက ဟိုတယ် ဒါဇင်ပေါင်းများစွာကို သတိပေးစာ ပေးပို့ခဲ့တာဖြစ်ပြီး အဲဒီစာထဲမှာ ခရစ္စမတ်သစ်ပင် ထားရှိတာနဲ့ နှစ်သစ်ကူးပါတီကျင်းပတာတွေကို ဂျူးဘာသာရေးဥပဒေက တားမြစ်ထားတာကြောင့် မလုပ်ကြဖို့ ဆော်သြထားပါတယ်။

    ဒီစာကြောင့် ဟိုတယ်ပိုင်ရှင်တွေက ကြောက်ရွံ့နေကြပြီး သူတို့ပြောတဲ့အတိုင်းမလုပ်ရင် ဂျူးတွေ စားသောက်နိုင်တဲ့ ‘ကိုရှာ’ အသိအမှတ်ပြုလက်မှတ်ကို ဘုန်းကြီးတွေက ထုတ်မပေးတာမျိုး ဖြစ်လာနိုင်တာကြောင့် စီးပွားရေး ထိခိုက်မယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    အစ္စရေးမြောက်ပိုင်းက ကမ်းရိုတမ်းမြို့ ဟိုင်ဖာမှာလည်း နည်းပညာတက္ကသိုလ်က ဘုန်းကြီးတွေက ဒီလိုကန့်သတ်မှုမျိုးတွေ လုပ်နေပါတယ်။ တက္ကသိုလ် ကျောင်းသားသမဂ္ဂက သူတို့ရဲ့ ပထမဆုံး ခရစ္စမတ်သစ်ပင်တစ်ပင်ကို ဖန်တီးလိုက်တာကြောင့် ဂျူးဘုန်းကြီး အီလဒ် ဒိုကောင်းက ကျောင်းသားသမဂ္ဂကို သပိတ်မှောက်ဖို့ ကျောင်းသားတွေကို အမိန့်ပေးခဲ့ပါတယ်။

    အဲဒီသစ်ပင်ကို ရုပ်ထုကိုးကွယ်မှုဖြစ်တယ်လို့ ဒိုကောင်းက သမုတ်ခဲ့ပြီး အစားအသောက်ခန်းမ အပါအ၀င် အဆောက်အဦးရဲ့ သန့်ရှင်းမှုကို ညစ်နွမ်းစေတဲ့ ဒိဌိအမှတ်သညာဖြစ်တယ်လို့လည်း ဆိုပါသေးတယ်။

    Technion လို့ခေါ်တဲ့ အဲဒီတက္ကသိုလ်က ကျောင်းသားတွေရဲ့ ၅ ပုံတစ်ပုံဟာ နိုင်ငံအတွင်းက လူနည်းစု ပါလက်စတိုင်းနွယ်ဖွားတွေပါ။

    အစ္စရေးရဲ့ ပါလက်စတိုင်းနွယ်ဖွားနိုင်ငံသားတွေအများစုဟာ မွတ်စလင်တွေဖြစ်ပေမယ့် ပါလက်စတိုင်းခရစ်ယာန် ၁၃၀၀၀၀ လောက်လည်းရှိနေပြီး ဂါလီလီမြို့မှာ နေကြတာပါ။ နောက်ပြီး နိုင်ငံတကာ ဥပဒေကိုချိုးဖောက်ကာ အစ္စရေးက သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်မှာလည်း ခရစ်ယာန်တွေ ရှိနေပါတယ်။

    “ဒါဟာ လွတ်လပ်စွာကိုးကွယ်ခွင့် မဟုတ်ပါဘူး။ ဒီနိုင်ငံဟာ ကမ္ဘာမှာ တစ်ခုတည်းသော ဂျူးနိုင်ငံပါ။ နိုင်ငံရဲ့အမှတ်သညာကို ထင်ရှားဖို့လိုတယ်။ အယူအဆတိုင်းကို လွယ်လွယ်ကူကူ လက်မခံနိုင်ပါဘူး” လို့ ဒိုကာင်းက ပြောကြားခဲ့ပါတယ်။

    အသက် ၂၄ နှစ်အရွယ် လျှပ်စစ်အင်ဂျင်နီယာကျောင်းသား ရာဘီယာ မဟဂ်ျနီက ကျောင်းသားသမဂ္ဂမှာ ခရစ္စမတ်သစ်ပင်ထားရှိတာကို ပါလက်စတိုင်းကျောင်းသားတွေက လက်ခံပေမယ့် ဂျူး ကျောင်းသားတွေနဲ့ ၀န်ထမ်းတွေကြားမှာတော့ တော်တော်လေး သဘောထား ကွဲလွဲကြတယ်လို့ ပြောကြားခဲ့ပါတယ်။ အများစုကတော့ ဒီလိုထားရှိမှုကို ဆန့်ကျင်ကြပါသတဲ့။

    “ဒီလိုသစ်ပင်ထားတဲ့အတွက် (ပါလက်စတိုင်း) ကျောင်းသားတွေကို မကျေနပ်ဘဲ ဒီသစ်ပင်က သူ့ကို စိတ်အနှောက်အယှက်ဖြစ်စေတယ်လို့ ပါမောက္ခတစ်ယောက်က Facebook မှာ ရေးပါတယ်။ ပြီးတော့ ဒီလိုထားချင်ရင် ကိုယ့်အိမ်မှာ ကိုယ်ထား၊ ဒါမှမဟုတ် ဥရောပကို ပြန်လို့လည်း ရေးထားပါတယ်” လို့ မဟဂ်ျနီက ဆိုပါတယ်။

    “ခရစ္စမတ်သစ်ပင်ကြောင့် မဟုတ်ပါဘူး။ ဒီသစ်ပင်ကို ထားတဲ့သူတွေကြောင့်ပါ။ အာရပ်လူနည်းစုတွေ၊ ကျွန်တော်တို့ အမှတ်သညာတွေကို ဂျူးလူ့အဖွဲ့အစည်းက လက်ခံဖို့ ဆန္ဒရှိလားဆိုတာ ဒါက စမ်းသပ်မှုတစ်ခုပါပဲ”

    နောက်ပြီး ဂျူးတို့ရဲ့ မီးထွန်းပွဲတော်တစ်ခုဖြစ်တဲ့ Hanukkah ပွဲတော်ကို ကျောင်းသား သမဂ္ဂက ကျင်းပရာမှာ ပါလက်စတိုင်းနွယ်ဖွားကျောင်းသားတွေက မကန့်ကွက်ဘူးလို့ မဟဂ်ျနာက ထည့်သွင်းပြောကြားခဲ့ပါတယ်။ အဲဒီ မီးထွန်းပွဲတော်ဟာ ဒီနှစ်မှာတော့ ခရစ္စမတ်နဲ့ သွားတိုက်နေပါတယ်။

    “ဒါဟာ လွတ်လပ်စွာကိုးကွယ်ခွင့် မဟုတ်ပါဘူး။ ဒီနိုင်ငံဟာ ကမ္ဘာမှာ တစ်ခုတည်းသော ဂျူးနိုင်ငံပါ။ နိုင်ငံရဲ့အမှတ်သညာကို ထင်ရှားဖို့လိုတယ်။ အယူအဆတိုင်းကို လွယ်လွယ်ကူကူ လက်မခံနိုင်ပါဘူး” 

    စိတ်ဝင်စားမှု မြင့်တက်

    အစ္စရေးသမိုင်းတစ်လျှောက်မှာ ခရစ်ယာန်အများစုရှိတဲ့ နေရာတွေကလွဲလို့ အခြားနေရာတွေမှာ ခရစ္စမတ်သစ်ပင် အလှဆင်တာမျိုးက တွေ့ရခဲပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေမှာတော့ ခရစ္စမတ်ပွဲတော် ကျင်းပဖို့ တောင်းဆိုမှုတွေက နိုင်ငံတစ်ဝှမ်း မြင့်တက်လာခဲ့ပါတယ်။

    ဒီလို ခရစ္စမတ်ပွဲတော်နဲ့ပတ်သက်ပြီး စိတ်ဝင်စားမှု မြင့်တက်လာတာဟာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားပြီးနောက်ပိုင်း ရုရှားစကားပြောဂျူးတွေ အစ္စရေးကို ရောက်ရှိလာပြီးနောက်ပိုင်းမှာ ဖြစ်တယ်လို့ အစ္စရေးမှာ ဘာသာရေးလွတ်လပ်ခွင့်အတွက် လှုပ်ရှားနေတဲ့ Hiddush အဖွဲ့ ပြောရေးဆိုခွင့်ရှိ ဒေးဗစ် ဘိုဂိုမိုလ်နီက ဆိုပါတယ်။

    အဲဒီ ရုရှားစကားပြောဂျူးတွေဟာ သူတို့ရဲ့ ဇာတိ ဆိုဗီယက်မှာ ဂျူးဘာသာရေး ထုံးတမ်းကို မလိုက်နာကြဘဲ ဒေသထုံးတမ်းတွေနဲ့ ရောပြွန်းလိုက်ကြပါသတဲ့။

    “(ဆိုဗီယက်ပြည်ထောင်စုမှာ) ဒီသစ်ပင်တွေက တော်တော်လူကြိုက်များတယ်ဗျ။ ဒါပေမယ့် ဒါက ခရစ္စမတ်နဲ့မဆိုင်ဘူး။ နှစ်သစ်ရောက်တော့မယ်ဆိုရငင် တစ်အိမ်မှာ တစ်ပင်တော့ ရှိကြတယ်” လို့ ဒေးဗစ်က ဆိုပါတယ်။

    အရှေ့အလယ်ပိုင်းမှာ အကြီးဆုံး ခရစ္စမတ်သစ်ပင်ကြီးရှိရာ နာဇရသ်မြို့ဟာ ဂျူးတွေ၊ ခရစ်ယာန်တွေ၊ မွတ်စလင်တွေအပါအ၀င် ပြည်တွင်း ခရီးသွားတွေ မျက်စိကျရာနေရာ ဖြစ်လာပါတယ်။ သူတို့တွေဟာ ခရစ္စမတ်ဈေးတွေမှာ လမ်းလျှောက်ကြပြီး ဓမ္မတေးတွေနားထောင်တယ်၊ ဆန်တာကလော့ ဦးထုပ်တွေလည်း ၀ယ်ကြပါတယ်။

    အစ္စရေးရဲ့ အကြီးဆုံးမြို့တွေဖြစ်ပြီး ပါလက်စတိုင်းခရစ်ယာန်တွေ တော်တော်များများရှိတဲ့ ဟိုင်ဖာနဲ့ ဂျက်ဖာတို့မှာဆိုရင် ခရစ္စမတ်ပွဲတော်ကို အပြိုင်အဆိုင်လုပ်ကြတာပါ။ မြို့တော် တဲလ်အဗီးနဲ့ ကပ်နေတဲ့ ဂျက်ဖာမှာဆိုရင် ပြီးခဲ့တဲ့နှစ်က ပထမဆုံး ခရစ္စမတ်ဈေးတန်း ဖြစ်လာခဲ့ပါတယ်။

    နိုင်ငံရပ်ခြားကအပါအ၀င် ခရစ်ယာန်ဘုရားဖူးတွေလာရောက်တဲ့ ဒီလိုအချိန်မျိုးမှာ ဟိုတယ်တွေကလည်း ခရစ္စမတ်သစ်ပင်တွေ ဖန်တီးပြီး ခရီးသည်တွေကို စွဲဆောင်က ၀င်ငွေတိုးအောင် ကြံကြပါတယ်။

    အမျိုးပျောက်မှာ စိုးကြောက်နေ

    ဒါပေမယ့် ခရစ္စမတ်ပွဲတော်အပေါ် လူကြိုက်များမှု မြင့်တက်လာတာက ပြည်သူတွေအပေါ်မှာ သြဇာလွှမ်းမိုးမှုရှိတဲ့ ရှေးရိုးစွဲ ဂျူးဘုန်းတွေအတွက် နေမထိထိုင်မသာ ဖြစ်စေပါတယ်။ ဒေးဗစ်ကတော့ တစ်ချို့ ဂျူးဘုန်းကြီးဟာ ဂျူးတွေရဲ့အမှတ်သညာ ဆုံးရှုံးမှု မဖြစ်စေဖို့ တိုင်းပြည်ကို တတ်နိုင်သမျှ ‘ဂျူးတိုင်းပြည်’ ဖြစ်အာင် လုပ်ချင်တဲ့ဆန္ဒရှိတယ်လို့ ဆိုပါတယ်။

    တစ်ချို့ကလည်း ခရစ္စမတ်သစ်ပင်တွေက ဂျူးတွေကို ခရစ်ယာန်ဘာသာဖက် စိတ်တိမ်းညွှတ်စေမလားဆိုပြီး စိုးရိမ်မှုတွေလည်း ရှိကြပါတယ်။

    ဂျေရုစလင်က လက်တင် ခရစ်ယာန်အသိုင်းဝိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ၀ါဒီ အဘူ နက်ဆာရ်က အစ္စရေးဂျူးတွေဟာ ခရစ်ယာန်တွေရဲ့ပွဲတော်အပေါ် စိတ်ဝင်စားမှုမြင့်တက်လာတာကို တွေ့ရပြီး တစ်ချို့ဆိုရင် ခရစ်ယာန်တွေရဲ့ ၀တ်ပြုဆုတောင်းမှုတွေမှာ ပါဝင်ဖို့ တောင်းဆိုတာမျိုးတွေအထိ ရှိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

    ဒါဟာ ဂျူးဝါဒကို ခြိမ်းခြောက်မှုမဟုတ်ဘဲ စူစမ်းချင်စိတ် ပြင်းပြတာသာဖြစ်တယ်လို့လည်း ဆိုပါတယ်။

    “ကျွန်တော်တို့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူတကွ ယှဉ်တွဲနေထိုင်ချင်တယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် နားလည်ရမယ်၊ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်တတ်အောင်လည်း သင်ယူရပါမယ်” လို့ နက်ဆာရ်က ပြောကြားခဲ့ပါတယ်။

    ခရစ္စမတ်ဆန့်ကျင်မှုက သမိုင်းနဲ့ချီ

    ခရစ္စမတ်ပွဲတော်နဲ့ပတ်သက်ပြီး အစ္စရေးက ဂျူးတွေရဲ့ သည်းမခံနိုင်ငံမှုဟာ အခုမှမဟုတ်ပါဘူး။ ၀န်ကြီးချုပ် နေတန်ယာဟုရဲ့သား ယာအီရ် နေတန်ယာဟုဟာ အသက် ၂၁ နှစ်အရွယ် လွန်ခဲ့တဲ့ ၄ နှစ်က ခရစ္စမတ်သစ်ပင်ဘေးနားမှာ ဆန်တာကလော့ဦးထုပ်ဆောင်ပြီး ဓာတ်ပုံရိုက်တုန်းကလည်း အုံးအုံးကြွက်ကြွက် ဖြစ်ခဲ့ဖူးပါတယ်။

    ဒီအဖြစ်အပျက်ကြောင့် နေတန်ယာဟုရုံးက ကြေငြာချက်တစ်စောင် အလျင်အမြန်ထုတ်ကာ ယာအီရ်ဟာ ‘အစ္စရေးကိုချစ်တဲ့ ခရစ်ယာန် ဇီယွန်ဝါဒီတွေက ပြုလုပ်တဲ့ ပါတီတစ်ခုကိုတက်ရင်း အပျော်သဘော ရိုက်ခဲ့တာဖြစ်ကြောင်း၊ အဲဒီခရစ်ယာန်ဇီယွန်ဝါဒီတွေရဲ့ သားသမီးတွေဟာ အစ္စရေးစစ်တပ်မှာ တာဝန်ထမ်းဆောင်နေကြောင်း’ ရှင်းလင်းခဲ့ရပါတယ်။

    ပြီးခဲ့တဲ့ ၂ နှစ်အရင်ကလည်း အက်ပါးနာဇရသ်မြို့ မြို့တော်ဝန် ရှီမွန် ဂက်ပ်ဆိုက အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ခရစ္စမတ်လက္ခဏာတွေ လုံးဝမရှိစေရလို့ အမိန့်ထုတ်ခဲ့ပါသေးတယ်။ ဒါ့ကြောင့် နာဇရက်မြို့က ခရစ်ယာန်တွေရဲ့ ဝေဖန်ဆန့်ကျင်မှုကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပါတယ်။

    အစ္စရေးပါလီမန်ကိုလည်း ခရစ္စမတ်သစ်ပင်ကင်းမဲ့ဇုန်အဖြစ် အစိုးရက ကြေငြာခဲ့ဖူးပါတယ်။

    ၂၀၁၃ ခုနှစ်က ပါလက်စတိုင်းခရစ်ယာန်အမတ် ဟန်နာဆွာအစ်က လွှတ်တော်အဆောက်အဦးမှာ ခရစ္စမတ်သစ်ပင်ထားရှိဖို့ တောင်းဆိုမှုကို လွှတ်တော်ဥက္ကဌ ယူအီလ် အဒဲလ်စတိန်းက ခွင့်မပြုခဲ့ဘဲ ဒါဟာဂျူးတွေ ဥရောပမှာ နှိပ်စက်ညှင်းပမ်းခံခဲ့ရတဲ့ နာကျင်စရာအတိတ်ကို ဆွပေးသလိုဖြစ်ပြီး တိုင်းပြည်ရဲ့ ဂျူးအမှတ်သညာကို ထိပါးစေတယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    ဒါပေမယ့် ဆွာအစ်က အိမ်ဖြူတော်မှာ Hanukkah ပါတီပွဲလုပ်တာအပါအ၀င် အမေရိကန်ပြည်ထောင်စုက အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ဂျူးတွေရဲ့ အမှတ်သင်္ကေတတွေ ထင်ထင်ရှားရှားရှိနေတာကို ထောက်ပြခဲ့ပါတယ်။

    “အစ္စရေးခေါင်းဆောင်တွေက အမေရိကန်ရဲ့ ဘာသာရေးညီညွတ်မှုမျိုးကို မျှော်လင့်ကြတယ်ဗျ။ ဒါပေမယ့် အမေရိကန်ကျင့်သုံးသလိုမျိုးတော့ နိုင်ငံထဲမှာ မကျင့်သုံးကြဘူး” လို့ ဆွာအစ်က ပြောကြားခဲ့ပါတယ်။

    နောက်ပြီး ပါလက်စတိုင်းလူနည်းစုတွေရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကလည်း တော်တော်လေး ကျဉ်းထဲကြပ်ထဲရောက်နေတာလို့ ဆွာအစ်ကဆိုပြီး ဗလီတွေမှာ လော်စပီကာသုံးပြီး ၀တ်ပြုဖို့အတွက် ဖိတ်ခေါ်မှုကို တားမြစ်တဲ့ ‘မုအ်ဇင် ဥပဒေ’ က အထင်ရှားဆုံးလို့လည်း ပြောခဲ့ပါတယ်။

    “ဒီလို နိုင်ငံရေးအရ ရန်လိုတဲ့ အခြေအနေကြောင့် ကျွန်တော်တို့ရဲ့ ဘာသာရေးအမှတ်သညာတွေ တရားဝင်နေစေဖို့အတွက် တိုက်ပွဲဝင်ဖို့ဟာ အရေးကြီးဆုံး ဖြစ်လာပါပြီ။ ဒါမှမဟုတ်ရင်တော့ ကျွန်တော်တို့ရဲ့ အနာဂတ်ဟာ မတွေးဝံ့စရာပါပဲ”

    အစွန်းမရောက်သည့် ဂျူးများ

    ဒါပေမယ့် ရှေးရိုးစွဲ ဂျူးဘုန်းကြီးတွေရဲ့ ပိတ်ပင်တားဆီးမှုများကို တုန့်ပြန်နေတဲ့ ဘာသာရေးရှေ့တန်းမတင်တဲ့ ဂျူးတွေလည်း ရှိနေပါသေးတယ်။

    ဟိုင်ဖာမြို့တော်ဝန် ယိုနာ ယာဟက်ဇ်က ၂၀၁၂ ခုနှစ်မှာ ဂျူးဘုန်းကြီးတွေ ခရစ္စမတ်သစ်ပင်နဲ့ နှစ်သစ်ကူးပါတီတွေ ပိတ်ပင်တာကို အာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။ ဂျူးနှစ်ကူးဟာ ခရစ်ယာန်နှစ်ကူးမတိုင်ခင် လများစွာအရင် ကျရောက်လေ့ရှိတာပါ။

    ပြီးခဲ့တဲ့နှစ်ကတော့ Hiddush အဖွဲ့ရဲ့ ဥပဒေနဲ့ရင်ဆိုင်မှုကြောင့် ဂျူးဘုန်းကြီးအဖွဲ့ အကြီးအကဲဟာ ခရစ္စမတ်ပွဲတော်ကျင်းပရင် ကိုရှာအသိအမှတ်ပြုလက်မှတ် မထုတ်ပေးဘူးဆိုတဲ့ ခြိမ်းခြောက်မှုကို ရုပ်သိမ်းခဲ့ရပါတယ်။

    ခရစ္စမတ်သစ်ပင်မထားရဆိုတဲ့ ပိတ်ပင်မှုကို တရားဝင် ပယ်ဖျက်လိုက်ပေမယ့် အောက်ခြေမှာတော့ ပိုနေမြဲကျားနေမြဲ အတိုင်းပါပဲ။

    “အကြီးအကဲဘုန်းကြီးက မြို့ထဲက ဘုန်းကြီးတွေအပေါ်မှာ သြဇာရှိနေတာက ပြဿနာဗျ။ အဲဒီဘုန်းကြီးတွေက ဒီလိုပယ်ချတာကို အလေးမထားဘူး။ ဂျေရုစလင်က ဂျူးဘုန်းကြီးတွေ စာထပ်ထုတ်တာကို ကျွန်တော့် ထပ်ပြီး တွေ့ရတယ်” လို့ Hiddush အဖွဲ့က တာဝန်ရှိသူ ဒေးဗစ်က ပြောကြားခဲ့ပါတယ်။

    ဟိုတယ်တွေအများစုကတော့ စီးပွားရေးထိခိုက်မှာကြောက်တာကြောင့် ခရစ္စမတ်သစ်ပင်မထားရဆိုတဲ့ တားမြစ်ချက်ကို လိုက်နာလိုစိတ် မရှိကြပါဘူး။ ဒါပေမယ့် အပြစ်ပေးခံရမှာကိုလည်း ကြောက်နေကြပါတယ်။

    “တိုင်းပြည်တစ်ပြည်လုံးမှာ ဒါက ပြဿနာတစ်ခုဗျ။ တားမြစ်ချက်ကို ချိုးဖောက်ရမှာကိုလည်း ဟိုတယ်တွေက ကြာက်နေတယ်။ တရားရုံးနဲ့ဘာနဲ့ ရှင်းမယ်ဆိုရင်လည်း အချိန်ကုန်၊ ငွေကန်မှာ ရှိသေးတယ်လေ”

    အနောက်ဂျေရုစလင်က ဟိုတယ်မန်နေဂျာတစ်ဦးကတော့ ခရစ္စမတ်သစ်ပင်တွေ ထားမယ်ဆိုရင် ဂျူးဘုန်းကြီးတွေရဲ့ လက်စားချေမှုအန္တရာယ် ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီစာက ကျွန်တော်တို့ကို ပေါ်တင်ခြိမ်းခြောက်လိုက်တာဗျ။ ခရစ်ယာန်ခရီးသွားတွေက ဒီကို ခရစ္စမတ်ပွဲအတွက်လာမယ်။ ကျွန်တော်တို့က သူတို့စိတ်ချမ်းသာအောင်လုပ်ပေးချင်ပေမယ့် (ကိုရှာ) လက်မှတ်မရရင် ကျွန်တော်တို့ ဂွမ်းသွားမှာပါ”

    Ref: Aljazeera

    (Aljazeera မှ Israeli rabbis launch war on Christmas tree ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ပြန်ဆိုသည်)

  • ပါလက်စတိုင်းတွင် အစ္စရေး၏ တရားမ၀င်အိမ်ယာများ လုံးဝရပ်တန့်ရေး ကုလ၌ မဲခွဲမည်

    ပါလက်စတိုင်းတွင် အစ္စရေး၏ တရားမ၀င်အိမ်ယာများ လုံးဝရပ်တန့်ရေး ကုလ၌ မဲခွဲမည်

    ဒီဇင်ဘာ ၂၂၊ ၂၀၁၆
    M-Media

    pales
    ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက ဆောက်လုပ်ထားသော တရားမ၀င် အိမ်ယာများ

    – ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက ကျူးကျော်ကာ တရားမ၀င်အခြချအိမ်ယာများ ဆောက်လုပ်မှုလုပ်မှုကို ချက်ခြင်းနှင့် လုံးဝ ရပ်တန့်ရန် တောင်းဆိုထားသည့် မူကြမ်းတစ်ခုအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ယနေ့တွင် မဲခွဲရန် ရှိနေသည်ဟု သိရသည်။

    အစ္စရေး၏ အဆိုပါ အခြေချအိမ်ယာများ ဆောက်လုပ်ခြင်းမှာ နိုင်ငံတကာဥပဒေအရ တရားမ၀င်ဘဲ၊ ပါလက်စတိုင်းနိုင်ငံနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကလည်း ထိုလုပ်ရပ်ကြောင့် အဟန့်အတားဖြစ်နေသည်။

    ယမန်နေ့ညနှောင်းပိုင်းက အီဂျစ်မှတင်သွင်းသော အဆိုပါမူကြမ်းတွင် အရှေ့ဂျေရုစလင် အပါအ၀င် ပါလက်စတိုင်းပိုင်နက်များအတွင်းသို့ အစ္စရေးက ကျူးကျော်ဝင်ရောက်ကာ တရားမ၀င်အခြေချအိမ်ယာများမှာ တရားမ၀င်ဘဲ နိုင်ငံတကာဥပဒေကို ရှက်ဖွယ် ချိုးဖောက်ခြင်းဖြစ်သည်ဟု ဖော်ပြထားပြီး ချက်ခြင်းနှင့် လုံးဝရပ်တန့်ရန် တောင်းဆိုထားသည်။

    ထို့ပြင် ထိုလုပ်ရပ်မှာ အစ္စရေးနှင့်အတူ ပါလက်စတိုင်းနိုင်ငံ အတူယှဉ်တွဲတည်ရှိရေးဆိုသော ၂ နိုင်ငံတည်ရှိရေးအဖြေကို အန္တရာယ်ရှိစေသည်ဟုလည်း ဖော်ပြထားသည်။

    ပါလက်စတိုင်းမှာ အနောက်ဖက်ကမ်း ဂါဇာကမ်းမြှောင်နှင့် အရှေ့ဂျေရုစလင်တို့ကို စုပေါင်း၍ နိုင်ငံထူထောင်ရန် ဆန္ဒရှိနေပြီး အဆိုပါဒေသများကို ၁၉၆၇ စစ်ပွဲကတည်းက အစ္စရေးက ထိန်းချုပ်ထားခြင်းဖြစ်သည်။

    အစ္စရးကမူ အဆိုပါတရားမ၀င်အိမ်ယာများ တရားမ၀င်ဆိုသည်ကို လက်မခံဘဲ ပါလက်စတိုင်းနိုင်ငံထူထောင်ရေးအတွက် ပြုလုပ်မည့် ဆွေးနွေးပွဲတွင်မှ ဆုံးဖြတ်မည်ဟု ပြောကြားထားသည်။

    ကုလကမူ ထိုအိမ်ယာများမှာ တရားဝမင်ဖြစ်သောကြောင့် ဆောက်လုပ်မှုရပ်တန့်ရန် တောင်းဆိုထားသော်လည်း အစ္စရေးက နာခံခြင်းမရှိဘဲ ဆက်လက်ဆောက်လုပ်လျက် ရှိနေသည်။

    ယခုမူကြမ်းမှာ ထောက်ခံမဲ ၉ မဲရကာ၊ အမေရိကန်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်နှင့် တရုတ်တို့က ဗီတိုမသုံးမှ အတည်ပြုနိုင်မည်ဖြစ်သည်။ ၂၀၁၁ ခုနှစ်က ထိုကဲ့သို့သော မူကြမ်းကို အမေရိကန်က ဗီတိုသုံး၍ ပယ်ချခဲ့သည်။

    Ref: Aljazeera

  • အစ္စရေးတောမီး ငြှိမ်းသက်ရန် ပါလက်စတိုင်းက မီးသတ်တပ်ဖွဲ့နှင့် မီးသတ်ကားများ စေလွှတ်

    အစ္စရေးတောမီး ငြှိမ်းသက်ရန် ပါလက်စတိုင်းက မီးသတ်တပ်ဖွဲ့နှင့် မီးသတ်ကားများ စေလွှတ်

    နိုဝင်ဘာ ၂၅၊ ၂၀၁၆
    M-Media

    fire

    – အစ္စရေးနိုင်ငံတစ်ဝှမ်းတွင် အကြီးအကျယ်လောင်ကျွမ်းနေသည့် တောမီးကို ငြှိမ်းသက်မှုတွင် ပါဝင်ကူညီရန်အတွက် ပါလက်စတိုင်းက ၎င်းတို့၏ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးသတ်ကားများကို စေလွှတ်လိုက်သည်ဟု သိရသည်။

    ပါလက်စတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ဗိုလ်ကြီး ယူဆက် နဆာရ်ကမူ မိမိတို့၏ မီးသတ်တပ်ဖွဲ့ဝင်များမှာ အစ္စရေးတောမီး ငြှိမ်းသက်မှုတွင် ပါဝင်ရန်အတွက် နောက်ဆုံး ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ယမန်နေ့ ညပိုင်းတွင် ပြောကြားခဲ့သည်။

    အစ္စရေးက ထိုသတင်းကို အတည်ပြုခဲ့ပြီး ပါလက်စတိုင်း မီးသတ်ကားများလည်း ရောက်ရှိလာမည်ဟု ဆိုသည်။

    လက်ရှိအချိန်အတွင် အစ္စရေးနိုင်ငံတစ်ဝှမ်း အကြီးအကျယ်လောင်ကျွမ်းနေသော တောမီးများကို ရုရှား၊ အီတလီ၊ ဂရိ၊ ခရိုအေးရှား၊ ဆိုက်ပရက်စ်နှင့် တူရကီနိုင်ငံတို့က လေယာဉ်များ၊ မီးသတ်ကားများ၊ မီးသတ်တပ်ဖွဲ့များဖြင့် ကူညီငြှိမ်းသက်ပေးနေပြီး အမေရိကန်ကလည်း ၎င်းတို့၏ အကြီးဆုံး မီးသတ်လေယာဉ်ကို စေလွှတ်ရန် ရှိနေသည်။

    ၂ လတာ မိုးခေါင်းမှုနောက်ပိုင်း ဖြစ်ပေါ်လာသည့် အဆိုပါတောမီးကြောင့် လက်ရှိတွင် လူပေါင်း ၆၀၀၀၀ ကျော်ကို ကယ်ဆယ်ထားရပြီး၊ မီးလောင်ဒဏ်ရာ ရသူများလည်း ရှိနေသည်ဟု အစ္စရေးက ပြောကြားခဲ့သည်။

    ပါက်စတိုင်း မီးသတ်တပ်ဖွဲ့က အစ္စရေးကို ကူညီမှုမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဟုတ်ဘဲ ၂၀၁၀ ခုနှစ်က ကာရ်မဲလ်သစ်တောအတွင်း မီးလောင်ကျွမ်းမှုတွင်လည်း ၀င်ရောက်ငြှိမ်းသက်ပေးခဲ့သည်။

    Ref : Time of Isreal